ခြင်္သေ့နှင့်လူကြားမှ ခြားနားချက်
Vol. 19 Ch. 267
"သွားကြစို့"
ချီနန်က အဝေးသို့ လေထဲမှ ပျံသန်းသွားလိုက်သည်။ လက်ရှိတွင် သူက မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့ပေ။
လင်ချိုးသည် ချီနန်ကို စိတ်ထဲမှ ဒေါသထွက်နေခဲ့သည်။ အကယ်၍ ချီနန်သာ မောက်မာစွာဖြင့် နေလင်းယုန်၏ပိုင်ရှင်ကို ရန်မစခဲ့လျှင် သူတို့က ဤသို့ပြဿနာတက်မည် မဟုတ်ပေ။ သို့သော် လက်ရှိတွင် သူက ချီနန်၏စကားအတိုင်း လိုက်သွားရန်မှလွဲ၍ ရွေးစရာမရှိပေ။
ပုံရိပ်နှစ်ခုက ပင်လယ်ပြင်ထက်တွင် လျင်မြန်စွာပျံသန်းနေကြသည်။
ရေဘဝဲကြီးများကလည်း ရေအောက်မှ လျင်မြန်စွာကူးခတ်၍ လိုက်ပါလာကြသည်။
မီတာခြောက်ထောင်သို့ ရောက်သောအခါ ကိုယ်တွင်းရှိကောင်းကင်ချီများ ကုန်ခမ်းလုနီးပါး ဖြစ်သွားကြသည်။
"ဗွမ်း"
နှစ်ယောက်လုံးက ပင်လယ်ရေအတွင်း ခုန်ချလိုက်ကြသည်။ ထို့နောက် မြေအဆီအနှစ်ကဲ့သို့ ဆေးလုံးများကို သောက်သုံးပြီး လက်နှစ်ဖက်ဖြင့် ကမ်းမမြင်လမ်းမမြင် ပင်လယ်အတွင်း လက်ပစ်ကူးနေကြရသည်။
ရေဘဝဲများက သူတို့၏နောက်မှ လိုက်လံဖမ်းဆီးနေကြသည်။ ဧရာမလက်တံကြီးများက လင်ချိုးနှင့်ချီနန်ကိုရိုက်နှက်ရန် ရံဖန်ရံခါ ရောက်ရှိလာကြသည်။ ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်သည် ဤမျှသနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိခဲ့ကြသည်။ အကယ်၍ သူတို့က သမာဓိကောင်စီသို့ပြန်ရောက်ခဲ့လျှင် ဤအတွေ့အကြုံကိုမပြောပြရန် ဆုံးဖြတ်ထားကြသည်။ တစ်ယောက်ယောက်သိသွားလျှင် နှစ်ယောက်လုံး အရှက်ရပေလိမ့်မည်။
"လင်ချိုး ငါတို့ လူခွဲရမယ်"
ချီနန်က အလန့်တကြားပြောလိုက်သည်။ သူတို့၏ရေကူးနှုန်းက ရေဘဝဲများကိုမယှဥ်နိုင်သဖြင့် ဤအတိုင်းဆက်သွားနေလျှင် နှစ်ယောက်လုံး ပြဿနာတက်နိုင်ချေများသည်။
စကား၏အဓိပ္ပါယ်ကို နားလည်သော လင်ချိုးက ချက်ချင်းလမ်းခွဲထွက်ပြီး ဦးတည်ရာပြောင်းလဲလိုက်သည်။ ချီနန်နှင့်လင်ချိုးက ဆန့်ကျင်ဘက်အရပ်များသို့ ဦးတည်ကူးခတ်နေကြသဖြင့် ဖြည်းဖြည်းချင်း ဝေးကွာသွားကြသည်။ အဆုံးအစမဲ့ကျယ်ဝန်းလှသော ပင်လယ်ကြီးအတွင်း ရောက်ရှိနေကြသဖြင့် သူတို့က မည်သည့်အရပ်သို့ ဦးတည်ကူးခတ်နေကြောင်းကိုမူ မပြောနိုင်ကြပေ။
ညအမှောင်တွင် ကြယ်များက ဟိုတစ်စသည်တစ်စ တောက်ပလင်းလက်နေကြသည်။
ကျောက်ဆောင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေသော ယဲ့ချန်သည် လှိုင်းရိုက်ပုတ်မှုကို သည်းခံနေခဲ့သည်။ သူ၏ကိုယ်တွင်းရှိ ကောင်းကင်ချီများကလည်း ပင်လယ်သမုဒ္ဒရာကဲ့သို့ ပြင်းထန်စွာလှိုင်းထနေပြီး ကြမ်းတမ်းနေသည်။ သူ၏ကျင့်ကြံဆင့်က ဖြည်းဖြည်းချင်း အခြေတည်လာသည်။ ယဲ့ချန်သည် ရေလှိုင်းများ၏ရိုက်ပုတ်အားကို အသားကျသွားသဖြင့် တည်ငြိမ်စွာကျင့်ကြံနေနိုင်ခဲ့သည်။
လှိုင်းများက ယဲ့ချန်၏ကိုယ်ကို ထပ်ကာထပ်ကာရိုက်ပုတ်နေသည်။ ကောင်းကင်ချီများက ဆက်တိုက်သန့်စင်ခံနေရပြီး သူ၏ရုပ်ခန္ဓာကလည်း စတင်မာကျောလာသည်။
အကယ်၍ သူသာ ဤအတိုင်း တစ်လတိတိကျင့်ကြံလျှင် ကျင့်ကြံဆင့်အုတ်မြစ်က ပိုမိုခိုင်မာလာပေမည်။ ကောင်းကင်ဝိဇ္ဇာအဆင့်သို့ ရောက်လာသူတိုင်းက ပါရမီရှင်များဖြစ်ကြသော်လည်း ဤကိစ္စကို တစ်ရက်နှစ်ရက်တည်းဖြင့် မစွမ်းဆောင်နိုင်ကြပေ။ ယဲ့ချန်က ညနက်သောအခါ ကျွန်းပေါ်သို့ ပြန်သွားလိုက်သည်။ သူက ကောင်းကင်ချီကျင့်ကြံခြင်းကို ရပ်တန့်လိုက်သော်လည်း ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းဝင်ရောက်ပြီး ဝိညာဥ်စစ်သည်တော်ကို လေ့ကျင့်ပြန်သည်။
ကန့်သတ်ဒေသကျွန်း၏ အဖြစ်အပျက်များကြောင့် ယဲ့ချန်က ပိုမိုသန်မာလာချင်ခဲ့သည်။ ပင်လယ်အတွင်းရောက်ရှိနေသော အချိန်နှစ်လကို သူက ကျင့်ကြံရန်အတွက် အကောင်းဆုံးအသုံးချခဲ့သည်။ သူက အချိန်တစ်စက္ကန့်မျှကိုပင် မနားခဲ့ပေ။ ကျောက်ဆောင်ပေါ်တွင် ကောင်းကင်ချီကို ကျင့်ကြံပြီးသည်နှင့်တပြိုင်နက် သူက ခရမ်းမီးတောက်ကြယ်ခြင်္သေ့နှင့် ဝိညာဥ်စစ်သည်တော်ကို လေ့ကျင့်သည်။
ခြင်္သေ့ကြီးသည် ယဲ့ချန်နှင့် ဝိညာဥ်စစ်သည်တော်က နောက်တစ်ဖန်ပြန်ရောက်လာသော် မျက်နှာက အရောင်ပြောင်းသွားသည်။ သို့သော် ရွေးချယ်စရာမရှိသဖြင့် ယဲ့ချန်၏လေ့ကျင့်ရေးအဖော် ဖြစ်ပေးခဲ့ရသည်။
ဝိညာဥ်စစ်သည်တော်က ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်သို့ ရောက်လာသောကြောင့် ယခင်ကဲ့သို့ကိုင်တွယ်ရန် မလွယ်ကူပေ။ ထို့အပြင် ယဲ့ချန်ကလည်း အစွမ်းထက်လာသောကြောင့် တိုက်ပွဲအတွင်း ဝိညာဥ်စစ်သည်တော်ကလည်း ပိုမိုကြမ်းတမ်းလာသည်။ ၎င်းက ပေါက်ကွဲပျက်စီးသွားချိန်တိုင်း ယဲ့ချန်က အချိန်ခဏအတွင်း ပြန်လည်ထုတ်ဖော်နိုင်ခဲ့သည်။
ယဲ့ချန်သည် သူ၏အသက်ကိုရင်း၍ လေ့ကျင့်နေခဲ့သည်။ ဤအချင်းအရာကို မြင်သောအခါ ခြင်္သေ့ကြီးက စိတ်ပျက်လွန်းသဖြင့် သေချင်စော်နံနေခဲ့သည်။
"ဟေ့ ကောင်စုတ်လေး ငါ မင်းနဲ့ ကစားမပေးနိုင်တော့ဘူး"
ခြင်္သေ့ကြီးက ရှေ့လက်ဝါးဖြင့် ကြမ်းပြင်ကိုပုတ်လိုက်သည်။ အကယ်၍ ဤအတိုင်းဆက်လက်ဖြစ်ပွားနေလျှင် သူက ရူးသွားနိုင်ချေရှိနေသည်။
"ဟူး ငါ့ဘဝလေးက ပိုပိုပြီးဆိုးလာတယ်။ ကောင်းကင်ကြယ်တာရာတံဆိပ်ထဲမှာ ခြင်္သေ့မတစ်ကောင်တောင်မရှိဘဲ အထီးကျန်စွာ နှစ်ပေါင်းထောင်ချီနေခဲ့ရတယ်။ အခုကျတော့လည်း သရဲတစ်ကောင်နဲ့ ဆက်တိုက်တိုက်ခိုက်ပေးနေရတယ်"
အကယ်၍ သူ၏အထွတ်အထိပ်အချိန်၌ဆိုလျှင် ယဲ့ချန်ကိုသတ်ရန် ခြင်္သေ့ကြီးက နှာတစ်ချက်မှုတ်ရုံသာ လိုအပ်သည်။ လက်ရှိအချိန်တွင် သူက ဆန်းကျယ်အဆင့်ခွန်အားသာ ရှိသောကြောင့် ဝိညာဥ်စစ်သည်တော်နှင့် ဆက်တိုက်တိုက်ခိုက်ပေးနေရသည်။ ဤအခြေအနေက သက်လတ်ပိုင်းလူကြီးတစ်ယောက်ကို ကလေးတစ်ယောက်နှင့် အတင်းအကျပ်ကစားစေခြင်းနှင့် တူညီနေသည်။ ခြင်္သေ့ကြီးက ပျင်းလွန်းသဖြင့် သေချင်နေပြီဖြစ်လေသည်။
"လာစမ်းပါ"
ယဲ့ချန်၏မျက်လုံးများက တိုက်ပွဲဆာလောင်စိတ်ကြောင့် မီးတောက်နေသည်။ သူက ဝိညာဥ်စစ်သည်တော်ကို ထိန်းချုပ်ပြီး ဓားဖြင့်ခုတ်စေသည်။
ခြင်္သေ့ကြီးက ဘေးသို့ခုန်ထွက်၍ ဓားချက်ကို ရှောင်တိမ်းလိုက်သည်။ သူက လက်ဝါးတစ်ချက်ဖြင့် ရိုက်လိုက်သောအခါ ဘန်းခနဲမြည်သံနှင့်အတူ ဝိညာဥ်စစ်သည်တော်က ပေါက်ကွဲသွား၏။ ခြင်္သေ့ကြီးက အမြဲတမ်း တစ်ချက်သာရိုက်သော်လည်း ယဲ့ချန်က ခုခံနိုင်စွမ်းမရှိပေ။
ယဲ့ချန်၏မျက်နှာက ဖြူရော်သွားပြီး ကြမ်းပြင်တွင် ထိုင်ချလိုက်သည်။ ထို့နောက် ခဏအကြာတွင် သူက မတ်တပ်ပြန်ရပ်၍ ဝိညာဥ်စစ်သည်တော်ကို ဖော်ထုတ်လိုက်ပြန်သည်။
"ငါ မင်းနဲ့မကစားတော့ဘူး။ အခုဘာဖြစ်ဖြစ် ငါ ပြန်မချဘူး။ ငါ့ကို ဓားနဲ့သာ ခုတ်သွားပေတော့"
ခြင်္သေ့ကြီးမှာ ယဲ့ချန်၏လုပ်ရပ်ကြောင့် လဲကျလုမတတ်ဖြစ်သွားခဲ့သည်။ ထို့နောက် သူက မြေပြင်တွင်လှဲချ၍ ခြေလက်လေးချောင်းကို ဆန့်ထုတ်လိုက်သည်။
ယဲ့ချန်သည် ဝိညာဥ်စစ်သည်တော်ဖြင့် ခြင်္သေ့ကြီးကို ဓားနှင့်ခုတ်ခါနီးတွင် ၎င်းက မြေပြင်တွင် ခွေးသေကောင်ကြီးပမာ ကြမ်းပြင်တွင် အိပ်နေခဲ့သည်။ မျက်လုံးများကိုပင် မှိတ်ထားသဖြင့် ယဲ့ချန်က ဆွံ့အသွားရသည်။ ဤခြင်္သေ့ကြီးက နှစ်ထောင်ပေါင်းများစွာ အသက်ရှည်လာသော်လည်း အလွန်ကလေးဆန်နေခဲ့သည်။
"လာစမ်းပါ ချရအောင်"
ယဲ့ချန်က တိုက်ခိုက်လိုစိတ်အပြည့်နှင့် ပြောလိုက်သည်။
"မချဘူး ဟေ့ကောင်။ မင်း ငါ့ကိုသာ ခုတ်ဖြတ်သွားလိုက်တော့"
စကားအဆုံးတွင် ခြင်္သေ့ကြီးက ၎င်း၏ခေါင်းကို အမှန်တကယ်ဆန့်ထုတ်ပေးလာခဲ့သည်။
ဝိညာဥ်စစ်သည်တော်မှာ ဓားကိုမြှောက်၍ လေထဲတွင် တန်းလန်းကြီးရပ်တန့်နေသည်။ ကြမ်းပြင်တွင် ခြင်္သေ့ကြီးက လည်ကိုဆန့်၍ လှဲနေပြီး ယဲ့ချန်က ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။ သူက အချိန်ကြာမြင့်စွာ လေ့ကျင့်ပြီးနောက် ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီးအကြောင်းကို နားလည်စပြုလာသည်။ ၎င်းက ရက်စက်ယုတ်မာတတ်သော သဘာဝမရှိဘဲ အနည်းငယ်ကောက်ကျစ်ပြီး ဟန်များရုံသာဖြစ်သည်။ ၎င်းကြိုးစားနေသမျှက အချုပ်အနှောင်မှ လွတ်မြောက်လိုခြင်းပင်။
ယဲ့ချန်နှင့် ခြင်္သေ့ကြီးကြားတွင် ရန်ငြိုးရန်စမရှိရုံသာမက ၎င်းက သူ၏လေ့ကျင့်ရေးတွင် ကူညီပေးခဲ့သည်။ အကယ်၍ ခြင်္သေ့ကြီးကမလိုလားလျှင် ယဲ့ချန်အနေဖြင့် ၎င်းကို ကာကွယ်ရေးသားရဲအဖြစ် သိမ်းသွင်းမည်မဟုတ်ပေ။ သူက ခြင်္သေ့ကြီးကို လက်ရှိအချိန်၌ မလွှတ်ပေးရဲသောကြောင့်သာ ဖြစ်သည်။
"ဆရာခြင်္သေ့ကြီး လေ့ကျင့်ရေးကို ကူညီပေးစမ်းပါဗျာ"
ယဲ့ချန်က မြှောက်ပင့်ပြောလိုက်သည်။
"မကူညီပေးနိုင်ဘူး"
ခြင်္သေ့ကြီးက မျက်လုံးလှန်၍ ယဲ့ချန်ကို ကြည့်လိုက်သည်။
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ခင်ဗျား ကျုပ်ကိုကူညီပေးရင် လွှတ်ပေးတာကလွဲလို့ ဆန္ဒတစ်ခု ဖြည့်ဆည်းပေးမယ်"
စိတ်ပိုင်းဖြတ်ထားဟန်တူသော ခြင်္သေ့ကြီး၏စကားကြောင့် ယဲ့ချန်က အနည်းငယ်တွေးဆလိုက်သည်။ ထို့နောက် သူက ကမ်းလှမ်းချက်တစ်ခု ထုတ်ပြောလိုက်၏။
"မင်း တကယ်ပြောတာလား"
ခြင်္သေ့ကြီးသည် ယဲ့ချန်၏စကားကို ကြားသောအခါ ခေါင်းမော့၍ တောက်ပသောမျက်လုံးများနှင့် စိုက်ကြည့်လာခဲ့သည်။
"ဒါပေမယ့် ရက်စက်ယုတ်မာတဲ့ ကိစ္စတွေ မရဘူး"
ခြင်္သေ့ကြီး၏အကြည့်က အမဲသားကိုတွေ့သော ခွေးတစ်ကောင်နှင့် တူညီနေခဲ့သည်။ ထို့ကြောင့် ယဲ့ချန်က နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီး ထပ်ပြောလိုက်သည်။ ခြင်္သေ့ကြီး၏အကြည့်က သူ့ကို တစ်နည်းတဖုံဖြင့် စိတ်မသက်မသာဖြစ်စေသည်။
"ဒါပေါ့ကွ။ ဘာမှရက်စက်ယုတ်မာတာမျိုး မဟုတ်ဘူး။ မင်းသာ ငါ့အတွက် ခြင်္သေ့မလေးတစ်ကောင်လောက်ရှာပေးရင် အတူတူလေ့ကျင့်ပေးမယ်။ ခြင်္သေ့မက ဆွဲဆောင်အားပြင်းရမယ်နော်။ ငါက ဒီတံဆိပ်ထဲမှာ နှစ်ပေါင်းထောင်ချီနေခဲ့ရလို့ ဘောတွေတောင် ပြာနှမ်းနေပြီ။ မဟုတ်သေးဘူး။ တစ်ကောင်တည်းက ငါ့ဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး။ နည်းနည်းပိုများရင် ကောင်းမယ်"
ခြင်္သေ့ကြီးက လှဲလျောင်းနေရာမှ ခုန်ထလိုက်သည်။ ၎င်း၏ပါးစပ်အတွင်းမှ သားရေတမြားမြား ကျနေခဲ့သည်။
ယဲ့ချန်မှာ ခြင်္သေ့ကြီး၏စကားကြောင့် မင်သက်နေခဲ့သည်။ သူ့ကိုတောင်းဆိုလာသော ၎င်း၏ဆန္ဒက အလွန်ဒဲ့တိုးဆန်နေသည်။ မှော်သားရဲတွင်လည်း လူသားများကဲ့သို့ ကာမတဏှာ လိုအပ်ချက်များရှိပေသည်။ သို့သော်လည်း ယဲ့ချန်က ခြင်္သေ့ကြီး၏အမူအရာကြောင့် ပြောစရာစကားပင် ရှာမရချေ။
"နှစ်ပေါင်းထောင်ချီက တော်တော်ကြာတာပဲ"
ယဲ့ချန်က ရယ်ချင်စိတ်ကို ထိန်းထားရသည်။ ခြင်္သေ့ကြီးက တံဆိပ်အတွင်း နှစ်ပေါင်းများစွာ ဖမ်းချုပ်ခံထားရသောအဖြစ်က လှောင်ပြောင်ရန် မသင့်ချေ။
"အတိအကျပြောရရင် ငါ့ဘဝက ဆိုးလွန်းလို့ သည်းခြေအိတ်ထဲကအရည်တွေ အန်ထွက်မတတ် ဖြစ်နေပြီ"
ခြင်္သေ့ကြီးက ဝမ်းနည်းစွာပြောလိုက်သည်။ သူက ဤတံဆိပ်အတွင်း ချုပ်နှောင်ခံထားရသော နေ့ရက်များနှင့် သခင်ဟောင်းအကြောင်း တွေးမိလိုက်သောအခါ မျက်ရည်များ စီးထွက်လာခဲ့သည်။
"ခင်ဗျားကို ခြင်္သေ့မတွေ ရှာပေးနိုင်ပါတယ်။ ဒါပေမယ့် သူတို့စိတ်ပါမှ လုပ်ရမယ်"
ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် သဘောတူလိုက်သည်။
"ငါ့လိုချောမောခန့်ညားပြီး ကြီးကျယ်ခမ်းနားတဲ့ အမြင့်မြတ်ဆုံး ခရမ်းကြယ်မီးတောက်ခြင်္သေ့မျိုးနွယ်ဝင်ကို ဘယ်ခြင်္သေ့မက ငြင်းပယ်နိုင်မှာလဲ"
ခြင်္သေ့ကြီးက ခေါင်းကိုမော့၍ ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပြောလိုက်သည်။
"ရပြီ။ ခင်ဗျား ဆက်မပြောနဲ့တော့"
ယဲ့ချန်က အလျင်အမြန် ဖြတ်ပြောလိုက်ရသည်။ အကယ်၍ ခြင်္သေ့ကြီးသာ စကားဆက်ပြောနေလျှင် သူက စကားပင်ပြောခွင့်ရမည် မဟုတ်ပေ။
"ငါ မင်းတို့လူသားတွေကို နားမလည်နိုင်ဘူး။ မင်းတို့အားလုံးက လူကောင်းယောင်ဆောင်ကြတယ်။ လိုချင်ကြပေမယ့် မပြောရဲလို့ မြင့်မြတ်ချင်ယောင်ဆောင်နေကြတယ်။ အချို့ဆိုရင် အပေါ်ယံမှာတစ်မျိုး၊ ကွယ်ရာမှာတစ်မျိုး လုပ်တတ်ကြတယ်။ မင်းတို့လူသားတွေက အရှုပ်ထွေးဆုံးသတ္တဝါတွေ ဖြစ်တယ်။ ငါတို့ခြင်္သေ့မျိုးနွယ်တွေကတော့ ပွင်ပွင့်လင်းလင်း တိုက်ရိုက်ပြောတတ်တယ်။ ဒါကမှ တကယ်ပျော်စရာကောင်းတာကွ"
ခြင်္သေ့ကြီးက ယဲ့ချန်ကို တစ်ချက်ကြည့်၍ စိတ်ပျက်လက်ပျက်လေသံဖြင့် ပြောလိုက်သည်။
ထို့နောက် ခြင်္သေ့ကြီးသည် သခင်ဟောင်းအကြောင်း တွေးမိလိုက်သဖြင့် ကျောရိုးထဲမှ စိမ့်တက်သွားခဲ့သည်။ သူက ပတ်ဝန်းကျင်ကို သေချာစွာစစ်ဆေး၍ ထိုလူမရှိကြောင်း သေချာသောအခါတွင်မှ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
ယဲ့ချန်က ခြင်္သေ့ကြီး၏စကားကြောင့် ပြုံးလိုက်မိသည်။ လူသားများက အမှန်တကယ် ဟန်ဆောင်ကောင်းကြပေသည်။ သို့သော် လူတိုင်းက သားရဲများကဲ့သို့ပွင့်လင်းနေလျှင် အရာအားလုံးက ပျင်းရိဖွယ်ကောင်းသွားပေလိမ့်မည်။ လူသားများ၏ ခံစားချက်များဆိုသည်က မှော်သားရဲများ နားလည်နိုင်စွမ်းရှိသော အရာမဟုတ်ချေ။
"မင်းလိုပေါ့ကွာ။ မင်းက မြေခွေးလေးကိုကြိုက်နေတာ အသိသာကြီးကွာ။ သူမနဲ့အိပ်ပြီး မိတ်လိုက်ပစ်လိုက်။ ဘာလို့ဖုံးကွယ်ထားရတာလဲ"
ခြင်္သေ့ကြီး၏စကားမှ မြှားဦးက ယဲ့ချန်ထံ လှည့်လာခဲ့သည်။
ခရမ်းမီးတောက်ကြယ်ခြင်္သေ့သည် ယဲ့ချန်နှင့် အမွေးပွလေး၏ချစ်ခြင်းကို နားမလည်ခဲ့ပေ။ တစ်ခါတရံတွင် အတူရှိနေခြင်းက လုံလောက်ပြီး အဆင့်ကျော်ရန် မလိုအပ်ပေ။
"ခင်ဗျား ဒီအထဲကနေ အပြင်ကအဖြစ်အပျက်တွေကို မြင်နိုင်တာလား"
ယဲ့ချန်က တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ခြင်္သေ့ကြီးကိုစိုက်ကြည့်ကာ ရုတ်တရက်မေးလိုက်သည်။
"ကျွတ် ငါက သေနေတာမှမဟုတ်တာကွာ။ မင်းတို့ပြောသမျှကို ကြားနေရပြီး အသိစိတ်နဲ့ အာရုံခံနိုင်တယ်။ ဒါပေမယ့် မြင်တော့မမြင်ရပါဘူ။ ခွေးကောင်လေး ငါ မင်းကို သဘောတော့ကျပါတယ်။ မင်းက ငါမြင်ဖူးတဲ့လူတွေလို မဟုတ်ဘူး"
ခြင်္သေ့ကြီးက ဖြေလိုက်သည်။
"ဘာကြောင့်လဲ"
ယဲ့ချန်က ပြန်မေးလိုက်သည်။ ခြင်္သေ့ကြီးက အမွေးပွလေး၏ကိုယ်လုံးတီးခန္ဓာကို မမြင်လိုက်သောကြောင့် သူက စိတ်အေးသွားခဲ့သည်။ သို့သော် ခြင်္သေ့ကြီးထပ်ပြောလိုက်သော စကားက သူ၏တွေးနိုင်စွမ်းထက် ကျော်လွန်နေသည်။
"မင်းက မြေခွေးမလေးအတွက် သေရဲလို့"
ခြင်္သေ့ကြီးက တစ်လုံးချင်းဖြေလိုက်သည်။
"ဟမ်"
ယဲ့ချန်က ကြောင်အသွားသည်။ သူ၏အမွေးပွလေးအပေါ် ထားသော အချစ်ကို ခြင်္သေ့ကြီးက လေးစားသွားခြင်းဖြစ်နိုင်သည်။
"မြေခွေးလေးက ကောင်းကင်သားရဲတစ်ကောင် ဖြစ်တယ်။ လူတွေက သားရဲတွေကို အမြဲတမ်းရန်သူမဟုတ်ရင် အိမ်မွေးတိရိစ္ဆာန်တွေအဖြစ် ဆက်ဆံကြတယ်။ အလွန်နည်းပါးတဲ့လူတွေလောက်သာ သားရဲတွေကို တန်းတူထားပြီး ဆက်ဆံတတ်ကြတယ်"
ခြင်္သေ့ကြီးက ဆက်ပြောလိုက်လိုက်သည်။ ၎င်းက အတွေးများအတွင်း နစ်မြုပ်နေဟန်ဖြင့် ငေးမောနေသည်။
"သြော် ဒီလိုလား"
ဤအကြောင်းအရာက ခြင်္သေ့ကြီး၏အတိတ်နှင့် ဆက်စပ်နေရမည်ဟု ယဲ့ချန် တွေးလိုက်မိလေသည်။
***