မိစ္ဆာကြီး
Vol. 19 Ch. 261
"ဝိညာဥ်စစ်သည်တော်က ဘယ်လောက်တောင် သန်မာနေပြီလဲ"
ယဲ့ချန်က သိချင်စိတ်ဖြင့် ဝိညာဥ်စစ်သည်တော်၏ဓားကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ၎င်းကို နံရံတွင်နစ်ဝင်နေသော ငါးမီတာမြင့်သည့် ကျောက်တုံးကြီးထံ လျှောက်သွားစေသည်။
ထို့နောက် ဝိညာဥ်စစ်သည်တော်က ၎င်းကျောက်တုံးကို လက်နှစ်ဖက်ဖြင့်ပွေ့ပြီး ဆွဲထုတ်လိုက်သည်။ ကျောက်တုံးက နံရံအတွင်းမှ ဖြည်းညှင်းစွာထွက်ပေါ်လာခဲ့၏။
ငါးမီတာမြင့်သော ကျောက်တုံးတစ်ခုကို ကောက်ယူခြင်းက လွယ်ကူသော်လည်း နံရံအတွင်းမြုပ်ဝင်နေသော ကျောက်တုံးကိုဆွဲထုတ်ရန် အလုပ်ကို သာမန်ဆန်းကျယ်ဝိဇ္ဇာတစ်ယောက် မလုပ်နိုင်ပေ။ ၎င်း၏အလေးချိန်က ကီလိုဂရမ်ပေါင်းသိန်းချီ လေးလံပေသည်။
ယဲ့ချန်သည် ဝိညာဥ်စစ်သည်တော်၏ခွန်အားကြောင့် အလွန်အံ့သြနေသည်။ သူ၏ဝိညာဥ်စစ်သည်တော်က သဘာဝလွန်ဖြစ်တည်မှုတစ်ခုဖြစ်ကာ အဆင့်အမြင့်ဆုံးဖြစ်သွားလျှင် အလွန့်အလွန်အစွမ်းထက်လာနိုင်သည်။
ကျောက်တုံးနှင့်စမ်းသပ်ပြီးနောက် ယဲ့ချန်သည် ဝိညာဥ်စစ်သည်တော်ကို ပြန်လည်ဆင့်ခေါ်လိုက်သည်။ သူက အပြင်ဘက်ရှိ မင်ဝူနှင့်အဖွဲ့၏အခြေအနေများကို သိလိုသဖြင့် မြေပုံအတိုင်း ရှေးဟောင်းအုတ်ဂူအတွင်းမှ ထွက်လာခဲ့သည်။
ကောင်းကင်ဝိဇ္ဇာတစ်ယောက်က ကောင်းကင်တွင် လမ်းလျှောက်နိုင်ပြီဖြစ်သော်လည်း ယဲ့ချန်က မလုပ်တတ်ပေ။ သူက လေပေါ်သို့ လေးငါးကြိမ်ခန့် ခုန်တက်လိုက်သော်လည်း ပြန်လည်ပြုတ်ကျလာသည်။
"ငါ ဘယ်လိုလုပ်ရမှာလဲ"
ယဲ့ချန်က လမ်းလျှောက်ရင်း အတွေးနက်နေသည်။ ကောင်းကင်ဝိဇ္ဇာအဆင့်သို့ရောက်ပြီးနောက် ကောင်းကင်ချီထိန်းချုပ်နိုင်စွမ်းက တိုးတက်လာခဲ့သည်။ သူက အချင်းတစ်မိုင်အတွင်းမှ ကောင်းကင်ချီများကိုပင် ထိန်းချုပ်စေစားနိုင်သည်။
ယဲ့ချန်က ရုတ်တရက်အတွေးပေါက်သွားသဖြင့် မျက်လုံးများ တောက်ပလာသည်။ ကောင်းကင်၌ပျံသန်းရန် အဓိကသော့ချက်က ကောင်းကင်ချီများ ဖြစ်နိုင်သည်။
သူကမျက်လုံးမှိတ်၍ ပတ်ဝန်းကျင်မှ ကောင်းကင်ချီများကို အာရုံခံလိုက်သည်။ ယေဘူယျအားဖြင့် ကောင်းကင်ဝိဇ္ဇာတစ်ယောက်က ချီအမျိုးအစားအနည်းငယ်ကိုသာ အာရုံခံနိုင်သော်လည်း သူက ကိုးမျိုးအထိ အာရုံခံနိုင်နေသည်။ ကောင်းကင်ချီသည် လောကကြီး၏စွမ်းအင်တစ်ခုဖြစ်၍ ကျင့်ကြံသူများစွာ ထွက်ပေါ်လာရသော အကြောင်းအရင်းလည်းဖြစ်သည်။
ကောင်းကင်ချီများက ပင့်တင်ပေးလိုက်သဖြင့် ယဲ့ချန်၏ခန္ဓာကိုယ်က လေထဲသို့ မြှောက်တက်လာခဲ့သည်။
"ဒါဆိုရင် ပျံသန်းနိုင်ပြီ"
ယဲ့ချန်က နောက်ဆုံးတွင် လှည့်ကွက်ကို နားလည်သွားခဲ့သည်။ ကောင်းကင်ဝိဇ္ဇာအဆင့်သို့ရောက်ပြီးနောက် လူသားခန္ဓာကိုယ်က ပျံသန်းလာနိုင်ခြင်းမဟုတ်ဘဲ ကောင်းကင်ချီများကိုခြယ်လှယ်၍ ပျံသန်းခြင်းဖြစ်သည်။
ယဲ့ချန်က လေထဲတွင်အရှိန်တင်၍ မြေအောက်ဂူမှ စတင်ထွက်ခွာသွားသည်။
လက်ရှိတွင် ကန့်သတ်ဒေသ၏ ကာကွယ်ရေးအစီအရင်က စက်လုံးသဏ္ဍာန်ဖြင့် ကျွန်းတစ်ခုလုံးကို မြေပေါ်မြေအောက်မကျန် လွှမ်းခြုံထားသည်။ မူလတွင် အစီအရင်က မည်သည့်ပုံစံမှမရှိဘဲ ပါးလွှာသဖြင့် လူသားများ လွတ်လပ်စွာဝင်ထွက်သွားလာနိုင်သည်။
သို့သော်လည်း လက်ရှိတွင် အစီအရင်က ပို၍ထူထပ်လာပြီး မိုးကြိုးများက အလွှာတစ်ခုဖြစ်ပေါ်လာသည်။ အနက်ရောင်အလင်းတန်းတစ်ခုက မြေအောက်မှနေ၍ အစီအရင်ကို ထိုးဖောက်နေသည်။ ၎င်းက အစီအရင်ကိုထိမှန်ချိန်တွင် ဘန်းခနဲမြည်၍ ပြန်ကန်ထွက်လာခဲ့သည်။ ဤအနက်ရောင်အလင်းက ဝိညာဥ်ပုလဲဖြစ်သည်။
ဝိညာဥ်ပုလဲသည် အစီအရင်ကို ထပ်ကာထပ်ကာဝင်ဆောင့်နေသော်လည်း မထိုးဖောက်နိုင်ခဲ့ပေ။ ၎င်းက ဒေါသထွက်လာဟန်ဖြင့် အကြိမ်အနည်းငယ်တုန်ယင်လာကာ အနက်ရောင်အလင်းများ ပြန့်ထွက်လာသည်။ ထိုအလင်းများက အစီအရင်ကို ပစ်ခတ်လိုက်သောအခါ ချက်ချင်းအပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
နတ်ဘုရင်တစ်ကောင်ဖြစ်စေ နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်စေ ကန့်သတ်ဒေသ၏ လက်ရှိအစီအရင်ကိုထိုးဖောက်ရန် မလွယ်ကူသော်လည်း ဝိညာဥ်ပုလဲက စွမ်းဆောင်နိုင်ခဲ့သည်။ အပေါက်ဖြစ်ပေါ်လာသောကြောင့် ပတ်ဝန်းကျင်အစီအရင်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများပင် ဖြစ်ပေါ်နေသည်။
ထို့နောက် ဝိညာဥ်ပုလဲက ပင်လယ်အတွင်း လှစ်ခနဲထွက်ခွာသွားခဲ့သည်။
ပင်လယ်အတွင်း ဝူစီက ပျော်ရွှင်စွာကစားနေပြီး အပြုံးတစ်ခုကို ဖော်ဆောင်ထားသည်။ သူ၏ရှေ့တွင် ခါး၌ရေညှိများကိုပတ်၍ တန်းစီကပြနေသော ရေဘဝဲဒါဇင်ချီရှိနေသည်။ ၎င်းတို့က ဟူလာအကကို ဘယ်ညာယိမ်း၍ ကပြနေကြသည်။
(မှတ်ချက် ။ ။ ဟူလာသည် အမေရိကန် ဟာဝေယံကျွန်းမှ ရိုးရာအကတစ်မျိုးဖြစ်သည်)
အနက်ရောင်အလင်း ထွက်ပေါ်လာသောအခါ ရေဘဝဲများက ကြောက်လန့်သဖြင့် ဖရိုဖရဲဖြစ်သွားကြသည်။ ဝိညာဥ်ပုလဲက ဝူစီထံ ပျံသန်းလာသောအခါ ဝူစီက လက်တံရှစ်ချောင်းကိုယမ်းခါ၍ ဘေးသို့ရှောင်တိမ်းလိုက်သည်။
"ဝှစ်"
ဝိညာဥ်ပုလဲက အလွန်လျင်မြန်စွာဖြင့် အဝေးရှိပင်လယ်အတွင်း ပျံသန်းသွားခဲ့သည်။ ဝူစီသည် အနက်ရောင်အလင်းကိုကြည့်၍ စိတ်ရှုပ်သွားဟန်တူသည်။ ထို့နောက် သူက ကန့်သတ်ဒေသကျွန်းကို တစ်ချက်ကြည့်ကာ အနက်ရောင်အလင်းနောက်သို့ လျှပ်စီးပမာလိုက်ပါသွားလေသည်။
ဝိညာဥ်ပုလဲ၏အလယ်၌ ကောင်းကင်ကြယ်တာရာလက်ထောက်တံဆိပ်အောက် မနိမ့်သော နေရာလပ်တစ်ခုရှိနေသည်။ ၎င်းအတွင်း အဘိုးကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်က တင်ပျဥ်ခွေထိုင်နေကြသည်။ ကလေးက ရှောင်ရိဖြစ်ပြီး သူက ပတ်ဝန်းကျင်ကိုစပ်စုနေသည်။ ဝိညာဥ်ပုလဲအတွင်းမှ အပြင်ဘက်ရှိအရာအားလုံးကို မြင်နိုင်နေသည်။
အဘိုးကြီးကမူ ဆံပင်ဖြူ၊မုတ်ဆိတ်ဖြူများနှင့် ကြင်နာတတ်သောမျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူ၏မျက်ခုံးများအဆုံးတွင် အောက်သို့ ရှည်လျားစွာကျဆင်းနေပြီး နဖူးက အိတ်ကြီးတစ်လုံးကဲ့သို့ မောက်နေသည်။ သူက ရုပ်ပုံများတွင် ရေးမှတ်ထားသော အသက်ရှည်နတ်ဘုရားနှင့်တူညီသော်လည်း မျက်လုံးများက ကွဲပြားနေသည်။ အနည်းငယ်ပုံပျက်နေသော နှာခေါင်း၊ မေးရိုးချွန်ချွန်နှင့် ပါးရိုးများကို ပိုင်ဆိုင်ထား၏။ အဘိုးအိုကအားနည်းပြီး ရည်မှန်းချက်ပျောက်ကွယ်နေပုံပေါ်ကာ ကံဆိုးမှုက သူ့နောက်သို့ အရိပ်လိုလိုက်နေသည့်ပမာ ထင်မှတ်ရသည်။
အဘိုးအိုက ကြင်နာတတ်ပုံရသော်လည်း အဝတ်အစားက အလွန်ထူးဆန်းသည်။ သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် အရိုးခေါင်းပုံတစ်ခုရှိသည်။ အရိုးခေါင်း၏မျက်လုံးများက ရဲရဲနီနေပြီး အလွန်ရက်စက်ကြမ်းကြုတ်သော အသွင်ကို ဆောင်သည်။
မြေအောက်ဂူအတွင်း ရှောင်ရိကို အမှောင်ဝိညာဥ်က သတ်ဖြတ်ခါနီးတွင် ဝိညာဥ်ပုလဲက သူ့ကို ကယ်တင်ပေးခဲ့သည်။ ထို့နောက် သူက အဘိုးအိုနှင့် ဝိညာဥ်ပုလဲအတွင်း တွေ့ဆုံခဲ့သည်။
"ငါ့ကို ဆရာအဖြစ် မြန်မြန်အရိုအသေပေးစမ်း။ မင်း ဒီနေ့သိပ်ကံကောင်းတယ်။ ငါက ချွင်းချက်ထားပြီး မင်းကို တပည့်အဖြစ် လက်ခံလိုက်မယ်"
အဘိုးအိုက ရှောင်ရိကို ပြောလိုက်ခြင်းဖြစ်သည်။
"ခင်ဗျား ဘာကိုဆိုလိုတာလဲ"
ရှောင်ရိက နားမလည်ဟန်ဖြင့် ဝူစီအတိုင်း မျက်တောင်ခတ်ကာ ပြန်မေးလိုက်သည်။
"ကောင်စုတ်လေး အရိုအသေပေးတယ်ဆိုတာက ..... ဟမ် .. ငါ့ကို ရိုသေခိုင်းတာကွာ။ နားလည်လား"
အဘိုးအိုက ခေါင်းကုတ်စဥ်းစားပြီး အော်ဟစ်လိုက်သည်။ သူက ဝိညာဥ်ပုလဲအတွင်း နှစ်ပေါင်းများစွာ တစ်ယောက်တည်းနေထိုင်လာရသဖြင့် တပည့်လက်ခံသော ဓလေ့ထုံးတမ်းများကိုပင် မေ့လျော့နေပြီဖြစ်သည်။
"ဒီလိုလား"
ရှောင်ရိက နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူက လက်နှစ်ဖက်ကိုပူးကပ်၍ ခါးကိုကိုင်းကာ အရိုအသေပေးလိုက်သည်။
"ဟေ့ကောင် ငါ မသေသေးဘူးဟ။ မဟုတ်သေးပါဘူး။ ထားလိုက်ပါတော့။ အခုကစလို့ မင်းက ငါ့တပည့်ဖြစ်ပြီ"
မူလတွင် အဘိုးအိုက ဒေါသထွက်သွားသော်လည်း ပြန်စဥ်းစားကြည့်လိုက်သောအခါ သူက သေပြီးသားဖြစ်ပုံရသည်။
"ငါက အရိုအသေပေးပြီး ဘာလုပ်ရမှာလဲ"
ရှောင်ရိက အဘိုးအိုထံ စပ်စုလိုက်သည်။
"မင်းက အားနည်းလွန်းတယ်။ ဆရာနဲ့အတူလိုက်ပြီး ဘဝကို ကောင်းကောင်းမွန်မွန်နေရမယ်။ ဆရာက မင်းအတွက် အမှောင်ဝိညာဥ်လိုအရာတွေကို တစ်ချက်တည်းရိုက်သတ်နိုင်မယ့် ကျင့်စဥ်မျိုး သင်ပေးမယ်။ မင်းက မှော်သားရဲတစ်ကောင်ဖြစ်ပေမယ့် ဆရာရဲ့ကျင့်စဥ်ကို အသုံးပြုနိုင်မယ်။ ကျင့်စဥ်နာမည်က အပေါ်မှာကောင်းကင် အောက်မှာမြေကြီး မပျက်စီးနိုင်သော အစွမ်းထက်အင်မော်တယ် အမှောင်မိစ္ဆာကျင့်စဥ်လို့ ခေါ်တယ်"
အဘိုးအိုက ချောင်းတစ်ချက်ဟန့်၍ ပြောလိုက်သည်။
"အောက်မှာကောင်းကင် အထက်မှာမြေကြီး။ ဘယ်လိုနာမည်ကြီးလဲ ရှည်လိုက်တာ"
ရှောင်ရိက လက်ချောင်းများချိုး၍ စကားလုံးများကို ရေတွက်လိုက်သည်။
"အထက်မှာကောင်းကင် အောက်မှာမြေကြီးကွ"
အဘိုးအိုက ခါးသက်သက်ပြုံး၍ အမှန်ပြင်ပေးလိုက်သည်။
"အဲ့ဒါပြီးတော့ ဘာလဲဟင်"
ရှောင်ရိက လက်မကိုကိုက်၍ ရိုးသားစွာမေးလိုက်သည်။
"မပျက်စီးနိုင်သော အစွမ်းထက် အင်မော်တယ် အမှောင်မိစ္ဆာကျင့်စဥ်"
အဘိုးအိုကအံကြိတ်၍ နောက်တစ်ကြိမ် ပြောပြလိုက်သည်။
"အထက်မှာကောင်းကင် အောက်မှာမြေကြီး မပျက်စီးနိုင်သော အစွမ်းထက်အင်မော်တယ် ပြီးတော့ ဘာလဲဟင်"
ရှောင်ရိက ခေါင်းကို လက်ဖြင့်ကုတ်၍ မေးလိုက်ပြန်သည်။
"ဟိတ်ကောင် ငါ မင်းလောက်တုံးတဲ့သူ တစ်ခါမှမတွေ့ဖူးဘူး"
အဘိုးအို၏မျက်နှာက နီရဲလာပြီး ငေါက်ငမ်းလိုက်သည်။ ရှောင်ရိက တစ်ခုခုမှားနေကြောင်း ခံစားရသဖြင့် ချက်ချင်းနောက်ဆုတ်သွားသည်။
"ထားလိုက်ပါတော့။ အစွမ်းအထက်ဆုံးမိစ္ဆာကျင့်စဥ်လို့ မှတ်ထားရင် ရပြီ"
အဘိုးအိုက ရှောင်ရိကိုရိုက်၍ ဆုံးမရန် လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူ၏တပည့်က ကလေးတစ်ယောက်ဖြစ်ကြောင်း အမှတ်ရသွားသဖြင့် နှလုံးသားကနူးညံ့သွား၍ လက်ကို ပြန်ချလိုက်သည်။
"ဒါကို ဘယ်သူက ဖန်တီးခဲ့တာလဲ"
"ဘယ်သူရှိရမလဲကွ မင်းရဲ့ဆရာပေါ့ကွ"
အဘိုးအိုက လက်ကိုနောက်ပစ်၍ ရှောင်ရိ၏အမေးကို ဂုဏ်ယူစွာဖြေလိုက်သည်။
"အာ ဒါဆို ဆရာက ဒါကို ဖန်တီးခဲ့တာပေါ့။ ဒါဆိုရင် အပြည့်အစုံဆုံးအဆင့်အထိ ကျင့်ကြံပြီးပြီလား"
ရှောင်ရိကထပ်၍ စပ်စုလိုက်ပြန်သည်။
"ဒါ.. .ဒါပေါ့ကွ"
အဘိုးအိုက အပြစ်ရှိသယောင် ခံစားလိုက်ရသဖြင့် စကားများထစ်အကုန်သည်။ အမှန်တကယ်တွင် သူက ဤကျင့်စဥ်ကိုရှေး ဟောင်းကျောက်ပြားတစ်ချပ်မှ ရခဲ့ခြင်းဖြစ်ပြီး အခန်း၁၂ခု ရှိသော်လည်း အခန်းသုံးအထိသာ ကျင့်ကြံနိုင်ခဲ့သည်။ သို့သော် နာမည်ပေးခဲ့သည်ကတော့ သူကိုယ်တိုင်ဖြစ်သည်။
"ဆရာ ခင်ဗျားက အစွမ်းထက်တယ်"
ရှောင်ရိ၏မျက်လုံးများတွင် ရိုသေလေးစားမှုများ ထင်ဟပ်နေသည်။
"ဒါပေါ့ကွ"
အဘိုးအိုက ဟန်လုပ်ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"ဆရာ ငါက ဘာတွေသင်ရမှာလဲ"
"ကျင့်စဥ်ကိုမသင်ပေးခင် မင်းကို လူသားတစ်ယောက်ရဲ့ မှန်ကန်တဲ့လမ်းစဥ်ကို အရင်ဆုံးသင်ပေးမယ်"
အဘိုးအိုက ကျောင်းတော်မှဆရာတစ်ယောက်ကဲ့သို့ မုတ်ဆိတ်မွေးကို လက်ဖြင့်ပွတ်၍ ပြောလိုက်သည်။
"ဆရာ ငါက မှော်သားရဲလေ"
ရှောင်ရိက သူ၏စကားကို နားမလည်ခဲ့ပေ။
"အဟမ်း အဟမ်း လူသားတစ်ယောက်ရဲ့ မှန်ကန်တဲ့လမ်းစဥ်ဆိုတာ ဘဝရဲ့လမ်းစဥ်ကို ပြောချင်တာပါ"
အဘိုးအိုက အနည်းငယ်တိတ်ဆိတ်သွားပြီးမှ အရှက်ပြေချောင်းဆိုးလိုက်သည်။
"ဘယ်လိုလမ်းစဥ်မျိုးကို ရွေးချယ်ရမှာလဲ"
ရှောင်ရိက တစ်ခုခုမှားနေသယောင် ခံစားလိုက်ရ၏။
"ဒီကမ္ဘာပေါ်မှာ လူကောင်းနဲ့လူဆိုး ၊သူရဲကောင်းနဲ့မိစ္ဆာဆိုပြီး ရှိတယ်။ မင်းက လူဆိုးတစ်ယောက်ရဲ့လမ်းကိုလျှောက်ပြီး ဒီလောကရဲ့ အကြမ်းဆုံးမိစ္ဆာ ဖြစ်လာရမယ်"
အဘိုးအိုက ဤစကားများကိုပြောနေချိန်တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
"ငါက ဘာလို့လူဆိုးဖြစ်ရမှာလဲ။ မြို့ထဲကလူတွေပြောတာတော့ လူဆိုးတွေက အပြစ်ပေးခံရပြီး မိုးကြိုးပစ်ခံရတတ်တယ်တဲ့"
ရှောင်ရိက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မျက်နှာထက်တွင် ရှုပ်ထွေးနေသော ခံစားချက်များလည်း ရှိသည်။
"မင်း ဝဋ်လည်မှာကို ကြောက်သလား"
အဘိုးအိုက တစ်လုံးချင်းမေးသည်။
ရှောင်ရိက အနည်းငယ်စဥ်းစား၍ ခေါင်းယမ်းပြသည်။ သူက ဝဋ်ဆိုသောစကားလုံးကို သိပင်မသိရာ ကြောက်စရာအကြောင်းမရှိပေ။
"ဒါဆိုရင် မိုးကြိုးပစ်ခံရမှာရော ကြောက်သလား"
"ဟင့်အင်"
ရှောင်ရိက မိုးကြိုးပစ်ခံရပြီး အနည်းငယ်ထုံထိုင်းနာကျင်သည်ကိုသာ ခံစားရသဖြင့် ခေါင်းယမ်းပြလိုက်သည်။
"ဒါဆိုရင် ဘာပြဿနာရှိလို့လဲ။ မင်းက မကြောက်ဘူးဆိုရင် လူဆိုး လုပ်လို့ရပြီပေါ့"
အဘိုးအိုက မုတ်ဆိတ်မွေးကိုသပ်၍ ပြုံးပြလိုက်သည်။ သူက ရှောင်ရိကို ကျေနပ်စွာစိုက်ကြည့်နေခဲ့သည်။ ဤတပည့်က သူ၏ပညာကိုသင်ပေးရန် အမှန်တကယ်ထိုက်တန်ပေလိမ့်မည်။
***