နောက်ယောင်ခံလိုက်ခြင်း *
Vol. 19 Ch. 264
"အဘိုးကြီးကျိုး ထို့ပါရန်ကို ငါ သတ်လိုက်ပြီ။ မင်းက ငါ့ကို ဒီအစီအရင်လောက်လေးနဲ့ ချုပ်နှောင်ထားချင်တာလား"
ယဲ့ချန်က နှာခေါင်းရှုံ့လိုက်သည်။
"ထို့ပါရန်ကို မင်းသတ်လိုက်တာ ဟုတ်လား။ သူက ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်တယ်။ ဘယ်လိုမှမဖြစ်နိုင်ဘူး"
ကျိုးကုန်းရယ်၏မျက်နှာက မင်သေသေရှိနေသော်လည်း အသံက ကြောက်စိတ်ကြောင့် တုန်ယင်နေသည်။ ထို့ပါရန်သည် အဆိပ်ပတူများကိုဖြေရှင်းပြီးနောက် သူ့ကို ဤအခြေအနေမှ လာကယ်ထုတ်မည်ဟု မျှော်လင့်ထားခဲ့သည်။ ကံမကောင်းစွာဖြင့် ထို့ပါရန်ကို ဤလူငယ်လေးသတ်လိုက်ခြင်းက ယဲ့ချန်ကို ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဟု သံသယဝင်စေခဲ့သည်။
ထို့ပါရန်သေပြီဟု ကြားသောအခါ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က မျှော်လင့်ထားဟန်ဖြင့် မျက်နှာထားသေသေရှိနေကြသည်။ မင်ဝူကမူ ယဲ့ချန်ကို အလွန်အဓိပ္ပါယ်ပါသော အကြည့်မျိုးနှင့် စိုက်ကြည့်လိုက်သည်။ ယဲ့ချန်က သူ့ကို ထပ်ကာထပ်ကာအံ့သြစေခဲ့သည်။ အကယ်၍ သူသာ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်လျှင် အသက်အလွန်ငယ်ရွယ်သည်ဖြစ်ရာ နတ်ဝိဇ္ဇာအဆင့်အထိရောက်ရန် ခက်ခဲမည်မဟုတ်ပေ။ ထို့ကြောင့် မင်ဝူသည် ရှီဝူအင်ပါယာ၏တော်ဝင်မျိုးနွယ်နှင့်တကွ ယဲ့ချန်လက်အောက်သို့ဝင်ရန် ဆုံးဖြတ်လိုက်သည်။ မူလတွင် သူ့၌ တွေးစရာများရှိနေသော်လည်း ထို့ပါရန်၏သတင်းက ပြတ်သားစွာ ဆုံးဖြတ်ပေးခဲ့လေသည်။
"မင်းဘာသာ ယုံတာမယုံတာ အရေးမကြီးဘူး။ မင်းကို ငါ လာသတ်မှာကိုစောင့်နေ"
ယဲ့ချန်က အေးစက်စက်ပြောလိုက်သည်။
"မင်းတို့က အစီအရင်ကို မဖျက်ဆီးနိုင်ပါဘူး။ ငါ မင်းကို အစီအရင်ရဲ့စွမ်းအားနဲ့ သတ်မယ်"
ကျိုးကုန်းရယ်က လက်ရှိတွင် အလွန်ထိတ်လန့်နေခဲ့သည်။ သူ၏လက်ဝါးများကို ဝှေ့ယမ်းလိုက်သောအခါ ကီလိုဂရမ်ခြောက်ရာကျော်လေးသော ကျောက်တုံးကြီးခြောက်ခုက ယဲ့ချန်ထံ လွင့်စင်လာသည်။
"မင်းက ဒီကျောက်တုံးလောက်လေးနဲ့ ငါ့ကိုသတ်ချင်ရင် အထင်သေးရာမကျဘူးလားကွ"
ယဲ့ချန်၏လက်နှစ်ဖက်တွင် ကောင်းကင်ဓားပျံများ ဖြစ်တည်လာသည်။ အကယ်၍ ကျိုးကုန်းရယ်သာ မလှုပ်ရှားလျှင် အစီအရင်၏ဟာကွက်များက ရှာဖွေရခက်ခဲပေလိမ့်မည်။ သို့သော် သူက ကြောက်စိတ်ကြောင့် ယဲ့ချန်ကိုသတ်ရန် ကြိုးစားလာသောအခါ အစီအရင်၏ဟာကွက်များ ထွက်ပေါ်လာသည်။ ယဲ့ချန်သည် သူ့ထံလွင့်ပျံလာသော ကျောက်တုံးများကို လျစ်လျူရှုထားသည်။ ယဲ့ချန်က အဝေးရှိ သစ်ပင်တစ်ပင်ကိုကြည့်ကာ လျှပ်ပြက်သကဲ့သို့ လှုပ်ရှားလိုက်သည်။ ကောင်းကင်ဓားပျံတစ်လက်က သစ်ပင်ထံ လှစ်ခနဲပြေးဝင်သွား၏။
မင်ဝူ၊ နင်ချင်းယွင်၊ နေမီးတောက်ငှက်နှင့် နေလင်းယုန်တို့က ယဲ့ချန်ထံဝင်ရောက်လာသော ကျောက်တုံးများကို လမ်းတစ်ဝက်မှ တားမြစ်လိုက်ကြသည်။
"ဘန်း"
အလင်းတန်းတစ်ခုနှင့် တူညီသော ဓားပျံက ဧရာမသစ်ပင်ကြီးကို ထိမှန်သွားသောအခါ ၎င်း၏ပင်စည်က ပေါက်ကွဲသွားခဲ့သည်။ သစ်ပင်က ဝုန်းခနဲလဲကျသွားကာ အခိုးအငွေ့အချို့ ထွက်ပေါ်လာသည်။
ကျောက်တုံးခြောက်ခုအတွင်းမှ တစ်ခုက ထိန်းချုပ်မှုကင်းမဲ့သွားဟန်ဖြင့် မြေပြင်သို့ ပြုတ်ကျသွားခဲ့သည်။
"မဖြစ်နိုင်ဘူး"
ကျိုးကုန်းရယ်က မည်မျှကြိုးစားပါစေ ကျောက်တုံးကို မထိန်းချုပ်နိုင်တော့ပေ။ သူက ၎င်းနှင့်ဆက်သွယ်ထားသော ချီစီးဆင်းမှု ပြတ်တောက်သွားခဲ့သည်။
"ငါက ချီစီးဆင်းမှုရဲ့တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးလိုက်ပြီ။ ဖြည်းဖြည်းချင်းပျက်စီးသွားပြီဆိုရင် မင်း ဘယ်ကိုပြေးမလဲ"
ယဲ့ချန်က လှောင်ပြုံးကလေးဖြင့် ဓားပျံများကို တစ်ချောင်းပြီးတစ်ချောင်း ပစ်ခတ်လိုက်သည်။
ကျောက်တုံးကြီးများ ပြုတ်ကျသွားသောအခါ လူတိုင်း ဝမ်းသာသွားကြသည်။ အစီအရင်၏ဟာကွက်ကို ယဲ့ချန်က ဖော်ထုတ်နိုင်ခဲ့သည်။ အစီအရင်အတွင်း၌ ရက်အနည်းငယ် ပိတ်ဆို့နေခဲ့ရသောကြောင့် သူတို့က ၎င်း၏စွမ်းအားကောင်းပုံကို အတိအကျသိထားခဲ့သည်။ မင်ဝူသည် ယဲ့ချန်က ချုပ်နှောင်အစီအရင်ကို အလွယ်တကူဖျက်ဆီးပစ်နိုင်မည်ဟု တွေးပင်မတွေးမိချေ။
"ငါ မင်းကိုသတ်မယ်"
ကျိုးကုန်းရယ်ကကြောက်စိတ်ကြောင့် ရူးသွပ်သွားပုံပေါ်သည်။ အစီအရင်ပျက်စီးသွားလျှင် သူက ကောင်းကင်ဝိဇ္ဇာငါးယောက်ကို တစ်ယောက်တည်း ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။ သူက ဒေါသတကြီးဖြင့် ချီစီးဆင်းမှုများကိုထိန်းချုပ်ကာ ကျောက်တုံးများအား ယဲ့ချန်တို့ထံ ပစ်ခတ်လိုက်သည်။
အစီအရင်၏ ဟာကွက်ခုနစ်ခုကို စိုက်ကြည့်နေသော ယဲ့ချန်၏မျက်လုံးများ ဖြတ်ခနဲလက်သွားသည်။ တစ်ချိန်တည်းဆိုသလိုပင် ဓားပျံများ တစ်ချောင်းပြီးတစ်ချောင်း ပြေးထွက်လာသည်။
ကျိုးကုန်းရယ်က ကျောက်တုံးကြီးများဖြင့် ဓားပျံများကို တားမြစ်လိုက်သော်လည်း ကောင်းကင်ဓားပျံများရှေ့တွင် ၎င်းတို့က တို့ဟူးပမာ ထိုးဖောက်ခံလိုက်ရ၏။ ကောင်းကင်ဓားပျံများက နှေးကွေးသွားခြင်းပင်မရှိဘဲ အစီအရင်၏ဟာကွက်များကို တစ်ချောင်းပြီးတစ်ချောင်း စိုက်ဝင်သွားခဲ့သည်။ တဘန်းဘန်းပေါက်ကွဲသံများနှင့်အတူ ထိုနေရာများက ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။
ကျောက်တုံးကြီးများက မြေပြင်ပေါ်သို့ အထိန်းအကွပ်မဲ့ ပြုတ်ကျကုန်သည်။ ထို့နောက် မင်ဝူတို့၏လက်ချက်ဖြင့် အဝေးသို့လွင့်ထွက်သွားကြလေသည်။
"အစွမ်းထက်လိုက်တဲ့ ဓားပျံတွေ"
မင်ဝူက အလွန်ထိတ်လန့်အံ့သြသွားခဲ့သည်။ အကယ်၍ ဤဓားပျံများကို အထူးသတ္တုများဖြင့်စီရင်ထားလျှင် သူက အံ့သြနေရန် အကြောင်းမရှိချေ။ သို့သော် ၎င်းတို့ကို ယဲ့ချန်က ကောင်းကင်ချီဖြင့်ဖန်တီးထားသော်လည်း အလွန်အမင်းထိုးဖောက်နိုင်စွမ်းကောင်းမွန်ပြီး ဖျက်ဆီးနိုင်စွမ်းမြင့်ပေသည်။
မကြာမီပင် သူတို့ရှေ့ရှိမြင်ကွင်းက ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်က အလွန်ဖရိုဖရဲဖြစ်နေပြီး ကျိုးကုန်းရယ်က ကျောက်တုံးကြီးတစ်ခုဘေးတွင် ခေါင်းငိုက်စိုက်ကျနေခဲ့သည်။ သူ၏လက်များက အဆက်မပြတ်လှုပ်ရှားနေပြီး အစီအရင်အတွင်းရှိ ကျောက်တုံးကြီးများကို ထပ်မံထိန်းချုပ်ရန် ကြိုးစားနေသည်။
ချုပ်နှောင်အစီအရင်ကား ပျက်စီးသွားသည်။
ကျိုးကုန်းရယ်သည် သူ့ကိုစိုက်ကြည့်နေသော ရှီဝူအင်ပါယာ၏ အစွမ်းထက်ကျင့်ကြံသူငါးဦးကို သတိထားမိသွားခဲ့သည်။ သူက ကျောရိုးအထိ စိမ့်တက်လာသော ကြောက်စိတ်ကို ခံစားလိုက်ရသည်။ သေခြင်းတရားက သူ့ထံသို့ သေချာပေါက်ရောက်လာပြီဖြစ်သောကြောင့် ချက်ချင်းထပြေးလိုက်သည်။
"အဘိုးကြီးကျိုး မင်း ဘယ်ကိုထွက်ပြေးမှာလဲ"
နင်ချင်းယွင်နှင့်မင်ဝူက လျှပ်ပြက်သကဲ့သို့ လှုပ်ရှားလိုက်ပြီး ပြေးလိုက်သွားကြသည်။
နေမီးတောက်ငှက်က မူလအသွင်ပြောင်းသွားပြီး အတောင်များကိုဖြန့်ကာ ပျံတက်လိုက်သည်။
ကျိုးကုန်းရယ်သည် ကောင်းကင်မှထိုးဆင်းလာသော နေမီးတောက်ငှက်ကြောင့် ဖိအားကို ခံစားလိုက်ရ၏။ မြေပေါ်သို့ ကြောက်လန့်တကြား လဲကျမတတ်ဖြစ်သွားသော ကျိုးကုန်းရယ်ကို မင်ဝူနှင့်နင်ချင်းယွင်က ဓားကိုယ်စီဖြင့် ချက်ချင်းဝင်ပိုင်းလိုက်ကြသည်။
ကျိုးကုန်းရယ်က သွေးရူးသွေးတန်းဖြင့် တုတ်ရှည်တစ်ချောင်းနှင့် ဓားနှစ်လက်ကို ခုခံလိုက်သည်။ သို့သော် လက်နက်များ ထိပ်တိုက်ရင်ဆိုင်သွားသောအခါ ကျိုးကုန်းရယ်မှာ သွေးတစ်လုတ် အန်ချလိုက်ရ၏။
နင်ချင်းယွင်တို့နှစ်ယောက်က အစီအရင်ကြောင့် အားနည်းနေကြသော်လည်း နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေသည်ဖြစ်၍ အပေါ်စီးရယူထားနိုင်ကြသည်။ ထို့နောက် မီးတောက်တစ်ခုက ကျိုးကုန်းရယ်ထံ ကျရောက်စွဲလောင်သွားခဲ့သည်။ လက်ရှိတွင် သုံးယောက်တစ်ယောက်ဖြစ်သွားသော် ကျိုးကုန်းရယ်မှာ ကြောက်လန့်တကြား ထွက်ပြေးလိုသော်လည်း အရာမထင်ပေ။
ယဲ့ချန်က နေရာတွင်မတ်မတ်ရပ်၍ ကျိုးကုန်းရယ်၏ နောက်ဆုံးဇီဝိန်ကို စောင့်ကြည့်နေခဲ့သည်။ ကိစ္စပြီးလျှင် သူတို့က ချက်ချင်းထွက်ခွာသွားရပေမည်။ သူ၏အတွေးအတွင်း အမွေးပွလေးနှင့်ရှောင်ရိတို့ ဝင်ရောက်လာသောအခါ ဝမ်းနည်းမှုများ ဖြစ်ပေါ်လာသည်။ အစပိုင်းတွင် သူတို့က အတူတကွလာရောက်ခဲ့ကြသော်လည်း အပြန်ခရီး၌ ယဲ့ချန်တစ်ယောက်တည်း ဖြစ်ပေသည်။
အဝေးတွင် တော်လဲသံကြီးတစ်ခု ထွက်ပေါ်လာကာ ငလျင်ကြီးတစ်ခု လှုပ်ခတ်လာခဲ့သည်။ ကျွန်းပေါ်ရှိ ကာကွယ်ရေးအစီအရင်က အက်ကြောင်းများထင်လာပြီး စတင်အက်ကွဲလာခဲ့သည်။ မြေပြင်က ရေအောက်သို့ စတင်မြုပ်ဝင်လာကာ မျက်တောင်တစ်ခတ်အတွင်း ကျွန်းတစ်ဝက် ရေမြုပ်သွားခဲ့၏။
"ဘာတွေဖြစ်နေတာလဲ"
လူတိုင်း ထိတ်လန့်သွားကြသည်။
"ကန့်သတ်ဒေသက အချိန်မရွေးပျက်စီးတော့မယ်။ မြေဝိဇ္ဇာတွေအကုန်လုံး နေလင်းယုန်နဲ့ နေမီးတောက်ငှက်ကျောပေါ်ကို တက်ကြ"
အခြေအနေကို သဘောပေါက်လိုက်သော ယဲ့ချန်က ချက်ချင်းအော်ဟစ် အမိန့်ပေးလိုက်သည်။
နေမီးတောက်ငှက်သည် မြေဝိဇ္ဇာများကို သူ့ကျောပေါ်တွင် မတင်လိုသော်လည်း သူ၏အရှင်ဖြစ်သော ယဲ့ချန်ကို ကလန်ကဆန်မလုပ်ရဲချေ။ နေလင်းယုန်နှင့်အတူ ရှီဝူအင်ပါယာ၏ စစ်သည်တော်များကို ကယ်ဆယ်ပေးခဲ့ရသည်။
ယဲ့ချန်၊ မင်ဝူနှင့် နင်ချင်းယွင်တို့က ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ကြသည်။ ငုံ့ကြည့်လိုက်သောအခါ ကျွန်းက အက်ကြောင်းများထင်လာ၍ ပင်လယ်အတွင်း ဖြည်းဖြည်းချင်းနစ်မြုပ်နေသည်။ ကောင်းကင်ပေါ်ရှိ အစီအရင်ကလည်း တဖြည်းဖြည်းပြိုကျလာ၍ လေထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။
"ဝုန်း"
ကျွန်းတစ်ခုလုံး နစ်မြုပ်သွားသောအခါ ဆူနာမီလှိုင်းလုံးကြီးတစ်ခု ဖြစ်တည်လာသည်။ ဧရာမရေလှိုင်းကြီးက ကမ်းကပ်ထားသော ရှီဝူအင်ပါယာ၏ဧရာမလှေကြီးနှင့် နန်မန်တိုင်းပြည်၏တိုက်လှေကြီးကို ပင်လယ်ရေအောက်သို့ ရောက်သည်အထိ ရိုက်ခတ်သွားခဲ့သည်။
ကျွန်းပေါ်ရှိငှက်များစွာကလည်း ဆက်တိုက်အော်မြည်ကာ ကောင်းကင်သို့ အုပ်လိုက်ပျံတက်လာကြ၏။ ဤဖြစ်ရပ်က ကမ္ဘာပျက်သကဲ့သို့ဖြစ်ကာ ကြောက်မက်ဖွယ် သတိပေးချက်တစ်ရပ်ပမာ ဖြစ်ပေါ်လာသည်။
"ကန့်သတ်ဒေသက ဘာလို့ပျက်စီးသွားရတာလဲ"
မင်ဝူနှင့်နောက်လိုက်များက တုန်လှုပ်စွာ တွေးမိလိုက်ကြသည်။ သူတို့က ယဲ့ချန်ကို တစ်ချက်ခိုးကြည့်လိုက်မိသည်။ ဤကိစ္စ၏အကြောင်းအရင်းကို ယဲ့ချန် သေချာပေါက်သိနေနိုင်သော်လည်း မည်သူမှမမေးရဲကြပေ။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်သည်။ ပင်လယ်ရေအောက်တွင် ဟိုမှသည်ကူးခတ်နေသော ဝူစီက သူ၏အာရုံအတွင်း ဝင်ရောက်လာခဲ့သည်။ သူက ဝူစီထံမှ ရှောင်ရိကိုရှာဖွေနေသည်ဟူသော သတင်းတစ်ခု ရလိုက်သည်။
ဝူစီက သူမြင်ခဲ့ရသမျှကို ယဲ့ချန်ထံ ပို့ပေးလိုက်သည်။ ဝိညာဥ်ပုလဲက ကျွန်း၏အစီအရင်ကိုထိုးဖောက်ပြီး ကျွန်းပြိုကျခြင်းမှ လွတ်မြောက်သွားနိုင်ခဲ့သည်။ ဝူစီက ဤမျှမသန်မာသော်လည်း အင်မော်တယ်နီးပါးမာကျောသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ တစ်စုံတစ်ယောက်က ဝူစီကိုသတ်လိုလျှင် အလွန်ကြိုးစားရပေမည်။ ယဲ့ချန်သည်ရှောင်ရိကို တွေ့လိုတွေ့ငြားဖြင့် ဝိညာဥ်ပုလဲကို နောက်ယောင်ခံလိုက်ရန် အမိန့်ပေးလိုက်သည်။
"သွားကြစို့။ ငါတို့ ဒီနေရာကထွက်သွားပြီးရင် ကိစ္စတွေကို ဆွေးနွေးကြတာပေါ့"
ယဲ့ချန်က ပြောလိုက်သည်။ ရှီဝူအင်ပါယာ၏လှေကြီးက ကျွန်းပျက်စီးမှုကြောင့် ပင်လယ်၏ဝါးမျိုခြင်း ခံလိုက်ရသည်။ ကံကောင်းစွာဖြင့် သူတို့ဘက်တွင် နေမီးတောက်ငှက်နှင့် နေလင်းယုန်တို့ ရှိနေခဲ့သည်။
လူတိုင်းက ရေအောက်သို့ ဖြည်းညှင်းစွာနစ်မြုပ်သွားသော ကန့်သတ်ဒေသကျွန်းတစ်ခုလုံးကို ငုံ့ကြည့်လိုက်မိကြသည်။ ကန့်သတ်ဒေသပျက်စီးသွားခြင်း၏ အကျိုးဆက်များကို သူတို့လည်း မတွေးတတ်ပေ။ ဤဖြစ်ရပ်က တိုင်းပြည်များကြား ဟန်ချက်ညီမှုကို ပျက်စီးသွားစေနိုင်သည်။ သို့သော် သူတို့အနေဖြင့် ရှီဝူအင်ပါယာသို့ပြန်သွားရန် တစ်ခုသာ တတ်နိုင်လေသည်။
ယဲ့ချန်က ကျန့်ရင်နှင့် ဧကရာဇ်မင်ကို တွေးလိုက်မိသည်။ ရှေးဟောင်းအုတ်ဂူက ဤဖြစ်ရပ်ဆိုးမှလွတ်မြောက်နိုင်ပါ့မလားဟု အတွေးနက်သွားခဲ့သည်။ လက်ရှိတွင် ကန့်သတ်ဒေသကျွန်းက ရေအောက်သို့ရောက်သွားသောအခါ ဧကရာဇ်မင်နှင့် သူ၏ဓားက ပင်လယ်ကြမ်းပြင်တွင် စံရမည့်ကိန်းဖြစ်နေခဲ့သည်။ ယဲ့ချန်သည် ဧကရာဇ်မင်၏အလောင်းကို နှစ်ပေါင်းများစွာစောင့်ရှောက်ပေးခဲ့သော သစ္စာရှိနောက်လိုက် ကျန့်ရင်အကြောင်း တွေးမိသောအခါ ခေါင်းကိုငုံ့၍ လေးစားစွာ အရိုအသေပေးလိုက်သည်။
ဧရာမငှက်ကြီးနှစ်ကောင်က လူတိုင်းကိုသယ်ဆောင်ပြီး ကောင်းကင်ထက်တွင် ပျံသန်းနေသည်။
"မင်းကြီး..."
ယဲ့ချန်က တစ်စုံတစ်ခုပြောရန် ကြိုးစားလိုက်သည်။
"မင်းက ငါ့ကို ရယ်စရာဖြစ်အောင် လုပ်နေပြီ မိတ်ဆွေလေးယဲ့ချန်။ ငါ့ကို မင်းကြီးလို့မခေါ်ဘဲ မင်းနဲ့အဆင့်တူလို့သာ သဘောထားလိုက်ပါ"
မင်ဝူ၏လေသံက ရှေးယခင်ကနှင့်မတူ ကွဲပြားခြားနားနေခဲ့သည်။
"ကောင်းပြီ။ ကန့်သတ်ဒေသပျက်စီးသွားတဲ့ အကြောင်းက ဘာတွေဖြစ်လာနိုင်မလဲဆိုတာ မသိဘူး။ ကျုပ်တို့ ရှီဝူအင်ပါယာကို ပြန်ရောက်ရင် ကြိုတင်ပြင်ဆင်ထားရမယ်။ ကျုပ်က ပင်လယ်ဒေသမှာနေခဲ့ပြီး အချိန်ခဏကြာမှ ပြန်လာခဲ့မယ်"
ယဲ့ချန်က ဝူစီနှင့်အတူ ရှောင်ရိကို လိုက်လံရှာဖွေချင်နေခဲ့သည်။ သူက ရှောင်ရိအန္တရာယ်ကင်းကြောင်း သိရသောအခါတွင်မှ စိတ်အေးနိုင်ပေမည်။
"သူတို့နဲ့အတူပြန်သွားလိုက်။ ပြဿနာတစ်ခုခုဖြစ်ရင် အကောင်းဆုံးကူညီပေး"
ထို့နောက် သူက နင်ချင်းယွင်ဘက်လှည့်ကာ အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီ"
နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ယဲ့ချန်က နေလင်းယုန်ကိုစီးနင်းပြီး ရှီဝူအင်ပါယာ၏အဖွဲ့နှင့် လမ်းခွဲထွက်ခဲ့သည်။ ခဏအတွင်း နေမီးတောက်ငှက်က မိုးကုပ်စက်ဝိုင်းအတွင်း ပျံသန်းဝင်ရောက်သွားလေသည်။
ယဲ့ချန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ နေလင်းယုန်ကို အမိန့်ပေးလိုက်သည်။ ထို့နောက် နေလင်းယုန်က ပင်လယ်၏မြောက်ပိုင်းသို့ ဦးတည်ပျံသန်းလိုက်သည်။
ယဲ့ချန်က ဝူစီ၏နောက်မှလိုက်ပါသွားကာ ကီလိုဂရမ်များစွာ ခရီးနှင်လိုက်၏။ ဝူစီက အလွန်လျင်မြန်သောကြောင့် နေလင်းယုန်ပင်လျှင် အမြဲတမ်းအမီမလိုက်နိုင်ချေ။ ဝူစီက အကင်းပါးစွာဖြင့် လမ်းတွင်ရပ်တန့်ပြီး နေလင်းယုန်ကို မကြာခဏ စောင့်ဆိုင်းပေးရတတ်သည်။
မြောက်ပင်လယ်တွင် အရိုးကွဲလောက်အောင်အေးသော ရေခဲလေများ ဖြတ်သန်းတိုက်ခတ်နေခဲ့သည်။ သာမန်လူများဆိုလျှင် ဤလေကြောင့် ရေခဲရုပ်တုများ ဖြစ်သွားနိုင်သည်။ သို့သော် ယဲ့ချန်၏ကောင်းကင်ချီများက သူ့ကို အအေးဒဏ်မှ ကာကွယ်ပေးထားနိုင်သည်။ ဤရာသီဥတုအခြေအနေက ရေခဲမှော်ကျင့်စဥ်ကျင့်ကြံရန် အကောင်းဆုံးဖြစ်ပေသည်။
ဝူစီက တစ်နေရာတွင်ရပ်တန့်နေပြီး သူ၏မြင်ကွင်းက ယဲ့ချန်၏စိတ်အတွင်း ဝင်ရောက်လာခဲ့သည်။ ပင်လယ်ရေအောက်အနက်ပိုင်းတွင် အံ့သြစရာများ ဖြစ်တည်နေသည်။ ထိုနေရာတွင် နန်းဆောင်များ တည်ဆောက်ထားပြီး ပင်လယ်မိစ္ဆာအစောင့်များက ရှေ့မှနောက်ကူးခတ်နေကြသည်။ ဤနေရာက ထန်တိုက်လင်၏တိုင်းပြည် ဖြစ်နိုင်သည်။
ဝိညာဥ်ပုလဲက ပင်လယ်အတွင်း ခရီးနှင်လာပြီးနောက် အလွန်နက်ရှိုင်းသော ပင်လယ်ရေအောက် ချောက်နက်တစ်ခုအတွင်း ဆင်းသက်သွားခဲ့သည်။
ဝူစီသည် ဝိညာဥ်ပုလဲ၏ဘေးတွင်ရပ်၍ သူ၏လက်တံများဖြင့် ၎င်းကိုထိရန် ကြိုးစားနေခဲ့သည်။ ဝိညာဥ်ပုလဲက အလင်းရောင်ခပ်မှိန်မှိန်ထွက်ပေါ်နေပြီး အတွင်းမှ စကားသံအချို့ ထွက်ပေါ်နေလေသည်။
***