← Chapters

ဧကရာဇ်မင်၏ဓား

Vol. 19 Ch. 255

ဧကရာဇ်မင်၏ဓား

Vol. 19 Ch. 255

ထန်တိုက်လင်သည် လှေကားထစ်များမှ ဆင်းလာသောအခါ ဘေးတစ်ဖက်တစ်ချက်တွင် အရိုးများ တောင်ပုံရာပုံရှိနေသည်ကို တွေ့ခဲ့ရသည်။ အချို့က ဤအုတ်ဂူကိုတည်ဆောက်ခဲ့သော အလုပ်သမားများဖြစ်ဟန်တူပြီး အရိုးစုလက်များထဲတွင် ဆောက်လုပ်ရေးကိရိယာများ ရှိနေသည်။ ကျန်အရိုးများကမူ ဤအုတ်ဂူကိုတူးဖော်ရန် လာရောက်သော ကျင့်ကြံသူများဖြစ်ပြီး မည်သည်အကြောင်းကြောင့် သေဆုံးနေမှန်းမသိရချေ။

ယဲ့ချန်၏ခြေထောက်အောက်မှ ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာသည်။ အရိုးများကို တက်နင်းလိုက်မိခြင်းဖြစ်သောကြောင့် လှေကားများမှတဆင့် အောက်ထပ်အမှောင်ထုအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ သူက အနည်းငယ်ထိတ်လန့်သွားပြီး ခြေဖော့နင်းလိုက်သည်။

"ဒီလှေကားထစ်ပေါ်မှာ ယန္တရားတွေ ဆင်ထားနိုင်တယ်"

ထန်တိုက်လင်၏စကားသံ ထွက်ပေါ်လာသည်။ အောက်မှ အမှောင်စွမ်းအင်များထွက်ပေါ်နေသဖြင့် သူမပင်လျှင် ပေါ့ဆမနေရဲချေ။

"ဂီး ဂီး"

ကြိမ်နှုန်းမြင့်သော အသံစူးစူးများ ထွက်ပေါ်လာသည်။ ယဲ့ချန်က မျက်ခုံးများပင့်၍ အဆင်သင့်ပြင်ထားလိုက်၏။ မြေအောက်မှ မည်သို့သောအန္တရာယ်များ တက်ရောက်လာမည်ကို မသိနိုင်ပေ။

ခဏအတွင်း ယဲ့ချန်က သူတို့ထံဦးတည်လာနေသော အရိပ်များစွာကို တွေ့လိုက်ရသည်။

"ဒါတွေက ရိုးရိုးအမှောင်ဝိညာဥ်တွေ"

ထန်တိုက်လင်က စိတ်အေးသွားသည်။ ၎င်းတို့က အစွမ်းမထက်သောကြောင့် သူမ၏အဝတ်စဖြူနှင့် ရိုက်ချလိုက်သောအခါ တဘန်းဘန်းမြည်သံများနှင့်အတူ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲကုန်သည်။

ပိုမိုအစွမ်းထက်သော အမှောင်ဝိညာဥ်အချို့က အဝတ်စကို ရှောင်လွှဲနိုင်ခဲ့သည်။ ၎င်းတို့က ပါးစပ်ကြီးများကိုဖြဲ၍ လက်သည်းများဖြန့်ကာ ထန်တိုက်လင်ထံ တိုးဝင်လာကြသည်။

သူမက လက်ထဲတွင်ကိုင်ထားသော သုံးခွလှံကို မြှောက်လိုက်သောအခါ သက်တန့်ရောင်နတ်အလင်းများ ပြန့်ထွက်လာ၏။

နတ်အလင်းများက အမှောင်ဝိညာဥ်များကို ထိမှန်သွားသောအခါ နာကျင်စွာအော်သံများ ထွက်ပေါ်လာသည်။ နတ်အလင်းအောက်တွင် ၎င်းတို့က ပြာအဖြစ် လောင်ကျွမ်းသွားကြသည်။

လှေကားတစ်ခုလုံးတွင် နတ်အလင်းများကြောင့် ချက်ချင်းထွန်းလင်း တောက်ပလာ၏။ နတ်အလင်းတစ်ခုစီက သိုင်းလမ်းစဥ်၏နိယာမများ ပါဝင်သည်။ အများဆုံး ဆန်းကျယ်အဆင့်သာရှိသော အမှောင်ဝိညာဥ်များမှာ တစ်ချက်ပင်မခုခံနိုင်ခဲ့ပေ။

ထန်တိုက်လင်၏ခွန်အားက ယဲ့ချန်ကို ယခုအချိန်အထိ အံ့သြစေခဲ့သည်။ သူက ငရဲဖြိုခွဲဓားကို ခပ်တင်းတင်းဆုပ်ကိုင်ထားသဖြင့် လက်မောင်းတွင် သွေးကြောများထောင်ထနေ၏။ အကယ်၍ သူသာ ဤခွန်အားမျိုးပိုင်ဆိုင်ထားလျှင် ရှောင်ရိနှင့်အ​မွေးပွလေးကို သေဆုံးမည့်ဘေးမှ ကယ်တင်နိုင်ပေလိမ့်မည်။ သူ၏ဒန်တန်တွင်ရှိနေသော ချီစက်ဝိုင်းကိုးခုတွင် အနက်ရောင်စွမ်းအင်များ စွန်းထင်းနေသည်။ ဤကား စွမ်းအားကိုဆာလောင်စိတ်မှ ဖြစ်ပေါ်လာသော ဖောက်လွဲဖောက်ပြန်မိစ္ဆာစိတ်ကြောင့်ဟု ယဲ့ချန်က သိထားသည်။ ယဲ့ချန်က အသိစိတ်ကိုနှိုးဆွ၍ မိသ္ဆာစိတ်၏ ဝါးမျိုခြင်းမခံရစေရန် ကြိုးစားလိုက်သည်။ သူ့အနေဖြင့် မည်သည့်အချိန်အထိ တောင့်ခံထားနိုင်မည်ကို မသိပေ။

"ဆက်သွားမယ်"

ထန်တိုက်လင်သည် ယဲ့ချန်၏အခြေအနေကို ရိပ်စားမိသော်လည်း ဂရုမစိုက်ချေ။ သူမ၏ခန္ဓာပတ်လည်တွင် ရေချီများထွက်ပေါ်လာကာ ရှေ့ဆက်တိုးသွားလိုက်သည်။ ယဲ့ချန်က နောက်မှကပ်လိုက်သွားခဲ့သည်။

"ဘန်း ဘန်း ဘန်း"

လမ်းတလျှောက်တွင် မရေမတွက်နိုင်သော အမှောင်ဝိညာဥ်များကို ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းတို့က ထန်တိုင်လင်အနားပင် မကပ်နိုင်ချေ။ သက်တန့်ရောင်နတ်အလင်းများနှင့် ထိမှန်ခံလိုက်ရပြီး နာကျင်စွာအော်မြည် ပျောက်ကွယ်သွားသည်ချည်းသာ ဖြစ်သည်။

မြေအောက်သို့ မီတာရာချီဆင်းသက်ပြီးနောက်တွင် သူတို့က ဥမင်တစ်ခုရှေ့သို့ ရောက်လာခဲ့သည်။ ဥမင်အတွင်း၌ ပိန်းပိတ်အောင်မှောင်နေသဖြင့် မည်သည်အရာများရှိနေကြောင်း မမြင်ရပေ။

ဥမင်၏ရှေ့တွင် သုံးမီတာမြင့်သော ကျောက်ပြားတစ်ချပ် စိုက်ထူထားသည်။ ၎င်း၏မျက်နှာပြင်တွင် ဧကရာဇ်မင်၏အုတ်ဂူ ကျူးကျော်သူတိုင်းသေရမည် ဟူသော စကားများ ရေးထွင်းထားသည်။

"ဧကရာဇ်မင်ဟုတ်လား ဒီလူက ပိုင်ရှင်ပေါ့"

ထန်တိုက်လင်က မင်သက်သွားခဲ့သည်။

"ဧကရာဇ်မင်က ဘယ်သူလဲ"

"သူက လွန်ခဲ့တဲ့နှစ်ပေါင်းသောင်းချီအကြာက အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်။ သူ့ခွန်အားက ဒီကမ္ဘာကိုကျော်လွန်နေလို့ ငါတို့အဆင့်နဲ့ မော့ကြည့်ရုံသာတတ်နိုင်မယ်။ ဒါပေမယ့် သူက ကျင့်ကြံနေရင်း မိစ္ဆာစိတ်ဖောက်ပြန်လို့ သေသွားခဲ့တယ်။ မျိုးနွယ်ဝင်တွေက သူ့အတွက် အုတ်ဂူခုနစ်လုံး တည်ဆောက်ပေးခဲ့ကြတယ်။ မရေမတွက်နိုင်တဲ့ ဂူဖောက်သူတွေဟာ ဧကရာဇ်မင်ရဲ့ရတနာတွေကို လိုချင်ကြပေမယ့် အုတ်ဂူတွေအကုန်လုံးက အတုဖြစ်နေတော့ သေခြင်းနဲ့အဆုံးသတ်ကြရတယ်။ ဒီတစ်ခုကလည်း အစစ်လား အတုလား ငါမသိဘူး။ ပင်လယ်မိစ္ဆာရဲ့ ရှေးမှတ်တမ်းတစ်ခုမှာ ဒီအကြောင်း မှတ်တမ်းတင်ထားတယ်"

ထန်တိုက်လင်က အသေးစိတ်ရှင်းပြလိုက်၏။ အုတ်ဂူခုနစ်ခုလုံးက အတုများဖြစ်နေပြီး ဂူဖောက်သူများ၏အသက်ကို ဖြားယောင်းသွေးဆောင်ကာ သတ်ဖြတ်ခဲ့ကြသည်။ ဤအုတ်ဂူက အတုဖြစ်စေ အစစ်​ဖြစ်စေ အန္တရာယ်များပြည့်နှက်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"ငါနဲ့ ၁၅မီတာခွာပြီး လိုက်လာခဲ့။ ယန္တရားတွေကို အသက်သွင်းမိရင် သေသေရှင်ရှင် နင့်ကံကြမ္မာပဲ"

ထန်တိုက်လင်က ရေခဲကဲ့သို့ အေးစက်စက်ပြောလိုက်သည်။ သူမက ဥမင်အတွင်း ဦးဆောင်ဝင်ရောက်သွားခဲ့၏။

ယဲ့ချန်သည် ဥမင်အတွင်း ပျောက်ကွယ်သွားသော ထန်တိုက်လင်၏ကျောပြင်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက သေခြင်းရှင်ခြင်းကို ဂရုစိုက်မနေနိုင်သဖြင့် နောက်မှလိုက်ပါသွားခဲ့လေသည်။

နက်ရှိုင်းသော ဥမင်အတွင်း ကျင့်ကြံသူနှစ်ယောက်က ရှေ့ဆက်နေကြသည်။ ယဲ့ချန်က ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်၍ ယန္တရားများကို မတွေ့ခဲ့ပေ။ ဥမင်၏အဆုံးတွင် သူတို့က စတုရန်းမီတာထောင်ချီကျယ်သော ခန်းမကြီးတစ်ခုထံ ရောက်လာကြသည်။ နံရံများကို ရွှေအစစ်များဖြင့် ပြုလုပ်ထား၍ ဆန်းကျယ်သော ရုပ်ပုံအမျိုးမျိုးကို ရေးထွင်းထားသည်။

ခန်းမ၏အလယ်တွင် လေထဲ၌မျောနေသော ရေခဲအခေါင်းတစ်ခု ရှိသည်။ အလောင်းထဲတွင် ရွှေရောင်တော်ဝင်ဝတ်စုံဝတ် လူတစ်ယောက် လဲလျောင်းနေသည်။ အလောင်းက ပုပ်သိုးပျက်စီးခြင်း မရှိချေ။ အလောင်းကငယ်ရွယ်ပြီး ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသည်။ ၎င်းထံမှ စစ်သည်တော်အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး အစွမ်းထက်လွန်းရာ စကားဖြင့်ဖော်ပြရန် မလွယ်ချေ။ မည်သူမှ အလောင်း၏အသက်ကို မခန့်မှန်းနိုင်ကြပေ။ သူ၏ခန္ဓာကိုယ်ဘေးတွင် မင်းမြှောက်တန်ဆာများကို စီစီရီရီချထားလေသည်။

ဤအလောင်းက ဒဏ္ဍာရီလာဧကရာဇ်မင် ဖြစ်ပေသည်။

ခန်းမကျယ်ကြီးတွင်လည်း ယန္တရားများကိုမတွေ့ရသဖြင့် ယဲ့ချန်က အံ့သြနေသည်။

သူက ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်သောအခါ ကြမ်းပြင်တွင် နေရာအနှံ့ပြန့်ကြဲနေသော အလောင်းများကို တွေ့လိုက်ရ၏။ များစွာသော ဝိညာဥ်လက်နက်အကျိုးအပဲ့များက အလောင်းများဘေးတွင် ကျနေသည်။

ခန်းမအတွင်း ယန္တရားများကို ဖုံးကွယ်ထားခြင်းဖြစ်နိုင်သည်။ သို့မဟုတ်လျှင် ဤကျင့်ကြံသူများ သေမည်မဟုတ်ပေ။ အလောင်းများက ပုပ်သိုးခြောက်သွေ့နေပြီ ဖြစ်သောကြောင့် ခန်းမတစ်ခုလုံး အပုပ်နံ့များလှိုင်နေသည်။

ယဲ့ချန်၏အကြည့်က ရေခဲအခေါင်းအောက်ရှိ ကျောက်တုံးစင်မြင့်ကြီးထံ ကျရောက်သွားသည်။ ၎င်း၏အလယ်တွင် ဓားတစ်လက်ထိုးစိုက်ထားပြီး သာမန်သတ္တုဓားများနှင့် မခြားနားပေ။ ၎င်း၏ပုံစံက ထူးခြားနေပြီး ဓားသွားပေါ်တွင် ဆူးထစ်များတည်ရှိနေသည်။ သို့သော် ၎င်းပေါ်တွင် သံချေးအစက်အပြောက်များလည်း ရှိနေသည်။

ယဲ့ချန်က ဓားကိုစိုက်ကြည့်နေချိန်တွင် အေးစက်ထက်ရှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ယဲ့ချန်က ချက်ချင်းတုန်လှုပ်သွားကာ ဤဓားက သာမန်မဟုတ်ကြောင်း နားလည်လိုက်သည်။ ဓားပေါ်တွင် သေးငယ်သောစာလုံးများနှင့် ဧကရာဇ်မင်၏ဓားဟု ရေးထွင်းထားသည်။ ယဲ့ချန်က သူ၏ဝိညာဥ်အသိစိတ်ဖြင့် ဓားကိုမစပ်စုရဲသောကြောင့် ချက်ချင်းပြန်လည် ရုတ်သိမ်းလိုက်ရသည်။

ထိုအချိန်တွင် ထန်တိုက်လင်သည် ခန်းမအတွင်း တစ်လှမ်းချင်း လျှောက်ဝင်သွားပြီဖြစ်သည်။

"အလယ်ကို အရမ်းမကပ်နဲ့"

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ထန်တိုက်လင်ကို သတိပေးလိုက်၏။ သို့သော် ထန်တိုက်လင်သည် ခန်းမအတွင်း ခြေချချိန်မှစ၍ သတိထားနေပြီဖြစ်သည်။ သူမ၏ဉာဏ်ရည်အရ ဤခန်းမက တစ်ခုခုမှားနေကြောင်း သိထားသည်။

ယဲ့ချန်သည်လည်း လင်းကျင်းနေသော ခန်းမအတွင်း လိုက်ဝင်လာခဲ့သည်။ ဤနေရာတွင် ပုလဲများ ၊ဖယောင်းတိုင်များကဲ့သို့ အလင်းပေးသောအရာများ မရှိသော်လည်း သီးခြားကမ္ဘာတစ်ခုပမာ တောက်ပနေသည်။ အလင်းက မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း မည်သူမှမသိပေ။

ထန်တိုက်လင်၏အကြည့်က ဓားထံမှ မခွာပေ။ သူမ၏ကိုယ်တွင်းမှ ဝိညာဥ်စွမ်းအင်များ ပြန့်ထွက်လာခဲ့သည်။ ဧကရာဇ်မင်၏ဓားကလည်း ဤစွမ်းအင်များကို အာရုံခံမိဟန်ဖြင့် ဆက်တိုက်တုန်ခါလာသည်။ အလွန်ပြင်းထန်ရက်စက်သော သတ်ဖြတ်လိုစိတ်က ၎င်းထံမှပြန့်ထွက်လာ၏။

သတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းသဖြင့် ၎င်းကိုရင်ဆိုင်နေရသည်မှာ ဓားအစင်းပေါင်းသန်းချီနှင့် တိုက်ခိုက်နေရသကဲ့သို့ပင် ဖြစ်သည်။ ယဲ့ချန်၏မျက်နှာက ဖြူရော်သွားပြီး ဝိညာဥ်အသိစိတ်နှင့် ကိုယ့်ကိုကိုယ်ကာကွယ်လိုက်ရသည်။ ထိုအခါမှသာ သူက အဆင်ပြေသွားပြီး ထန်တိုက်လင်၏အတွေးများကို ခန့်မှန်းလိုက်သည်။

ထိုအချိန်တွင် ဧကရာဇ်မင်၏ဓားက ရုတ်တရက်လင်းလက်လာပြီး ပုံရိပ်တစ်ခု လေထဲတွင် ထွက်ပေါ်လာသည်။ ၎င်းက အလွန်ချောမောသော လူငယ်တစ်ယောက်ဖြစ်ကာ ရေခဲအခေါင်းအတွင်းရှိ အလောင်း၏သရုပ်ထင်မှုပမာ ဖြစ်သည်။ သို့သော် ဤနှစ်ယောက်ကြားတွင် ကွာခြားမှုရှိသည်။ ရေခဲအခေါင်းအတွင်းမှ အလောင်းက ကြီးစိုးသောအရှိန်အဝါနှင့် ပိုမိုသူရဲကောင်းဆန်သည်။ သို့သော် ဓားမှထွက်ပေါ်လာသော ပုံရိပ်က ဖြောင့်စင်းသောမျက်ခုံး၊ တောက်ပသောမျက်လုံးများနှင့် မိန်းများပင်မနာလိုရလောက်သော အသားအရေကို ပိုင်ဆိုင်ထား၏။ သူက ချောမောခန့်ညားလွန်းနေသော်လည်း လှုပ်ရှားမှုတိုင်းတွင် အစစ်အမှန်သိုင်းလမ်းစဥ် ပေါင်းစပ်ပါဝင်နေသည်။ ဤကား အဆင့်အမြင့်ဆုံးဖြစ်ပေသည်။

ဤလူငယ်ကို ကြည့်နေရုံဖြင့် သူ၏ချီစီးဆင်းမှုများ လှုပ်ခတ်ကုန်သဖြင့် ယဲ့ချန်က တုန်လှုပ်သွားသည်။ ဤလူငယ်က ထန်တိုက်လင်အောက် နိမ့်ကျမည်မဟုတ်သော်လည်း ဝိညာဥ်တစ်ကောင်ဖြစ်နေသည်။

ယဲ့ချန်သည် အမှောင်ဝိညာဥ်များ၊ မိစ္ဆာဝိညာဥ်များကဲ့သို့ ဖြစ်တည်မှုပေါင်းစုံကို မြင်ဖူးသော်လည်း လူတစ်ယောက်၏ သဘာဝကျကျရုပ်ပုံကို ထုတ်ဖော်နိုင်ခြင်းအား မတွေ့ဖူးချေ။

"ဧကရာဇ်မင်ရဲ့အုတ်ဂူထဲကို ဘယ်သူတွေ ကျူးကျော်လာကြတာလဲ"

လူငယ်၏တောက်ပသော မျက်လုံးများက ယဲ့ချန်နှင့် ထန်တိုက်လင်ကို ဝေ့ကြည့်လိုက်၏။

ဤအကြည့်တစ်ချက်တွင် ယဲ့ချန်မှာ အရာအားလုံးဖော်ထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အတိတ်တွင် ကျောက်စိမ်းမျှော်စင်ဝင်ပေါက်တွင် တွေ့ခဲ့သော အကြီးအကဲထျန်းယွမ်သည်လည်း ဤခံစားမှုမျိုးကို ပေးစွမ်းခဲ့သည်။ ထို့ကြောင့် ဤလူငယ်နှင့်ထျန်းယွမ်က အဆင့်ချင်းတူနေနိုင်သည်။ ရှေးခေတ်ဟောင်းတွင် အလွန်အစွမ်းထက်သော ကျင့်ကြံသူများစွာ ထွက်ပေါ်ခဲ့ပုံပေါ်သည်။

ထန်တိုက်လင်သည် လူငယ်၏အရှိန်အဝါကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ၎င်းက ပြင်းထန်သော်လည်း သူမ၏မျက်နှာတွင် ကြောက်စိတ်မရှိချေ။ ထိုအစား သူမက တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေသည်။

"လူသားတစ်ယောက်နဲ့ ရေသူမတစ်ကောင်"

လူငယ်က ထန်တိုက်လင်ကို လျစ်လျူရှုပြီး ယဲ့ချန်ကို တစ်ချက်ပြုံးပြလိုက်သည်။ သူ၏အပြုံးက အမှီအခိုကင်းသည့် ယောကျ်ားတစ်ယောက်၏မြင့်မြတ်မှုကို ဖော်ဆောင်နေသည်။

မြင့်မြတ်မှုသည် ခွန်အား ၊ကြွယ်ဝမှု၊ အဆင့်အတန်းတို့နှင့် မသက်ဆိုင်ပေ။ လှုပ်ရှားမှုတိုင်းနှင့် စကားတစ်လုံးချင်းစီက သာမန်လူများစွမ်းဆောင်နိုင်သော အရာမဟုတ်ချေ။

ဤလူငယ်က ဧကရာဇ်မင်၏ဓားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ဓား၏လက်နက်ဝိညာဥ် ဖြစ်နိုင်လေသည်။

"မင်းတို့က အုတ်ဂူထဲကရတနာတွေကို လုယူဖို့ ရောက်လာကြတာလား။ ဒါဆိုရင် နောက်ပြန်လှည့်ကြ မဟုတ်ရင် သေရမယ်။ ငါက ဒီအုတ်ဂူကို နှစ်ပေါင်းသောင်းချီကြာအောင် စောင့်ရှောက်လာတယ်။ ဘယ်သူမှ သူ့အလောင်းကိုမထိနိုင်ခဲ့ဘူး။ ရေခဲအခေါင်းရဲ့ပတ်ဝန်းကျင် မီတာတစ်ရာကို ဝင်လာသူမှန်သမျှ သေရမယ်"

လူငယ်က အမိန့်ပေးလိုက်သည်။ သူ၏အသံက နူးညံ့ညင်သာနေပြီး ပြင်းထန်မှုတစ်စုံတစ်ရာ မပါဝင်ပေ။ ၎င်းက နွေဦးလေပြေညင်းလေးပမာ ကြားရသူတိုင်းကို လတ်ဆတ်စေသည်။ သို့သော် နောက်ဆုံးသတိပေးချက်ကမူ တိကျပြတ်သားနေခဲ့သည်။

ထန်တိုက်လင်က လေးနက်သောအမူအရာဖြင့် သုံးခွလှံကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ ဤနေရာအထိရောက်ပြီးမှ လက်လျှော့ရန် သူမက လုံးဝစိတ်မကူးပေ။ သို့သော် သူမ၏ရှေ့တွင်ရပ်နေသော လူငယ်က ဘဝတလျှောက်လုံး ကြုံဖူးသမျှပြိုင်ဘက်များတွင် အစွမ်းအထက်ဆုံး ဖြစ်နိုင်လေသည်။

***

All Chapters