မင်းရဲ့သင်္ဘောကိုလည်း ပြန်မြုပ်ပစ်မယ်
Vol. 19 Ch. 266
ချီနန်သည် သမာဓိကောင်စီ၏အကြီးအကဲများ၊ နတ်ဝိဇ္ဇာများနှင့် နတ်ဘုရင်သားရဲများမှလွဲလျှင် အားလုံးကို စက်ဆုပ်ရွံရှာဖွယ်အလား သဘောထားတတ်သူဖြစ်သည်။ သမာဓိကောင်စီ၏အရှိန်အဝါဖြင့် သူက အရှေ့ပိုင်းတိုက်ကြီးတွင် အရာအားလုံး ချောမွေ့နေခဲ့သည်။ ထို့ကြောင့် ချီနန်၊ လင်ချိုးနှင့် အခြားလူများမှာ စိန်နားကပ်အရောင်ကြောင့် ပါးပြောင်သည်ကို မေ့လျော့ကာ အာဏာရှင်ကြီးများသဖွယ် ပြုမူကြလေသည်။
ယဲ့ချန်၏သားရဲက ကောင်းကင်အဆင့်ဖြစ်သောကြောင့် သူ့ကိုအစွမ်းမထက်ဟု ချီနန်တို့က သတ်မှတ်လိုက်ကြသည်။ နတ်ဘုရင်အဆင့်သားရဲများနှင့် နတ်ဝိဇ္ဇာများက ကောင်းကင်အဆင့် မှော်သားရဲတစ်ကောင်ကို အချိန်ကုန်ခံ မွေးမြူကြမည်မဟုတ်ပေ။
လှေကြီးသည် ယဲ့ချန်ရှိနေသော ကျွန်း၏စက်ကွင်း မီတာတစ်ထောင်အတွင်းမှ ဖြတ်ကျော်သွားခဲ့သည်။ လူနှစ်ယောက်က ကုန်းပတ်ပေါ်တွင်ရပ်ပြီး ကျွန်းကို စိုက်ကြည့်နေကြသည်။
"ဒီကောင်တွေ ဘယ်ကရောက်လာတာလဲ။ မောက်မာလှချည်လား။ ငါ့သားရဲကို ဒဏ်ရာရအောင်လုပ်ပြီးတာတောင် မောက်မာပြနေတယ်"
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ချီနန်နှင့်လင်ချိုး၏ မျက်နှာအမူအရာများကို တွေ့လိုက်ရသည်။ သူက ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်။
တစ်ဖက်တွင် ဆန်းကျယ်ဝိဇ္ဇာအလယ်အဆင့် နှစ်ယောက်ဖြစ်သောကြောင့် ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က ဆန်းကျယ်ဝိဇ္ဇာ စဦးအဆင့်ဖြစ်နေသောအခါ နှစ်ယောက်တစ်ယောက်တိုက်ခိုက်ရန် မလွယ်ချေ။ သူ၏အကြည့်က ရွက်များပေါ်တွင်ရေးဆွဲထားသော ရွှေဓားပုံထံ ကျရောက်သွားခဲ့သည်။ ဤသင်္ကေတက မည်သည့်ကိုကိုယ်စားပြုကြောင်း သူ မသိပေ။
လှေကြီးက ရည်ရွယ်ချက်ရှိရှိဖြင့် ကျွန်း၏မီတာတစ်ထောင်အတွင်းမှ မောင်းနှင်သွားခြင်းဖြစ်သည်။ အကြောင်းမှာ မီတာတစ်ထောင်ဆိုသော အကွာအဝေးကို ကောင်းကင်ဝိဇ္ဇာအထက်အဆင့် ကျင့်ကြံသူများသာ ပျံသန်းသွားလာနိုင်သောကြောင့် ဖြစ်သည်။ ဤကား ယဲ့ချန်၏ကျင့်ကြံဆင့်ကို ပေါ်တင်စိန်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။
ယဲ့ချန်က အံတင်းတင်းကြိတ်၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူက အဆင်အခြင်မဲ့ တိုက်ခိုက်၍မဖြစ်ကြောင်း နားလည်ထားသော်လည်း ဤကိစ္စကို အလွယ်တကူလွှတ်မပေးလိုချေ။ ယဲ့ချန်ဆိုသည်က အနိုင်ကျင့်ရန်စလာသည်ကို ခေါင်းငုံ့ခံတတ်သော သူရဲဘောကြောင်သူ မဟုတ်ပေ။
"မင်းတို့က ငါ့သားရဲကို ထိခိုက်အောင်လုပ်တယ်။ မင်းတို့ရဲ့လှေကိုလည်း ငါ ဖျက်ဆီးပြမယ်"
ယဲ့ချန်က ဆုံးဖြတ်ချက်တစ်ခုချ၍ ဝိညာဥ်အသိစိတ်ကို ပင်လယ်ရေအောက်သို့ ပို့ဆောင်လိုက်သည်။ ဤရက်များတွင် ရေဘဝဲများက နေရာအနှံ့မှ ဝူစီကိုရှာဖွေရန် ရောက်လာကြပြီး အနားတွင်ခစားနေကြသည်။ တစ်ကောင်ချင်းစီက ကောင်းကင်အဆင့် ပင်လယ်သားရဲများဖြစ်ကာ ဆန်းကျယ်အဆင့် ရေဘဝဲကြီးတစ်ကောင်ပင် ရှိနေခဲ့သည်။
အထူးသဖြင့် ပင်လယ်ထဲတွင် ဤကောင်ကြီးက ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်ကို ခေါင်းကိုက်သွားအောင် ကောင်းကောင်းဒုက္ခပေးနိုင်ပေလိမ့်မည်။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ဝူစီကို အမိန့်တစ်ခုပေးလိုက်သည်။ ဝူစီ၏မျက်လုံးများက အရောင်လက်သွားကာ လျင်မြန်စွာခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လက်တံလေးများကို ယမ်းလိုက်သောအခါ ရေဘဝဲကြီးများသည် စစ်သည်များသဖွယ် ချက်ချင်းတန်းစီလိုက်ကြ၏။ ထို့နောက် ထွက်ခွာသွားသော လှေကြီး၏နောက်သို့ တစ်ကောင်ပြီးတစ်ကောင် အစီအစဥ်တကျလိုက်ပါသွားကြလေသည်။
ယဲ့ချန်သည် လှေကို ကျွန်းအနီးတွင်တိုက်ခိုက်ရန် စီစဥ်မထားပေ။ အကယ်၍ လှေမြုပ်သွားပြီး ရန်သူများက ကျွန်းပေါ်သို့ထွက်ပြေးလာနိုင်ခဲ့လျှင် ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ယဲ့ချန်သည် အဝေးသို့ရွက်လွင့်ပျောက်ကွယ်သွားသော လှေကြီးကို အေးစက်စက်အပြုံးတစ်ခုဖြင့်သာ စိုက်ကြည့်နေခဲ့၏။ ၎င်းနောက်သို့ ရေဘဝဲဆယ်ကောင်ကျော် လိုက်သွားကြောင်း သိရလျှင် စိတ်ချသွားပြီး လျစ်လျူရှုလိုက်သည်။
ယဲ့ချန်သည် နေလင်းယုန်၏ဒဏ်ရာကို ဆေးကုပေးပြီးနောက် ကျောက်ဆောင်တစ်ခုပေါ်တွင်ရပ်၍ အဝေးသို့ ငေးကြည့်နေမိသည်။ အဆုံးအစမဲ့ကျယ်ဝန်းသော ပင်လယ်၏ကြီးကျယ်ခမ်းနားမှုကို သူက ရှုစားနေသည်။ ထို့နောက် ယဲ့ချန်၏မြင်ကွင်းအတွင်း ရှေ့တည့်တည့်ရှိ ကျောက်ဆောင်လေးတစ်ခု ဝင်ရောက်လာခဲ့သည်။
ပင်လယ်လေများ တသုန်သုန်တိုက်ခတ်နေပြီး ပင်လယ်ရေလှိုင်းများက ကျောက်ဆောင်ကို ဆက်တိုက်ရိုက်ခတ်နေကြသည်။ ကျောက်ဆောင်က ထပ်ကာထပ်ကာရိုက်ခတ်ခံနေရပြီး ရေလှိုင်းကြီးများက အားကောင်းသော်လည်း ပျက်စီးသွားခြင်းမရှိပေ။ လှိုင်းများ ပြန်ကျသွားချိန်တွင် ၎င်းက အကောင်းအတိုင်းကျန်ရစ်ခဲ့သည်။
"ငါ့နှလုံးသားကို ဒီကျောက်ဆောင်လို သဘောထားရမယ်။ မုန်တိုင်းနဲ့ရေလှိုင်းတွေ ဘယ်လောက်ပြင်းထန်နေပါစေ ငါ့ယုံကြည်ချက်တွေ လဲပြိုမသွားစေရဘူး"
ဤမြင်ကွင်းက ယဲ့ချန်၏စိတ်အတွင်း၌ အတွေးအမြင်အသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။
ကျောက်ဆောင်က ယဲ့ချန်ကို လမ်းကြောင်းမှန်ပေါ် ဆွဲတင်ပေးခဲ့သည်။ သူ၏နားလည်မှုများက ပိုမိုနက်ရှိုင်းလာခဲ့သည်။
ယဲ့ချန်က နေရာမှခုန်ထွက်၍ ကျောက်ဆောင်ပေါ် ခြေချလိုက်သည်။ ထို့နောက် သူက ကျောက်ဆောင်ပေါ်တွင် ရေလှိုင်းများကြား တင်ပျဥ်ခွေထိုင်ချလိုက်လေသည်။
ရေလှိုင်းများက ကြမ်းတမ်းပြင်းထန်ပြီး ရေမျက်နှာပြင်အထက် မီတာအနည်းငယ် မြင့်တက်နေသည်။ ဝုန်းခနဲမြည်သံနှင့်အတူ ၎င်းတို့က ယဲ့ချန်၏ကိုယ်ပေါ်သို့ ကျဆင်းလာကြသည်။ သူ၏ကောင်းကင်ဝိဇ္ဇာအဆင့်နှင့်ပင် ဤသက်ရောက်အားကို တည်ငြိမ်စွာမခုခံနိုင်သဖြင့် အားတင်းထားလိုက်ရသည်။
ရေသည် လောကအတွင် အပျော့ပြောင်းဆုံးဖြစ်သော်လည်း အလွန်သန်မာသည်။ တစက်စက်ကျနေသော ရေပေါက်ကလေးများက ကျောက်တုံးကို အပေါက်ဖောက်နိုင်သည်။ အချိန်တစ်ခုအကြာတွင် ယဲ့ချန်သည် ကျောက်ဆောင်ပေါ်၌ ဆက်လက်ထိုင်နိုင်ရန်အတွက် ကောင်းကင်ချီများကိုပင် အသုံးချခဲ့ရသည်။
"ငါ နောက်တစ်ခါ မိစ္ဆာမဖြစ်ချင်တော့ဘူး"
ယဲ့ချန်က စိတ်ကို တည်ငြိမ်အောင်ထားပြီး ကြယ်တာရာချီအမြုတေကိုးခုကို လည်ပတ်လိုက်သည်။ ထို့နောက် ဓားပျံကို အသက်သွင်းလိုက်သဖြင့် ကောင်းကင်ချီများ ထွက်ပေါ်လာခဲ့သည်။
ဧရာမလှိုင်းလုံးကြီးများက သူ၏ခန္ဓာကိုယ်ကို ဆက်တိုက်ထိမှန်နေကြသည်။ ရေ၏စွမ်းအားက ကျင့်ကြံသူများ၏လက်ဝါးချက်များကဲ့သို့ သူ့ထံ အဆက်မပြတ်ကျရောက်လာသည်။ ယဲ့ချန်သည်လည်း ကျောက်ဆောင်ထက်တွင် သံလိုက်ဖြင့် ကပ်တွယ်နေသကဲ့သို့ ခိုင်မာစွာတည်ရှိနေသည်။
"ဒီရေလှိုင်းတွေက ကောင်းကင်ကို ချေမွနိုင်ရင်တောင် ငါက တောင်တစ်လုံးအတိုင်း ထိုင်နေမယ်"
ရေလှိုင်းများက ယဲ့ချန်ကိုထိမှန်ပြီး အလိုလိုပြိုကွဲသွားကြသည်။ ဤဖြစ်စဥ်အတွင်း ယဲ့ချန်သည်လည်း အတွင်းအင်္ဂါများကိုပင် ပျက်စီးစေနိုင်သော လှိုင်းရိုက်အားကို ခုခံနေရသည်။
အချိန်ကြာမြင့်စွာထိုင်နေပြီးနောက် ယဲ့ချန်သည် ကျင့်ကြံခြင်းအခြေအနေတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏လက်ဝါးများက ကောင်းကင်ပေါ်သို့ ဦးတည်ထားကာ ခြေနှစ်ချောင်းကို တင်ပျဥ်ခွေထားသည်။ နေရောက်အောက်တွင် သူ့ကိုယ်ပေါ်မှရေစက်များက ကြယ်များသဖွယ် တလက်လက်တောက်ပနေသည်။
အချိန်က ရှေ့ဆက်သွားပြီး နေမင်းကြီးက တောင်စွယ်နောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ ညအမှောင်အောက်တွင် ရေလှိုင်းများ ပိုမိုပြင်းထန်လာသော်လည်း ယဲ့ချန်သည် စျာန်သမာပတ်ဝင်စားနေသော ဘုန်းတော်ကြီးတစ်ပါးပမာ မလှုပ်မယှက်ထိုင်နေဆဲပင်။
လက်ရှိတွင် သမာဓိကောင်စီ၏လှေကြီးသည် ပင်လယ်ရေပြင်ပေါ်တွင် ခရီးဆက်နေသည်။ ညအချိန်တွင် အမြင်အားနည်းသည်။ ထို့ကြောင့် လှေ၏အရှိန်ကို သူတို့က လျှော့ချလိုက်ကြသည်။
ချီနန်နှင့်လင်ချိုးသည် ကုန်းပတ်ပေါ်တွင်ထိုင်ပြီး ကျင့်ကြံနေသည်။ သူတို့က လမ်းခရီးတွင် ပျော်ပါးရန် မိန်းမလှများစွာ ခေါ်ဆောင်လာသော်လည်း မသိစိတ်မှ လေးလံနေခဲ့သည်။ ထို့ကြောင့် မိန်းမများနှင့်ပျော်ပါးမည့်အရေးကို လျစ်လျူရှုကာ သတိကြီးကြီး စောင့်ကြပ်နေကြခြင်းဖြစ်သည်။
လှေကြီး၏အောက်တွင် ရေဘဝဲများက လမ်းတလျှောက်လုံး လိုက်ပါလာကြသည်။ ထို့နောက် အချင်းချင်းပြန်ကြည့်ကာ အရှိန်နှေးသွားသောလှေကြီးထံ တဟုန်ထိုးကူးခတ်လိုက်ကြသည်။
ရေဘဝဲများသည် ပင်လယ်သားရဲများကြားတွင် ဉာဏ်အကောင်းဆုံးဖြစ်သည်။ ထို့အပြင် ဤသားရဲများအားလုံးက ရာစုနှစ်တစ်ခုစာ ကျင့်ကြံပြီးဖြစ်သောကြောင့် ခုနစ်နှစ်ကလေးတစ်ယောက်၏ဉာဏ်ရည်မျိုး ပိုင်ဆိုင်ထားကြသည်။ သူတို့အတွက် ခေါင်းဆောင်ဖြစ်သော ဝူစီ၏စကားကို အားလုံးက နားထောင်ကြလေသည်။
ဆယ်ကောင်ကျော်သော ဧရာမရေဘဝဲကြီးများက ရေစီးကြောင်းအတိုင်း လှေကြီးထံ ချဥ်းကပ်လာကြသည်။ သူတို့၏လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းများက လှေကို ယမ်းခါသွားစေသည်။ ထို့နောက် လက်တံကြီးများက လှေကိုရစ်ပတ်နှစ်မြုပ်ရန် ကြိုးစားလိုက်ကြ၏။
လှေကြီးက ယမ်းခါလာသောအခါ ချီနန်ရော လင်ချိုးပါ ချက်ချင်းထိတ်လန့်သွားကြသည်။
"ဘာတွေဖြစ်နေတာလဲ"
နှစ်ယောက်လုံး အံ့သြသွားကြသည်။
လှေကြီးက မီတာသုံးဆယ်ကျော်ရှည်လျားပြီး သတ္တုဖြင့်ပြုလုပ်ထားသောကြောင့် ကျောက်ဆောင်ကို ဝင်ဆောင့်မိလျှင်ပင် ဤသို့မဖြစ်နိုင်ချေ။
ရေဘဝဲကြီးများ၏ လက်တံများနှင့်အတွေ့တွင် ဘန်းခနဲမြည်သံနှင့်အတူ သတ္တုပြားတစ်ချပ် ပြုတ်ထွက်သွားခဲ့သည်။ မူလတွင် မြည်သံကြောင့် ရေဘဝဲတစ်ကောင်က ထိတ်လန့်သွား၍ ရေအောက်သို့ငုပ်လျှိုးသွားခဲ့သည်။ လှေကြီးထိခိုက်သွားကြောင်း နားလည်လိုက်သောအခါတွင် ၎င်းတို့က ပျော်ရွှင်စွာဖြင့် တစ်စစီဝိုင်းဖဲ့လိုက်ကြသည်။ ရေဘဝဲများတွင် အသေးဆုံးကပင် ဆယ်မီတာကျော်ရှည်လျားသဖြင့် အလွန်သန်မာကြသည်။ ဤလှေလေးတစ်စင်းက ရေဘဝဲဆယ်ကောင်၏ခွန်အားကို တုဖက်ယှဥ်ပြိုင်ရန် မဖြစ်နိုင်ချေ။
"ဝုန်း ဝုန်း"
မြည်သံများနှင့်အတူ လှေ၏အစိတ်အပိုင်းအချို့ ပြုတ်ထွက်လာပြန်သည်။ ယဲ့ချန်သာ ဤမြင်ကွင်းကိုမြင်လျှင် ရေဘဝဲများ၏ဖျက်ဆီးနိုင်စွမ်းကို သြချရပေလိမ့်မည်။
"ရေတွေ ဝင်လာပြီ"
လှေအတွင်း စိမ့်ဝင်လာသော ရေများနှင့်အတူ ရေဘဝဲလက်တံကြီးများကို မြင်လိုက်ရသောအခါ သင်္ဘောများက ကြောက်လန့်တကြား အော်ဟစ်နေခဲ့သည်။
သို့သော် အချိန်ခဏအကြာတွင် သမာဓိကောင်စီ၏ရွှေဓားအလံ လွှင့်ထူထားသော လှေကြီးက ဖြည်းညှင်းစွာနစ်မြုပ်သွားလေသည်။
"ဝှစ် ဝှစ်"
လေပေါ်တွင် ပုံရိပ်နှစ်ခု မတ်တပ်ရပ်နေပြီး ပင်လယ်သားရဲများကို ဒေါသတကြီးစိုက်ကြည့်နေကြသည်။
"ခွေးကောင်တွေ မင်းတို့ကများ ငါ့လှေကို တိုက်ခိုက်ရဲတယ်"
ချီနန်က အနိမ့်ဆုံး အဆင့်ငါးဝိညာဥ်လက်နက်ဖြစ်နိုင်သော ဓားတစ်လက်ကို ထုတ်ယူခုတ်ပိုင်းလိုက်သည်။ အေးစက်စက်ဓားသွားကြောင့် ရေဘဝဲလက်တံများ ပြတ်ထွက်သွားသည်။ သို့သော် သူမမျှော်လင့်ထားသည်က လက်တံများမှာ ချက်ချင်းပြန်လည်ဖြစ်ပေါ်၍ တိုက်ခိုက်လာခြင်းပင်ဖြစ်သည်။
လင်ချိုးသည်လည်း ယခုဖြစ်ရပ်ကြောင့် တုန်လှုပ်နေခဲ့သည်။ အတိတ်တွင် သူတို့၏ရေကြောင်းခရီး၌ ပင်လယ်သားရဲများနှင့် ရင်ဆိုင်ဖူးသော်လည်း သုတ်သင်နိုင်ခဲ့ကြသည်။ ပုံမှန်ဆိုလျှင် ပင်လယ်သားရဲအုပ်ကြီးက လှေများကို မတိုက်ခိုက်တတ်ပေ။ လက်ရှိတွင် အစွမ်းထက်ပင်လယ်သားရဲဆယ်ကောင်ထက်မနည်း တိုက်ခိုက်လာခြင်းက သူ၏မျက်နှာကို ဖြူဖပ်ဖြူရော်ဖြစ်သွားစေသည်။
လင်ချိုးသည် မြှားများကို တစ်ချောင်းပြီးတစ်ချောင်း ပစ်ခတ်လိုက်သည်။
"ဗွမ်း ဗွမ်း ဗွမ်း"
မြှားများကြောင့် ရေအောက်မှ အနီရောင်သွေးကွက်များ ထွက်ပေါ်လာသည်။ သို့သော် ရေဘဝဲများက ဒဏ်ရာရရန်ခက်ခဲပြီး တိုက်ခိုက်ရေးစွမ်းအား ကောင်းလွန်းသောကြောင့် လှေကြီးတစ်ခုလုံး နစ်မြုပ်သွားသည်ကို မရပ်တန့်နိုင်ခဲ့ပေ။
"လင်ချိုး ငါတို့ကို ပင်လယ်သားရဲတွေအများကြီး ဘာလို့တိုက်ခိုက်လာတာလဲ"
ချီနန်က ဒေါသတကြီးမေးလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် မျက်နှာတစ်ခုလုံး မည်းနက်သွားခဲ့သည်။
"ဒါ ကျွန်းပေါ်ကကောင် လက်ချက်ဖြစ်ရမယ်။ ငါတို့က သူ့ရဲ့သားရဲကို ထိခိုက်အောင်လုပ်ခဲ့လို့ လှေကိုပြန်မြုပ်ပြီး လက်စားချေတာ ဖြစ်ရမယ်"
သူတို့၏အာရုံအတွင်း နေ့ဝက်အကြာက တွေ့ဆုံခဲ့ဖူးသော ယဲ့ချန်၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။ မီတာတစ်ထောင်အကွာမှ မြင်ရခြင်းဖြစ်၍ ယဲ့ချန်ကို ကောင်းကင်သားရဲတစ်ကောင်ဟု သတ်မှတ်ခဲ့ကြသည်။ ကောင်းကင်သားရဲများသည် အများဆုံး မှော်သားရဲသုံးကောင်ကိုသာ ယဥ်ပါးစေနိုင်သဖြင့် နောက်လိုက်ရွေးချယ်ရာတွင် အလွန်စေ့စပ်ကြသည်။ အကယ်၍ ဆန်းကျယ်အဆင့် ကောင်းကင်သားရဲတစ်ကောင်ဆိုလျှင် ကောင်းကင်အဆင့် နေလင်းယုန်ကို သေချာပေါက်လက်ခံမည် မဟုတ်ပေ။
ထို့ကြောင့် ချီနန်နှင့်လင်ချိုးသည် နေလင်းယုန်၏ပိုင်ရှင်မှာ ကောင်းကင်အဆင့်ဖြစ်ရမည်ဟု တွက်ချက်ပြီး အကြောက်အလန်မဲ့စွာ ရန်စခဲ့ခြင်းဖြစ်သည်။ သို့သော် ယဲ့ချန်က ပင်လယ်သားရဲများစွာကို အမိန့်ပေးနိုင်မည်ဟု မထင်ထားခဲ့ကြပေ။
လှေကနစ်မြုပ်သွားပြီဖြစ်ရာ အကြီးအကဲနှစ်ပေးလိုက်သော တာဝန်ကိုထမ်းဆောင်ရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် သားရဲများပြည့်နှက်နေသော ပင်လယ်ပြင်တွင် အသက်ရှင်လျက်လွတ်မြောက်ရန်က ခက်ခဲသော အရာတစ်ခုဖြစ်သည်။ ဆန်းကျယ်ဝိဇ္ဇာများက ပျံသန်းနိုင်ကြသော်လည်း အများဆုံး မီတာခြောက်ထောင်အထိသာ ဖြစ်သည်။ ဤအကန့်အသတ်မဲ့ကျယ်ဝန်းသော ပင်လယ်ထဲတွင် သူတို့အတွက် သွားစရာလမ်းမရှိချေ။
***