ကောင်းကင်ဝိဇ္ဇာအဆင့်သို့တက်ခြင်း
Vol. 19 Ch. 260
ထန်တိုက်လင်သည် ဉာဏ်အလင်းတစ်ချက်ကို ဖမ်းဆုပ်လိုက်မိသဖြင့် ကိုယ်တွင်းရှိစွမ်းအင်များ လျင်မြန်စွာမြင့်တက်လာကြသည်။ သူမအနေဖြင့် နောက်တစ်ဆင့်သို့တက်ရန် လိုအပ်သောနားလည်မှုကို သဘောပေါက်သွားခဲ့သည်။ ထို့နောက် အသက်ကို ပြင်းထန်စွာရှူ၍ ယဲ့ချန်၏လည်ပင်းကို ချိန်ရွယ်ထားသော သုံးခွလှံကို ပြန်သိမ်းလိုက်၏။ ယဲ့ချန်သည် သူမကိုပြောခဲ့ဖူးသော တစ်နေ့မှာ နင် နားလည်လာလိမ့်မယ်ဟူသော စကားကို အနည်းငယ်နားလည်စပြုလာသည်။
ထန်တိုက်လင်သည် ခေါင်းကိုငုံ့ကို၍ ယဲ့ချန်ကို အရိုအသေပေးလိုက်သည်။ ယဲ့ချန်၏ ထက်ရှလေးနက်သော သဘောတရားများက အံ့သြဖွယ်ဖြစ်သည်။
"ငါ နင့်ကို အခုမသတ်တာက နောက်ငါးနှစ်ကြာရင် တိုက်ခိုက်မယ်ဆိုတဲ့ ကတိကြောင့်ဖြစ်တယ်။ အနာဂတ်မှာ ငါတို့နှစ်ယောက် ဘယ်သူက ပိုအစွမ်းထက်မယ်ဆိုတာ သိချင်တယ်"
ထန်တိုက်လင်က ယဲ့ချန်ကို ပြောလိုက်သည်။ စကားဆုံးသောအခါ သူမသည် ပစ္စည်းနှစ်ခုကို ယဲ့ချန်အနီးတွင် ချထားလိုက်သည်။ တစ်ခုက သိုးသားရေစာလိပ်တစ်ခုဖြစ်ပြီး နောက်တစ်ခုက ဧကရာဇ်မင်၏ခါးပတ်ဖြစ်သည်။ ထို့နောက် သူမက ချက်ချင်းလှည့်ထွက်သွားခဲ့သည်။
ထန်တိုက်လင်သည် ယဲ့ချန်ကိုမသတ်ခဲ့သည့်အတွက် အနာဂတ်တွင် နောင်တရမရဟူသော အချက်ကို မသိပေ။ သူမက သူ့အတွက် ဤပစ္စည်းနှစ်ခု ချန်ထားပေးခဲ့ရသော အကြောင်းအရင်းကိုပင် နားမလည်ချေ။ မသိစိတ်၏ စေ့ဆော်မှုကြောင့်သာဖြစ်သည်။
ထန်တိုက်လင် ထွက်ခွာသွားချိန်တွင် ပုံရိပ်ယောင်ပုလဲက အလွန်တောက်ပစွာ လင်းထိန်လာခဲ့သည်။ မှိန်ဖျော့သော ပုံရိပ်တစ်ခုက ပုလဲအတွင်းမှထွက်ပေါ်လာသည်။ ၎င်းက အလွန်လှပသော မိန်းမပျိုတစ်ဦးဖြစ်ကာ သူမ၏အလှကို စာများ၊ကဗျာများပင် ဖော်ပြနိုင်မည်မဟုတ်ပေ။
သူမက အဖြူရောင်ကြာပန်းလေးတစ်ပွင့် ထွက်ပေါ်လာသကဲ့သို့ပင်။ မိန်းမပျိုသည် လောကတွင်ရှိသမျှ ဘုံအားလုံး၌ အလှဆုံးနတ်သမီးဖြစ်သည်။ သူမ၏အသွင်အပြင်က လူတစ်ယောက်နှင့်မတူညီဘဲ ချွန်ထက်သော နားရွက်တစ်စုံနှင့် အမြှီးရှစ်ချောင်း ပိုင်ဆိုင်ထားသည်။ သို့သော် ဤလက္ခဏာရပ်များက သူမကို ရုပ်ဆိုးမသွားစေသည့်အပြင် တစ်မျိုးတစ်ဖုံချစ်စဖွယ်ကောင်းသည်။ သူမ၏မျက်နှာကမူ အနည်းငယ်ဖြူရော်နေသဖြင့် အားနည်းနေပုံပေါ်လေသည်။
"ကျေးဇူးတင်ပါတယ်ရှင်"
အမွေးပွလေးသည် ထန်တိုက်လင်၏ ကျောပြင်ကိုကြည့်ကာ စကားတစ်ခွန်း ပြောလိုက်သည်။ သူမ၏စကားသံက ကြည်လင်အေးမြနေသည်။ အမွေးပွလေးသည် ပုံရိပ်ယောင်ပုလဲအတွင်းမှ ထန်တိုက်လင်၏လုပ်ရပ်မှန်သမျှကို တွေ့ခဲ့ရသည်။
"မလိုပါဘူး။ ငါ ဘာမှလုပ်ပေးခဲ့တာ မဟုတ်ဘူး"
ထန်တိုက်လင်က အမွေးပွလေးစကားကြောင့် နောက်ပြန်လှည့်လာခဲ့သည်။ သူမက အမွေးပွလေး၏ရုပ်ရည်ကြောင့် အံ့သြသွားသော်လည်း အေးစက်စက်မျက်နှာထက်တွင် ပြောင်းလဲမှုမရှိချေ။ သူမကခေါင်းယမ်း၍ စကားတစ်ခွန်းပြောကာ ထွက်ခွာသွားသည်။
"နင်က သူ့အတွက် ဘာလို့အသက်စွန့်ခဲ့ရတာလဲ"
ခြေလှမ်းအချို့လှမ်းပြီးနောက် ထန်တိုက်လင်က သိချင်စိတ်ကိုမထိန်းနိုင်ဟန်ဖြင့် မေးလိုက်သည်။
"ငါလည်း သေချာနားမလည်ပါဘူး။ ငါသိတာကတော့ ငါမသေခင်မှာ နောက်ဆုံးမြင်ရတဲ့သူက ယဲ့ချန်ဖြစ်နေလို့ နောင်တမရဘူး"
အမွေးပွလေးက ခေါင်းကိုငုံ့ထားပြီး ပါးနှစ်ဖက်တွင် ရှက်သွေးလေးများဖြာနေသည်။
အမွေးပွလေး၏စကားကြောင့် ထန်တိုက်လင်က နေရာတွင် အချိန်ကြာမြင့်စွာမတ်တပ်ရပ်၍ ထွက်ခွာသွားခဲ့သည်။ သူမက ရှေးဟောင်းအုတ်ဂူအတွင်း ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
အမွေးပွလေးသည် ပျောက်ကွယ်သွားသော ထန်တိုက်လင်၏ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။ သူမသည် ထန်တိုက်လင်၏အတွေးများကို နားမလည်နိုင်ပေ။ ထန်တိုက်လင်သည် ရေအောက်မြုပ်နေသော ရေခဲတောင်ကြီးတစ်ခုပမာ ခံစားချက်များကို နက်ရှိုင်းစွာဖုံးကွယ်ထားသည်။ သို့သော်သူမ၏နှလုံးသားကဤမျှမအေးစက်ကြောင်းကိုအမွေးပွလေးကဝိညာဥ်အသိစိတ်မှတဆင့်နားလည်ထားခဲ့သည်။
"ရှောင်ရိ ဘာများဖြစ်နေမလဲ သိချင်မိတယ်"
အမွေးပွလေးသည် အိပ်ပျော်နေသော ယဲ့ချန်ကို ချစ်မြတ်နိုးစွာကြည့်နေခဲ့သည်။ ထို့နောက် သူမက ဝိညာဥ်ပုလဲထွက်ခွာသွားသော အရပ်သို့ စိုးရိမ်တကြီးကြည့်လိုက်မိသည်။
"ရှောင်ရိ မမ တောင်းပန်ပါတယ်ကွယ်။ ယဲ့ချန်ကို ဒီနေရာမှာ ထားခဲ့လို့မဖြစ်ဘူး။ အနာဂတ်မှာ မောင်လေးကို မမ လာရှာပါမယ်"
အမွေးပွလေးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဤမြေအောက်တွင် အမှောင်ဝိညာဥ်များက အချိန်တိုင်းထွက်ပေါ်နေသကဲ့သို့ အိပ်စက်နေသော ယဲ့ချန်ကို အကာအကွယ်မရှိထားရစ်ခဲ့၍ မရပေ။ အန္တရာယ်တစ်စုံတစ်ခု ဖြစ်ပျက်သွားနိုင်သည်။
အမွေးပွလေးသည် လက်ချောင်းသွယ်လေးများနှင့် ယဲ့ချန်၏မျက်နှာကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူမက ယဲ့ချန်၏ရင်ဘတ်ပေါ်တွင် ခေါင်းကိုမှီ၍ လှဲချလိုက်သည်။
"ငါက နင်နဲ့အတူတူနေချင်ပေမယ့် တောင်းပန်ပါတယ်။ အနာဂတ်မှာ ငါတို့ ပြန်ဆုံကြမှာပါ"
အမွေးပွလေး၏မျက်လုံးများတွင် မျက်ရည်စများ ဝေ့သီနေခဲ့သည်။ သူမက ယဲ့ချန်၏မျက်နှာကို ချစ်မြတ်နိုးစွာစိုက်ကြည့်၍ ပုံရိပ်ယောင်ပုလဲအတွင်း ပြန်လည်ဝင်ရောက်သွားခဲ့လေသည်။
ပုံရိပ်ယောင်ပုလဲသည် ယဲ့ချန်၏ခေါင်းအထက်တွင် အဖြူရောင်အလင်းများတောက်ပ၍ တည်ရှိနေခဲ့သည်။
ရက်များ ကျော်လွန်လာသော်လည်း ယဲ့ချန်က နက်ရှိုင်းစွာအိပ်ပျော်နေဆဲဖြစ်သည်။ သူ၏မျက်နှာပေါ်ရှိ အနက်ရောင်စွမ်းအင် အကြွင်းအကျန်များက အချိန်နှင့်အမျှ ပျောက်ကွယ်ကုန်သည်။ သူ၏ဒန်တန်ထဲတွင်သာ အနက်ရောင်စွမ်းအင်အချို့ ကပ်ငြိတွယ်နေခဲ့သည်။ စိတ်အတွင်းရှိဓားပျံသည် ယဲ့ချန်၏တစ်ကိုယ်လုံးသို့ ကောင်းကင်ချီများ ဆက်တိုက်ဖြန့်ကျက်ပေးနေသည်။ ကြယ်တာရာချီစက်ဝိုင်းကိုးခုတွင်လည်း ပြောင်းလဲမှုများဖြစ်ပေါ်နေပြီး စက်ဝိုင်းတစ်ခုစီ၏အလယ်တွင် အမြုတေများ စတင်ဖြစ်ပေါ်လာသည်။ အချိန်ကြာလာသောအခါ ချီစက်ဝိုင်းကိုးခုသည် အမြုတေကိုးခုအဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်၊ အစိမ်းရောင်၊ အနီရောင်၊ အညိုရောင်စသော ကွဲပြားသည့် အရောင်တစ်မျိုးစီကို ပိုင်ဆိုင်ထားကြ၏။
အမြုတေကိုးခုသည် စည်းချက်ညီစွာလည်ပတ်နေပြီး နက်ရှိုင်းသောတာအိုကို ဖော်ဆောင်နေသည်။
"အား"
ယဲ့ချန်သည် အစာအိမ်မှနာကျင်မှုကြောင့် ရုတ်တရက်နိုးထလာခဲ့သည်။ သူက ပတ်ဝန်းကျင်ကို အမှတ်တမဲ့ကြည့်လိုက်မိသောအခါ အမွေးပွလေးနှင့်ရှောင်ရိကို သတိရမိသဖြင့် နှလုံးမှာ နာကျင်သွားရသည်။ သူ၏အထက်တွင် မျောလွင့်နေသော ပုံရိပ်ယောင်ပုလဲကို သတိပြုမိလိုက်၍ လက်နှစ်ဖက်ဖြင့် ဖမ်းယူလိုက်သည်။
ယဲ့ချန်၏လက်ဝါးထဲတွင် ပုံရိပ်ယောင်ပုလဲက လင်းလက်တောက်ပနေသည်။ ယဲ့ချန်သည် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသဖြင့် မျက်ရည်များထိန်းမရအောင် စီးကျလာခဲ့သည်။
"အမွေးပွလေး မင်း အသက်ရှင်တယ်မလား။ ငါ မင်းရဲ့စွမ်းအင်ကို ခံစားမိနေတယ်။ မင်း အသက်ရှင်ရမယ်"
ယဲ့ချန်သည် ပုံရိပ်ယောင်ပုလဲကို အမွေးပွလေးဟုသဘောထား၍ ရင်ဘတ်တွင် ပိုက်ထားလိုက်သည်။ သူသည် ၎င်းထံမှ သူ၏နှလုံးခုန်သံနှင့် စည်းချက်ညီသော နှလုံးခုန်သံတစ်ခုကို ကြားလိုက်ရ၏။
အမွေးပွလေးသည် ပုံရိပ်ယောင်ပုလဲအတွင်း နည်းလမ်းတစ်မျိုးမျိုးဖြင့် ဆက်လက်အသက်ရှင်နေပုံရသည်။ ယဲ့ချန်သည် အမွေးပွလေးကို အသက်ရှင်မည်ဟု လုံးဝဥဿုံယုံကြည်လိုက်လေသည်။
"ဘယ်လိုအခြေအနေဖြစ်ဖြစ် ဘယ်အချိန်ချိန်ဖြစ်ဖြစ် ငါ နင့်ကိုစောင့်မယ်"
ယဲ့ချန်က ဆုံးဖြတ်ချက်ပြတ်သားစွာ ချလိုက်သည်။ သူက ပုံရိပ်ယောင်ပုလဲကို ကြည့်လိုက်ချိန်တွင် အမွေးပွလေးသည် သူ၏ဘေးတွင်ရှိနေသကဲ့သို့ ထင်မှတ်ရသည်။
ယဲ့ချန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ဝိညာဥ်ပုလဲကို မတွေ့ချေ။ သူက ရှောင်ရိနှင့် အိပ်မက်အတွင်းတွေ့ဆုံခဲ့သည်။ ရှောင်ရိသည် ကျင့်ကြံရန်ထွက်သွားမည်ဖြစ်ကြောင်းနှင့် သူပြန်ရောက်လာလျှင် အစ်ကိုနှင့်အစ်မကို ကာကွယ်ပေးမည့်အကြောင်း ကတိပေးကာ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ ဝိညာဥ်ပုလဲထွက်ခွာသွားသော အရပ်ကို သူ မသိသော်လည်း ဤကား အိပ်မက်သက်သက်ဖြစ်ပုံ မရချေ။
ယဲ့ချန်သည် ပုံရိပ်ယောင်ပုလဲကို ခေါင်းငုံ့ကြည့်လိုက်သည်။
"အမွေးပွလေး ရှောင်ရိ ငါက အလွန်အားနည်းလို့ မင်းတို့ကို ကာကွယ်မပေးနိုင်ခဲ့ဘူး။ ဒီနေ့ကစလို့ ငါ ပိုပြီးသန်မာလာရင် မင်းတို့နဲ အနာဂတ်မှာဆုံမယ်လို့ ယုံတယ်"
သူ၏မျက်လုံးများတွင် ဆုံးဖြတ်ချက်တစ်ခုက ပြတ်ပြတ်သားသား ထင်ဟပ်နေသည်။ သူက ပုံရိပ်ယောင်ပုလဲကို သေချာစွာသိမ်းဆည်းလိုက်၏။ ထို့နောက် မျက်ရည်များ စီးကျနေသော်လည်း သူက လက်မောင်းကာအတွင်း စားစရာအချို့ကို ထုတ်ယူစားသောက်လိုက်သည်။
ယဲ့ချန်သည် သူ၏ပတ်လည်တွင် ဧကရာဇ်မင်၏ခါးပတ်နှင့် သိုးသားရေစာလိပ်ကို တွေ့လိုက်မိသည်။ ဤအရာများကို ထန်တိုက်လင်က ချန်ထားရစ်ခဲ့ခြင်းဖြစ်သည်။
ထန်တိုက်လင်သည် ယဲ့ချန်နှင့် အမှတ်မထင်ဆုံရသူတစ်ယောက် ဖြစ်သောကြောင့် ထွက်ခွာသွားခြင်းက မဆန်းချေ။ သူမ၏အေးစက်စက်ကိုယ်ရည်ကိုယ်သွေးကြောင့် ဤပစ္စည်းနှစ်ခုကိုထားပေးခဲ့ခြင်းအပေါ် သူက အလွန်ရှုပ်ထွေးနေသည်။
ယဲ့ချန်သည် အတိတ်တွင်ဖြစ်ပျက်သမျှကို လုံးဝမေ့လျော့သွားသည်။ ဖြစ်ပျက်ခဲ့သမျှ၏ အကြောင်းအရာတစ်ခုတစ်လေပင် သူ၏မှတ်ဉာဏ်အတွင်း မကျန်ရစ်ခဲ့ပေ။
"ထန်တိုက်လင်က ငါ့ကို ကယ်သွားတာလား။ နောက်တစ်ခေါက်တွေ့ရင် သူမကို ကျေးဇူးတင်ရမယ်"
ယဲ့ချန်က တွေးလိုက်သည်။ သူက ဧကရာဇ်မင်၏ခါးပတ်ကို ကောက်ယူလိုက်၏။ ၎င်း၏အသုံးဝင်ပုံကို မသိရသော်လည်း အရှိန်အဝါသက်သက်ကပင် အလွန်အဖိုးတန်ကြောင်း သိသာနေသည်။
ခါးပတ်ကို မည်သည့်ကုန်ကြမ်းဖြင့် ပြုလုပ်ထားမှန်းမသိရသော်လည်း ရွှေရောင်တောက်ပနေသည်။ တောက်ပနေသည့် ရတနာတစ်ခုကို ခါးပတ်တွင် တပ်ဆင်ထား၏။ ၎င်းက အလွန်တောက်ပနေသဖြင့် ကြီးကျယ်ခမ်းနားသောအသွင်ကို ဆောင်ပေသည်။ ယဲ့ချန်သည် ခါးပတ်ကို ခါး၌ဝတ်ဆင်လိုက်သောအခါ တိုင်း၍ပြုလုပ်ထားသကဲ့သို့ ကွက်တိဖြစ်နေခဲ့သည်။ ၎င်းက အဝတ်အစားများနှင့်ပင် လိုက်ဖက်ညီနေသဖြင့် များစွာထွက်ပေါ်ခြင်းလည်း မရှိချေ။
ခါးပတ်ကို ဝတ်ဆင်လိုက်သောအချိန်တွင် အပူအအေးစွမ်းအင်နှစ်မျိုးက ယဲ့ချန်၏ကိုယ်တွင်းသို့ ဝမ်းဗိုက်အောက်ပိုင်းမှ ဝင်ရောက်လာခဲ့၏။
"ဘာတွေဖြစ်နေတာလဲ"
ယဲ့ချန်သည် ထိုစွမ်းအင်များထံမှ ပြင်းထန်သော ကောင်းကင်ချီကို ခံစားလိုက်ရသည်။ ဆန်းကျယ်သော စွမ်းအင်တစ်ရပ်ကို သူက ဝိညာဥ်အသိစိတ်ဖြင့် အာရုံခံနိုင်ခဲ့သည်။
ယဲ့ချန်သည် ဧကရာဇ်မင်၏ခါးပတ်ကို ငုံ့ကြည့်လိုက်ပြီး ၎င်း၏အရှိန်အဝါက အလွန်ထူးခြားနေသည်။ ခါးပတ်၏ပတ်လည်တွင် မှော်သားရဲများကခုန်နေသကဲ့သို့ ထင်မှတ်ရသည်။
သူက ဒန်တန်အတွင်း စစ်ဆေးလိုက်သောအခါ ချီစက်ဝိုင်းကိုးခုမှာ အသွင်ပြောင်းနေကြောင်း သိလိုက်ရသည်။ ၎င်းတို့က လက်မအရွယ်ရှိ အမြုတေများဖြစ်နေကာ အချင်းချင်းလှည့်ပတ်နေကြသည်။ အမြုတေကိုးခုက ကောင်းကင်ချီများကို အချင်းချင်းပေါင်းစပ်၍ အားဖြည့်နေကြသည်။
ယဲ့ချန်အိပ်ပျော်နေစဥ် သူ၏ခန္ဓာကိုယ်က အလွန်အံ့သြလောက်အောင် ပြောင်းလဲသွားခဲ့သည်။ ဧကရာဇ်မင်၏ခါးပတ်က သူ့ခန္ဓာကိုယ်၏အလားအလာကို လှုံ့ဆော်ပေးခဲ့သည်။
ယဲ့ချန်သည် မျက်လုံးမှိတ်၍ ခံစားကြည့်လိုက်သောအခါ သူ၏ဝမ်းဗိုက်အောက်ပိုင်း၌ ဒဏ္ဍာရီလာထိုက်ကျိစက်ဝိုင်းကဲ့သို့ အပူအအေးမျှတနေသည်။ အအေးက ယင်စွမ်းအင်ဖြစ်၍ အပူက ယန်စွမ်းအင်ဖြစ်သည်။ သူ၏ဘယ်လက်ဝါးတွင် ရေခဲချီများထွက်ပေါ်လာပြီး ညာလက်ဝါးတွင် မီးတောက်ချီများ ဖြစ်တည်လာခဲ့၏။ ဘယ်လက်က ယင်ကိုဖော်ဆောင်ပြီး ညာလက်က ယန်ကိုဖော်ဆောင်သည်။ ဆန်းကျယ်သော ကောင်းကင်ချီများက ယင်နှင့်ယန်ကြားတွင် စီးဆင်းနေကြသည်။
လူသားခန္ဓာကိုယ်တွင် ယင်ယန်စက်ဝိုင်းများက သံသရာကဲ့သို့ လည်ပတ်နေကြသည်။ ယင်ချီများလွန်းလျှင် အတွင်းအင်္ဂါများအေးခဲ၍ ပျက်စီးသွားလိမ့်မည်။ ယန်ချီများလွန်းလျှင် ခန္ဓာကိုယ်၏အသက်မီးတောက်က လျင်မြန်စွာတောက်လောင်၍ ငြိမ်းသွားပေလိမ့်မည်။ ယန်နှင့်ယင်က ပြည့်စုံစွာလည်ပတ်နေမှသာ လူသားခန္ဓာကိုယ်က ဟန်ချက်ညီပေမည်။ ထို့နောက် ကျင့်ကြံသူသည် ယင်နှင့်ယန်ကို အသုံးချနိုင်မည်ဖြစ်သည်။
သိုင်းပညာကျင့်ကြံသူတိုင်းသည် ကျင့်စဥ်များကိုတိုးတက်ရန် တီထွင်ကြံဆရသည်။ များပြားလှသော အတွေ့အကြုံများနှင့် မှီငြမ်းစရာများစွာရှိသော်လည်း လူတိုင်းက ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေရ၏။ ဤသို့စွမ်းဆောင်နိုင်ရန် ဉာဏ်အလင်းက အဓိကနေရာတွင် ပါဝင်သည်။ ရှာတွေ့ရန်စောင့်မျှော်နေကြသော ပိုမိုမြင့်မြတ်နက်ရှိုင်းသော ဓာတ်ကြီးများလည်းရှိပေသည်။
ကျင့်ကြံခြင်းသည် ရှာဖွေရေးလမ်းစဥ် ဖြစ်သည်။ ၎င်းက လှေကားထစ်များအတိုင်း လွယ်ကူစွာတက်ရခြင်းမျိုး မဟုတ်ပေ။ သင်က လမ်းစဥ်ပေါ် ခြေတစ်လှမ်းတက်ပြီးသည်နှင့်တပြိုင်နက် နောက်တစ်ထစ်က အလိုလိုထွက်ပေါ်လာမည် မဟုတ်ချေ။ သင်၏ နောက်ထပ်ခြေတစ်လှမ်းက နောက်တစ်ဆင့်မဟုတ်လျှင် မြေပြင်ဖြစ်နိုင်သည်။ ဂရုမစိုက်လျှင် ခြေချော်ကျသွားပေလိမ့်မည်။
ယဲ့ချန်၏ကျင့်ကြံရေးလမ်းစဥ်က လူအများစုနှင့် အလွန်ကွာခြားသည်။ ယင်နှင့်ယန်ချီများ၏ လွှမ်းမိုးမှုကြောင့် ယဲ့ချန်သည် စိတ်အတွင်းမှ တုန်ခါသံတစ်ချက်ကို ကြားလိုက်ရသည်။ ကောင်းကင်ချီများက သူ၏သွေးကြောတိုင်းသို့ အရှိန်အဟုန်ပြင်းပြင်း စီးဝင်လာကြ၏။ ကောင်းကင်ချီများ၏ သက်ရောက်မှုကြောင့် သွေးကြောများက ပိုမိုကျယ်ပြန့်လာ၍ သန်မာလာကြသည်။
ယဲ့ချန်သည် သူ၏ကိုယ်တွင်းအမြုတေကိုးခု လည်ပတ်နေသည်ကို ခံစားလိုက်ရသည်။ ယင်နှင့်ယန်ချီများက ၎င်းတို့ကြားမှ စီးဆင်းနေသည်။ သူ၏ကျင့်ကြံဆင့်က ဝုန်းခနဲထိုးတက်သွားလေသည်။
"နောက်ဆုံးတော့ ငါ ကောင်းကင်ဝိဇ္ဇာအဆင့်ကို ရောက်ပြီ"
ယဲ့ချန်သည် သူ၏ကျင့်ကြံဆင့်က ချက်ချင်းမြင့်တက်သွားသောကြောင့် တက်ကြွလန်းဆန်းလာခဲ့သည်။ အထူးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော ပါရမီရှင်အချို့မှလွဲလျှင် အခြားကျင့်ကြံသူများသည် ယဲ့ချန်၏အဆင့်တက်နှုန်းကို မယှဥ်နိုင်ပေ။ သို့သော် ယဲ့ချန်က ကျေနပ်မနေခဲ့ပေ။ သူ့အတွက် လမ်းကြောင်းရှည်ကြီးတစ်ခု စောင့်ကြိုနေကြောင်း ယဲ့ချန် သိထားသည်။
ယဲ့ချန်သည် ဘုန်းတော်ကြီးကဲ့သို့တည်ငြိမ်သော နှလုံးသားဖြင့် ကောင်းကင်ချီများကို ကျင့်ကြံလိုက်သည်။ သူ့ကို စွမ်းအင်နှစ်မျိုးနှင့်ကူညီပေးခဲ့သော ဧကရာဇ်မင်၏ခါးပတ်ကို ငုံ့ကြည့်လိုက်သည်။ ၎င်းတွင် အခြားအသုံးဝင်ပုံများရှိကြောင်း ယဲ့ချန်က ခံစားနေရသည်။
အချိန်ခဏအကြာတွင် ခါးပတ်က မှိန်ကျသွားသည်။ ကြီးကျယ်ခမ်းနားသော အသွင်မှလွဲလျှင် ၎င်းက သာမန်ခါးပတ်တစ်ခုပမာ အသွင်ပြောင်းသွားခဲ့သည်။
ယဲ့ချန်၏အတွေးတွင် ဧကရာဇ်မင်သည် အလွန်အစွမ်းထက်သူဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ ဤခါးပတ်က သူ၏အမွေတစ်ခုသာဖြစ်သော်လည်း ထူးခြားအစွမ်းထက်လွန်းနေသည်။ ယဲ့ချန်သည် ခါးပတ်ကို အနာဂတ်တွင် အချိန်ပေး၍စစ်ဆေးရမည်ဟု မှတ်ထားလိုက်လေသည်။
သိုးသားရေစာလိပ်ကို ဖွင့်ကြည့်လိုက်သောအခါ ယဲ့ချန်၏မြင်ကွင်းတွင် မြေပုံတစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏မျက်နှာပြင်ထက်တွင် ရှေးဟောင်းအုတ်ဂူမှ အပြင်ထွက်ရန်လမ်းကြောင်းကို မှတ်တမ်းတင်ထားသည်။ ထန်တိုက်လင်သည် သူ့ကို ဤနေရာ၌ ပိတ်ဆို့နေခြင်းမရှိစေလိုသော စေတနာကြောင့် ပေးထားခဲ့ခြင်းဖြစ်ဟန်တူသည်။
သူမ၏အေးစက်စက်ပုံသဏ္ဍာန်ကို တွေးမိသောအခါ ယဲ့ချန်က ခါးသက်သက်ပြုံးလိုက်သည်။ ထန်တိုက်လင်က အေးစက်လွန်းပြီး ချဥ်းကပ်ရန်မလွယ်သော်လည်း သူမက လူဆိုးတစ်ယောက်မဟုတ်ပေ။
ယဲ့ချန်၏ကျင့်ကြံဆင့်က ကောင်းကင်ဝိဇ္ဇာအဆင့်သို့ ရောက်သွားသောအခါ ဝိညာဥ်စစ်သည်တော်လည်း လိုက်ဖက်ညီစွာ တိုးတက်လာသည်။ သူက ဝိညာဥ်စစ်သည်တော်၏အစွမ်းကို စမ်းသပ်လိုခဲ့သည်။
ယဲ့ချန်၏ကိုယ်တွင်းမှ ဝိညာဥ်စွမ်းအင်များကြောင့် သူ၏ခေါင်းအထက် လေထဲတွင် ရွှေသံချပ်ဝတ်စစ်သည်တော်၏ပုံရိပ် ဖြစ်ပေါ်လာသည်။ ၎င်းက ဆယ့်ငါးမီတာမြင့်ပြီး ကိုင်ထားသောဓားက ရှစ်မီတာအထိ ရှည်လျားသည်။ ဝိညာဥ်စစ်သည်တော်မှာ ပြိုင်ဘက်ကင်းနတ်တစ်ပါး၏အသွင်ကို ဖော်ဆောင်နေသည်။
အကယ်၍ နတ်ဘုရင်တစ်ယောက်၏ ဝိညာဥ်အသိစိတ်ပင်လျှင် လက်ရှိဝိညာဥ်စစ်သည်တော်ကိုမြင်ပြီး အစစ်အမှန်တိုက်ပွဲခွန်အားကိုမသိလျှင် ကြောက်လန့်သွားနိုင်သည်။
လက်ရှိတွင် ဝိညာဥ်စစ်သည်တော်၏အစွမ်းက ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်နှင့် နီးကပ်နေပြီဖြစ်သည်။
ယဲ့ချန်ပင်လျှင် ၎င်း၏ခွန်အားအတိအကျကို မသိချေ။ သူ၏အတွေးတစ်ချက်တွင် ဝိညာဥ်စစ်သည်တော်က ဓားကိုခုတ်ချလိုက်သောအခါ လခြမ်းသဏ္ဍာန် ဓားအလင်းတစ်ခု ပြေးထွက်သွားသည်။
"ဘုန်း ဘုန်း"
မြေပြင်ရှိကျောက်တုံးကြီးများက ဓားအစွမ်းကြောင့် အမှုန့်ဖြစ်ကုန်သည်။ လက်ရှိတွင် မီးဓားသိုင်းကိုပင် အသုံးမချရသေးပေ။ အကယ်၍ ယဲ့ချန်သာ မီးဓားသိုင်းကိုအသုံးချလျှင် များစွာပို၍ အစွမ်းထက်လာပေမည်။
***