← Chapters

အမှောင်ဝိညာဥ်နှင့် တစ်ကျော့ပြန်တိုက်ပွဲ

Vol. 19 Ch. 258

အမှောင်ဝိညာဥ်နှင့် တစ်ကျော့ပြန်တိုက်ပွဲ

Vol. 19 Ch. 258

နာရီအနည်းငယ်အကြာတွင် ယဲ့ချန်နှင့်ထန်တိုက်လင်သည် ရှေးဟောင်းအုတ်ဂူ၏ အပေါ်ထပ်သို့ ပြန်ရောက်လာကြသည်။ သူက ဧကရာဇ်မင်၏ခါးပတ်ကို ထန်တိုက်လင်ထံ ကမ်းပေးလိုက်သည်။ ၎င်းကို အလွန်လက်ရာမြောက်စွာ ပြုလုပ်ထားပြီး မှော်သားရဲပေါင်းစုံ၏အရေပြားမျိုးစုံ ပေါင်းစပ်ပါဝင်နေသည်။ ၎င်းက နှစ်ပေါင်းများစွာ သက်တမ်းကြာနေပြီဖြစ်သော်လည်း ဧကရာဇ်မင်၏အရှိန်အဝါက ပျောက်ကွယ်သွားခြင်းမရှိပေ။

ကောင်းကင်ချီများက ခါးပတ်ထံမှ စိမ့်ထွက်နေသည်။ ၎င်းကို အပေါ်ယံကြည့်ရုံဖြင့် မည်သို့အသုံးဝင်မှန်း နားမလည်နိုင်သော်လည်း အလွန်အဖိုးတန်သော ရတနာတစ်ခုဖြစ်သည်။

ထန်တိုက်လင်သည် သူမ၏ဒဏ်ရာများကို ပျောက်ကင်းလုနီးပါးဖြစ်အောင် ကုသလိုက်သည်။ သူမက ခါးပတ်ကိုယူပြီးနောက် ရေချီများထုတ်ဖော်၍ တံဆိပ်တစ်ခု ဖန်တီးလိုက်၏။ ထို့နောက် ၎င်းကို ခါးပတ်နှင့်ပေါင်းစပ်လိုက်သည်။

"ဧကရာဇ်မင်ရဲ့ပစ္စည်းက အမှောင်ဝိညာဥ်ကို ဘယ်လိုဖိနှိပ်နိုင်မှာလဲ"

ယဲ့ချန်သည် ဆန်းကျယ်သော တံဆိပ်များကို ခါးပတ်နှင့် တစ်ခုပြီးတစ်ခုပေါင်းစပ်နေသော ထန်တိုက်လင်ကို နားမလည်ဟန်ဖြင့် မေးလိုက်သည်။

"လူတစ်ယောက်ရဲ့ဝိညာဥ်က အမှောင်ဝိညာဥ်ဖြစ်သွားရင်တောင် မှတ်ဉာဏ်တွေက ပျောက်ကွယ်မသွားဘူး။ အမှောင်ဝိညာဥ်က မှတ်ဉာဏ်တွေပြန်ရလာရင် ရန်ငြိုးအမုန်းတွေ ပျောက်ကွယ်သွားပြီး အားနည်းလာမယ်။ ဒါဆိုရင် ငါတို့က သူ့ကိုသတ်နိုင်ပြီ။ ဒီတံဆိပ်တွေက ပင်လယ်ဖိနှိပ်ခြင်းတံဆိပ်လို့ ခေါ်တယ်။ ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့ အစွမ်းထက်တံဆိပ်တစ်ခုဖြစ်ပြီး ဆိုးယုတ်တဲ့အရာမှန်သမျှကို သေစေနိုင်စွမ်းရှိတယ်"

ထန်တိုက်လင်က ခါးပတ်ကို လက်နှစ်ဖက်ဖြင့်ပွတ်သပ်လိုက်သည်။ ခါးပတ်ထံမှ တံဆိပ်များထွက်ပေါ်လာ၍ တောက်ပနေသည်။

ယဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ မည်သူမှသေဆုံးပြီးလျှင် ဆိုးယုတ်သော အမှောင်ဝိညာဥ်အဖြစ်ကို မလိုချင်ကြပေ။ သူတို့၏မှတ်ဉာဏ်များ နိုးထလာလျှင် စွမ်းအင်နှစ်ခုက အချင်းချင်းဆန့်ကျင်ကြပေလိမ့်မည်။ ထိုအချိန်တွင်မှ သူတို့က ဤအခြေအနေကိုအခွင့်ကောင်းယူပြီး အမှောင်ဝိညာဥ်ကို သတ်ဖြတ်ရမည်ဖြစ်သည်။

"ငါတို့က ဒီအုတ်ဂူထဲကနေ ဘယ်လိုထွက်ပြီး အမှောင်ဝိညာဥ်ကို သတ်ကြမှာလဲ"

ယဲ့ချန်ကမေးလိုက်သည်။ သူက ဤအုတ်ဂူအကြောင်း ထန်တိုက်လင်လောက် နားလည်မထားပေ။

"ဒီအုတ်ဂူမှာ လမ်းကြောင်းနှစ်ခုတည်းရှိတယ်။ တစ်ခုက မြေအောက်ခန်းကိုဖြစ်ပြီး နောက်တစ်ခုက အမှောင်ဝိညာဥ်ရှိတဲ့ခန်းမကို ဦးတည်တယ်။ အမှောင်ဝိညာဥ်ကိုသတ်ဖို့ ဒီကျောက်တုံးတံခါးကို ဖျက်ဆီးမှရမယ်"

ထန်တိုက်လင်က ပြောလိုက်သည်။ သူမ၏လက်ရှိခွန်အားဖြင့် ကျောက်တုံးတံခါးကို မဖျက်ဆီးနိုင်ပေ။ ယဲ့ချန်၏ကောင်းကင်ဓားပျံများသာလျှင် ကျောက်တုံးတံခါးကို ထိုးဖောက်နိုင်ပြီး ယဲ့ချန်တစ်ယောက်တည်းသာလျှင် ထိုဓားများကို ထုတ်ဖော်နိုင်သည်။

"ဒါဆိုရင် ငါလုပ်မယ်"

ယဲ့ချန်က ခဏတာတိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်သည်။

ထန်တိုက်လင်က ပြင်ဆင်စရာရှိသည်များ လုပ်ပြီးနောက် သူတို့က ကျောက်တုံးတံခါးထံ ဦးတည်လိုက်ကြသည်။ ယဲ့ချန်သည် ကျောက်တုံးတံခါးကို ဝမ်းနည်းစွာစိုက်ကြည့်နေခဲ့သည်။ ဤတံခါးကြီးက သူနှင့် အမွေးပွလေး၊ရှောင်ရိတို့ကို တစ်ကမ္ဘာခြားထားသကဲ့သို့ ဖြစ်ပေသည်။

"ဝှစ် ဝှစ်"

ယဲ့ချန်၏ဘယ်ညာလက်နှစ်ဖက်တွင် ဓားပျံနှစ်လက် ထွက်ပေါ်လာသည်။ ထို့နောက် ဓားပျံများက ကျောက်တုံးတံခါးထံ လျင်မြန်စွာဝင်ရောက်သွားကြ၏။

"ဘုန်း ဘုန်း"

ဓားပျံနှစ်လက်က ကျောက်တုံးတံခါးကို ထိမှန်သွားကြသည်။ ယဲ့ချန်က ၎င်းတို့အပေါ် လေးနက်စွာအာရုံစိုက်ထားပြီး ကျောက်တုံးတံခါးကို အပေါက်ဖောက်ရန် ကြိုးစားလိုက်၏။ ဓားပျံနှစ်လက်ကို တပြိုင်နက်ထိန်းချုပ်ရခြင်းက ယဲ့ချန်၏စိတ်ကို အလွန်ပင်ပန်းစေသည်။ ကျောက်တုံးတံခါးက ကြီးမားသောပစ်မှတ်ဖြစ်၍ သူက ဓားပျံများ၏ဦးတည်ရာကို အနည်းငယ်ချိန်ညှိုပေးရန်သာ လိုသောကြောင့် တိကျရန်မလိုပေ။

ဓားပျံများက အလွန်ထက်ရှသောကြောင့် အလွန်မာကျောသော ကျောက်တုံးတံခါးပင်လျှင် စတင်အက်ကွဲလာသည်။ ဓားပျံများက တံခါးကို ဖြည်းဖြည်းချင်းပိုင်းဖြတ်နေကြသည်။

ထန်တိုက်လင်သည် ကျောက်တုံးတံခါးကို ထိုးခုတ်ပိုင်းဖြတ်နေသော ဓားပျံနှစ်လက်ကို စိုက်ကြည့်နေခဲ့သည်။ အကယ်၍ ယဲ့ချန်သာ ဓားပျံထိန်းချုပ်မှုကို တစ်ဖက်ကမ်းခတ်သွားလျှင် သူမကိုယ်တိုင်ပင်လျှင် ရင်ဆိုင်ရန် ခေါင်းကိုက်ရပေလိမ့်မည်။

ယဲ့ချန်၏စိတ်က ထိန်းချုပ်ထားသဖြင့် ဓားပျံနှစ်လက်က အပ်ချုပ်စက်ပမာ ကျောက်တုံးတံခါးကို တရစပ်ထိုးဖောက်နေသည်။ နာရီဝက်အကြာတွင် ကျောက်တုံးတံခါးပေါ်တွင် လူတစ်ယောက်ဝင်နိုင်သော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ လေပူတစ်ချက်မှုတ်ထုတ်လိုက်သော ယဲ့ချန်၏တစ်ကိုယ်လုံး ချွေးများရွှဲရွှဲစိုနေသည်။ သူက အလွန်မောပန်းနေပြီဖြစ်သည်။

ထန်တိုက်လင်က စကားတစ်ခွန်းမှမပြောဘဲ ယဲ့ချန်ကိုကြည့်ပြီး ထိုအပေါက်မှ ဦးဆောင်ထွက်ခွာသွားခဲ့သည်။ သူမက ထုံးစံအတိုင်း အေးစက်စက်မျက်နှာထားနှင့်ပင်ဖြစ်၏။ ယဲ့ချန်က မောပန်းနေသော်လည်း ထန်တိုက်လင်၏နောက်မှလိုက်သွားပြီး ဧကရာဇ်မင်၏အုတ်ဂူမှ ထွက်ခွာလိုက်သည်။

အုတ်ဂူ၏အပြင်ဘက်ရှိ မြင်ကွင်းက ယဲ့ချန်၏စိတ်ကို အလွန်လှုပ်ရှားသွားစေခဲ့သည်။ လေထဲတွင် အနက်ရောင်ပုလဲနှင့် အဖြူရောင်ပုလဲက တောက်ပလင်းလက်နေပြီး နေရာတိုင်းသို့ အလင်းတန်းများဖြန့်ကျက်ထားသည်။ အနက်ရောင်တိမ်နှင့်တူညီသော အမှောင်ဝိညာဥ်က ချဥ်းကပ်ရန် ကြိုးစားနေသည်။ သို့သော် အနက်နှင့်အဖြူအလင်းတန်းများကြောင့် ၎င်းက အန္တရာယ်မပေးနိုင်ခင် နောက်သို့ပြန်ပြန်ဆုတ်နေရသည်။

အနက်ရောင်က ဝိညာဥ်ပုလဲဖြစ်၍ အဖြူရောင်က ပုံရိပ်ယောင်ပုလဲဖြစ်သည်။ ယဲ့ချန်က ဤမြင်ကွင်းကိုမြင်သောအခါ ရှောင်ရိနှင့်အမွေးပွလေး အသက်ရှင်နိုင်သည်ဟူသော မျှော်လင့်ချက်တစ်ခုကို ဖမ်းဆုပ်လိုက်မိ၏။ ထို့အပြင် နှစ်ယောက်လုံးသေဆုံးသွား၍ ရတနာနှစ်ခု ကျန်ရစ်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

ယဲ့ချန်၏အတွေးတွင် အမွေးပွလေး၏ ပုံရိပ်ယောင်ပုလဲအကြောင်း ပြန်လည်ထွက်ပေါ်လာသည်။ ၎င်းအတွင်း ကောင်းကင်ကြယ်တာရာတံဆိပ်ကဲ့သို့ နေရာလပ်တစ်ခုရှိနိုင်သည်။ အမွေးပွလေးနှင့်ရှောင်ရိက ထိုနေရာတွင် လုံခြုံစွာပုန်းနေနိုင်ချေရှိသည်။

"ကျေးဇူးပြုပြီး အမွေးပွလေးနဲ့ရှောင်ရိ အသက်ရှင်နေပါစေ"

ယဲ့ချန်၏ရင်ထဲတွင် မျှော်လင့်ချက်များ ပေါက်ဖွားလာသည်။

အမှောင်ဝိညာဥ်က ဝိညာဥ်ပုလဲနှင့် ပုံရိပ်ယောင်ပုလဲတို့ကို မထိနိုင်သော်လည်း နေရာတွင် ချုပ်နှောင်ထားလိုက်သည်။ အမှောင်ဝိညာဥ်သည် ယဲ့ချန်နှင့်ထန်တိုက်လင် ပြန်ပေါ်လာသည်ကိုမြင်သောအခါ စူးရှစွာအော်မြည်၍ ပျံသန်းဝင်ရောက်လာသည်။

ထန်တိုက်လင်က သုံးခွလှံကိုဝင့်၍ အမှောင်ဝိညာဥ်ထံ ခုန်ဝင်သွားခဲ့သည်။

"မင်းတို့က ပြန်လာရဲတယ်ပေါ့။ အကုန်လုံးသတ်ပစ်မယ်"

.

အမှောင်ဝိညာဥ်က ဧရာမလက်သည်းကြီးများဖြင့် ထန်တိုက်လင်ကို ကုတ်ချလိုက်သည်။ အနက်ရောင်စွမ်းအင်များကလည်း သူမထံ တိမ်ကြီးတစ်ခုပမာ ကျဆင်းလာ၏။

"နင့်လိုမကောင်းဆိုးဝါးက ကမ္ဘာပေါ်မှာ မရှိသင့်ဘူး။ သေလိုက်စမ်း"

ထန်တိုက်လင်က သက်တန့်ရောင်နတ်အလင်းများနှင့် အမှောင်ဝိညာဥ်၏လက်သည်းများကို ရင်ဆိုင်သည်။ ပေါက်ကွဲသံတစ်ချက် ကျယ်လောင်စွာထွက်ပေါ်လာ၏။ အမှောင်ဝိညာဥ်က အနည်းငယ်တုန်ခါသွားသော်လည်း ထိခိုက်ခြင်းမရှိချေ။

"ဝှစ် ဝှစ်"

ယဲ့ချန်သည် သူ့ဘဝတွင် အကြီးမားဆုံးသောဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည့် ရန်သူကို မီးတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်အစုံမှ ဓားပျံနှစ်လက်က ချက်ချင်းပြေးထွက်သွားသည်။

ကောင်းကင်ဓားပျံများက အမှောင်ဝိညာဥ်ကို ထိုးဖောက်သွားသော်လည်း ထိခိုက်ပုံမရချေ။ အမှောင်ဝိညာဥ်၏ခန္ဓာကိုယ်က တိမ်တစ်ခုနှင့်တူညီနေပြီး ရုပ်ခန္ဓာမျိုးမဟုတ်ပေ။

တိမ်နက်များကြားတွင် ရုပ်ဆိုးသော မျက်နှာကြီးတစ်ခုထွက်ပေါ်လာ၍ ယဲ့ချန်ကို စိုက်ကြည့်လာသည်။ ၎င်းထံမှ အနက်ရောင်စွမ်းအင်ကြိုးနှစ်ချောင်း ထွက်ပေါ်လာကာ တစ်ခုက ယဲ့ချန်ကိုဦးတည်နေပြီး နောက်တစ်ခုမှာ ထန်တိုက်လင်ကို ပစ်မှတ်ထားခဲ့သည်။

ထန်တိုက်လင်၏ကိုယ်တွင်းမှ နတ်အလင်းများက ကြိုးနက်ကို ထိပ်တိုက်ရင်ဆိုင်ပြီး ခုခံလိုက်သည်။

ယဲ့ချန်သည် သူ့ထံဝင်ရောက်လာသော ကြိုးနက်ကို လျင်မြန်စွာရှောင်တိမ်းလိုက်ရသည်။ ဘန်းခနဲမြည်သံနှင့်အတူ သူရပ်နေသောနေရာမှာ ကျောက်တုံးကြီးက ကြိုးဖြင့်ရိုက်ချခံလိုက်ရသဖြင့် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားသည်။

လွဲချော်သွားသော်လည်း ကြိုးနက်က အသက်ရှိသော မြွေတစ်ကောင်ပမာ ယဲ့ချန်နောက်ကို ချက်ချင်းလိုက်လာသည်။

ယဲ့ချန်က ဓားပျံနှစ်လက်ကို ပြိုင်တူပစ်ခတ်လိုက်သဖြင့် ကြိုးနက်က ဘန်းခနဲဖြတ်တောက်ခံလိုက်ရလေသည်။

ထိုအချိန်တွင် အမှောင်ဝိညာဥ်ကလည်း အနက်ရောင်ကြိုးဆယ်ချောင်းကျော်ကို ဖန်တီးပြီးယဲ့ချန် နှင့် ထန်တိုက်လင်ထံ ပြိုင်တူပစ်ခတ်လာပြန်သည်။

ထန်တိုက်လင်၏ အဖြူရောင်အဝတ်က သူမ၏ခန္ဓာကိုယ်ပတ်လည်တွင် ခြုံလွှမ်းသွားကာ အကာအကွယ်ဖြစ်သွားခဲ့သည်။ သူမကိုထိမှန်လာသော ကြိုးနက်တိုင်းက အဝတ်ဖြူကြောင့် ပေါက်ကွဲပျက်စီးကုန်သည်။

အမှောင်ဝိညာဥ်သည် ဧကရာဇ်မင်၏အကြွင်းအကျန်ဝိညာဥ်များမှ တစ်ခုသာဖြစ်သော်လည်း နှစ်ပေါင်းများစွာ ဝိညာဥ်များကို စားသောက်လာသောကြောင့် အလွန်အစွမ်းထက်နေခဲ့သည်။ မဟာအဆင့်သားရဲများပင် ၎င်းကိုရင်ဆိုင်တိုက်ခိုက်ရန် မလွယ်ကူနိုင်ပေ။ ထန်တိုက်လင်က အချိန်ကြာမြင့်စွာ ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ သို့သော် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။

အမှောင်ဝိညာဥ်ကို မွေးမြူထားသူများက အမှန်တကယ်ယုတ်မာရက်စက်ကြသည်။ ဤဝိညာဥ်သာ လွတ်မြောက်သွားလျှင် ၎င်းရောက်သမျှနေရာတိုင်းတွင် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။ သမာဓိကောင်စီက အမှန်တကယ် လက်သည်ဖြစ်နိုင်ချေရှိသည်။

ထန်တိုက်လင်၏စကားအရ သမာဓိကောင်စီသည် အလွန်အစွမ်းထက်သော အဖွဲ့တစ်ခုဖြစ်သည်။ သူတို့၏လက်အောက်တွင် အစွမ်းထက်ကျင့်ကြံသူများစွာရှိပြီး သူမကိုပင် ဖိတ်ခေါ်ဖူးသည်ဟု ယဲ့ချန်က သိထားရသည်။ သူတို့၏ခွန်အားအရ မည်သည့်အင်ပါယာကိုမဆို ကျူးကျော်ဖျက်ဆီးနိုင်သည်။ အဘယ်ကြောင့် အမှောင်ဝိညာဥ်ကို မွေးထားရပါသနည်း။ သမာဓိကောင်စီ၏အစီအစဥ်က အမှန်တကယ် တွေးတောစရာဖြစ်လာခဲ့သည်။

ကြိုးနက်လေးငါးချောင်းက ယဲ့ချန်ထံ ဝင်ရောက်လာနေသည်။ ဓားပျံများသာလျှင် ၎င်းတို့ကို ဖျက်​ဆီးနိုင်သဖြင့် ယဲ့ချန်က စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရ၏။

ဓားပျံများ ထွက်ပေါ်လာချိန်တွင် ဉာဏ်ရည်မြင့်သော အမှောင်ဝိညာဥ်က ၎င်း၏ကြိုးများဖြင့် ထိပ်တိုက်ရင်ဆိုင်မှုမပြုခဲ့ပေ။ ကြိုးနက်များက အသက်ရှိနေဟန်ဖြင့် ဓားပျံကို လျင်မြန်စွာရှောင်တိမ်းလိုက်ကြသည်။

ယဲ့ချန်ကို ကြိုးနက်များစွာက ဝိုင်းရံခါနီးတွင် စိတ်ထဲ၌ မရေမတွက်နိုင်သော အတွေးများစွာဖြစ်ပေါ်လာ၏။ သူ၏ကိုယ်တွင်းမှ ချီစက်ဝိုင်းကိုးခုမှ အနက်ရောင်စွမ်းအင်များပျံ့နှံ့လာကာ တစ်ကိုယ်လုံးသို့ ရောက်ရှိသွားသည်။

"ငါ အခုထက် ပိုပြီးသန်မာချင်တယ်"

ယဲ့ချန်သည် အမွေးပွလေး၏နောက်ဆုံးအပြုံးကို တွေးမိလိုက်သောအခါ ရူးသွပ်လုနီးပါးဖြစ်သွားခဲ့သည်။ သူ၏စိတ်ထဲရှိဓားပျံက အလွန်တုန်ခါလာ၍ အစွမ်းထက်အရှိန်အဝါတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။

"အမွေးပွလေးနဲ့ရှောင်ရိအတွက် သတ်မယ်"

ထိုအချိန်တွင် ယဲ့ချန်၏ကြုံးဝါးသံနှင့်အတူ စိတ်ထဲမှဓားပျံက ပြိုင်တူတုန်လှုပ်သွားခဲ့သည်။ ၎င်းကိုလည်း အနက်ရောင်စွမ်းအင်များက မြူများပမာ ဖုံးလွှမ်းလာခဲ့၏။

ယဲ့ချန်၏မျက်လုံးများက ပိန်းပိတ်အောင် နက်မှောင်နေသည်။ သူ၏ခန္ဓာကိုယ်တွင်းမှ များစွာသော ကောင်းကင်ချီများကို မထိန်းသိမ်းနိုင်ဟန်ဖြင့် ဧရာမစွမ်းအင်ဝဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် အနက်ရောင်စွမ်းအင်များက ယဲ့ချန်ကိုယ်တွင်းမှမုန်တိုင်းပမာ ဝုန်းခနဲထွက်ပေါ်လာသည်။

ယဲ့ချန်ထံတိုးဝင်လာနေသော အမှောင်ဝိညာဥ်၏ကြိုးနက်ငါးချောင်းက အနက်ရောင်မုန်တိုင်းအတွင်း ပြတ်တောက်သွားကြသည်။

သူ၏စိတ်ကို သွေးဆာလောင်ခြင်းက စတင်ဝါးမျိုနေသည်။ အမွေးပွလေးက သူ့အတွက်အသက်စွန့်သွားခြင်းနှင့် အမှောင်ဝိညာဥ်လက်သို့ပါသွားသော ရှောင်ရိကိုမကယ်တင်နိုင်ခြင်းအတွက် သူ၏အားနည်းမှုကို အလွန်မုန်းတီးလာသည်။ လေထဲတွင်မျောလွင့်နေသော ပုလဲနှစ်လုံးကိုမြင်သောအခါ နှစ်ယောက်လုံး အသက်ရှင်နိုင်ကြောင်း မျှော်လင့်ချက်တစ်ခု ဖြစ်တည်လာသည်။ သို့သော် ၎င်းက အလွန်သေးငယ်သော မျှော်လင့်ချက်တစ်ခုသာဖြစ်၍ ယဲ့ချန်၏အပြစ်ရှိစိတ်က ပိုမိုကြီးထွားလာခဲ့၏။

"ငါလိုချင်တဲ့ခွန်အားရဖို့အတွက် မိစ္ဆာဖြစ်လည်း လက်ခံလိုက်မယ်"

စိတ်ထဲရှိဓားပျံက ယဲ့ချန်၏စိတ်နှင့် ပဲ့တင်ထပ်နေသည်။ သူကခေါင်း​မော့၍ ကြုံးဝါးလိုက်သောအခါ မျက်လုံးများတွင် သွေးကဲ့သို့ အလွန်နီရဲနေသည်။ သွေးဆာမှု၏နောက်တွင် နှိပ်စက်ခံရသော ဝိညာဥ်တစ်ခု ဖြစ်ပေါ်လာသည်။

ထန်တိုက်လင်သည် ကြိုးနက်များကိုဖျက်ဆီးနေရင်း ဧကရာဇ်မင်၏ခါးပတ်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် ခန်းမတစ်ခုလုံး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာကြောင်း ခံစားလိုက်ရသည်။ ၎င်းကပြင်းထန်လွန်းသဖြင့် သူမကိုပင် ကြောက်လန့်သွားစေသည်။ ထန်တိုက်လင်က ယဲ့ချန်ကိုကြည့်လိုက်သောအခါ သူမ၏နှလုံးသားကို ဓားထက်ထက်ဖြင့်ထိုးချလိုက်သကဲ့သို့ တုန်တက်သွားသည်။ ထိုအချိန်တွင် ထန်တိုက်လင်၏အမြင်တွင် ယဲ့ချန်သည် အမှောင်ဝိညာဥ်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။

အမှောင်ဝိညာဥ်သည်ပင် ယဲ့ချန်ကိုမြင်သောအခါ ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားခဲ့သည်။

"ယဲ့ချန်ဆီမှာ လျှို့ဝှက်ချက်တွေ များလွန်းတယ်"

ထန်တိုက်လင်သည် အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ဧကရာဇ်မင်၏ခါးပတ်ကို အမှောင်ဝိညာဥ်ထံ ပစ်လိုက်သည်။

"ဘန်း"

ခါးပတ်က အမှောင်ဝိညာဥ်ကို ထိမှန်သွားသောအခါ ၎င်းထံမှ တံဆိပ်များ လွင့်မျောထွက်ပေါ်လာသည်။ ထို့နောက် တံဆိပ်များသည် အမှောင်ဝိညာဥ်ကို ထိမှန်သွားလေသည်။

***

All Chapters