← Chapters

နဂါးငွေ့တန်းလက်ဝါးသိုင်း

Vol. 19 Ch. 268

နဂါးငွေ့တန်းလက်ဝါးသိုင်း

Vol. 19 Ch. 268

"ဆရာခြင်္သေ့ ကျုပ်ကို အရင်လေ့ကျင့်ပေးပါ"

ယဲ့ချန်က တောင်းဆိုလိုက်သည်။ သူ့အတွက် အချိန်က အလွန်အရေးကြီးနေပြီး အနည်းငယ်မျှကိုပင် မဖြုန်းတီးလိုပေ။

ခရမ်းမီးတောက်ကြယ်ခြင်္သေ့က ခေါင်းမော့၍ ယဲ့ချန်ကို ရမ္မက်ထန်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။

"နေဦး အခုပင်လယ်ထဲရောက်နေတာ။ ခြင်္သေ့မတွေကို ဘယ်မှာသွားရှာရမလဲ။ အရင်ဆုံး ကျုပ်ကိုကူညီပေး။ ပင်မကုန်းမြေကိုရောက်ရင် ခြင်္သေ့မတွေ ရှာပေးမယ်"

ယဲ့ချန်ကခေါင်းကုတ်၍ ပြောလို​က်သည်။

"မင်း ကတိမဖျက်ဘူးမလား"

ခြင်္သေ့ကြီးက ထိုစကားကြောင့် ခွန်အားများ ပြည့်ဝလာပုံပေါ်သည်။

"မဖျက်ဘူး"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ။ မင်းက ဒီလောက်ရက်ရောပေးမှတော့ ငါက နည်းနည်းသင်ပေးရသေးတာပေါ့။ မင်းရဲ့ဝိညာဥ်စစ်သည်တော်က အဆင့်တူချင်းမှာ ပြိုင်ဘက်ကင်းဖြစ်ပေမယ့် တော်တော်ကြီးကိုအားနည်းတယ်"

ခြင်္သေ့ကြီးက မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်မှ ခရမ်းရောင်မီးတောက်များ တောက်လောင်လာသည်။

ယဲ့ချန်သည် သားရဲကြီး၏အရှိန်အဝါကြောင့် နှလုံးက ခုန်ပေါက်သွားခဲ့သည်။ ၎င်းက အလွန်အမင်းအစွမ်းထက်ပေသည်။ အတိတ်တွင် ခြင်္သေ့ကြီးက သူနှင့်လေ့ကျင့်ပေးခဲ့သော်လည်း ကစားနေခြင်းဖြစ်ဟန်တူသည်။ မည်သည့်အခါကမှ အလေးအနက်မထားခဲ့ပေ။ ကျင့်ကြံသူတစ်ယောက်က ပိုမိုအစွမ်းထက်လိုလျှင် အစွမ်းထက်သော လေ့ကျင့်ဘက်တစ်ယောက် လိုအပ်သည်။ ထို့ကြောင့် ယဲ့ချန်၏တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာသည်။

"မီးတောက်ဓားချက်ကို မြည်းကြည့်စမ်း"

ယဲ့ချန်၏အတွေးတစ်ချက်နှင့် ဝိညာဥ်စစ်သည်တော်က ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့သည်။ ၎င်းက ခရမ်းရောင်မီးများ တောက်လောင်နေသော ဓားဖြင့် ခြင်္သေ့ကြီးကို ချိန်ရွယ်လိုက်သည်။ ခရမ်းရောင်မီးတောက်များ ဘန်းခနဲလွင့်ပျံလာသည်။

ခြင်္သေ့ကြီးက လက်ဝါးတစ်ချက် ထုတ်ဖော်လိုက်သည်။ ၎င်းက အလွန်အမင်းသာမန်ဆန်ပြီး ယခင်လက်ဝါးများနှင့် မထူးခြားဟု ထင်ရသည်။ သို့သော် အနီးကပ်ကြည့်ရှုလိုက်လျှင် အဆုံးမဲ့လျှို့ဝှက်ချက်များပါဝင်နေပြီး ကြယ်ကောင်းကင်ကြီးတစ်ခုနှင့် တူညီနေသည်။

"မင်းကြုံခဲ့ဖူးသမျှ ကျင့်ကြံသူတွေအားလုံးရဲ့ သိုင်းပညာတွေက အမှိုက်တွေချည်းပဲ။ ဒီနေ့ တကယ့်သိုင်းပညာအစစ် မင်းကိုပြပေးမယ်"

ခြင်္သေ့ကြီးက ခေါင်းကိုမော့၍ ရင်ဘတ်ကို လက်ဖြင့်ပုတ်လိုက်သည်။ ကြယ်ရောင်အလင်းများ ပြည့်နှက်နေသော လက်ဝါးချက်က ဝိညာဥ်စစ်သည်တော်ကို ထိမှန်သွားခဲ့သည်။ ဝိညာဥ်စစ်သည်တော်မှာ ဘုန်းခနဲမြည်သံနှင့်အတူ နေရာဆယ်ခုတွင် ချက်ချင်းပေါက်ကွဲသွားပြီး မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

ပေါက်ကွဲသွားသော နေရာများက လူသားခန္ဓာကိုယ်ရှိ အရေးကြီးဟာကွက်များ ဖြစ်သည်။ ဝိညာဥ်စစ်သည်တော်က ထိုဟာကွက်များမရှိသော်လည်း တစ်ချက်တည်းဖြင့် ပျက်စီးသွားခဲ့သည်။ ယဲ့ချန်သည်လည်း ဤသိုင်းပညာ၏အစွမ်းကို နားလည်သဘောပေါက်သွားခဲ့သည်။ ၎င်းက သာမန်နှင့်တူညီသော်လည်း အမှန်တကယ်၌ ပတ်ဝန်းကျင်ရှိချီများကို ထိန်းချုပ်လိုက်သောကြောင့် ပစ်မှတ်က ရှောင်တိမ်းရန်မလွယ်ချေ။

"ဒီသိုင်းပညာကို နဂါးငွေ့တန်းလက်ဝါးသိုင်းလို့ ခေါ်တယ်။ ငါတို့ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်ရဲ့ အခြေခံသိုင်းပညာတစ်ခု ဖြစ်တယ်။ ဒါက မင်းတို့လူသားတွေကိုရင်ဆိုင်ဖို့ သီးသန့်တီထွင်ထားတာပဲ။ မင်းသာ ဒါကို နည်းနည်းလောက်နားလည်လိုက်တာနဲ့ အများကြီးအကျိုးရှိလိမ့်မယ်။ မင်းတို့လူသားတွေရဲ့ ခန္ဓာကိုယ်က နဂါးငွေ့တန်းရဲ့ကြယ်တွေနဲ့ တူညီတယ်။ မင်းက ဟာကွက်တွေကို ဖျက်ဆီးလိုက်တာနဲ့ ရန်သူကသေပြီ"

ခြင်္သေ့ကြီးကတစ်ချက်ပြုံး၍ သိုင်းပညာအကြောင်း ရှင်းပြလိုက်သည်။

"လူသားခန္ဓာကိုယ်က နဂါးငွေ့တန်းနဲ့တူတယ်"

ယဲ့ချန်က ခြင်္သေ့ကြီး၏စကားကြောင့် နားလည်မှုအသစ်တစ်ခု တိုးလာရသည်။ လူသားများက မြေပြင်အထက်တွင် မွေးဖွားပြီး ကြယ်များအောက်တွင် အသက်ရှင်နေထိုင်ကြသည်။ ထို့ကြောင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံများက ကြယ်အစုအဝေးများရှိ သံလိုက်စက်ကွင်း၏လွှမ်းမိုးခြင်း ခံထားရသည်။

ခြင်္သေ့ကြီးက ယဲ့ချန်ကို သိုင်းပညာအမြင်အသစ်တစ်ခု ဖွင့်ပေးခဲ့သည်။ သူနားလည်ထားသော အစစ်အမှန်သိုင်းလမ်းစဥ်က ၎င်းနှင့်ယှဥ်လျှင် အဝေးကြီးဖြစ်သည်။

ယဲ့ချန်သည် နဂါးငွေ့တန်းလက်ဝါးသိုင်းကို ပြန်လည်ဆင်ခြင်ခဲ့သည်။ ဤသိုင်းပညာက အလွန်ဆန်းကျယ်ပြီး အချိန်ခဏအတွင်း နားလည်နိုင်ရန် မလွယ်ချေ။ သူက နဂါးငွေ့တန်းလက်ဝါးသိုင်း၏အစွမ်းကို တစ်ချက်တည်းထုတ်ဖော်ရန်အတွက် လေထဲမှ ခရမ်းမီးတောက်၏အစွမ်းကို အာရုံခံလိုက်သည်။

ယဲ့ချန်က မျက်လုံးများမှိတ်၍ တစ်စုံတစ်ခုကို အာရုံခံနိုင်နေသောအခါ ခြင်္သေ့ကြီးက ပြုံးလိုက်သည်။ ယဲ့ချန်၏နားလည်နိုင်စွမ်းက အလွန်ထူးချွန်သည်။ သူက လေထဲရှိ ချီစီးဆင်းမှုမှတဆင့် လက်ဝါးသိုင်းကို လေ့လာနိုင်သွားသည်။ ယဲ့ချန်က အားနည်းသော်လည်း ကျင့်ကြံရာတွင် နားလည်မှုအလွန်မြင့်သည်။ သူ၏မျိုးနွယ်တူများ၌ပင် နဂါးငွေ့တန်းလက်ဝါးသိုင်းကို ယဲ့ချန်ကဲ့သို့ အမြန်နှုန်းဖြင့် ဖမ်းဆုပ်နိုင်သူမရှိချေ။

"ဆက်တိုက်ကြမယ်"

အချိန်တစ်ခုအကြာတွင် ယဲ့ချန်၏မျက်လုံးများက တစ်ခုခုနားလည်သွားဟန်ဖြင့် တောက်ပလာသည်။ ဝိညာဥ်စစ်သည်တော်က နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာ၏။

၎င်းက ခြင်္သေ့ကြီးထံ ခုန်ဝင်သွားခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

တိုက်ပွဲက နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပွားလာခဲ့သည်။ ခရမ်းမီးတောက်ကြယ်ခြင်္သေ့နှင့် လေ့ကျင့်ခြင်းက ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်အတွက် အလွန်အကျိုးရှိသည်။ သူ၏ဝိညာဥ်စစ်သည်တော်က အလွန်လျင်မြန်စွာ တိုးတက်လာသည်။ သူက နဂါးငွေ့တန်းလက်ဝါးသိုင်း၏အနှစ်သာရကို ဖမ်းဆုပ်ရန်အတွက် ထပ်ကာထပ်ကာ အတွေ့အကြုံယူနေခဲ့သည်။

နန်မန်တိုင်းပြည်၏ ညီလာခံခန်းမကို တောက်ပစွာအလှဆင်ထားသည်။ စစ်သူကြီးများနှင့် အရာရှိများက ဤနေရာတွင်စုဝေးနေကာ ထို့ပါဟုန်ယဲ့က ပလ္လင်ထက်တွင် ထိုင်နေခဲ့သည်။ စစ်သူကြီးများက တီးတိုးဆွေးနေကြသဖြင့် မမျှော်လင့်ထားသောဖြစ်ရပ်တစ်ခု ဖြစ်နေပုံပေါ်သည်။

"ကန့်သတ်ဒေသကျွန်း ရေနစ်သွားတယ်"

လူတိုင်းက အကြောင်းအရင်းကို မစိုးရိမ်ကြပေ။ ဤအရာက သူတို့နှင့်လားလားမျှမဆိုင်ဘဲ သမာဓိကောင်စီ၏အလုပ်သာ ဖြစ်သည်။ သို့သော်လည်း ကျွန်းပျက်စီးသွားခြင်းက တိုင်းပြည်များအပေါ် ဆက်စပ်နေသဖြင့် ထို့ပါဟုန်ယဲ့က ညီလာခံခေါ်လိုက်ခြင်းဖြစ်သည်။

"အရှင်မင်းမြတ် ​ကျိုးမင်ရယ် ပြန်နိုးလာပြီ။ သူ့ကို ခေါ်ဆောင်လာရမလား"

အစောင့်တစ်ယောက်က အဝေးမှ လျှောက်တင်လာခဲ့သည်။

ကျိုးမင်ရယ်သည် အပြင်းအထန်ဒဏ်ရာရပြီးနောက် ပင်လယ်အတွင်း ဆယ်ရက်ကြာမျောနေခဲ့သည်။ သူ့ကို ချီရီဟုခေါ်သော တိုင်းပြည်ငယ်လေး၏ငါးဖမ်းလှေများက ကယ်ဆယ်ပေးခဲ့ကြသည်။ နန်မန်တိုင်းပြည်၏အဝတ်အစားများကြောင့် ချီရီစစ်သည်များ ရောက်ရှိလာပြီး ထိုတိုင်းပြည်ဘုရင်က သူ၏သရုပ်မှန်ကို ခန့်မှန်းနိုင်ခဲ့သည်။ သူတို့က ပေါ့ပေါ့ဆဆမလုပ်ဘဲ နန်မန်တိုင်းပြည်ထံ သတင်းပို့ခဲ့သောကြောင့် ကျိုးမင်ရယ် အသက်ရှင်ခဲ့ခြင်းဖြစ်လေသည်။

ကျိုးမင်ရယ်သည် ရက်အနည်းငယ် ဆေးကုခံရပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ကံကောင်းစွာဖြင့် သူက ကျင့်ကြံဆင့်တည်ငြိမ်သော ကောင်းကင်ဝိဇ္ဇာတစ်ယောက် ဖြစ်နေခဲ့သည်။ သာမန်ကျင့်ကြံသူများဆိုလျှင် ဒဏ်ရာများစွာနှင့် ပင်လယ်အတွင်း ရက်ပေါင်းများစွာမျောနေလျှင် သေချာပေါက်အသက်ဆုံးသွားပေလိမ့်မည်။

"မင်ရယ်ကို ဒီခေါ်လာကြ"

ထို့ပါဟုန်ယဲ့က အမိန့်ပေးလိုက်သည်။ သူ၏အသံက ပျော်ရွှင်နေပုံမပေါ်ချေ။ နန်မန်တိုင်းပြည်က ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်၊ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်နှင့် မြေဝိဇ္ဇာများစွာပို့ခဲ့သော်လည်း အားလုံးအပြတ်ရှင်းခံလိုက်ရပြီး ကျိုးမင်ရယ်တစ်ယောက်တည်းသာ ပြန်ရောက်လာခဲ့သည်။ သူက အလွန်ဒေါသထွက်နေပြီဖြစ်သည်။

ခန်းမအတွင်းလူတိုင်းကကန့်သတ်ဒေသ၏အဖြစ်အပျက်ကိုဆက်လက်ဆွေးနွေးနေကြသည်။

"အရှင်မင်းကြီး ညံ့ဖျင်းတဲ့ ဒီငယ်သားက အခစားဝင်ရောက်ပါတယ်"

ခဏအကြာတွင် ကျိုးမင်ရယ်ရောက်ရှိလာပြီး ငိုသံကြီးဖြင့် ထို့ပါဟုန်ယဲ့ကို ဂါရဝပြုလိုက်သည်။

"မင်ရယ် ကန့်သတ်ဒေသမှာ ဘာတွေဖြစ်ခဲ့တာလဲ"

ထို့ပါဟုန်ယဲ့က မေးလိုက်သည်။

"အမတ်ကြီး သူ...သူ.."

ကျိုးမင်ရယ်က စကားများထစ်အနေသည်။

"ထို့ပါရန်ကြောင့်လား"

ကျိုးမင်ရယ်၏စကားကြောင့် ထို့ပါဟုန်ယဲ့သည် ပလ္လင်လက်ရန်းကို လက်ဝါးဖြင့် ရိုက်ချလိုက်မိသည်။ သူ၏စစ်သည်တော်များ ဆုံးရှုံးမှု၏တရားခံက ထို့ပါရန်ဖြစ်နေသည်မှာ အကျိုးအကြောင်းဆီလျော်သည်။ မဟုတ်လျှင် ဤအင်အားစုကို ရှီဝူအင်ပါယာမှ ယှဥ်နိုင်စရာ အကြောင်းမရှိချေ။

"မဟုတ်ပါဘူး အရှင်။ အမတ်ကြီးကြောင့် ကျွန်တော်မျိုးတို့ ကိုယ့်သေတွင်းကိုယ်တူးမိခဲ့ပါတယ်။ သူက အဆိပ်ပတူတွေကိုအသုံးချပြီး ကိုယ့်လူကို မတိုက်ခိုက်ဘူးဆိုပေမယ့်......."

ဤသို့အစချီ၍ ကျိုးမင်ရယ်က ဖြစ်ပျက်သမျှကို ရှင်းပြလိုက်သည်။

ညီလာခံသို့ရောက်နေသော လူတိုင်းက ကျိုးမင်ရယ်၏မျက်နှာထံ အကြည့်ရောက်သွားခဲ့သည်။ မီးလောင်ဖုကြီးများက သက်သာသွားသော်လည်း ဒါဇင်ချီသော အစက်အပြောက်များ ကျန်ရစ်နေသည်။ ၎င်းတို့က ကျိုးမင်ရယ်ခံစားခဲ့ရပုံကို မီးမောင်းထိုးပြနေသည်။ စစ်သူကြီးအချို့က ကျိုးမင်ရယ်၏မျက်နှာကြောင့် ရယ်ချင်နေသော်လည်း ထို့ပါဟုန်ယဲ့ရှေ့မှောက်တွင် မလုပ်ရဲကြပေ။ ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် မျက်နှာများပင် နီမြန်းလာကြသည်။

ထို့ပါဟုန်ယဲ့သည် ဤအခြေအနေကို လုံးဝထင်မထားခဲ့ပေ။ ထို့ပါရန်သည် အမြဲတမ်းစေ့စပ်သေချာသူဖြစ်ရာ ဤသို့အမှားမျိုး ပြုလုပ်မည်မဟုတ်ပေ။ တစ်ယောက်ယောက်က လှည့်ကွက်များနှင့် လှည့်စားခဲ့ခြင်း ဖြစ်ဟန်တူသည်။ ရှီဝူအင်ပါယာ၏ ဧကရာဇ်မင်ဝူ ကိုယ်တိုင်လိုက်လာသော အချက်ကလည်း ထူးဆန်းနေသည်။

ထို့ပါဟုန်ယဲ့က ပလ္လင်ကို လက်ချောင်းဖြင့်တောက်၍ အတွေးနက်နေခဲ့သည်။

"မင်ရယ် ကန့်သတ်ဒေသ ရေမြုပ်သွားရတဲ့ အကြောင်းအရင်းကို သိလား"

"ကန့်သတ်ဒေသ ရေမြုပ်သွားပြီလား။ အရှင့်ရဲ့နိမ့်ကျတဲ့ငယ်သားက ဒီအကြောင်းကို မသိပါဘူး။ ကျွန်တော်မျိုး ပင်လယ်ထဲကျပြီးနောက်မှာ အသက်ဘေးကလွတ်ဖို့ အားကုန်ကူးခတ်ခဲ့ရပါတယ်။ ရက်အနည်းငယ်အကြာမှာ သတိလစ်သွားလို့ ဒီအကြောင်းကို လုံးဝမသိပါဘူးခင်ဗျာ"

ထို့ပါဟုန်ယဲ့၏စကားကြောင့် ကျိုးမင်ရယ်က ခဏတာမင်သက်သွားပြီးမှ အဖြေပေးလိုက်သည်။

ထို့ပါဟုန်ယဲ့က အတွေးထဲ ပြန်လည်ရောက်ရှိသွားသည်။ ကန့်သတ်ဒေသ၏ ဝင်ပေါက်နှစ်ခုတွင် ဆန်းကျယ်ဝိဇ္ဇာနှစ်​ယောက်စီ စောင့်ကြပ်နေကြသည်။ ထို့ကြောင့် ကျွန်းပျက်စီးသွားသော အကြောင်းအရင်းက ရှီဝူအင်ပါယာနှင့်ဆိုင်မည် မဟုတ်ပေ။ ကျွန်းတစ်ခုကို ဤသို့ဖျက်ဆီးနိုင်ရန် နတ်ဝိဇ္ဇာအဆင့် ကျင့်ကြံသူတစ်ယောက် လိုအပ်သည်။ အားနည်းသော ရှီဝူအင်ပါယာက ဤသို့လုပ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ကျွန်းတစ်ခု နစ်မြုပ်သွားနိုင်သော ငလျင် ၊မီးတောက်ပေါက်ကွဲခြင်းစသော သဘာဝဘေးအန္တရာယ်များလည်း ရှိသည်။

ကန့်သတ်ဒေသပျက်စီးသွားသဖြင့် သမာဓိကောင်စီက နောက်တစ်ခုဖန်တီးရန် အလုပ်ရှုပ်နေပေလိမ့်မည်။ ဤအချိန်တွင် သူတို့က အခွင့်အရေးကို အသုံးချပြီး ရှီဝူအင်ပါယာကို တက်သိမ်းနိုင်သည်။ သူက လျော်ကြေးတစ်ခုခုပေးလိုက်လျှင် အလုပ်ရှုပ်နေမည်ဖြစ်သော သမာဓိကောင်စီက မျက်စိမှိတ်ထားပေလိမ့်မည်။

ဤကား ကောင်းကင်မှ ကျဆင်းလာသော ရွှေရောင်အခွင့်အရေးတစ် ခုဖြစ်သည်။

"မင်ရယ် ပြန်ပြီး ဒဏ်ရာတွေကုသလိုက်။ ဒီကိစ္စကို ငါ ဆက်စုံစမ်းမယ်"

ဆုံးဖြတ်ချက်ချပြီးနောက် ထို့ပါဟုန်ယဲ့က လက်ကိုယမ်း၍ အမိန့်ပေးလိုက်သည်။

ကျိုးမင်ရယ်က အရိုအသေပေး၍ အစောင့်အချို့၏အကူအညီဖြင့် ခန်းမအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

"ဝူမာ ကုလျန် အလံနက်စစ်တပ်ကို ဦးဆောင်ပြီး ယင်းနန်ကိုချီတက်။ စီကုန်းကျူးယုက အလံဖြူစစ်တပ်နဲ့ ယင်းပိုင်ကိုချီတက်ပြီး အသင့်စောင့်နေ။ မင်းတို့မသွားခင် စစ်ဝန်ကြီးဌာနကနေ ငွေသံချပ်ကာအစုံနှစ်သောင်း ထုတ်သွားကြ"

ထို့ပါဟုန်ယဲ့က စစ်သူကြီးများဘက်လှည့်၍ အမိန့်ပေးလိုက်သည်။

သူ၏စကားကြောင့် တိုက်ပွဲဆာလောင်နေသော စစ်သူကြီးများ၏မျက်လုံးများ အရောင်တောက်လာကြသည်။ ထို့ပါဟုန်ယဲ့က လျင်မြန်စွာတိုင်ပင်လိုက်ပြီးနောက် သူ၏စစ်သူကြီးများက အမိန့်နာခံပြီး ထွက်ခွာသွားကြသည်။ နောက်ဆုံးတွင် သူတို့က ရှီဝူအင်ပါယာကို တိုက်ခိုက်ရတော့မည်ဖြစ်သည်။

နန်မန်တိုင်းပြည်မှ စစ်ရေးပြင်ဆင်နေစဥ် သတင်းပို့သိမ်းငှက်တစ်ကောင်က ရှီဝူအင်ပါယာ၏နန်းတော်သို့ ဝင်ရောက်လာသည်။ တိုင်းပြည်နှစ်ခုက အချင်းချင်းတင်းမာနေကြသဖြင့် သူလျှိုများအသီးသီး စေလွှတ်ထားကြသည်။ နန်မန်တိုင်းပြည်တွင် ဖြစ်ပျက်နေသမျှက မင်ဝူ၏နားသို့ ပေါက်ကြားလာခဲ့သည်။

သိမ်းငှက်သယ်ဆောင်လာသော စာက မင်ဝူ၏လက်ထဲတွင် ရှိနေခဲ့သည်။ နန်မန်တိုင်းပြည်မှ စစ်တိုက်ရန် ပြင်ဆင်လာသောအခါ မင်ဝူသည်လည်း သူ၏တပ်ဖွဲ့များကို ချက်ချင်းပြင်ဆင်လိုက်သည်။ သူတို့က နန်မန်တိုင်းပြည်ထက် အားနည်းသော်လည်း အလွယ်တကူ လက်နက်ချမည်မဟုတ်ပေ။

စစ်ပွဲမှလွဲလျှင် ရှီဝူအင်ပါယာအတွက် ရွေးချယ်စရာမရှိတော့။

***

All Chapters