← Chapters

ဆရာက လူကောင်းတစ်ယောက်ဖြစ်တယ်

Vol. 19 Ch. 262

ဆရာက လူကောင်းတစ်ယောက်ဖြစ်တယ်

Vol. 19 Ch. 262

"နတ်ဆိုးဆိုတာက ဘာလဲ။ နတ်ဆိုးအကြောင်း ပြောပြပါ"

ရှောင်ရိက တရစပ်မေးခွန်းထုတ်လိုက်သည်။

"နတ်ဆိုးဆိုတာ လောကမှာ အစွမ်းအထက်ဆုံးလူဖြစ်တယ်။ နတ်ဆိုးတစ်ယောက်က လူပေါင်းသန်းချီသတ်ဖြတ်ပြီး အလောင်းတွေကိုတန်းစီလိုက်ရင် မိုင်ပေါင်းများစွာ ရှည်လျားတယ်။ သရဲတွေငိုပြီး မိစ္ဆာတွေအူရင် လောကကြီး အရောင်ပြောင်းသွားတယ်။ နတ်ဆိုးဖြစ်တာဟာ လောကကြီးရဲ့ထိပ်ဆုံးမှာ နေရတာဖြစ်တယ်။ လူတိုင်းက မင်းကိုကြောက်ပြီး ကိုးကွယ်ကြလိမ့်မယ်"

အဘိုးအိုက ရင့်ကိုကော့ပြီး ဖြေလိုက်သဖြင့် အရပ်မှာ စင်တီမီတာအနည်းငယ် မြင့်သွားခဲ့သည်။

"နတ်ဆိုးဖြစ်ဖို့ လူသတ်ရမှာလား။ ဘိုးဘိုးက တပည့်ကို လူမသတ်ရဘူးလို့ ပြောထားတယ်။ နတ်ဆိုး မဖြစ်ချင်ဘူး"

ရှောင်ရိက ချက်ချင်းခေါင်းယမ်းပြလိုက်သည်။

"မင်း နတ်ဆိုးဖြစ်ရမယ်"

အဘိုးအိုက လက်မခံပေ။

"မလုပ်ဘူး"

ရှောင်ရိက တင်းမာစွာငြင်းဆန်နေသည်။

"မင်း လုပ်ရမယ်"

"မလုပ်ဘူး"

"မလုပ်ရင် မင်းကို ရိုက်မယ်"

"သေရင်တောင် နတ်ဆိုး မလုပ်ဘူး"

ရှောင်ရိက လေးနက်စွာပြောလိုက်၏။

အဘိုးအိုက ဒေါသတကြီးဖြင့် ရှောင်ရိကိုရိုက်နှက်ရန် တုတ်ကို လိုက်ရှာလေသည်။

"ဆရာရော လူသတ်ဖူးလို့လား"

ရှောင်ရိက စပ်စုလိုက်သည်။

"ငါ...ငါက သတ်ဖူးတာပေါ့ကွ"

အဘိုးအိုက မျက်နှာပူပူနှင့် ဟန်ကိုယ်ဖို့ဖြေလိုက်သည်။

"အဟမ်း အဟမ်း ရှောင်ရိ မင်း အနိုင်ကျင့်ခံရဖူးလား"

ရှောင်ရိ၏မယုံသောအကြည့်ကြောင့် အဘိုးအိုက အနည်းငယ်ချောင်းဆိုးကာ မေးခွန်းထုတ်လိုက်သည်။

"ဟုတ်"

ရှောင်ရိသည် ထန်တိုက်လင်အကြောင်း တွေးမိသဖြင့် ခေါင်းညိတ်ပြလိုက်၏။

"သြော် မင်းလည်း အနိုင်ကျင့်ခံရတာကိုး။ ငါလည်း ကလေးဘဝတည်းက အနိုင်ကျင့်ခံခဲ့ရတယ်။ သုံးနှစ်အရွယ်မှာ အိမ်သာကျင်းထဲ ပစ်ချခံရတယ်။ ငါးနှစ်အရွယ်မှာ မီးသွေးပူပူတွေပေါ်ထိုင်ခဲ့ရတယ်။ ခြောက်နှစ်ရောက်တော့ မိန်းမရေချိုးခန်းကိုမှားဝင်မိလို့ ရိုက်နှက်ပစ်ထုတ်ခံရတယ်"

အဘိုးအိုက ခံစားချက်တူသူတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ရင်ဖွင့်လိုက်သည်။ သူက အတိတ်အကြောင်းကိုတွေးနေရင်း ဝမ်းနည်းလာပြီး မျက်ရည်များ စီးကျလာသည်။ ဤသို့ဖြင့် အဘိုးအိုသည် အသက်သုံးနှစ်မှ အသက်တစ်ထောင်အထိ သူကြုံခဲ့ရသမျှကံဆိုးမှုများကို ပြောပြလေသည်။

"ဆရာက တော်တော်သနားစရာကောင်းတယ်"

ရှောင်ရိက အဘိုးအိုကိုစာနာစွာကြည့်၍ ကျောပြင်ကို လက်ဖြင့်ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ သူ၏ဆရာကဲ့သို့ ကံဆိုးသူတစ်ယောက်ကို သူက လုံးဝမမြင်ဖူးပေ။

"ရှောင်ရိ ငါ မင်းကို တပည့်အဖြစ် ဘာလို့လက်ခံလိုက်တာလဲ သိလား"

အဘိုးအိုက မျက်ရည်များသုတ်၍ မေးမြန်းလိုက်သည်။

"ဘာလို့လဲ"

"ဘာကြောင့်လဲဆိုတော့ မင်းက ငါနဲ့ဘဝတူဖြစ်နေလို့ပဲ။ မင်းလည်း ကလေးဘဝတည်းက အနိုင်ကျင့်ခံနေရပြီ"

အဘိုးအိုက စကားပြောနေရင်း တစ်ချက်ရှိုက်လိုက်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ၏ကံဆိုးမှုများကိုဝေမျှရန် အဖော်တစ်ယောက် ရှာတွေ့ခဲ့ပြီဖြစ်သည်။

ယဲ့ချန်ကခေါင်းကုတ်၍ လေးနက်စွာ စဥ်းစားလိုက်သည်။ သူ့ကိုအနိုင်ကျင့်ဖူးသည်မှာ တန်တိုက်လင်တစ်ယောက်တည်းသာဖြစ်၍ တစ်ကြိမ်တည်းဖြစ်၏။ အမှောင်ဝိညာဥ်နှင့် ရင်ဆိုင်မိချိန်တွင်လည်း အနိုင်ကျင့်မခံရခင် ဝိညာဥ်ပုလဲအတွင်း ရောက်သွားခဲ့သည်။ သို့သော် အလွန်သနားစရာကောင်းသော အဘိုးအို၏ဘဝကြောင့် သူက စကားလုံးများကို မျိုသိပ်ထားလိုက်သည်။ ရှောင်ရိက အလွန်ကြင်နာတတ်ပေသည်။

"ငါ အသက်နှစ်ထောင်ကို ရောက်တဲ့အခါ အနိုင်ကျင့်မခံချင်ရင် နတ်ဆိုးဖြစ်မှရမယ်ဆိုတာကို သဘောပေါက်လာခဲ့တယ်။ နတ်ဆိုးကသာ အကောင်းဆုံးဖြစ်တယ်။ ဒါနဲ့ ငါက မပျက်စီးနိုင်သော အစွမ်းထက်အင်မော်တယ်အမှောင်နတ်ဆိုးကျင့်စဥ်ကို စတင်ကျင့်ကြံခဲ့တယ်။ ငါက ကြက်တွေဘဲတွေကို အရေအတွက်သန်းချီအောင် သတ်ဖြတ်ခဲ့တယ်။ နောက်ဆုံး ငါ့အသက်နှစ်ထောင့်ငါးရာကိုရောက်တဲ့အခါ နတ်ဆိုးကျင့်စဥ်ကို အောင်မြင်ပြီး ဒီဝတ်စုံကို ပြုလုပ်ခဲ့တာပဲ။ မင်းကြည့်စမ်း ဒီဝတ်စုံက ကြီးစိုးမှုမရှိဘူးလား။ အဲ့ဒီအချိန်ကစလို့ ငါက ဘယ်သူ့ကိုတွေ့တွေ့ နတ်ဆိုးကျင့်စဥ်တစ်ခုကို အောင်မြင်ထားတယ်လို့ ပြောပြလိုက်တယ်။ ငါ့ကိုယ်ငါလည်း ကောင်းကင်ဝါးမျိုနတ်ဆိုးသခင်လို့ အမည်ပေးခဲ့တယ်။ အဲ့ဒီအချိန်ကစလို့ ဘယ်သူမှ ငါ့ကို အနိုင်မကျင့်ရဲတော့ဘူး"

အဘိုးအိုက မျက်ရည်များကိုသုတ်၍ ဂုဏ်ယူစွာရှင်းပြလိုက်ပြန်သည်။

"ဆရာက အရမ်းအစွမ်းထက်တယ်"

ရှောင်ရိက ချီးကျူးလိုက်သည်။

အဘိုးအို၏မျက်နှာထက်တွင် ကျေနပ်သော အပြုံးတစ်ခု ဖြစ်နေသည်။ သူက တပည့်ဒါဇင်ချီ လက်ခံဖူးသော်လည်း အားလုံး ထွက်ပြေးသွားကြသည်။

"ဆရာက မင်းကို ကောင်းကောင်းဆက်ဆံမယ်။ ဘယ်လိုလဲ။ မင်းက ဆရာနဲ့အတူ နတ်ဆိုးတစ်ကောင် ဖြစ်လာချင်လား"

အဘိုးအိုက ရှောင်ရိ၏ပခုံးကို လက်ဖြင့်ပုတ်၍ ပြောလိုက်သည်။

"ဒါပေမယ့် လူသတ်ရမှာလေ"

ရှောင်ရိက အထွန့်တက်လိုက်သည်။

"ဒါဆိုရင် လူမသတ်နဲ့ကွာ။ ကြက်တွေ၊ဘဲတွေကိုသတ်ရင် ဖြစ်ပါတယ်"

အဘိုးအို၏မျက်နှာက မည်းနက်သွားသည်။

"ဒါဆိုရင် နတ်ဆိုးဖြစ်လာတဲ့အခါ ငါ့ကို ဘယ်သူမှ အနိုင်မကျင့်ကြတော့ဘူးလား"

ရှောင်ရိက အဘိုးအိုကို ထပ်မေးလိုက်သည်။

"ဒါပေါ့ကွ"

အဘိုးအိုက အာမခံလိုက်သည်။

"ဒါဆိုရင် အစ်ကိုကြီးနဲ့အမကိုရော သူများတွေ အနိုင်မကျင့်ရဲတော့ဘူးလား"

ရှောင်ရိက ခေါင်းကိုမော့၍ မေးလိုက်ပြန်သည်။

"အေး"

"ဒါဆိုရင် ငါလည်း ဆရာ့လို နတ်ဆိုးလုပ်မယ်"

ရှောင်ရိက ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရပုံပေါ်သည်။ ထို့နောက် သူက ခေါင်းညိတ်၍ သိုလှောင်အိတ်အတွင်းမှ သိုးပေါင်တစ်ချောင်းကို ကိုက်စားနေခဲ့သည်။

"ကောင်းတယ်။ အရမ်းကောင်းတယ်။ မင်းလိုပါရမီရှိတဲ့ ကလေးတစ်ယောက်က နတ်ဆိုးကျင့်စဥ်ကိုအောင်မြင်မှာ သေချာတယ်။ နောက်ဆုံးတော့ ငါ့အတွက် အမွေခံတပည့်ကိုရပြီ။ ဆရာက မင်းကို ကောင်းကောင်းဂရုစိုက်ပေးမယ်"

အဘိုးအို၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တဖိတ်ဖိတ်တောက်နေသည်။

ရှောင်ရိက သိုလှောင်အိတ်အတွင်း ကြည့်လိုက်သည်။ သိုးခြေထောက်များ ကုန်ခမ်းလုနီးပါးဖြစ်နေသောကြောင့် သူ၏မျက်နှာက စိတ်ဓာတ်ကျနေခဲ့သည်။

ဝိညာဥ်ပုလဲသည် ပင်လယ်ရေအောက်မှ အနက်ပိုင်းသို့ လျင်မြန်စွာခရီးနှင်နေသည်။

"ဆရာ ခင်ဗျားက ဘာလို့ ဝိညာဥ်ပုလဲထဲမှာ ပုန်းနေရတာလဲ"

"တစ်ယောက်ယောက်က ငါ့ကို အကွက်ချကြံစည်ခဲ့လို့ပေါ့ကွယ်။ ငါ့ကို လူဆိုးတွေက ဝိညာဥ်ပုလဲထဲမှာ ထောင်ချောက်ဆင်ထားခဲ့တယ်"

အဘိုးအိုက ဖြေလိုက်သည်။

"ဆရာ ခင်ဗျားပြောတော့ နတ်ဆိုးဖြစ်လာရင် အနိုင်ကျင့်မခံရတော့ဘူးဆို"

ရှောင်ရိက ဟာကွက်ကို ထောက်ပြလိုက်၏။

"အမ် ဒါက....."

"တကယ်တော့ ဆရာက လူဆိုးမဟုတ်ပါဘူး။ လူကောင်းတစ်ယောက် မဟုတ်လား"

"မင်းက ဆရာ့ကို လူကောင်းလို့ မပြောရဘူး။ ဆရာက နတ်ဆိုးကွ"

ရှောင်ရိနှင့်အဘိုးအိုငြင်းခုန်နေစဥ် ယဲ့ချန်သည် သိုးသားရေမြေပုံအတိုင်း ရှေးဟောင်းအုတ်ဂူ၏ နောက်ထပ်ဥမင်တစ်ခုကို ဖြတ်သန်းနေသည်။ သူက အထက်သို့တက်နေရသဖြင့် မြေမျက်နှာပြင်နှင့်နီးကပ်လာကြောင်း ခံစားလိုက်ရသည်။ သူ၏ညာလက်က ရင်ဘတ်တွင် သိမ်းဆည်းထားသော ပုံရိပ်ယောင်ပုလဲကို စမ်းလိုက်မိသည်။ ၎င်းထံမှ အမွေးပွလေး၏ကိုယ်အပူချိန်ကို ခပ်နွေးနွေးခံစားလိုက်ရသည်။

လက်ရှိတွင် ယဲ့ချန်သည် သူ၏ခံစားချက်များကို ကောင်းစွာနားလည်နေပြီဖြစ်သည်။ အမွေးပွလေးသည် သူ့အတွက် အစားထိုးမရသောအရာဖြစ်ကြောင်းကို ဆုံးရှုံးလိုက်ရချိန်တွင်မှ သူက သိလာရသည်။

"အချစ်စစ်က ဘာဆိုတာကို ငါ နားလည်ပြီ"

ယဲ့ချန်၏မျက်လုံးများက လေးနက်တည်ကြည်နေသည်။ သူက ရင့်ကျက်လာပြီဖြစ်သည်။ တစ်ခါတရံတွင် ရင့်ကျက်ခြင်းက ရုတ်တရက်ဖြစ်ပေါ်လာတတ်သည်။

ရှည်လျားသော ဥမင်အတွင်း လျှောက်လှမ်းနေသည့် ယဲ့ချန်၏လှုပ်ရှားမှုတိုင်းတွင် အစစ်အမှန်သိုင်းလမ်းစဥ် ပေါင်းစပ်နေသည်။ သူက ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်သွားကာ အရှိန်အဝါက ပို၍အစွမ်းထက်လာလေသည်။

ကျွန်းပေါ်တွင် ချုပ်နှောင်အစီအရင်က ဆက်လက်အသက်ဝင်နေခဲ့သည်။ အစီအရင်ပြင်ပတွင် ရှီဝူအင်ပါယာ၏မြေဝိဇ္ဇာများက ချိုးဖျက်ရန် အစွမ်းကုန်ကြိုးစားနေကြသည်။ သို့သော် တိုက်ခိုက်မှုတိုင်းက ပြန်ကန်ထွက်လာသဖြင့် ချိုးဖျက်ရန် အလွန်ခက်ခဲနေကြသည်။

ဧကရာဇ်မင်ဝူ၊ နင်ချင်းယွင်၊ နေမီးတောက်ငှက်နှင့် နေလင်းယုန်က အစီအရင်ကို အတွင်းမှတိုက်ခိုက်နေကြသော်လည်း ကျရှုံးနေရသည်။ အစီအရင်၏ကာကွယ်နိုင်စွမ်းက ကောင်းလွန်းသဖြင့် အလုပ်လုပ်နေသော ရုန်းများကို မထိခိုက်စေနိုင်ခဲ့ပေ။ ပတ်ဝန်းကျင်မြင်ကွင်းက ဆက်တိုက်ပြောင်းလဲနေသဖြင့် အစီအရင်မျက်လုံးကိုရှာဖွေရန်လည်း မလွယ်ချေ။

"ဘုန်း ဘုန်း ဘုန်း"

မင်ဝူက လေပေါ်သို့ခုန်တက်၍ ပတ်ဝန်းကျင်ကို လက်ဝါးဖြင့် ဆက်တိုက်ရိုက်ချလိုက်သည်။ သစ်ပင်များ ကျောက်တုံးများ ကြေမွကုန်သော်လည်း အချိန်ခဏအတွင်း မူလအတိုင်း ပြန်လည်ဖြစ်ပေါ်လာ၏။

"အရာအားလုံးက ပုံရိပ်ယောင်တွေလား"

မင်ဝူကို ဤမြင်ကွင်းက တန့်သွားစေခဲ့သည်။ ထိုအချိန်တွင် သူ၏ကိုယ်တွင်းမှ ကောင်းကင်ချီများ လျင်မြန်စွာစီးထွက်လာခဲ့သည်။ သူက အစီအရင်၏အလုပ်လုပ်ပုံကို နားလည်သွား၏။ အစီအရင်အသက်ဝင်နေရန်အတွက် ကောင်းကင်ချီများလိုအပ်သော်လည်း ပတ်ဝန်းကျင်မှစုပ်ယူခြင်း မဟုတ်ပေ။ ၎င်းက အစီအရင်အတွင်း ချုပ်နှောင်ခံထားရသူများထံမှ စုပ်ယူခြင်းဖြစ်သည်။

နေမီးတောက်ငှက်က မူလအသွင်သို့ပြောင်းလိုက်သောအခါ နေလင်းယုန်ထက် နှစ်ဆပိုမိုကြီးမားသော မီးငှက်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်း၏တစ်ကိုယ်လုံးက မီးများတောက်လောင်နေပြီး ပါးစပ်ဟ၍ မှုတ်ထုတ်လိုက်သောအခါ မီးလုံးကြီးများ ပြေးထွက်သွားသည်။ မီးတောက်က ထိသမျှအရာအားလုံးကို လောင်ကျွမ်းသွားခဲ့သည်။

"တော်တော်အစွမ်းထက်တဲ့ မီးတောက်ပါလား"

မင်ဝူသည် နေမီးတောက်ငှက်၏အစွမ်းကြောင့် အလွန်ကြောက်လန့်သွားခဲ့သည်။ နင်ချင်းယွင်နှင့်အတူ လိုက်ပါလာသော အဘိုးအိုမှာ အမှန်စင်စစ်သားရဲတစ်ကောင်ဖြစ်နေခဲ့သည်။ ၎င်း၏အရှိန်အဝါက သူ့ကိုပင် မွန်းကျပ်အံ့သြစေသည်။

နေမီးတောက်ငှက်က ယဲ့ချန်အပေါ် အလွန်ရိုသေကြောင်း မင်ဝူက တွေးလိုက်မိသည်။ သူက အချိန်တစ်ခုကြာအတွေးနက်ပြီးနောက် တော်ဝင်မျိုးနွယ်နှင့် ရှီဝူအင်ပါယာ၏ကံကြမ္မာအတွက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်သည်။

အလယ်အင်ပါယာမှ မောက်မာသော မျိုးနွယ်ကြီးများအစား ယဲ့ချန်ကိုကပ်တွယ်နေရန် သူက ဆုံးဖြတ်လိုက်၏။ ယဲ့ချန်၏နောက်တွင် ဆန်းကျယ်သော သားရဲသခင်များရှိနိုင်ပေသည်။

နေမီးတောက်ငှက်၏မီးတောက်က အလွန်အစွမ်းထက်သော်လည်း အစီအရင်ကို မဖျက်ဆီးနိုင်ခဲ့ပေ။ အချိန်ကြာမြင့်သောအခါ ၎င်းက ဖြည်းဖြည်းချင်း အားပျော့လာခဲ့သည်။

အစီအရင်မျက်လုံးတွင် ဒဏ်ရာများ ပျောက်ကင်းပြီးဖြစ်သော ကျိုးကုန်းရယ် ရှိနေသည်။ သူက နေမီးတောက်ငှက်၏အစွမ်း​ကြောင့် အစီအရင်ဖျက်ဆီးခံရမည်ကို စိုးရိမ်သွားသော်လည်း မီးတောက်များငြိမ်းသွား၍ စိတ်အေးသွားခဲ့ရသည်။

"ထို့ပါရန်က အသုံးမကျပေမယ့် သူ့အစီအရင်ကတော့ အစွမ်းထက်လွန်းတယ်"

ကျိုးကုန်းရယ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ အစီအရင်သာမရှိလျှင် သူက ကောင်းကင်ဝိဇ္ဇာလေးယောက်ကို တစ်ယောက်တည်း မယှဥ်နိုင်ပေ။

"ရုန်းကန်ကြစမ်း။ မင်းတို့ကြိုးစားလေလေ ကောင်းကင်ချီတွေ ပိုပြီးကုန်ခမ်းလေလေပဲ။ ရက်နည်းနည်းကြာရင် မင်းတို့ကို လာသတ်မယ်"

သူက မင်ဝူတို့လေးယောက်ကိုကြည့်ပြီး အေးစက်စက်ရယ်မောလိုက်သည်။

အချိန်ကြာလာသောအခါ မြေအောက်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ကျွန်း၏မြေမျက်နှာသွင်ပြင်က ရွေ့လျားနေကြောင်း ခံစားလိုက်ရသော ကျိုးကုန်းရယ်မှာ ဤကျွန်းပေါ်တွင် ကြာကြာမနေရဲတော့ပေ။

"အစီအရင်မှာ လျှို့ဝှက်ချက်တွေရှိတယ်။ ဒါကိုသုံးပြီး မင်ဝူတို့ကို သတ်နိုင်မလား"

ကျိုးကုန်းရယ်က မျက်လုံးမှိတ်၍ အာရုံခံလိုက်သောအခါ အစီအရင်အတွင်းရှိနေသော ချီစီးဆင်းမှုကို သတိပြုမိလိုက်သည်။ အတိတ်တွင် ထို့ပါရန်က ကျောက်တုံးကြီးကို ပြန်ဆွဲယူလိုက်သော မြင်ကွင်းကို အမှတ်ရလိုက်သောအခါ သူ၏မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"မင်ဝူ နင်ချင်းယွင် ငှက်စုတ်နှစ်ကောင် မင်းတို့သေတဲ့အထိ ရုန်းကန်နေလည်း အသုံးမဝင်ဘူး။ မင်ဝူလိုဧကရာဇ်တစ်ယောက်က ငါ့လက်ထဲမှာ သေရတော့မယ်။ မင်းသေသွားရင် မင်းရဲ့ပိုင်ဆိုင်မှုတွေ လုယူခံရတော့မယ်။ မင်းမှာ နတ်သမီးလိုလှပတဲ့ ကိုယ်လုပ်တော်၇၂ယောက်ရှိတယ်လို့ ကြားဖူးတယ်။ မင်းရဲ့ကိုယ်လုပ်တော်တွေ၊ မိဖုရားတွေကို ငါ ဂရုစိုက်ပေးလိုက်မယ် ဟား ဟား"

ကျိုးကုန်းရယ်၏ စက်ဆုပ်ဖွယ်ရယ်သံက အစီအရင်မျက်လုံးမှတဆင့် ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

***

All Chapters