← Chapters

ကျန့်ရင်

Vol. 19 Ch. 256

ကျန့်ရင်

Vol. 19 Ch. 256

"ငါရှုံးရင် ငါတို့သဘောအတိုင်း ထွက်သွားပေးမယ်"

ထန်တိုက်လင်က သုံးခွလှဖြင့် ချိန်ရွယ်လိုက်သည်။ ၎င်းက သက်တန့်ရောင် နတ်အလင်းများ တောက်ပလာပြီး အစွမ်းထက်ဖိအားတစ်ခု ထွက်ပေါ်လာသည်။

"မင်းရဲ့သုံးခွလှံက တကယ့်ကို လက်နက်ကောင်းတစ်ခုဆိုတာ ငါ ဝန်ခံပါတယ်။ ကံမကောင်းတာက လက်နက်ဝိညာဥ် ဘဝင်စိုက်တဲ့အခြေအနေမို့ မင်းက ဒါရဲ့ခွန်အားဆယ်ပုံတစ်ပုံကိုတောင် မထုတ်ဖော်နိုင်ဘူး။ ငါ့ကို မင်း မယှဥ်နိုင်ဘူး"

လူငယ်က ထန်တိုက်လင်ကိုကြည့်၍ သတိပေးလိုက်သည်။

"သုံးခွလှံရဲ့စွမ်းအားကို ဆယ်ပုံတစ်ပုံပဲ ငါသုံးနိုင်ရင်လည်း ဘာဖြစ်လဲ။ နင်လည်း အတူတူမဟုတ်ဘူးလား"

ထန်တိုက်လင်က ပြိုင်ဘက်ကို စိုက်ကြည့်၍ တည်ငြိမ်စွာပြန်ပြောလိုက်သည်။

"မင်းမှာ အမြင်ကောင်းကောင်း ရှိနေတာပါလား။ ငါက ချိတ်ပိတ်ခံထားရလို့ မူလအစွမ်းရဲ့၁ရာခိုင်နှုန်းတည်း ပိုင်ဆိုင်ထားပေမယ့် မင်းကိုတိုက်ခိုက်ဖို့ လုံလောက်တယ်"

လူငယ်ကပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

"ကြည့်ရသေးတာပေါ့"

ထန်တိုက်လင်၏ကိုယ်တွင်းမှ တိုက်ပွဲဆာလောင်စိတ်များ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိလေထုက တိုက်ပွဲ၏လက္ခဏာကြောင့် စတင်တင်းမာလာသည်။

"ခဏနေပါဦး စီနီယာ။ ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ"

ယဲ့ချန်က တိုက်ခိုက်တော့မည့် ပြိုင်ဘက်နှစ်ယောက်ကို စိုးရိမ်စွာကြည့်လိုက်သည်။ အကယ်၍ ထန်တိုက်လင်သာ ထိုလူငယ်ကိုမယှဥ်နိုင်လျှင် အခြေအနေ ပိုဆိုးသွားနိုင်သည်။ သူကိုယ်တိုင်ကလည်း မကူညီပေးနိုင်သဖြင့် အလောတကြီးတားမြစ်လိုက်သည်။

"ကျန့်ရင်"

လူငယ်က ထန်တိုက်လင်နှင့်တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း ယဲ့ချန်ကို အဖြေပေးခဲ့သည်။

"စီနီယာကျန့်ရင် ကျုပ်တို့က ဧကရာဇ်မင်ရဲ့အုတ်ဂူကိုဖောက်ဖို့ လာတာမဟုတ်ပါဘူး။ ဂူအပြင်မှာ ကိစ္စတစ်ခုဖြစ်ပျက်နေတာကို သိထားလား"

ယဲ့ချန်က မေးလိုက်သည်။

"ဘာကိစ္စလဲ"

ကျန့်ရင်က မျက်ခုံးပင့်၍ ပြန်မေးလိုက်သည်။

"တစ်ယောက်ယောက်က ဒီနေရာမှာ အမှောင်ဝိညာဥ်ကို မွေးမြူထားတယ်"

ယဲ့ချန်က စကားပြောနေရင်း ကျန့်ရင်၏မျက်နှာအမူအရာကို မျက်တောင်မခတ်ဘဲ လေ့လာနေသည်။ သူက အခြေအနေကို စကားဖြင့်ပြောင်းလဲရန် ကြိုးစားနေခြင်းဖြစ်သည်။

"ငါသိတယ်။ အဲ့တာက ဧကရာဇ်မင်ရဲ့ အကြွင်းအကျန်ဝိညာဥ်"

ကျန့်ရင်က ခဏတာစဥ်းစားပြီး ခေါင်းညိတ်ပြသည်။

"ဒါဆိုရင် မကောင်းတဲ့လူတွေက ဧကရာဇ်မင်ရဲ့အကြွင်းအကျန်ဝိညာဥ်ကို အမြတ်ထုတ်ဖို့လုပ်နေတာကို စီနီယာက မတားဘူးလား"

"လူငယ်လေး သာမန်လူတစ်ယောက်မှာ ဝိညာဥ်သုံးခုနဲ့ ပုံစံခုနစ်မျိုးရှိတယ်။ ဧကရာဇ်မင်ရဲ့ကျင့်ကြံဆင့်အရ သူ့ဝိညာဥ်မှာ ပုံစံပေါင်းသောင်းချီရှိတယ်။ သူသေသွားတဲ့နောက်မှာ ဝိညာဥ်ကပြိုကွဲသွားပြီး တစ်လောကလုံးကို ပျံ့နှံ့သွားခဲ့တယ်။ မင်းတွေ့လာတဲ့ အကြွင်းအကျန်ဝိညာဥ်က သန်းနဲ့ချီတဲ့အပိုင်းအစတွေထဲက တစ်ခုသာဖြစ်တယ်။ ဒါကိုမွေးမြူထားရင်တောင် အများဆုံးမဟာအဆင့်အထိသာ ရောက်လိမ့်မယ်။ ပြီးတော့ ဧကရာဇ်မင်ရဲ့ အစစ်အမှန်ပင်မဝိညာဥ်က ငါနဲ့အတူ ရှိနေတယ်"

ကျန့်ရင်က ညာလက်ကိုမြှောက်၍ ယမ်းလိုက်သောအခါ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းတို့က တင်ပျဥ်ခွေထိုင်နေသော နှစ်မီတာအမြင့်ရှိသည့် လူတစ်ယောက်၏ပုံရိပ်အဖြစ် ပေါင်းစပ်သွားကြသည်။ ထိုပုံရိပ်က ရေခဲအခေါင်းအတွင်းမှ ဧကရာဇ်မင်နှင့် တစ်ပုံစံတည်းဖြစ်လေသည်။

ကျန့်ရင်က ဧကရာဇ်မင်၏ပုံရိပ်ကို ဝမ်းနည်းစွာစိုက်ကြည့်နေခဲ့သည်။

"ငါကမွေးတည်းက ဧကရာဇ်မင်နဲ့ လက်တွဲတိုက်ပွဲဝင်ခဲ့တယ်။ သူသေသွားရင်လည်း ငါက သူ့ကို နောက်ဆုံးအချိန်ရောက်တဲ့အထိ ကာကွယ်ပေးသွားမယ်"

ကျန့်ရင်က ပြတ်သားစွာ ပြောလိုက်သည်။ သူ၏လက်သီးကို ဆုပ်လိုက်သောအခါ အစိမ်းရောင်ပုံရိပ်က ချက်ချင်းပျောက်ကွယ်သွားခဲ့၏။

ဤသို့စွမ်းဆောင်နိုင်သော ဝိညာဥ်မျိုးက မည်သည့်အဆင့်သို့ ရောက်နေပါသနည်း။ ကြည့်ရသည်မှာ ဧကရာဇ်မင်၏ပင်မဝိညာဥ်က ကျန့်ရင်၏လက်အတွင်း ရှိနေခြင်းဖြစ်နိုင်သည်။ ဤအချက်ကြောင့် သူက ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသည်များကို ဂရုမစိုက်ခြင်းဖြစ်လေသည်။

"ဒီလူတွေက မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ဧကရာဇ်မင်ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးနေတယ်။ ဒါက ဧကရာဇ်မင်ကိုစော်ကားတာလို့ရော စီနီယာ မထင်ဘူးလား"

ယဲ့ချန်က သွေးထိုးရန် ကြိုးစားလိုက်သည်။

"လူငယ်လေး မင်း ဘယ်လောက်စကားပြောကောင်းကောင်း ငါ့ကို ဒီအကြွင်းအကျန်ဝိညာဥ်တွေနဲ့ တိုက်ခိုက်ဖို့ ဆွဲဆောင်နိုင်မှာမဟုတ်ဘူး။ ငါ့အပေါ်ကို အမြတ်ထုတ်ဖို့ စဥ်းစားမနေနဲ့"

ကျန့်ရင်က ပြန်ပြောလိုက်၏။

"စီနီယာ ကျုပ်တို့က ဧကရာဇ်မင်ရဲ့အလောင်းကို ဘာမှမလုပ်ချင်ပါဘူး။ သူရဲ့အကြွင်းအကျန်တစ်ခုကို ငှားယူပြီး အမှောင်ဝိညာဥ်ကိုဖိနှိပ်ဖို့ပါ။ စီနီယာက ဧကရာဇ်မင်ဝူရဲ့ အကြွင်းအကျန်ဝိညာဥ်ကို လူတွေအသုံးချမှာ ကြည့်မနေနိုင်လောက်ပါဘူး"

ယဲ့ချန်က ကျန့်ရင်ကိုသိမ်းသွင်းရန် ကြိုးစားနေဆဲပင်ဖြစ်သည်။

"သူတို့ကသာ အစာကျွေးမထားရင် အဲ့ဒီဝိညာဥ် ပျက်စီးသွားတာကြာနေပြီ။ ဘယ်လိုဖြစ်ဖြစ် အကြွင်းအကျန်ဝိညာဥ်က တစ်​နေ့မှာ ပျက်စီးသွားလိမ့်မယ်။ သူရဲ့အကြွင်းအကျန်တစ်ခုခုကို ငှားယူချင်ရင် ငါ့ကို အရင်ဆုံးကျော်ဖြတ်ရမယ်"

လေထဲတွင် တလူလူလွင့်နေသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် ကျန့်ရင်က တစ်လုံးချင်းပြောလိုက်သည်။

ယဲ့ချန်က မျက်မှောင်ကြုတ်၍ စဥ်းစားနေသည်။ သူနှင့် ထန်တိုက်လင်၏ခွန်အားက ကျန့်ရန်ကိုယှဥ်နိုင်စရာ အကြောင်းလုံးဝမရှိပေ။

"ခေါင်းမာလှချည်လား"

ထန်တိုက်လင်က ဒေါသတကြီးအော်ဟစ်၍ သုံးခွလှံကို လက်ထဲတွင် ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ရေချီများစွာထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး စိုစွတ်သွားခဲ့သည်။

ထန်တိုက်လင်က ခုန်ထွက်လိုက်ပြီး လေထဲတွင် မျောလွင့်နေသည်။ သူမ၏အဖြူရောင် အဝတ်စများက လေထဲတွင် ကခုန်နေသဖြင့် မျက်စိပသာဒဖြစ်ဖွယ် မြင်ကွင်းတစ်ခုပင်။

"ပင်လယ်နတ်ဘုရားလှိုင်းဝါးမျိုကျင့်စဥ်"

သူမက တိုက်ပွဲဆာလောင်စိတ်ဖြင့် အော်လိုက်သည်။ စကားအဆုံးတွင် ပတ်ဝန်းကျင်ရှိရေချီများ လှိုင်းလုံးကြီးများအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ထို့နောက် လှိုင်းလုံးကြီးများကစုဝေးသွားကာ ငွေရောင်ရေနဂါးကြီးတစ်ကောင် ဖြစ်ပေါ်လာခဲ့သည်။ ၎င်းက ကျန့်ရင်ထံ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဝုန်းခနဲပြေးဝင်သွားခဲ့၏။

"ဒီအသက်အရွယ်နဲ့ ဒီလောက်ခွန်အားကို ပိုင်ဆိုင်ထားတယ်ဆိုတော့ မဆိုးဘူး။ မင်းသာ သုံးခွလှံရဲ့အစွမ်းကို အကုန်လုံးအသုံးချနိုင်ရင် ငါတောင် မယှဥ်နိုင်လောက်ဘူး။ အခုတော့ မင်းက အားနည်းလွန်းနေတယ်"

ကျန့်ရင်က ရေနဂါးကိုကြည့်၍ ခပ်တည်တည်ရပ်နေခဲ့သည်။ သူ၏ညာလက်ချောင်းတစ်ခုကိုမြှောက်ကာ စွမ်းအင်တစ်ခု ပစ်ထုတ်လိုက်သည်။

စွမ်းအင်လှိုင်းက လက်မှထွက်လာသည်နှင့်တပြိုင်နက် ဧရာမဓားကြီးတစ်လက်အဖြစ် အသွင်ပြောင်းသွားသည်။ ထို့နောက် ၎င်းက လေကိုထိုးဖောက်၍ ရေနဂါးကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။

"ဘုန်း"

ခန်းမကြီးတစ်ခုလုံး တုန်ခါသွားကာ ကောင်းကင်ထက်မှ ရေစက်များ အဆက်မပြတ်ကျဆင်းလာခဲ့သည်။ ရေစက်များအောက်တွင် ကျန့်ရင်က လက်ကိုနောက်ပစ်ထားပြီး မတ်တပ်ရပ်နေခဲ့သည်။ သူ၏ချောမောခန့်ညားသော ရုပ်ရည်တွင် နူးညံ့သိမ့်မွေ့မှုက ပေါင်းစပ်နေသဖြင့် မြင်သူတိုင်းက အစွမ်းထက်ကျင့်ကြံသူဟု ထင်ရက်စရာမရှိချေ။

ထိုအချိန်တွင် ထန်တိုက်လင်က သုံးခွလှံဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်ပြီး ကျန့်ရင်က ညာလက်တွင် ဓားတစ်ချောင်းဖန်တီးကာ ရင်ဆိုင်လိုက်၏။ ဓားက ဧကရာဇ်မင်၏ဓားနှင့် ပုံစံချင်းတူညီသည်။

ဓားခုတ်လိုက်ပုံက နှေးကွေးသယောင်ထင်ရသော်လည်း ဓားချက်က လျှပ်ပြက်သည့်ပမာ မြန်ဆန်သည်။ ဓားချက်တွင် အားစိုက်မထားသော်လည်း ပြင်းထန်သောစွမ်းအားတစ်ရပ် ပါဝင်နေသည်။ သိုင်းလမ်းစဥ် လောကရှိသိုင်းပညာအားလုံး၏ နိယာမပင်လျှင် ပေါင်းစပ်ပါဝင်နေခဲ့သည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် သိုင်းလမ်းစဥ်ကို ဆက်ခံနိုင်ခဲ့လျှင် ကျင့်ကြံဆင့်က အမြင့်ဆုံးသို့ရောက်နိုင်ပြီး အဆုံးမဲ့ခွန်အားကို ပိုင်ဆိုင်နိုင်ပေမည်။

ထန်တိုက်လင်၏သိုင်းလမ်းစဥ်သည် သေခြင်းရှင်ခြင်းလမ်းစဥ် ဖြစ်သည်။ သူမက သေခြင်းရှင်ခြင်းသဘောတရားအပေါ် ပို၍နားလည်လေလေ ပို၍အစွမ်းထက်လေလေဖြစ်သည်။ သူမက ဤသိုင်းလမ်းစဥ်ကို ဉာဏ်အလင်းပွင့်သွားလျှင် ခွန်အားက တိုင်းတာမရလောက်အောင် ကြီးမားလာပေလိမ့်မည်။

သုံးခွလှံက ပြိုင်ဘက်ကင်းစွမ်းအားဖြင့် ခုနစ်ရောင်ခြယ်နတ်အလင်းများ ဖောက်ခွဲထုတ်ဖော်ကာ ကျန့်ရင်၏ဓားချက်ကို ပယ်ရှားလိုက်သည်။ ထို့နောက် လှံဦးက ကျန့်ရင်၏ရင်ဘတ်ထံ ဦးတည်ထိုးစိုက်သွားခဲ့သည်။

"ပြန်လည်ရှင်သန်ခြင်းစက်ဝိုင်းက မျှတတယ်။ ငါက ဖျက်ဆီးခြင်းလမ်းစဥ်ကို ဉာဏ်အလင်းပွင့်ထားပြီး မင်းရဲ့သေခြင်းရှင်ခြင်းလမ်းစဥ်ထက် ပိုပြီးအဆင့်မြင့်မြင့် နားလည်ထားတယ်။ သေခြင်းရှင်ခြင်းကို ဖြစ်စေတဲ့သူတိုင်းဟာ အဆုံးမှာ ပျက်စီးခြင်းနဲ့သာ ရင်ဆိုင်ရတယ်"

ကျန့်ရင်က ထန်တိုက်လင်၏သိုင်းလမ်းစဥ်ကို ချက်ချင်းခန့်မှန်းနိုင်ခဲ့သည်။ သူက ဘေးသို့ခုန်ထွက်၍ သုံးခွလှံကို ရှောင်တိမ်းလိုက်၏။ ထို့နောက် ဓားဖြင့် ထန်တိုက်လင်ကို ခုတ်ချလိုက်သည်။

"ဘုန်း ဘုန်း ဘုန်း"

နတ်အလင်းများက ဓားစွမ်းအင်များနှင့် ထိပ်တိုက်ရင်ဆိုင်နေကြသည်။ သို့သော် တိုက်ပွဲမှထွက်ပေါ်လာသော စွမ်းအင်များကို ကြမ်းပြင်နှင့်နံရံများက စုပ်ယူသွားကြသည်။ ဤခန်းမအတွင်းရှိသမျှ အရာအားလုံးကို အထူးကုန်ကြမ်းများဖြင့် တည်ဆောက်ထားပုံပေါ်သည်။ ထန်တိုက်လင်နှင့်ကျန့်ရင်ကဲ့သို့ အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်က သည်းကြီးမည်းကြီးတိုက်ခိုက်နေသည့်တိုင်အောင် လုံးဝပျက်စီးခြင်းမရှိပေ။

အကယ်၍ ဝိညာဥ်အသိစိတ်ကသာ အစွမ်းထက်နေခြင်းမရှိလျှင် ယဲ့ချန်မှာ ဤတိုက်ပွဲကြောင့် ပြားကပ်နေမည်ဖြစ်သည်။ လက်ရှိတွင် ထန်တိုက်လင်မှာ အောက်စည်းသို့ရောက်နေပြီး ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် သူမက သေချာပေါက်ရှုံးနိမ့်ပေလိမ့်မည်။

ကျန့်ရင်သည် ဧကရာဇ်မင်ဓား၏ လက်နက်ဝိညာဥ်ဖြစ်သည်။ ထို့ကြောင့် ဓားကိုယ်ထည်ကိုတိုက်ခိုက်လျှင် သူ့ကိုဒုက္ခပေးနိုင်မည်ဟု ယဲ့ချန်က ဆုံးဖြတ်လိုက်သည်။ ၎င်းက သက်တမ်းကြာညောင်းနေသဖြင့် သံချေးများတက်နေကြသည်။ ၎င်းက သာမန်ဓားနှင့်တူသော်လည်း ယဲ့ချန်သည် ပြင်းထန်သောအရှိန်အဝါကို ခံစားနေရသည်။ သာမန်ကျင့်ကြံသူများသာ မင်ဓားအနီးသို့ကပ်သွားလျှင် ဤစွမ်းအင်ကြောင့် အပိုင်းပိုင်းပြတ်ထွက်သွားနိုင်သည်။

"ဒါဆိုရင် ငါက မင်းကိုထိခိုက်အောင် ကြိုးစားရသေးတာပေါ့"

ယဲ့ချန်က ကောင်းကင်ချီဓားပျံတစ်ခုကို ဖန်တီးလိုက်သည်။ မူလက အကြည်ရောင်ဖြစ်သော ဓားပျံမှာ လက်ရှိတွင် အနက်ရောင်များစွန်းထင်းနေသည်။ ယဲ့ချန်၏ကိုယ်တွင်းမိစ္ဆာစိတ်က ပိုမိုသန်မာလာပြီး ယဲ့ချန်နှင့် ပေါင်းစပ်လာနေခဲ့သည်။

"ငါက အမွေးပွလေးနဲ့ရှောင်ရိအတွက် လက်စားချေပေးနိုင်မယ်ဆိုရင် မိစ္ဆာဖြစ်သွားလည်း ဂရုမစိုက်ဘူး"

ယဲ့ချန်၏မျက်ဝန်းများ မည်းနက်လာသကဲ့သို့ ကောင်းကင်ဓားပျံကလည်း ပိုမိုနက်မှောင်လာ၏။

"သွားစမ်း"

ယဲ့ချန်၏အတွေးတစ်ချက်တွင် ကောင်းကင်ဓားပျံက အနက်ရောင်လျှပ်စီးပမာ မင်ဓားထံ လှစ်ခနဲဝင်ရောက်သွားသည်။ ကောင်းကင်ဓားပျံ၏အရှိန်အဝါကို အာရုံခံမိပုံပေါ်သော ဓားက စတင်တုန်ခါလာပြီး ဓားစွမ်းအင်များ ထုတ်လွှတ်လာခဲ့၏။

ထိုအချိန်တွင် ထန်တိုက်လင်နှင့်တိုက်ခိုက်နေသော ကျန့်ရင်က တစ်ခုခုထူးခြားနေကြောင်း ခံစားလိုက်ရသည်။ သူ၏အကြည့်က အနက်ရောင်ကောင်းဓားပျံထံ ရောက်သွားပြီး ၎င်း၏အရှိန်အဝါကြောင့် တုန်လှုပ်သွားခဲ့သည်။

ထန်တိုက်လင်သည် ယဲ့ချန်၏ရည်ရွယ်ချက်ကို နားလည်သဖြင့် ကျန့်ရင်ကိုအလွတ်မပေးဘဲ ဖိ၍တိုက်ခိုက်လိုက်၏။ သူမ၏နတ်အလင်းများ တောက်ပနေသော သုံးခွလှံက ကျန့်ရင်ထံ ပြင်းထန်စွာဝင်ရောက်သွားခဲ့သည်။

တစ်ချိန်လုံးတည်ငြိမ်နေသော ကျန့်ရင်၏မျက်နှာက ယဲ့ချန်၏အပြုအမူကြောင့် ကြောက်လန့်သွားဟန်ပေါ်သည်။ သူက ထန်တိုက်လင်၏လှံချက်ကို ဓားဖြင့်ပက်ထုတ်ကာ ကောင်းကင်ဓားပျံထံ ကျန်လက်တစ်ဖက်နှင့် စွမ်းအင်လှိုင်းပစ်ခတ်လိုက်၏။

"ပျက်စီးစမ်း"

ကျန့်ရင်၏ဓားစွမ်းအင်က ကောင်းကင်ဓားပျံနှင့်အတွေ့တွင် ဘုန်းခနဲပေါက်ကွဲသွားခဲ့သည်။ ဤအဖြစ်ကို ကျန့်ရင်က မျှော်လင့်မထားပေ။ ကောင်းကင်ဓားပျံကမူ နှေးကွေးသွားခြင်းမရှိဘဲ မင်ဓားထံ ဆက်လက်တိုးဝင်နေ၏။

"ဒီဓားပျံက ဘာလို့အစွမ်းထက်နေတာလဲ"

ကျန့်ရင်က မျက်မှောင်ကြုတ်လိုက်သည်။

ကောင်းကင်ဓားပျံက မင်ဓားအနီးသို့ရောက်သောအခါ ၎င်း၏စွမ်းအင်များမှာ ဒြပ်ရှိလာဟန်ဖြင့် မိုးသီးမိုးပေါက်များပမာ ပြန့်ထွက်လာ၏။ ကောင်းကင်ဓားပျံနှင့် ဓားစွမ်းအင်များက တဘုန်းဘုန်းထိမှန်သွားကြသော်လည်း ၎င်းက အနည်းငယ်နှေးကွေးသွားရုံသာ ဖြစ်သည်။

ကျောက်စင်မြင့်တွင်ထိုးစိုက်နေသော ဓားက အနည်းငယ်ရုန်းကန်ပြီး ဘေးကိုရွေ့သွားသည်။ ကောင်းကင်ဓားပျံက ၎င်းအနီးမှကပ်လျက် ဖြတ်ကျော်သွားသည်။

"မင်းကို ဒီလောက်လွယ်လွယ်နဲ့ အလွတ်မပေးနိုင်ဘူး"

ယဲ့ချန်က ကြုံးဝါးလိုက်ပြီး သူ၏စိတ်နှင့်ဆက်သွယ်နေသော စွမ်းအင်ကြိုးကို အာရုံစိုက်လိုက်သည်။ ၎င်း၏အဆုံးတွင် ကောင်းကင်ဓားပျံရှိနေသဖြင့် ချက်ချင်းပြန်လှည့်လာကာ မင်ဓားထံ ပြန်လည်ဝင်ရောက်လာပြန်သည်။ ကောင်းကင်ဓားပျံ၏ထိုးဖောက်နိုင်စွမ်းက အလွန်မြင့်သောကြောင့် မင်ဓားသာ ၎င်းနှင့်ထိမှန်သွားလျှင် ပျက်စီးသွားနိုင်ချေ အလွန်မြင့်သည်။

မင်ဓားကလှုပ်ခါနေပြီး ကောင်းကင်ဓားပျံကို ဆက်တိုက်ရှောင်တိမ်းနေရသည်။

"မင်းက ငါ့ဓားကိုယ်ထည်ကို ဖျက်ဆီးချင်ရင် ညှာတာမပေးနိုင်တော့ဘူး"

ကျန့်ရင်က ကြုံးဝါးလိုက်ပြီး သူ့ကိုတိုက်ခိုက်လာသော ထန်တိုက်လင်၏လှံကို ဓားဖြင့်ပက်ထုတ်လိုက်သည်။ ထန်တိုက်လင်မှာ မည်မျှကြိုးစားပါစေ သူမ၏ခန္ဓာကိုယ်ကို တားမြစ်လာသော ဓားစွမ်းအင်များကို မဖျက်ဆီးနိုင်ခဲ့ပေ။ ကျန့်ရင်က ဘယ်လက်ကိုယမ်းလိုက်သောအခါ ဓားစွမ်းအင်လှိုင်းအချို့ ဖြစ်ပေါ်လာ၏။

သို့သော် ဤတစ်ကြိမ်တွင် ဓားစွမ်းအင်များ၏ပစ်မှတ်က ယဲ့ချန် ဖြစ်လေသည်။

***

All Chapters