ယန္တရားကိုရှာတွေ့ခြင်း
Vol. 18 Ch. 254
"တကယ်လို့ ငါထင်တာသာမမှားရင် ဒီပုလဲတွေက အခန်းတစ်ခုလုံးကို ချီလမ်းကြောင်းတွေနဲ့ဆက်သွယ်ထားတဲ့ ရှေးဟောင်းအစီအရင်တစ်ခု ဖြစ်မယ်။ ငါတို့သာ အခန်းထဲကတစ်ခုခုကို ဖျက်ဆီးမိရင် ဒါတွေကပေါက်ကွဲပြီး နှစ်ယောက်လုံး အစရှာရမှာမဟုတ်ဘူး။ ဒါကြောင့် ယန္တရားကို ဒီအတိုင်းလိုက်ရှာရမယ်"
ယဲ့ချန်က ခပ်တိုးတိုးသတိပေးလိုက်သည်။
သူ၏စကားကြောင့် ထန်တိုက်လင်က မျက်နှာကျက်ရှိပုလဲများကို မော့ကြည့်လိုက်မိသည်။ သူမအနေဖြင့် ဤပုလဲများက မူမမှန်ကြောင်းကိုသာ ပြောနိုင်သည်။ အစီအရင်ပညာသည် ရှေးခေတ်ဟောင်းတွင် အလွန်ထွန်းကားခဲ့ပြီး မျက်မှောက်ခေတ်တွင် ပျောက်ကွယ်သွားခဲ့သည်။ အစီအရင်ပညာကို အထူးပြုလေ့လာသော နတ်ဆရာဂိုဏ်းသည်ပင် ရှေးခေတ်၏အစီအရင်ပညာနှင့်ယှဥ်လျှင် အပေါ်ယံကိုသာ တတ်မြောက်ထားသည်။ ယဲ့ချန်က အစီအရင်များနှင့်ပတ်သက်၍ ဗဟုသုတကြွယ်ဝနေသဖြင့် သူမက အံ့သြသွားရသည်။ ယဲ့ချန်၏ထူးချွန်မှုက သူမကို အသိအမှတ်ပြုမိစေခဲ့သည်။
"ကျောက်တုံးခန်းထဲမှာ ယန္တရားက သေချာပေါက်ရှိလိမ့်မယ်။ ငါတို့ ဘယ်လိုရှာကြမလဲ"
ထန်တိုက်လင်က ပြန်မေးသည်။
ယဲ့ချန်ကပြန်မဖြေဘဲ မျက်မှောင်ကြုတ်၍ အတွေးနက်နေသည်။ အခန်းတစ်ခုလုံးကို ပြေးလွှားနေသော သူ၏အကြည့်များက စင်မြင့်ပေါ်ရှိ ဖယောင်းတိုင်ခွက်တွင် ရပ်တန့်သွားခဲ့သည်။
"ဒါပဲဖြစ်ရမယ်။ မီးအလင်းရောင်"
ယဲ့ချန်၏မျက်လုံးများ ဖြတ်ခနဲတောက်ပလာသည်။
ယဲ့ချန်က စင်မြင့်ပေါ်ရှိ ဖယောင်းတိုင်များကို စစ်ဆေးလိုက်သည်။ ၎င်းတို့က ကျိုးပဲ့နေသည့်အပြင် သက်တမ်းကြာပြီဖြစ်သောကြောင့် အသုံးပြုမရတော့ပေ။ သူက လက်မောင်းကာအတွင်း ရှာဖွေလိုက်သောအခါ ဖယောင်းတိုင်အချို့ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် ယဲ့ချန်သည် ဖခင်နှင့်အဘိုးကို အလွန်ကျေးဇူးတင်သွားခဲ့သည်။ ထိုနှစ်ယောက်က သူ့အတွက် နေ့စဥ်သုံးပစ္စည်းများ ထည့်ပေးနေကျဖြစ်၍ ဖယောင်းတိုင်များပါဝင်နေ၏။
ယဲ့ချန်က ဖယောင်းတိုင်သုံးချောင်းကို ပြိုင်တူစိုက်၍ ထွန်းညှိလိုက်၏။ သူက ဖယောင်းတိုင်ခွက်ကိုကိုင်ပြီး အခန်း၏ထောင့်များပါမကျန် လိုက်လံစစ်ဆေးခဲ့သည်။
"ဘာမှအကြောင်းမထူးဘူး။ တစ်ခုချင်း မီးထွန်းကြည့်ရမယ်ထင်တယ်"
ယဲ့ချန်ကခေါင်းယမ်း၍ ဖယောင်းတိုင်မီးကို ပြန်လည်ငြှိမ်းသတ်လိုက်၏။
ထန်တိုက်လင်သည် အလုပ်ရှုပ်နေသော ယဲ့ချန်ကို စိုက်ကြည့်နေခဲ့သည်။ ကြည်လင်အေးစက်သော သူမ၏မျက်ဝန်းများတွင် အံ့သြစိတ်များ ထင်ဟပ်နေသည်။ ယဲ့ချန်က အလွန်ငယ်ရွယ်ပုံပေါ်သော်လည်း လေးနက်သောမျက်လုံးများနှင့် အာရုံစိုက်နေပုံက အလွန်ဉာဏ်ထက်မှုကို ဖော်ဆောင်နေသည်။
ယဲ့ချန်က ဖယောင်းတိုင်တစ်ချောင်းကို မီးညှိလိုက်သည်။ အလင်းတန်းများ ထွက်ပေါ်လာကာ အခန်းတွင်းမှ ကျောက်ပြားရှစ်ဆယ်ရာခိုင်နှုန်းက တောက်ပလာသည်။
"ဒါဆိုရင် အလုပ်ဖြစ်ပြီ။ ချီစီဆင်းမှုကို မထိခိုက်စေနဲ့။ မဟုတ်ရင် ပေါက်ကွဲသွားလိမ့်မယ်"
ယဲ့ချန်ကသတိပေး၍ ကျန်ဖယောင်းတိုင်နှစ်ချောင်းကို ဆက်တိုက်မီးထွန်းလိုက်သည်။
"ဒီနေရာမှာ လင်းမလာတဲ့ ကျောက်ပြားသုံးချပ်ရှိတယ်"
ထန်တိုက်လင်က ပတ်ဝန်းကျင်ကို ဂရုတစိုက်စစ်ဆေးနေရင်း ထောက်ပြလိုက်သည်။
"ယန္တရားက ဒီကျောက်ပြားတွေမှာ ဖြစ်ရမယ်"
ယဲ့ချန်က ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ပုံမှန်အတိုင်းရှိနေသော ကျောက်ပြားတစ်ချပ်ကို ဖိချလိုက်သည်။
ကျောက်ပြားက အနောက်သို့အနည်းငယ်ချိုင့်ဝင်သွားကာ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ယဲ့ချန်က အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ အကယ်၍ သူ၏ဆုံးဖြတ်ချက်မှားသွားပြီး အစီအရင်ကိုအသက်ဝင်စေလိုက်လျှင် နှစ်ယောက်လုံး အဆုံးသတ်ပြီဖြစ်သည်။ သို့သော် ခဏအကြာတွင် ကျောက်တုံးအခန်းက တိတ်ဆိတ်စွာ ဆက်လက်တည်ရှိနေခဲ့သည်။ ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ နောက်ထပ်ကျောက်ပြားတစ်ချပ်ကို ဖိလိုက်ပြန်သည်။
ကျောက်ပြားသုံးခုလုံး ဖိချခံလိုက်ရသောအခါ ဝုန်းခနဲအသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာ၏။ အခန်းက ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။
"ဘာဖြစ်တာလဲ"
ယဲ့ချန်က သတိကြီးကြီးထားနေစဥ် ကျောက်ပြားအားလုံးက နံရံအတွင်း နစ်ဝင်ပျောက်ကွယ်သွားကြသည်။ ၎င်းတို့၏နေရာတွင် အောက်ထပ်သို့ဦးတည်နေသော လှေကားထစ်များ ထွက်ပေါ်လာခဲ့သည်။
အောက်ထပ်မှ အရိုးစိမ့်လောက်သော အရှိန်အဝါတစ်ခု စိမ့်ထွက်လာသည်။ အမှောင်စွမ်းအင်များဖြစ်သောကြောင့် တိုက်စားနိုင်စွမ်းကိုခုခံရန် ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်ရသည်။
"ဒီလမ်း ဖြစ်ရမယ်"
ထန်တိုက်လင်၏မျက်နှာက အနည်းငယ်ဖြူရော်နေသည်။ သူမ၏ကိုယ်တွင်းမှ အမှောင်စွမ်းအင်များ အပြည့်အဝမကွယ်ပျောက်သေးပေ။ သူမ၏ခွန်အားတစ်စိတ်တပိုင်းကို ပြန်ရနေပြီဖြစ်သော်လည်း ဒဏ်ရာ ရထားဆဲပင်ဖြစ်သည်။
"မင်းခွန်အားတွေ ပြန်ရမှ အောက်ကိုဆင်းကြမလား"
ယဲ့ချန်က ထိုက်တန်လင်ကို မေးလိုက်သည်။ လက်ရှိတွင် သူမက အလွန်အားနည်းထိခိုက်လွယ်နေသည်။
"အုတ်ဂူပိုင်ရှင်က အလောင်းတစ်ခု ဖြစ်နေတယ်ဆိုပေမယ့် သာမန်ကျင့်ကြံသူတွေ ထိနိုင်ဖို့မလွယ်ဘူး"
ထန်တိုက်လင်က ခေါင်းညိတ်လိုက်သည်။ အဖြူရောင်အဝတ်စက သူမ၏တစ်ကိုယ်လုံးကို ကာကွယ်ထားကာ အမှောင်စွမ်းအင်များကို ခုခံလိုက်သည်။
ထို့နောက် သူမက တင်ပျဥ်ခွေထိုင်၍ နတ်အလင်းများ ကျင့်ကြံလိုက်၏။
ယဲ့ချန်က အကွာအဝေးတစ်ခုတွင် သူမကိုကျောပေး၍ ထိုင်ချလိုက်သည်။ သူ၏ခံစားချက်များကို မည်သူမှမမြင်စေလိုပေ။ သူကခေါင်းငုံ့၍ အမွေးပွလေး၏အသံ၊ အမူအရာများ၊ လူအသွင်ပြောင်းထားသော ရုပ်ပုံနှင့် နောက်ဆုံးအပြုံးလေးကို တွေးနေမိသည်။ ခဏတာတိတ်ဆိတ်သွားပြီးနောက် ယဲ့ချန်၏ခေါင်းအတွင်း အမှတ်တရများ ပြည့်နှက်လာ၏။
"အမွေးပွလေး သေပြီ"
ဤအတွေးက ယဲ့ချန်၏စိတ်ကို အချိန်တိုင်းနှိပ်စက်နေသည်။ သူ၏နှလုံးသားကို ပိုးကောင်ပေါင်းထောင်သောင်းချီ ကိုက်ဖြတ်နေသကဲ့သို့ နာကျင်နေရသည်။ ဤဝမ်းနည်းမှုက သူ့ကို မျက်ရည်များ တသွင်သွင်စီးကျလာစေသည်။
ရှောင်ရိသည်လည်း ထပ်တူပင်ဖြစ်သည်။ အတူရှိသောအချိန်က ကြာသည်ဟု မဆိုနိုင်သော်လည်း ရိုးအလှသော ဤသားရဲလေးကို သူ့ညီအရင်းအဖြစ် သတ်မှတ်ထားခဲ့လေသည်။
ယဲ့ချန်က ဤမြေအောက်ဂူအတွင်း မလာခဲ့သင့်ပေ။ သူသာမလာခဲ့လျှင် အမွေးပွလေးနှင့်ရှောင်ရိသေမည် မဟုတ်ချေ။ ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကြောင့် ကိုယ့်ကိုကိုယ်ပြိုင်ဘက်ကင်းဟု အထင်ကြီးခဲ့သော အပြစ်ကြောင့်သာ ဖြစ်၏။ ဤအပြစ်ရှိစိတ်က ယဲ့ချန်၏နှလုံးသားကို ဓားထက်ထက်ဖြင့် ထိုးသွင်းလိုက်သည်နှင့် မခြားပေ။
"အမွေးပွလေး ငါအသုံးမကျလို့ တောင်းပန်ပါတယ်"
"ဒုန်း"
ယဲ့ချန်၏လက်သီးနှင့် ကျောက်တုံးနံရံ ပြင်းထန်စွာမိတ်ဆက်သွားပြီး သွေးများ ဆက်တိုက်စီးကျလာသည်။ ကောင်းကင်ချီများကို ရုတ်သိမ်းထားသောကြောင့် သူ၏လက်သီးက သာမန်လူတစ်ယောက်နှင့် တူညီနေခဲ့သည်။ သို့သော် လက်သီးမှနာကျင်မှုထက် စိတ်ထဲမှနာကျင်မှုက အဆပေါင်းများစွာပိုသည်။ မျက်ရည်များက သူ၏ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။
"အဲ့ဒီမြေခွေးက နင့်အတွက် ဒီလောက်အရေးကြီးလား"
ထန်တိုက်လင်က အသံကြောင့် မျက်လုံးများပွင့်လာပြီး ယဲ့ချန်ကို စိုက်ကြည့်သည်။ သူမက အနည်းငယ်တုံ့ဆိုင်းသွားပြီး မေးမြန်းလိုက်၏။
"မင်း နားမလည်ပါဘူး"
ယဲ့ချန်၏အသံက ဝမ်းနည်းမှုကြောင့် အလွန်အက်ကွဲနေခဲ့သည်။
"ငါနားမလည်တာ ဟုတ်မှာပါ"
ထန်တိုက်လင်၏စိတ်အတွင်း ခမည်းတော်၏ပုံရိပ် ထွက်ပေါ်လာသည်။ ခမည်းတော်သေဆုံးချိန်တွင် သူမ၏နှလုံးသားက တစ်စစီပဲ့ကြွေသွားပုံပေါ်သည်။ သို့သော် ထိုခံစားချက်ကို ထန်တိုက်လင်က နားမလည်ခဲ့ပေ။ ဤနာကျင်မှုကြောင့် ရန်သူများကိုသတ်ဖြတ်ရာမှ သေခြင်းရှင်ခြင်းသိုင်းလမ်းစဥ်ကို နားလည်သဘောပေါက်လာခဲ့သည်။ လက်စားချေနိုင်ခဲ့သော်လည်း ပျော်ရွှင်မှုကိုမရချေ။ သူမ၏နှလုံးသားသည်သာ ပင်လယ်၏အနက်ဆုံးအပိုင်းမှ ရေခဲတုံးပမာ အေးစက်မာကျောသွားလေသည်။
ယဲ့ချန်က အသက်ကိုပြင်းပြင်းရှူ၍ အတွေးများကို ဖိနှိပ်လိုက်သည်။ သူ၏ညာလက်ထဲတွင် ကောင်းကင်ဓားပျံတစ်လက်ကို ဖန်တီးထားပြီး တဝှီဝှီလည်နေခဲ့သည်။ သွေးဆာရက်စက်သော အရှိန်အဝါတစ်ခုက ကျောက်တုံးခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
"ဒီကိစ္စမှာ အမှောင်ဝိညာဥ်နဲ့ ရုပ်သေးတွေရဲ့သခင်ကို ငါ သတ်ပစ်မယ်"
ယဲ့ချန်၏မျက်လုံးများက သတ်ဖြတ်လိုစိတ်ကြောင့် မီးဝင်းဝင်းတောက်နေသည်။ ကောင်းကင်ဓားပျံသည်လည်း အနက်ရောင်စွမ်းအင်အချို့ စွန်းထင်းစပြုလာသည်။
ကောင်းကင်ဓားပျံမှ သတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းသဖြင့် ထန်တိုက်လင်မှာ တုန်ယင်သွားခဲ့သည်။ သူမသည် ဤအရှိန်အဝါက မိစ္ဆာလမ်းစဥ်ကို ဦးတည်နေကြောင်း နားလည်ထားသည်။ အကယ်၍ ယဲ့ချန်က ဤလမ်းကြောင်းအတိုင်း ဆက်သွားလျှင် သေချာပေါက် မိစ္ဆာတစ်ကောင်ဖြစ်လာပေလိမ့်မည်။ သို့သော် ထန်တိုက်လင်အနေဖြင့် တားရန် အကြောင်းမရှိချေ။ သူမ၏လမ်းစဥ်ကလည်း မိစ္ဆာလမ်းစဥ်ဖြစ်ကာ လူတိုင်းက ကိုယ်ပိုင်ရွေးချယ်မှုနှင့် ရှင်သန်ရသည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမက ဂရုမစိုက်ပေ။ ယဲ့ချန်နှင့် ထန်တိုက်လင်ဆိုသည်က ဘဝလမ်းချိုးတစ်ခုတွင် ခဏတာတွေ့ဆုံမိသော ခရီးသွားများထက် မပိုချေ။
"ငါလည်းနင့်လိုဖြစ်ဖူးတယ်။ အရင်က ငါဟာ ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့ မင်းသမီးဖြစ်ခဲ့တယ်။ နေ့တိုင်းကြောင့်ကြမှုမရှိ ရှင်သန်ခဲ့ရပေမယ့် တစ်နေ့မှာ ခမည်းတော်ကို ရန်သူတစ်ယောက်ကသတ်သွားတယ်။ ငါက နင့်လိုခံစားချက်မျိုးကြောင့် ခမည်းတော်ရဲ့လက်နက်နဲ့ ရန်သူတွေကို သုတ်သင်ခဲ့တယ်။ ဒါပေမယ့်လည်း ခမည်းတော်က ပြန်အသက်ရှင်မလာတော့ဘူး။ ဘာအဓိပ္ပါယ်မှမရှိဘူးလေ"
ထန်တိုက်လင်က ယဲ့ချန်ကို စကားများများပြောနေမိသော အကြောင်းအရင်းကို သူမကိုယ်တိုင်လည်း မသိချေ။
"ဒီလိုမျိုးထပ်ဖြစ်မယ်ဆိုရင် နင် သူတို့ကိုသတ်ဦးမှာလား"
ယဲ့ချန်က သူမဘက်လှည့်ကြည့်ကာ မေးလိုက်သည်။
"သတ်မယ်"
ထန်တိုက်လင်၏စကားသံက တစ်လုံးချင်း ထွက်ပေါ်လာသည်။
ယဲ့ချန်က သူမကိုကျောပေးလိုက်ပြီး စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။ ထန်တိုက်လင်သည် သူမကိုယ်သူမ တစ်ခုခုပြောင်းလဲသွားကြောင်း သတိထားမိလိုက်၏။
"တစ်ရက်မှာ နင်တို့လူသားတွေပြောတဲ့ အချစ်ဆိုတာက သိုင်းလမ်းစဥ်မှာ ခဏတဖြုတ်ပေါ်လာတဲ့ ခံစားချက်တစ်ခုဆိုတာထက် မပိုဘူးဆိုတာ နားလည်လာမှာပါ။ အချိန်က ခံစားချက်တွေကို တိုက်စားသွားလိမ့်မယ်။ ခံစားချက်မဲ့ခြင်းကသာ အစစ်အမှန်လမ်းစဥ်ဖြစ်တယ်"
ထန်တိုက်လင်က အေးစက်စက်စကားပြောရင်း ဆံပင်ရှည်များကို လက်ချောင်းသွယ်သွယ်လေးများနှင့် သပ်နေခဲ့သည်။ သူမက ပန်းပုအကျော်အမော်တစ်ယောက်၏ အကောင်းဆုံးလက်ရာ ကျောက်စိမ်းရုပ်တုတစ်ခုပမာ လှပနေသည်။ သူမ၏မျက်နှာက ခံစားချက်မဲ့စွာ တည်ငြိမ်နေခဲ့သည်။
"ဒီစကားကိုပြောတဲ့သူက နားမလည်နိုင်ဘူး။ အချစ်စစ်က အချိန်ကြောင့် ပျက်စီးမသွားနိုင်ဘူး။ တစ်နေ့မှာ နင် နားလည်လာလိမ့်မယ်"
အမွေးပွလေး၏ရုပ်သွင်က ယဲ့ချန်၏နှလုံးသားအတွင်း ထာဝရစွဲထင်နေမည်ဖြစ်သည်။ သူနားလည်ထားသည်က အချိန်မည်မျှကြာပါစေ သူမကို မေ့နိုင်မည်မဟုတ်ပေ။
ထန်တိုက်လင်က စကားတစ်ခွန်းမှ ဆက်မပြောတော့ချေ။
နှစ်ယောက်လုံး တိတ်ဆိတ်သွားသဖြင့် ကျောက်တုံးခန်းက အလွန်ငြိမ်သက်နေသည်။
"သွားကြစို့"
တစ်နာရီအကြာတွင် ထန်တိုက်လင်က မတ်တပ်ထရပ်လိုက်သည်။ သူမ၏ခွန်အားအချို့ ပြန်ရနေပြီဖြစ်သောကြောင့် ယဲ့ချန်ကို ပြောလိုက်သည်။ ခုနစ်ရောင်ခြယ် သက်တန့်အလင်းများက သူမ၏ခန္ဓာကိုယ်ပတ်လည်တွင် တောက်ပနေသည်။ သူမက အထွတ်အထိပ်အခြေအနေ့ မရောက်သေးသော်လည်း နီးကပ်နေပြီဖြစ်၏။
ယဲ့ချန်ကမတ်တပ်ရပ်၍ ထန်တိုက်လင်နောက်မှ ကပ်လိုက်လာခဲ့သည်။ သူ၏ကိုယ်တွင်းရှိ ကောင်းကင်ချီများက အဖြစ်ဆိုးကြောင့် ကြီးစွာပြောင်းလဲသွားခဲ့သည်။ ကျင့်ကြံဆင့်ကလည်း ကောင်းကင်ဝိဇ္ဇာအဆင့်သို့ နီးကပ်လာခဲ့သည်။ ထို့အပြင် ကောင်းကင်ချီများက ပင်လယ်လှိုင်းကြီးများကဲ့သို့ တဝုန်းဝုန်းပြင်းထန်နေသည်။
ယဲ့ချန်သည် အမွေးပွလေးနှင့် ရှောင်ရိကြောင့် သူ၏လမ်းစဥ်ပြောင်းလဲလာကြောင်း သိထားသည်။ လက်ရှိတွင် သူ့၌ ရွေးချယ်စရာ နှစ်ခုရှိသည်။ အရာအားလုံးကိုမေ့ပစ်ပြီး သူ၏လမ်းကို ပြန်တည်ဆောက်ရန်က ပထမလမ်းကြောင်းဖြစ်သည်။ နောက်တစ်ခုက ကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်းဖြစ်ပြီး မိစ္ဆာလမ်းစဥ်ထံ ဦးတည်နေသည်။
သို့သော်လည်း အမွေးပွလေးနှင့်ရှောင်ရိကို မေ့ပစ်ရန် ယဲ့ချန်အတွက် မဖြစ်နိုင်ပေ။ သူက အကျိုးဆက်များကိုမသိသော်လည်း ဂရုမစိုက်ဘဲ ဆက်လက်လျှောက်လှမ်းပေလိမ့်မည်။
ယဲ့ချန်သည် သူ၏လက်တစ်ဖက်တွင် ငရဲဖြိုခွဲဓားနှင့် ကျန်တစ်ဖက်တွင် ကောင်းကင်ဓားပျံကို အဆင်သင့်ပြင်ထားသည်။ ရှေးဟောင်းအုတ်ဂူအောက်ထပ်တွင် သူ့ကိုစောင့်ကြိုနေသော အရာများအတွက် အသင့်ပြင်ထားရမည် ဖြစ်လေသည်။
***