← Chapters

သေတဲ့အထိ ကြောက်သွားမယ် *

Vol. 19 Ch. 263

သေတဲ့အထိ ကြောက်သွားမယ် *

Vol. 19 Ch. 263

မင်ဝူသည် ကျိုးကုန်းရယ်၏စကားကို ကြားသောအခါ မင်သေသေမျက်နှာဖြင့် ဆက်လက်တည်ရှိနေသည်။ သူက ရဟန်းတစ်ပါးကဲ့သို့ တည်ငြိမ်စွာထိုင်ချလိုက်၏။ သူ၏တိုက်ခိုက်မှုကြောင့် ကောင်းကင်ချီများစွာ ကုန်ခမ်းသွားသဖြင့် ကျိုးကုန်းရယ်၏အစီအစဥ်ကို နားလည်နိုင်ခဲ့သည်။ ကျိုးကုန်းရယ်၏ ရန်စကားကြောင့် သူတို့သာ ကောင်းကင်ချီများကို ဆက်လက်အသုံးချ၍ တိုက်ခိုက်နေလျှင် သူတို့အတွက် သေခြင်းတရားကသာ စောင့်ကြိုနေပေလိမ့်မည်။ သူတို့၏ခွန်အားကို ချွေတာခြင်းဖြင့်သာ ကျိုးကုန်းရယ်ကို ပြန်လည်တိုက်ခိုက်နိုင်ပေမည်။

သို့သော်လည်း ကောင်းကင်ချီများက မင်ဝူ၏ကိုယ်တွင်းမှ ဆက်လက်စိမ့်ထွက်နေခဲ့သည်။ သူက ဤဖြစ်စဥ်ကို နှေးကွေးစေနိုင်သော်လည်း အလုံးစုံရပ်တန့်သွားစေရန် မစွမ်းဆောင်နိုင်ပေ။

အဘိုးအိုတစ်ယောက်အသွင် ပြန်ပြောင်းသွားသော နေမီးတောက်ငှက်သည် ကျိုးကုန်းရယ်၏စကားကြောင့် ဒေါသူပုန်ထသွားကာ ဆက်လက်တိုက်ခိုက်လိုခဲ့သည်။

"မဟာဘိုးဘေး စိတ်လျှော့ပါ။ ရန်သူက ကျုပ်တို့ရဲ့ကောင်းကင်ချီတွေ ကုန်ခမ်းသွားအောင် အကွက်ချကြံစည်နေတယ်။ ကျုပ်တို့က စောင့်နေရုံသာတတ်နိုင်မယ်"

နင်ချင်းယွင်က လျင်မြန်စွာ တားဆီးလိုက်ရသည်။

"နားလည်ပြီ"

နေမီးတောက်ငှက်က ခေါင်းညိတ်၍ မျက်လုံးမှိတ်ကာ ထိုင်ချလိုက်သည်။

ကျိုးကုန်းရယ်သည် သူ၏အကြံအထမမြောက်သောအခါ နှာခေါင်းရှုံ့၍ ထို့ပါရန်၏အတိတ်မှလုပ်ရပ်ကို ပြန်လည်စစ်ဆေးလိုက်သည်။ သူက အစီအရင်အတွင်းမှ ချီစီးဆင်းမှုကိုအာရုံခံကာ လက်သီးကို အနည်းငယ်ဆုပ်လိုက်၏။ အစီအရင်၏အလယ်တွင် ကီလိုဂရမ်တစ်ထောင်ကျော်လေးသော ကျောက်တုံးကြီးတစ်ခု ရွေ့လျားသွားခဲ့သည်။

"ထို့ပါရန်က ကျောက်တုံးကို ဘယ်လိုရွှေ့နိုင်ခဲ့လဲဆိုတာကို နားလည်ပြီ။ မင်ဝူ ငါ မင်းကိုဘယ်လိုရှင်းမယ်ဆိုတာ စောင့်ကြည့်ထားလိုက်။ မင်းတို့က ထိုင်နေရုံနဲ့ ငါက ဘာမှမလုပ်နိုင်တော့ဘူး ထင်နေလား"

ကျိုးကုန်းရယ်က ကျေနပ်စွာရယ်မောလိုက်သည်။

နာရီအနည်းငယ်အကြာတွင် ကျိုးကုန်းရယ်သည် အစီအရင်၏ချီစီးဆင်းမှုကို ကောင်းမွန်စွာထိန်းချုပ်နိုင်လာခဲ့သည်။

မြေပြင်တွင် တင်ပျဥ်ခွေထိုင်နေသော မင်ဝူသည် အန္တရာယ်တစ်စုံတစ်ရာကို ခံစားလိုက်မိသည်။ သူက မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့ထံသို့ ကျောက်တုံးကြီးတစ်ခု လွင့်ပျံလာသည်ကို တွေ့လိုက်ရသည်။

"မကောင်းတော့ဘူး"

မင်ဝူက ထိတ်လန့်သွားပြီး ချက်ချင်းခုန်ထကာ ကောင်းကင်ချီကိုစုဝေး၍ ကျောက်တုံးကို လက်ဝါးဖြင့်ရိုက်ချလိုက်သည်။

ဘုန်းခနဲမြည်သံနှင့်အတူ မင်ဝူက နောက်သို့တွန်းထုတ်ခံလိုက်ရသည်။ ကျောက်တုံးပေါ်တွင် အက်ကြောင်းတစ်ခုဖြစ်ပေါ်လာ၍ ၎င်းက လေထဲတွင်တန့်သွားကာ မြေပြင်ပေါ်သို့ ဝုန်းခနဲပြုတ်ကျသွားခဲ့၏။

မင်ဝူ၏ပါးစပ်မှ သွေးအချို့ စီးထွက်လာသည်။ ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်တစ်ယောက်က ဤကျောက်တုံးမျိုးကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ခွဲဖျက်ဆီးနိုင်သည်။ သို့သော် မင်ဝူမှာ ချုပ်နှောင်အစီအရင်ကြောင့် ကောင်းကင်ချီများကုန်ခမ်းနေသဖြင့် အားနည်းနေခြင်းဖြစ်၏။

ထို့အပြင် ကျောက်တုံးများက အစီအရင်၏ကောင်းကင်ချီများ ပေါင်းစပ်နေသဖြင့် အလွန်အမင်းမာကျောနေခဲ့သည်။

"မင်းတို့က အလွန်ခေါင်းမာတယ်ဆိုရင် ငါ ဘယ်လိုနှိပ်စက်ပြမလဲ ကြည့်ကြစမ်း"

ကျိုးကုန်းရယ်သည် အားနည်းနေသော မင်ဝူ၏အခြေအနေကြောင့် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူ၏ညာလက်ကို ယမ်းလိုက်သောအခါ နောက်ထပ်ကျောက်တုံးတစ်ခုက မင်ဝူထံ လွင့်ပျံလာခဲ့ပြန်သည်။

"သေစမ်း"

ကျိုးကုန်းရယ်က ဝမ်းမြောက်ဝမ်းသာဖြင့် ရယ်မောနေခဲ့ငည်။

ကျောက်တုံး ထွက်ပေါ်လာသောအခါ နင်ချင်းယွင်က လျင်မြန်စွာလှုပ်ရှားလိုက်သည်။ သူက မင်ဝူရှေ့သို့ခုန်ထွက်ကာ ညာလက်ဝါးဖြင့် ကျောက်တုံးကို ရိုက်ခွဲပစ်လိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ်"

မင်ဝူက နင်ချင်းယွင်ကိုကျေးဇူးတင်ပြီး ရွှေခရမ်းနတ်ဆေးတစ်လုံးကို လျှို့ဝှက်စွာသောက်သုံးလိုက်သည်။ မင်ဝူ၏ကောင်းကင်ချီများ ကုန်ခမ်းလုနီးပါးဖြစ်နေသော်လည်း ဝှက်ဖဲတစ်ခု ကျန်ရှိနေဆဲပင်ဖြစ်သည်။ သူ့ထံတွင် ဆေးလုံးများစွာရှိနေခဲ့သည်။ ခရမ်းရွှေနတ်ဆေးကဲ့သို့ အမျိုးအစားက တစ်လုံးသောက်ရုံဖြင့် ကျင့်ကြံသူတစ်ယောက်၏ကောင်းကင်ချီများကို ရှစ်ဆယ်ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ ကျိုးကုန်းရယ်လှုပ်ရှားလာမည်ကို သူက စောင့်နေခြင်းသာဖြစ်သည်။

"မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားဦး"

မင်ဝူက နင်ချင်းယွင်တို့ကို ခပ်တိုးတိုးသတိပေးလိုက်၏။

နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က မင်ဝူ၏စကားကို ချက်ချင်းနားလည်လိုက်သည်။ အကယ်၍ သူတို့က အားနည်းချင်ယောင်ဆောင်လိုက်လျှင် ကျိုးကုန်းရယ် အပြင်ထွက်လာအောင် မျှားခေါ်နိုင်ပေလိမ့်မည်။

"မင်းတို့ ဆက်ပြီးတောင့်ခံနိုင်ဦးမလား ကြည့်ရသေးတာပေါ့"

ကျောက်တုံးကြီးကို ရိုက်ထုတ်လိုက်သော နင်ချင်းယွင်ကိုကြည့်၍ ကျိုးကုန်းရယ်က ကြုံးဝါးလိုက်၏။

ကျိုးကုန်းရယ်က အစီအရင်၏ချီစီးကြောင်းများကို ထိန်းချုပ်လိုက်သောအခါ ကျောက်တုံးကြီးခြောက်ခုက လေထဲသို့ တပြိုင်နက်မြှောက်တက်လာကြသည်။

"သေစမ်း"

ကျိုးကုန်းရယ်၏အော်သံနှင့်အတူ ၎င်းတို့က မင်ဝူတို့ထံ လျင်မြန်စွာဝင်ရောက်လာခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

မင်ဝူ၊ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်တို့က လက်နက်ကိုယ်စီဆွဲထုတ်ပြီး ကျောက်တုံးများကို ပိုင်းချလိုက်သည်။ နေလင်းယုန်ကလည်း ၎င်း၏ထက်ရှသော လက်သည်းများဖြင့် ကျောက်တုံးကြီးများကို ပိုင်းချလိုက်၏။

စွမ်းအင်လှိုင်းများ နေရာအနှံ့ပြန့်ကြဲသွားကာ ကောင်းကင်ချီများက အစီအရင်ထဲတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားလာသည်။ အစီအရင်၏အပြင်ဘက်ရှိ မြေဝိဇ္ဇာများက စိုးရိမ်တကြီးဖြစ်သွားကြသည်။ သူတို့က အစီအရင်အတွင်း တိုက်ပွဲတစ်ခုဖြစ်နေကြောင်း ခံစားရသဖြင့် ချိုးဖျက်ရန် တိုက်ခိုက်ခဲ့ကြသော်လည်း အကြောင်းမထူးပေ။

မူလတွင် မင်ဝူတို့လေးယောက်က ခွန်အားကို ဖုံးကွယ်ထားချင်သော်လည်း အစီအရင်က အစွမ်းထက်လွန်းနေသည်။ အကယ်၍ သူတို့၏ခွန်အားကို ရှစ်ဆယ်ရာခိုင်နှုန်းအထိ ထုတ်မသုံးလျှင် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ကျိုးကုန်ရယ်သည် မင်ဝူတို့၏အဖြစ်ကို ကျေနပ်စွာစောင့်ကြည့်နေခဲ့သည်။ သူ၏စိတ်ကူးထဲတွင် ချုပ်နှောင်အစီအရင်က ဤမျှအစွမ်းထက်ကြောင်း ထင်မှတ်မထားခဲ့ပေ။ အများဆုံးနှစ်ရက်ကြာလျှင် မင်ဝူတို့၏ကောင်းကင်ချီများက လုံးဝကုန်ခမ်းသွားပေလိမ့်မည်။

"ဒီနှစ်ရက်အတွင်း ငါ မင်းတို့ကိုဘယ်လိုသတ်မလဲ တွေးထားလိုက်မယ်"

ကျိုးကုန်းရယ်က အေးစက်စက်ပြုံးလိုက်သည်။ မင်ဝူတို့လူစုမှာ သူ၏လက်ထဲတွင် ကစားခံနေရသော ကြွက်များပမာ ထင်မှတ်ရလေသည်။

"မင်ဝူ ငါတို့အစီအရင်ကို ချိုးဖျက်နိုင်မယ်မထင်ဘူး"

နင်ချင်းယွင်၏မျက်နှာက ဒေါသကြောင့် မည်းနက်နေသည်။ သူက ဤကျောက်တုံးများကြောင့် ကောင်းကင်ချီများစွာ ကုန်ခမ်းသွားခဲ့ရသည်။

မင်ဝူသည်လည်း တိတ်ဆိတ်သွားခဲ့သည်။ ချုပ်နှောင်အစီအရင်နှင့်အတွေ့တွင် သူတို့က စွမ်းအားမဲ့နေရသည်။ နောက်ထပ်နှစ်ရက်ကြာလျှင် သူတို့၏ကောင်းကင်ချီများက လုံးဝကုန်ခမ်းသွားနိုင်သည်။ အန္တရာယ်ကြားရောက်နေသော ရှီဝူအင်ပါယာ၏အခြေအနေကြောင့် မင်ဝူက ကူရာကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

ထိုအချိန်၌ နေလင်းယုန်က ကောင်းကင်သို့မော့၍ စူးရှစွာအော်မြည်လိုက်သည်။

"ဘာဖြစ်သွားတာလဲ"

ကျိုးကုန်းရယ်က တုန်လှုပ်သွားသည်။

"အရှင် ပြန်လာပြီကွ ဟား ဟား"

နင်ချင်းယွင်က ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။ သူတို့ထံတွင် ကောင်းကင်ဝိဇ္ဇာလေးယောက်ရှိသော်လည်း ရန်သူကောင်းကင်ဝိဇ္ဇာတစ်ယောက်တည်းကို မနိုင်သဖြင့် ယဲ့ချန်က အပြစ်တင်မည်ကိုလည်း စိုးရိမ်နေခဲ့သည်။

"အရှင် ဟုတ်လား ဘယ်သူက အရှင်လဲ"

နေလင်းယုန်၏အပြုအမူနှင့် နင်ချင်းယွင်၏စကားကြောင့် ကျိုးကုန်းရယ်က မျက်မှောင်ကြုတ်လိုက်သည်။ ရှီဝူအင်ပါယာတွင် နောက်ထပ်အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရှိနိုင်ကြောင်း သတိထားမိလိုက်၏။

သူက လေပေါ်သို့ခုန်တက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အဝေးတွင် ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်က လေထဲတွင်ပျံသန်း၍ အလွန်လျင်မြန်စွာချဥ်းလာနေသည်။ အသက်ငယ်ငယ်နှင့် လေထဲတွင်ပျံသန်းနိုင်သဖြင့် ဤလူငယ်ကလည်း ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်ကြောင်း သေချာနေသည်။ ကျိုးကုန်းရယ်က စိတ်လေးလံသွားသော်လည်း ချုပ်နှောင်အစီအရင်၏အစွမ်းကြောင့် ပြန်လည်စိတ်အေးသွားခဲ့သည်။

ယဲ့ချန်သည် အစီအရင်အပြင်ဘက်တွင် စုဝေးနေသော မြေဝိဇ္ဇာများအနီးတွင် ဆင်းသက်လိုက်၏။

"ဘာဖြစ်နေကြတာလဲ"

သူက အစီအရင်အတွင်း ကြည့်လိုက်သောအခါ မင်ဝူတို့လေးယောက်ကို တွေ့လိုက်ရသည်။ သူတို့က သူ့ကိုမမြင်နိုင်ဟန်ဖြင့် စမ်းတဝါးဝါးဖြစ်နေသောကြောင့် ယဲ့ချန်က အခြေအနေကို ချက်ချင်းနားလည်လိုက်သည်။

"ဘယ်သူက အစီအရင်ခင်းကျင်းထားတယ်ဆိုတာ မသိပေမယ့် နန်မန်တိုင်းပြည်ရဲ့ကျိုးကုန်းရယ်က ဒီအစီအရင်ကို ထိန်းချုပ်နိုင်နေတယ်။ အရှင်၊ ဂိုဏ်းချုပ်နင်နဲ့ ကျန်တဲ့နှစ်ယောက်က လေးငါးရက်ကြာအောင်ပိတ်မိနေပေမယ့် မချိုးဖျက်နိုင်သေးဘူး။ ဒီအစီအရင်က တော်တော်ထူးဆန်းတယ်။ ကျွန်တော်တို့ကအပြင်ဘက်ကနေ ထိုးဖောက်ချင်ပေမယ့် မရသလို အထဲကနေလည်း ဖျက်ဆီးလို့မရဘူး။ အစီအရင်က ကောင်းကင်ချီတွေကိုလည်း စုပ်ယူနိုင်လို့ အရှင်တို့လေးယောက်က နေ့တိုင်း ပိုပိုပြီးအားနည်းလာနေကြပါတယ် ခေါင်းဆောင်"

မြေဝိဇ္ဇာတစ်ယောက်က ရိုရိုသေသေ သတင်းပို့လိုက်သည်။ သူတို့၏မျက်လုံးရှေ့တွင် ယဲ့ချန်ပျံသန်းလာသဖြင့် ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်ကြောင်း သေချာနေသောအခါ မည်သူမှ မစော်ကားရဲတော့ပေ။

"ဒီအစီအရင်က..."

ယဲ့ချန်သည် ထို့ပါရန်၏ရှေးဟောင်းစာအုပ်အတွင်းမှ အစီအရင်များအကြောင်း ချက်ချင်းအမှတ်ရလိုက်သည်။ သူက ၎င်းကိုထုတ်ယူ၍ စစ်ဆေးလိုက်သောအခါ အစီအရင်တစ်ခုကို ရှာတွေ့ခဲ့သည်။

အစီအရင်က အလွန်းဆန်းကျယ်သောကြောင့် ၎င်းကို ပြည့်စုံစွာခင်းကျင်းနိုင်လျှင် ထန်တိုက်လင်၏အဆင့်ကဲ့သို့ ကျင့်ကြံသူတစ်ယောက်ကိုပင် ချုပ်နှောင်ထားနိုင်ပေသည်။ သို့သော်လည်း အစီအရင်ကိုခင်းကျင်းရန် ကုန်ကြမ်းပစ္စည်းများစွာ လိုအပ်သည့်အပြင် ခင်းကျင်းသူက အစွမ်းထက်ရန်လည်း လိုအပ်သည်။ ထို့ပါရန်က အစီအရင်ကို အပေါ်ယံလောက်သာနားလည်ထားသဖြင့် အကြမ်းဖျင်းသာ ခင်းကျင်းထားနိုင်ခဲ့သည်။ ထို့ကြောင့် ဆန်းကျယ်ဝိဇ္ဇာအဆင့်ကိုသာ ဖမ်းချုပ်နိုင်ခဲ့သည်။ ပိုမိုအစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ရောက်လာလျှင် ခွန်အားသုံးကာ ဖျက်ဆီးနိုင်စွမ်းရှိသည်။ ကောင်းကင်ဝိဇ္ဇာအဆင့်များဆိုလျှင် အစီအရင်၏မျက်လုံးကိုရှာဖွေကာ ဖျက်ဆီးနိုင်လျှင် လွတ်မြောက်နိုင်ပေလိမ့်မည်။

အစီအရင်ကိုစစ်ဆေးပြီးနောက် ယဲ့ချန်က ခဏတာစဥ်းစားလိုက်သည်။ အတိတ်တွင် သူက ချီစုဆောင်းအစီအရင်ကို ခင်းကျင်းစဥ်က အတွေ့အကြုံရှိထားသဖြင့် အသိပညာများစွာ ကြွယ်ဝလာခဲ့သည်။

အစီအရင်၏မျက်လုံးကို နက်ရှိုင်းစွာ ဖုံးကွယ်ထားခဲ့သည်။ အကယ်၍ ၎င်းကိုဖျက်​ဆီးလိုလျှင် အစီအရင်အတွင်း၌ အချို့နေရာများကို ဖျက်ဆီးရပေမည်။

"ချန်း ခွန်း စန်း လီ"

(မှတ်ချက်။ ။ ချန်း ခွန်း စန်း လီတို့သည် တာအိုပညာရပ်တွင် ကောင်းကင်၊ မြေကြီး၊ ရေ၊ လေ၊ မီး၊ မိုးကြိုး၊ တောင်နှင့် ရေကန်ဟူသော စကားလုံးရှစ်ခုဖြင့်ရေးဆွဲထားသော ထိုက်ကျိစက်ဝိုင်း၏ အစိတ်အပိုင်းများဖြစ်ကြသည်။ ဤစကားလုံးလေးခုက အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူသော အရပ်မျက်နှာများကို အသီးသီးကိုယ်စားပြုကြသည်)

"မင်းတို့အားလုံး ဒီမှာစောင့်နေကြ။ ကျိုးကုန်းရယ် ထွက်ပြေးလာရင် အစွမ်းကုန်တားမြစ်ကြ"

ယဲ့ချန်က ပတ်ဝန်းကျင်ကိုစစ်ဆေး၍ ဤစကားလုံးများကို ရေရွတ်လိုက်သည်။ သူက ဦးတည်ရာများကို သတ်မှတ်ပြီးနောက် မြေဝိဇ္ဇာများကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

မြေဝိဇ္ဇာများက ရိုသေစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏အမြင်တွင် ယဲ့ချန်၏အရှိန်အဝါက ပိုမိုသန်မာလာခဲ့သည်။ အသက်ငယ်ငယ်နှင့် ကောင်းကင်ဝိဇ္ဇာဖြစ်လာသော ပါရမီရှင်ကို မင်ဝူအလေးပေးခြင်းက မထူးဆန်းဟု လူတိုင်းက ခံစားလိုက်ရသည်။

ယဲ့ချန်သည် တည်နေရာတစ်ခုသတ်မှတ်၍ အစီအရင်အတွင်း တစ်လှမ်းချင်းလျှောက်ဝင်သွားခဲ့သည်။

ယဲ့ချန်၏လုပ်ရပ်ကြောင့် မြေဝိဇ္ဇာများက ထိတ်လန့်သွားကြသည်။

"ခေါင်းဆောင်က အစီအရင်ထဲ ဝင်သွားတာလား"

"ဒီအစီအရင်က ဆန်းကျယ်လွန်းတယ်။ သူက ပြန်ထွက်လာနိုင်ပါ့မလား"

"မဟုတ်သေးဘူး။ ခေါင်းဆောင်ကအသက်ငယ်ပေမယ့် အစွမ်းထက်တယ်။ ငါတို့က အစီအရင်ကို အပြင်ကနေတိုက်ခိုက်ခဲ့ပေမယ့် အကြောင်းမထူးဘူး။ သူကတော့ ခြေလှမ်းနည်းနည်းလောက်နဲ့ အစီအရင်အထဲကို ဝင်သွားနိုင်တယ်။ သူက အစီအရင်ကို ဖျက်ဆီးကောင်းဖျက်ဆီးနိုင်မှာပါ"

သူတို့၏စိတ်ထဲတွင် ယဲ့ချန်၏ပုံရိပ်က ပိုမိုဆန်းကျယ်လာခဲ့သည်။

အစီအရင်မျက်လုံးတွင်ရှိနေသော ကျိုးကုန်းရယ်သည် မူလတွင် ယဲ့ချန်ကို အနည်းငယ်ကြောက်လန့်နေခဲ့သည်။ သို့သော် ယဲ့ချန်က အစီအရင်အတွင်း ဝင်ရောက်လာသောအခါ အလွန်ပျော်ရွှင်သွားခဲ့သည်။

"မင်းအတွက် ကောင်းကင်ဘုံအထိ လှေကားရှိနေတာကို ငရဲကို ကိုယ်တိုင်ခုန်ချလာတယ်။ အခု မင်းက အစီအရင်ထဲဝင်လာပြီဆိုတော့ ပြန်ထွက်သွားဖို့ မစဥ်းစားနဲ့"

ယဲ့ချန်ရှေ့ရှိမြင်ကွင်းက ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူက မူလနေရာတွင် ရပ်နေဆဲပင်ဖြစ်သည်။

နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က သူ့ကိုကြိုဆိုရန် ပြေးထွက်လာကြသော်လည်း ယဲ့ချန်က လက်ကာပြ၍ တားမြစ်လိုက်၏။ သူက လူတိုင်းကို တစ်ချက်ကြည့်၍ ပြုံးပြလိုက်သည်။

"မင်း ဘာကြောင့်ဝင်လာရတာလဲ ယဲ့ချန်။ ဒီအစီအရင်က အလွန်အန္တရာယ်များတယ်"

မင်ဝူက သတိပေးလိုက်သည်။ အကယ်၍ ယဲ့ချန်သာ အပြင်၌ရှိနေလျှင် သူတို့က အတွင်းနှင့်အပြင်နှစ်ဖက်ပူးပေါင်း၍ အစီအရင်ကို ချိုးဖျက်နိုင်ချေရှိသည်။ သူက ယဲ့ချန်သည် မဆင်မခြင်လုပ်လွန်းသည်ဟု တွေးမိလိုက်သည်။

"မင်ဝူ မင်းနဲ့အတူသေဖို့ နောက်ထပ်အဖော်တစ်ယောက် ဝင်လာမယ်လို့ မထင်ထားဘူးကွာ ဟား ဟား"

ကျိုးကုန်းရယ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏အသံက အစီအရင်အတွင်း နေရာတိုင်း၌ပဲ့တင်ထပ်နေသဖြင့် တည်နေရာကို ခန့်မှန်းရန် မလွယ်ချေ။

နင်ချင်းယွင်နှင့် နေမီးတောက်ငှက်ကမူ ယဲ့ချန်ကို အလွန်ယုံကြည်စွာ စိုက်ကြည့်နေကြသည်။ အစီအရင်တစ်ခုက သူတို့၏အရှင်နတ်ဘုရင်ကို ဖမ်းဆီးထားနိုင်မည်ဟု မယုံကြပေ။

"အရှင်က သူ့မူလအသွင်ကို ပြောင်းပြလိုက်ရင် မင်းက သေတဲ့အထိ ကြောက်သွားလိမ့်မယ်"

နင်ချင်းယွင်က စိတ်ထဲတွင် ကျိုးကုန်းရယ်ကို လှောင်ပြောင်နေခဲ့လေသည်။

***

All Chapters