သမာဓိရွှေဓား
Vol. 19 Ch. 265
"ရှောင်ရိ အမှောင်ရေဘဝဲက ဘာလို့ ငါတို့နောက်ကလိုက်လာတာလဲ"
အဘိုးအိုတစ်ယောာက်၏အသံက ဝိညာဥ်ပုလဲမှ ထွက်ပေါ်လာသည်။
"ဝူစီက ငါ့သူငယ်ချင်းပါ"
ကလေးသံတစ်ခု ပြန်လည်ထွက်ပေါ်လာသည်။
ဤအသံက ရှောင်ရိ၏အသံဖြစ်သည်။ သူက ဝိညာဥ်ပုလဲအတွင်း အသက်ရှင်နေသည်။
ယဲ့ချန်သည် ဝူစီထံမှတဆင့် ရှောင်ရိ၏အသံကို ကြားသောအခါ မျက်လုံးများ တောက်ပလာသည်။ ဤတွေ့ရှိမှုက သူ့ကို အလွန်ပျော်ရွှင်သွားစေခဲ့သည်။ ရှောင်ရိသာ အသက်ရှင်နေလျှင် အရာအားလုံး အဆင်ပြေပြီဖြစ်သည်။ ယဲ့ချန်၏စိတ်အတွင်းမှ လေးလံမှုက ချက်ချင်းပေါ့ပါးသွားပြီးနောက် ဝိညာဥ်ပုလဲအတွင်းမှ အဘိုးအိုအကြောင်း သိချင်စိတ်ဖြစ်ပေါ်လာသည်။
"ဒီလိုလား။ အမှောင်ရေဘဝဲတစ်ကောင်က လောကစိတ်ဝိညာဥ် သတ္တဝါတစ်ကောင်ဖြစ်တယ်။ သူသာ အရွယ်ရောက်သွားရင် ငါ့အကောင်းဆုံးအခြေအနေနဲ့တောင် ကြောက်စရာကောင်းနေလိမ့်မယ်။ ပြီးတော့ ဒီကောင်လေးက ရေချီတွေကိုအသုံးပြုပြီး လောကကြီးကပ်စိုက်အောင်တောင် လုပ်နိုင်တယ်။ ပြီးတော့ မင်းက သူ့အကူအညီနဲ့ ရတနာတွေလည်း လိုက်ရှာနိုင်တယ်။ မင်းနဲ့ အမှောင်ရေဘဝဲတစ်ကောင် သူငယ်ချင်းဖြစ်နေတဲ့အချက်က တကယ်ကောင်းမွန်တယ်။ မင်းရဲ့ဆရာအနေနဲ့ ငါကလည်း မင်းကို ကောင်းကောင်းဆက်ဆံပေးမယ်"
အဘိုးအို၏စကားသံကို ကြားသောအခါ ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်ရိက ထိုလူကို ဆရာအဖြစ် လက်ခံလိုက်ပုံပေါ်သည်။ ခဏတာတွေးပြီးနောက် ယဲ့ချန်သည် ဝိညာဥ်ပုလဲအတွင်း နေထိုင်နိုင်သူက အစွမ်းအချို့ပိုင်ဆိုင်ထားရမည်ဟု ကောက်ချက်ချလိုက်သည်။ အကယ်၍ ရှောင်ရိသာ ဤကျင့်ကြံသူမျိုး၏လမ်းညွှန်မှုကိုရလျှင် ကောင်းကျိုးများသာ ရှိသည်။ ယဲ့ချန်သည် ဤကပ်ဘေးမှ ရှောင်ရိအတွက် အမြတ်ထွက်နိုင်သော အခြေအနေတစ်ခုဖြစ်လာ၍ ကျေနပ်နေခဲ့သည်။
"ဝိညာဥ်ပုလဲက လိပ်ပြာလက်နက်တစ်ခု ဖြစ်တယ်။ လိပ်ပြာလက်နက်တစ်ခုက သုံးနှစ်အတွင်း ကောင်းကင်ကပ်ဘေးတစ်ခုကို ဆွဲဆောင်နိုင်တယ်။ ဒီရေအောက်ချောက်နက်က နည်းနည်းထူးခြားတော့ ဝိညာဥ်ပုလဲရဲ့အရှိန်အဝါကို အချိန်ခဏလောက် ဖုံးကွယ်ထားပေးနိုင်လိမ့်မယ်။ ကျောက်စိမ်းနန်းတော်က နှစ်ပေါင်းငါးဆယ်မှ တစ်ခါဖွင့်တာ နာသကွာ။ အဲ့နေရာလောက် လုံခြုံတဲ့နေရာမရှိဘူးကွ။ ငါက နောက်ထပ်နှစ်ပေါင်းငါးဆယ်လောက် ကောင်းကင်ကပ်ဘေးကို ဘယ်လိုရှောင်လွှဲရတော့မှာလဲ။ တစ်နေ့မှာ ကောင်းကင်ကပ်ဘေး ကျရောက်လာရင် ငါ တစ်ခုခုဖြစ်သွားနိုင်တယ်။ ဒါကြောင့် နှစ်လအတွင်း ငါသိသမျှ မင်းကိုသင်ပေးမယ်။ မင်းက သေသေချာချာသင်ယူရမယ်နော်"
"စိတ်ချပါ ဆရာ"
"မင်းက အစွမ်းထက်လာတဲ့အခါကျရင် ဆရာ့အတွက် လက်စားချေပေးပါ"
ဆရာတပည့်နှစ်ယောက်၏ စကားသံများ ထွက်ပေါ်နေသော ဝိညာဥ်ပုလဲက ရေအောက်ချောက်နက်အတွင်း တည်ရှိနေသည်။
ရှောင်ရိက ဆရာတစ်ယောက်၏လက်အောက်တွင် ပညာသင်မည်ဖြစ်သောကြောင့် ယဲ့ချန်က ပင်လယ်တွင် နှစ်လထပ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။
သူက နေလင်းယုန်ကို ထိန်းချုပ်ရှာဖွေလိုက်သောအခါ မနီးမဝေးတွင် ကျွန်းတစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၏အချင်းက မီတာတစ်ရာကျော်သာရှိသော်လည်း တောင်ကုန်းလေးတစ်ခုရှိနေသဖြင့် သူ့အတွက် နှစ်လနေထိုင်ရန် လုံလောက်သည်။
ဝိညာဥ်ပုလဲအတွင်းမှ အဘိုးအိုသည် လိပ်ပြာလက်နက်၏ပိုင်ရှင် ဖြစ်နိုင်သည်။ အကယ်၍ ထိုလူကသာ ရှောင်ရိကို ကျင့်စဥ်တစ်ခု အမှန်တကယ်သင်ကြားပေးနိုင်လျှင် ယဲ့ချန်က သူ့ကို ကျောက်စိမ်းနန်းတော်သို့ ပြန်လည်ပို့ဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာက နှစ်ပေါင်းငါးဆယ်မှ တစ်ကြိမ်ပွင့်သော်လည်း ထျန်းယွမ်၏ခွင့်ပြုချက်ရထားသော ယဲ့ချန်က စိတ်တိုင်းကျ ဝင်ထွက်သွားလာနိုင်သည်။
လက်ရှိတွင် သူက ကျွန်းလေးတစ်ခုပေါ်တွင် ကျင့်ကြံနေခဲ့သည်။ နေလင်းယုန်က ကျွန်းပေါ်သို့ဆင်းသက်လိုက်ပြီး သူက အစားအစာအချို့ စားသောက်လိုက်သည်။ ထို့နောက် ကျောက်ပြားတစ်ချပ်ပေါ်တွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ ယဲ့ချန်သည် ပတ်ဝန်းကျင်ကိုအာရုံခံနေပြီး ပင်လယ်လေညှင်းလေး တိုက်ခတ်သွားသောအခါ လောကကြီးနှင့် တစ်သားတည်းဖြစ်သကဲ့သို့ပင်။
ယဲ့ချန်သည် သူသတိလစ်နေစဥ်အတွင်း ကိုယ်တွင်းမိစ္ဆာက အလွန်သေးငယ်သော ပမာဏအထိ ချေမှုန်းခံလိုက်ရကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင် ပုံရိပ်ယောင်ပုလဲ၏ စွမ်းအင်အချို့လည်း တည်ရှိနေသည်။ ထို့ကြောင့် သူသတိလစ်နေစဥ် ၎င်းက သူ့ကိုကုသပေးခဲ့ပြီး အမွေးပွလေးအသက်ရှင်သည်ဟူသော ယူဆချက်က ပိုမိုခိုင်မာလာခဲ့သည်။
ဤအတွေးက ယဲ့ချန်ကို စိတ်အေးသွားပြီး အထီးကျန်လူတစ်ယောက်ပမာ ခံစားရခြင်းမှ လွတ်မြောက်သွားစေခဲ့သည်။
"အမွေးပွလေး ငါ မင်းကိုလွမ်းတယ်"
သူက ဝိညာဥ်အသိစိတ်ဖြင့် လောကကိုအာရုံခံနေစဥ် ပင်လယ်လေညှင်းနှင့်အတူ အမွေးပွလေး၏စကားသံ လွင့်ပျံလာသည်ဟု ထင်မှတ်လိုက်သည်။
ယဲ့ချန်က အခြေအနေတစ်ခုသို့ ဝင်ရောက်သွားကာ အချိန်များ ရပ်တန့်သွားသယောင် ခံစားလိုက်ရသည်။ သူ၏ကိုယ်တွင်းရှိ ကောင်းကင်ချီများကိုလည်ပတ်၍ ကျင့်ကြံဆင့်ကို အခြေတည်အောင် ပြုလုပ်လိုက်သည်။ အတိတ်တွင် သူ၏အထင်၌ ကောင်းကင်ဝိဇ္ဇာများက အစွမ်းထက်သူများဖြစ်ကြသည်။ သို့သော် အမှောင်ဝိညာဥ်၊ ထန်တိုက်လင်နှင့် ကျန့်ရင်တို့ကိုရင်ဆိုင်ပြီးချိန်၌ သူ၏လမ်းကြောင်းတွင် များစွာလျှောက်လှမ်းရန် လိုအပ်ဆဲဖြစ်ကြောင်း နားလည်လိုက်သည်။
ထို့နောက် ယဲ့ချန်သည် ကျင့်ကြံဆင့်က တစ်ရက်တည်းတစ်ညတည်း ခုန်တက်သွားနိုင်သော အရာမဟုတ်သည်ကို သဘောပေါက်သဖြင့် ကြယ်တာရာကျင့်စဥ်ကို ဆင်ခြင်နေလိုက်သည်။
ယဲ့ချန်က ကျွန်းလေးပေါ်တွင် ကျင့်ကြံပြီး ဆယ်ရက်အကြာတွင် နေလင်းယုန်ကို ရှီဝူအင်ပါယာသို့ စေလွှတ်ခဲ့သည်။ ထို့နောက် ၎င်းက ရှီဝူအင်ပါယာတွင် ပြဿနာမရှိကြောင်း သတင်းတစ်ခုနှင့် အစားအသောက်များကို သယ်ဆောင်ပြီး ပြန်လည်ရောက်ရှိလာခဲ့သည်။
ဝိညာဥ်ပုလဲသည်လည်း ရေအောက်ချောက်နက်အတွင်း အနည်းငယ်မျှလှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်နေခဲ့သည်။
ဆယ့်ခြောက်ရက်မြောက်နေ့တွင် ယဲ့ချန်သည် တစ်စုံတစ်ခုမူမမှန်ကြောင်း သတိထားမိလိုက်သည်။ ပင်လယ်လေအတွင်း စွမ်းအင်အချို့ပါဝင်လာသည်ကို သူက ရုတ်တရက်ခံစားလိုက်ရ၏။ အဝေးသို့မျှော်ကြည့်လိုက်သောအခါ မိုးကုပ်စက်ဝိုင်းတွင် ရွက်တိုင်၁၆ခုကျော်နှင့် ဧရာမလှေကြီးတစ်စင်းက ကျွန်းထံသို့ ဦးတည်လာနေကြောင်း တွေ့ခဲ့သည်။
လှေက အလွန်ဝေးနေသောကြောင့် ဝိညာဥ်အသိစိတ်ဖြင့် ၎င်းကို မစစ်ဆေးနိုင်ချေ။ ခဏတာစဥ်းစားပြီးနောက် ယဲ့ချန်သည် နေလင်းယုန်ကို အမိန့်တစ်ခုပေးလိုက်၏။
နေလင်းယုန်က ချက်ချင်းပင် အဝေးရှိလှေကြီးထံ ပျံသန်းသွားခဲ့သည်။ ဧရာမလှေကြီးက မီတာနှစ်ဆယ်မှသုံးဆယ်အထိ ရှည်လျားပြီး ခြောက်မီတာခန့်ကျယ်သည်။ ကုန်းပတ်ပေါ်တွင် အနက်ရောင်ဝတ်စုံကိုယ်စီနှင့် လူနှစ်ယောက် ရှိနေသည်။ သူတို့၏ဝတ်စုံများက ယဇ်ပူဇော်တတ်သော မျိုးနွယ်များမှ နတ်ဆရာများနှင့်တူညီသည်။ ရွက်ကြီးများပေါ်တွင် အလွန်ကြီးမားသော ရွှေရောင်ဓားကြီးတစ်လက်အလံကို ရေးဆွဲထားလေသည်။
ယဲ့ချန်က မျက်လုံးကို မှိတ်လိုက်သောအခါ နေလင်းယုန်၏မြင်ကွင်းက အစားထိုးဝင်ရောက်လာခဲ့သည်။
ကုန်းပတ်ပေါ်မှ လူနှစ်ယောက်ကလည်း နေလင်းယုန်ကို သတိထားမိသွားခဲ့ကြသည်။
"အစ်ကိုချီနန် ဒီနေလင်းယုန်က ကောင်းကင်အဆင့် မှော်သားရဲတစ်ကောင်ဖြစ်ရမယ်။ လှေပေါ်မှာ စက်ဝိုင်းပုံပျံသန်းနေတာကို ကြည့်ရရင် တစ်ယောက်ယောက်ရဲ့သားရဲ ဖြစ်မယ်ထင်တယ်"
ကျောတွင် လေးတစ်လက်လွယ်ထားသော အရှည်ရှည် ပိန်ပိန်ပါးပါးလူက ပြောလိုက်သည်။
"ညီလေးလင်ချိုး မင်း ဒါကိုပစ်ချနိုင်မလား"
ချီနန်က မျက်မှောင်ကြုတ်၍ မသာမယာလေသံဖြင့် ပြောလိုက်သည်။
"ကျုပ်ပစ်နိုင်ပါတယ်။ ဒါပေမယ့် ပိုင်ရှင်ကို စော်ကားသလို ဖြစ်သွားလိမ့်မယ်"
လင်ချိုးကခေါင်းညိတ်၍ ဖြေသည်။ သူ၏ရာထူးအဆင့်အတန်းက ချီနန်လောက်မမြင့်သဖြင့် ကောင်းမွန်စွာ ပြန်ဖြေလိုက်ခြင်းဖြစ်သည်။
"သမာဓိကောင်စီ အလုပ်လုပ်နေတာကို ဘယ်သူက ကြားဝင်နှောင့်ယှက်ရဲမှာလဲ။ ပိုင်ရှင်က သမာဓိရွှေဓားအလံကို မြင်ပြီးတာတောင် နေလင်းယုန်ကို ပြန်မခေါ်ဘူး။ ဒါက သမာဓိကောင်စီကိုစော်ကားနေတာ မဟုတ်ဘူးလား။ ပစ်ချလိုက်"
ချီနန်က အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ သူ၏အမူအရာက အလွန်မောက်မာကာ မာနကြီးခြင်းကို ဖော်ဆောင်နေသည်။
ချီနန်သည် လင်ချိုးနှင့်အဆင့်တူ ဆန်းကျယ်ဝိဇ္ဇာ အလယ်အဆင့်တစ်ယောက်ဖြစ်သော်လည်း သူ၏အဖေက သမာဓိကောင်စီတွင် ရာထူးမြင့်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက နောက်ခံအားကိုးဖြင့် လင်ချိုးကို အမိန့်ပေးလိုက်ခြင်းပင်။
"ကောင်းပါပြီ"
လင်ချိုးက ကျောမှလေးကိုဖြုတ်ယူကာ မြှားတစ်ချောင်း တပ်ဆင်လိုက်သည်။ ထို့နောက် လေးကြိုးနှင့်အတူ သူ၏ခန္ဓာကိုယ်ပါ ကိုင်းညွှတ်သွား၍ ကောင်းကင်ချီများ ပေါင်းစပ်နေသည်။ လေးကြိုးထံမှ ဝှစ်ခနဲမြည်သွားပြီး မြှားက ကောင်းကင်တွင်ပျံသန်းနေသော နေလင်းယုန်ထံ ရုတ်တရက်ဝင်ရောက်သွားခဲ့သည်။ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက် ပစ်လိုက်သော မြှားဖြစ်၍ ၎င်းက အလွန်မြန်ဆန်နေသည့်အပြင် ကောင်းကင်မှ သက်တန့်တစ်ခုပမာ ထင်မှတ်ရလေသည်။
နေလင်းယုန်၏မျက်လုံးများမှတဆင့် ယဲ့ချန်က မြှားကို သတိပြုမိလိုက်၏။
"မကောင်းတော့ဘူး"
သူသည် လှေပေါ်ရှိလူများက ဤမျှမောက်မာရက်စက်မည်ဟု ထင်မထားပေ။ နေလင်းယုန်ကိုအသိမပေးဘဲ လုပ်ကြံလာသောအခါ သူက ၎င်းကိုထိန်းချုပ်၍ နောက်ပြန်ဆုတ်စေခဲ့သည်။
နေလင်းယုန်က ယဲ့ချန်၏ထိန်းချုပ်မှုဖြင့် အောက်သို့ထိုးစိုက်လိုက်သောအခါ မြှားက ပွတ်ကာသီကာလွဲချော်သွားခဲ့သည်။ ထို့နောက် နေလင်းယုန်က ယဲ့ချန်ရှိသောကျွန်းထံ လျင်မြန်စွာပြန်လာခဲ့သည်။
လင်ချိူးသည် နေလင်းယုန်က သူ၏ပစ်ချက်ကို ရှောင်နိုင်သည်အထိ ဉာဏ်ကောင်းနေမည်ဟု ထင်မထားပေ။
"ညီလေးလင်ချိုးရဲ့ လေးပညာက ပိုပိုပြီးကောင်းလာပါလား"
ချီနန်က လှောင်ပြောင်လိုက်သည်။
"ဒီမှော်သားရဲကမြှား ကိုရှောင်တိမ်းတတ်ဖို့ ဉာဏ်ရှိမယ်ဆိုတာကို မသိထားလိုက်လို့ပါ။ ဒါပေမယ့် ထွက်ပြေးချင်ရင် ဒီလောက်မလွယ်ဘူး"
ရှက်ရွံ့မှုကြောင့် ဒေါသဖြစ်လာသော လင်ချိုးက မြှားများစွာကို တရစပ်ပစ်ခတ်လိုက်သည်။ မြှားများက နေလင်းယုန်နောက်သို့ လျင်မြန်စွာလိုက်ပါလာကြသည်။
ယဲ့ချန်သည် နေလင်းယုန်ကို နောက်ဆုတ်စေခဲ့သော်လည်း တစ်ဖက်လူမှ လွန်ကျူးစွာဖြင့် မြှားနှင့်ပစ်ခတ်လာပြန်သည်။ သူ၏မျက်နှာက ဒေါသကြောင့် မည်းနက်သွားခဲ့သည်။
နေလင်းယုန်သည် ဘယ်ညာယိမ်း၍ မြှားနှစ်ချောင်းကို ရှောင်တိမ်းလိုက်သည်။ သို့သော် နောက်ထပ်မြှားတစ်ချောင်းက ၎င်း၏ညာတောင်ပံကို ဖောက်ဝင်လာခဲ့သည်။ နေလင်းယုန်မှာ သွေးများစီးထွက်လာသဖြင့် နာကျင်စွာအော်ဟစ်နေခဲ့သည်။ ၎င်းက ပြုတ်ကျလုနီးပါးဖြစ်နေသော်လည်း အားတင်းပြီး သခင်ထံ ဆက်လက်ပျံသန်းသွားခဲ့သည်။
နေလင်းယုန်ကို မြှားတစ်ချောင်း ထိမှန်ခဲ့သော်လည်း လွတ်မြောက်သွားသောအခါ လင်ချိုး၏မျက်နှာက ပို၍သုန်မှုန်နေခဲ့သည်။
နေလင်းယုန်က သနားစဖွယ်အော်မြည်၍ ကျွန်းပေါ်သို့ ဆင်းသက်လိုက်၏။ ယဲ့ချန်က မျက်မှောင်ကြုတ်၍ စိတ်ထဲတွင် ဒေါသထွက်နေခဲ့သည်။ လှေပေါ်မှလူနှစ်ယောက်က ရက်စက်ကာ အကြင်နာခေါင်းပါးသူများ ဖြစ်သည်။ သူက နေလင်းယုန်ကို ပြန်လည်ဆုတ်ခွာစေခဲ့သော်လည်း အသေသတ်ရန် ကြိုးစားလာကြသည်။
လှေပေါ်မှထွက်လာသော မြှားများကြောင့် ယဲ့ချန်သည် ရန်သူမှာ ဆန်းကျယ်ဝိဇ္ဇာများဖြစ်ကြောင်း သိခဲ့သည်။ သူက ပြဿနာမရှာချင်သော်လည်း အဆင်မပြေခဲ့။ နေလင်းယုန်၏ညာတောင်ပံကို မြှားတစ်ချောင်းစိုက်ဝင်နေပြီး သွေးများ အဆက်မပြတ်ယိုစီးထွက်နေခဲ့သည်။ ၎င်း၏အခြေအနေက ယဲ့ချန်ကို ဒေါသပေါက်ကွဲသွားစေသည်။
"နေလင်းယုန်က မြှားနှစ်ချောင်းကိုရှောင်ပြီး လွတ်မြောက်သွားတယ်ဆိုတော့ တော်တော်အသိဉာဏ်ရှိတယ်။ ဒီကောင့်ရဲ့ပိုင်ရှင်ကလည်း သေချာပေါက်ထူးခြားရမယ်"
လင်ချိုးက မှတ်ချတ်ပြုလိုက်သည်။ သူက မြှားပေါင်းစွာဖြင့်ပစ်ခတ်ခဲ့သော်လည်း ပစ်မှတ်က လွတ်မြောက်သွားသောအခါ အရှက်ရှစရာပင်။
"ကြည့်ရတာ ဒီလင်းယုန်ရဲ့သခင်က ဟိုကျွန်းပေါ်မှာရှိနေပုံပဲ။ ဒါက ကောင်းကင်သားရဲလား လူလားဆိုတာကို ငါ သိချင်တယ်"
ချီနန်က အဝေးရှိကျွန်းလေးပေါ်မှ ပုံရိပ်နှစ်ခုကို တွေ့ရှိသွားခဲ့သည်။ သမာဓိကောင်စီ၏အဖွဲ့သားများအနေဖြင့် ကောင်းကင်သားရဲများစွာကို မြင်ဖူးထားကြသည်။ ကောင်စီအတွင်း၌ပင် အဖွဲ့ဝင် ကောင်းကင်သားရဲများ ရှိနေသည်။
အမှန်စင်စစ် သူတို့က သမာဓိကောင်စီ၏နာမည်နှင့် မောက်မာနေကြသော်လည်း အဖွဲ့ခွဲတစ်ခု၏ အဖွဲ့ဝင်များသာဖြစ်သည်။ သူတို့၏တာဝန်က တိုင်းပြည်ငယ်များကိုသာ လှည့်လည်စစ်ဆေးရန်ဖြစ်ပြီး ဤတစ်ခေါက် ကန့်သတ်ဒေသတွင် ပြဿနာဖြစ်နေသောကြောင့် လာရောက်စုံစမ်းခြင်းဖြစ်၏။ အမှန်တကယ်အာဏာရှိသော ပင်မကောင်စီက သူတို့ကို အသေအချာစစ်ဆေးရန် အမိန့်ပေးထားသည်။ အကယ်၍ ပြဿနာတစ်ခုခုဖြစ်ပွားလျှင် နှစ်ယောက်လုံးခေါ င်းပြတ်ရပေလိမ့်မည်။
သူတို့သည် နေလင်းယုန်၏ပိုင်ရှင်က အစွမ်းထက်သူဟုတ်မဟုတ် မခွဲခြားနိုင်ခဲ့ပေ။ သို့သော် ကျင့်ကြံသူတိုင်းက သမာဓိရွှေဓားကိုမြင်လျှင် လျင်မြန်စွာ လမ်းဖယ်ပေးတတ်ကြသည်။ ထို့ကြောင့် ချီနန်နှင့်လင်ချိုးက အကြောက်အလန့်မရှိ မောက်မာရဲနေကြခြင်းဖြစ်သည်။
"ဒီကောင့်ကို ထားလိုက်တော့။ ကန့်သတ်ဒေသဆီကို အရှိန်အပြည့်တင်ကြ"
ချီနန်က အမိန့်ပေးလိုက်လေသည်။
***