ထိတ်လန့်တုန်လှုပ်သွားသော ချန်ယန်နန်
Vol. 78 Ch. 1079
ဖုန်းချပြီးနောက် ထန်ရှုက မသိစိတ်အရ စီးကရက်မီးညှိရင်း တစ်ခုခုအား တွေးနေလေသည်။ ပိုက်ဆံက သူ့အတွက် အသေးအဖွဲ့တစ်ခုသာ ဖြစ်သော်လည်း သူက ကျင့်ကြံခြင်းအရင်းအမြစ်များစွာ လိုအပ်သည်၊ သူတို့အား ရရန် တိုက်ရိုက်အကျဆုံးနည်းလမ်းက ပိုက်ဆံနှင့် ဝယ်ခြင်းသာလျှင် ဖြစ်၏။
ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ငွေလည်ပတ်မှုအသစ်တစ်ခု ဖွင့်လှစ်တော့မည်၊ သို့သော် ထုတ်ကုန်အသစ်လေဝဲပန်းကန်ပြားအတွက် သူက ခေါင်းကိုက်မိ၏။ စစ်တပ်က ၎င်း၏ထုတ်လုပ်မှုအား အပြည့်အဝချေဖျက်နိုင်မည်မလား သူက မသေချာပေ။
အချိန်အတော်ကြာသည့်အထိ သူက စဉ်းစားမှုယာဉ်ရထားထဲသို့ နစ်မြောသွားသည်။ ထို့နောက် သူက ယွမ်ချူးလင်တို့အဖွဲ့အား ကြည့်လိုက်သည်။ သူတို့က သူ၏အတန်းဖော်နှင့်ညီအကိုများဖြစ်ကြပြီး သူတို့က ဘဝတွင် အောင်မြင်မှုရရန် သူက မျှော်လင့်ထား၏။ သို့သော် ကျင့်ကြံခြင်းလမ်းကြောင်းက အန္တရာယ်များပွထကာ ဆူးငြောင့်ခလုတ်များပြည့်နေသည့်အတွက် သူတို့အား ကျင့်ကြံခြင်းပညာရပ်တစ်ခုခုသင်ကြားပေးရန် အစီအစဉ်မရှိပေ။ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစေမည့်အစား သူတို့အား ဘဝတစ်သက်လုံး သက်သောင့်သက်သာနှင့်သာ ရှင်သန်စေချင်သည်။
များမကြာမီ သူက နောက်ထပ်ဖုန်းခေါ်မှုတစ်ခု ပြုလုပ်ကာ ပြောလိုက်သည် “မနက်ဖြန်ညနေခြောက်နာရီမှာ ကျင်းမန်ကျွန်းရဲ့ထာဝရခန်းမမှာ ခင်ဗျားကို ကျုပ် စောင့်နေမယ်။ အရင်က ကျုပ်တို့ ပြောခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့။ ကျုပ် အဲဒါကို ရောင်းဝယ်ဖို့ အသင့်ဖြစ်နေပြီ”
“အဲဒါက ဘယ်အပိုင်းကလဲ”သွမ်မုလင်၏အသံက ဖုန်းမှ ထွက်လာသည်။
“ပျံသန်းရေးယာဉ်”ထန်ရှုက ပြန်ဖြေသည်။
“ငါ သိပြီ။ ဒါဆို ငါ အမြန်လာခဲ့မယ်။ မနက်ဖြန်ခြောက်နာရီ ငါ အဲ့မှာ ရှိနေလိမ့်မယ်”သွမ်မုလင်က နက်ရှိုင်းသောအသံနှင့် ပြန်ဖြေလိုက်သည်။
ဖုန်းချပြီးနောက် ထန်ရှုက လူတိုင်းအား ကြည့်လိုက်သည်။ “ရှန်းဟိုင်ကို မပြန်နဲ့အုံး၊ ငါ့ကောင်တို့။ လုပ်ငန်းကြီးတစ်ခုဆိုတာ ဘာကို ခေါ်လဲဆိုတာ ပြဖို့ မနက်ဖြန်ညနေကျရင် မင်းတို့ကို ငါနဲ့အတူ ခေါ်သွားမယ်”
ယွမ်ချူးလင်၊ ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထန်ရှုလုပ်နေသည့်စီးပွားရေးက ဘယ်လောက်ကြီးမားသလဲကို သူတို့အားလုံး သိကြ၏။ ၎င်းက အပြည့်အဝလည်ပတ်လာလျှင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအား ပိုက်ဆံထုတ်စက်တစ်ခုဟု ပြောနိုင်သည်။
ဤမတိုင်ခင်တုန်းက ဘယ်လိုစီးပွားရေးညှိနှိုင်းမှုကိုမဆို သူတို့အား ပြသရန် ထန်ရှုက မခေါ်သွားခဲ့ပေ။ လက်ရှိတွင် သူတို့က ဘာမှအရေးတကြီးလုပ်စရာမရှိသလို ကမြင်းကြောထနေခဲ့သောကြောင့် သူတို့အား ဉာဏ်အလင်းရစေရန် သူက အခွင့်အရေးတစ်ခု ပေးချင်ပုံရ၏။
ထို့နောက် ထန်ရှုက ယွမ်ချူးလင်တို့အဖွဲ့နှင့်အတူ ကျင်းမန်ကျွန်းရှိထာဝရခန်းမ၏ဌာနချုပ်သို့ ခေါ်သွားသည်။ သူတို့အား နေရာချပေးရန် လူအချို့အား တာဝန်ပေးပြီးနောက် သူက ချန်ယန်နန်နှင့် တန်းထွက်လာခဲ့၏။
ကျယ်ပြောသောအခန်းတစ်ခုထဲတွင် ထန်ရှုက စီးကရက်မီးညှိပြီးနောက် ပြတင်းပေါက်သို့ လျှောက်သွား၏၊ သူက အပြင်ဘက်ရှိ မြင်ကွင်းအလီလီအား ကြည့်လိုက်သည်။
“အနာဂတ်မှာ ဘာလုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး မင်း တွေးထားပြီးပြီလား၊ ချန်ယန်နန်”ထန်ရှုက ချန်ယန်နန်အား လှည့်ကြည့်ကာ မေးလိုက်သည်။
အတိတ်တွင် ထန်ရှုနှင့်သူမတွေ့ဆုံချိန်တုန်းက သူ့အား အခြားအတန်းများက နှင်ထုတ်ခဲ့သဖြင့် သူတို့အတန်းသို့ ပြောင်းရွှေ့လာခဲ့ရ၏။ အစတွင် သူမက သူ့အား မနှစ်သက်ခဲ့ပေ၊ မုန်းတောင် မုန်းခဲ့သည်။ ထန်ရှုက သူမ၏အတန်းဖော်အားလုံးအား ထိခိုက်စေသည့် ကြွက်စုတ်တစ်ကောင်ဟု တွေးခဲ့သည်။
သို့သော် လက်ရှိထန်ရှုက သူမမော့ကြည့်ရသည့်အထိ အောင်မြင်မှုများ ရနေခဲ့သည်။ နောက်ပိုင်းတွင် သူနှင့် ပတ်သက်ပြီး အနည်းငယ် သိလာပြီးနောက် သူမက တကယ်ကို မျက်စိကန်းခဲ့သည်ဟုပင် ခံစားမိလာ၏။ ကမ္ဘာပေါ်တွင် သူ့ထက် ပိုတော်သည့်သူမရှိဟု ခံစားမိလာသောကြောင့်ပင်။
အနာဂတ်မှာ သူမ ဘာလုပ်ချင်လဲ။
သူမ ဘယ်တော့မှ အချိန်ယူမစဉ်းစားခဲ့သည့်ကိစ္စတစ်ခုပင်။ အတိတ်တွင် သတ်သေရန်ပင် သူမက တွေးခဲ့မိသည်။ ထန်ရှုက သူမအား မျှော်လင့်ချက်ပေးခဲ့သည်၊ သူမ၏စိုးရိမ်မှုများမှ သက်သာရာရလာခဲ့ပြီး သူမ၏နေ့ရက်များအား သက်သောင့်သက်သာဖြတ်သန်းနိုင်ခဲ့၏။ ယခု ထန်ရှုမေးတော့မှသာ သူမ၏အနာဂတ်နှင့် ပတ်သက်ပြီး စတင်စဉ်းစားမိ၏။
“ငါ မသိဘူး”
အချိန်အတော်ကြာ နှုတ်ဆိတ်သွားပြီးနောက် ချန်ယန်နန်က ရှုံ့မဲ့ပြုံးလျက် ခေါင်းခါလိုက်သည်။ တောင်တရုတ်ပင်လယ်ရှိကျွန်းနှစ်ကျွန်းပေါ်ရှိသားရဲရိုင်းများမွေးမြူခြင်းနှင့်ဆေးပင်စိုက်ပျိုးခြင်းတို့အား စီမံခန့်ခွဲရန် ထန်ရှုအား ကူညီပေးခြင်းက ယာယီအလုပ်တစ်ခုမျှဖြစ်သည်ကို သူမက သိ၏။ သို့သော် အနာဂတ်တွင် ဘာလုပ်ချင်သည်နှင့်ပတ်သက်ပြီး သူမကိုယ်တိုင်က မသိပေ။
“မင်းကိုယ်မင်း မသိမှတော့ မင်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ငါ စီမံပေးရင် ဘယ်လိုလဲ”ထန်ရှုက ဖြည်းညင်းစွာ ပြောလိုက်သည်။
ချန်ယန်နန်က မှင်တက်သွားပြီး ရှုပ်ထွေးသောအမူအရာနှင့် မေးလိုက်သည် “နင် ငါ့အတွက် ဘယ်လိုစီစဉ်ပေးမှာလဲ”
“ငါ လုပ်မယ့်အရာတွေနဲ့ပတ်သက်ပြီး တချို့တလေ မင်း ခန့်မှန်းမိမှာပါ။ ငါ့အတွက် အလုပ်လုပ်နေတဲ့သူတွေကို မင်းလဲ မြင်ဖူးတာပဲ”ထန်ရှုက ပြော၏ “ပြောရရင် မင်းသာ စွမ်းရည်အသုံးပြုသူတစ်ယောက်မဖြစ်လာခဲ့ရင် ငါ မင်းကို ယောကျ်ားတစ်ယောက်နဲ့ လက်ထပ်စေပြီး မင်းရဲ့လက်ကျန်ဘဝကို သားသမီးမြေးမြစ်တွေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းခိုင်းဖို့ပဲ။ ဒါပေမယ့် အခု မင်းက သာမန်လူတစ်ယောက်မဟုတ်တော့ဘူး၊ ဒါကြောင့် မင်းမှာ ပိုစိတ်လှုပ်စရာကောင်းတဲ့ဘဝတစ်ခုရှိသင့်တယ်လို့ ငါ ထင်တယ်။ သေချာတာကတော့ မင်းရင်ဆိုင်ရမယ့်အန္တရာယ်တွေက အရမ်းကြီးလိမ့်မယ်”
ချန်ယန်နန်က ခဏစဉ်းစားပြီးနောက် မေးလိုက်သည် “ငါ့အမရဲ့ဘဝရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးတော့ ငါ အရင် သိချင်တယ်။ နင် သူမအတွက်ရော မစီစဉ်ပေးခဲ့ဖူးလား”
“ငါ သိပါတယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြော၏ “မင်းရဲ့အမက သန်မာပြီး စွမ်းဆောင်ရည်ရှိတဲ့အမျိုးသမီးတစ်ယောက်ပဲ။ သူမက ငါနဲ့ပတ်သက်ပြီးတော့ တချို့တလေသိတယ်။ ဒါကြောင့် သူမကို တိုင်းပြည်က ထပ်ပိုင်ဆိုင်တော့မှာမဟုတ်ဘူး။ ပိုသန်မာပြီးအံ့ဩစရာကောင်းတဲ့ဘဝတစ်ခုကို လိုချင်လားလို့ ငါ သူမကို တစ်ခါ မေးခဲ့တယ်။ သူမရဲ့အဖြေက ငါ့ကို ကျေနပ်စေတယ်၊ သူမက အဲလိုဘဝတစ်ခုကို လိုချင်တယ်တဲ့”
“သူမရဲ့အနာဂတ်ဘဝကို နင် စီစဉ်ပေးတာကို ငါ့အမက လက်ခံဖို့ ဆန္ဒရှိမှတော့ ငါလဲ အတူတူပဲ”ချန်ယန်နန်က တည့်တည့်ပြောလိုက်သည် “သူမက ငါနဲ့အနီးကပ်ဆုံးပုဂ္ဂိုလ်ပဲ။ ပြီးတော့ သူမက ဒီလိုထူးခြားတဲ့လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့တာကြောင့် ငါ သူမကို တစ်ယောက်တည်း မတိုက်ခိုက်စေချင်ဘူး”
ထန်ရှုက သူမအား လက်မထောင်ကာ ချီးကျူးလိုက်သည် “မင်းက ချန်ရွှယ်မေရဲ့ညီမနဲ့ငါ့ရဲ့အတန်းဖော်ဟောင်းဖြစ်ဖို့ ထိုက်တန်တယ်။ မင်းက သေရမှာကို မကြောက်ဘူး၊ ဒီရွေးချယ်မှုပြုလုပ်မယ်ဆိုတာ ငါ သိတယ်။ မင်းကို ယာယီနေရာပြောင်းရွေ့ဖို့ ကျွန်းနှစ်ကျွန်းရဲ့ကြီးကြပ်သူကို ငါ ပြောလိုက်မယ်။ မနက်ဖြန် စီးပွားရေးညှိနှိုင်းမှုပြီးရင် မင်း ငါနဲ့အတူ နဂါးကိုးကောင်ကျွန်းကို သွားရမယ်…အဲနေရာမှာ မင်း သုံးလလေ့ကျင့်ရမယ်။ အဲဒီအချိန်အတောအတွင်း လေ့ကျင့်ရေးပထမအဆင့်ကို မင်း အောင်မြင်နိုင်ရင် ငါ မင်းကို ကျွန်းနှစ်ကျွန်းဆီ ပြန်ခွင့်ပြုမယ်”
“ဒီနဂါးကိုးကောင်ကျွန်းက ဘယ်နေရာမှာလဲ”ချန်ယန်နန်က မေးလိုက်သည်။
“လက်ရှိမှာ မင်းက ထန်ဂိုဏ်းရဲ့တပည့်မဟုတ်သေးတာကြောင့် ထန်ဂိုဏ်းရဲ့တည်နေရာကို သိခွင့်မရှိဘူး။ မင်း အဲကို ရောက်တဲ့အထိ စောင့်နေပါ။ သုံးလအတွင်းမှာ မင်း ကျင့်ကြံခြင်းလမ်းကြောင်းကို အောင်မြင်စွာ ဝင်ရောက်နိုင်ပြီး လေ့ကျင့်ခြင်းပထမအဆင့်ကို ပြီးမြောက်ခဲ့ရင် ငါ မင်းကို ထန်ဂိုဏ်းနဲ့ ပူးပေါင်းခွင့်ပြုမယ်၊ လျှို့ဝှက်ထားရမယ့်ကိစ္စအချို့ကို သိခွင့်ပေးမယ်”
သူမဘဝ၏ဒုတိယတစ်ပိုင်းအား ထန်ရှုထံ လွှဲပေးရန် ဆုံးဖြတ်ထားပြီးနောက် ချန်ယန်နန်က ဘယ်လိုလျှို့ဝှက်ချက်ကိုမှ သိရှိရန် အာရုံမထားတော့ပေ။ သူမက စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်သော်လည်း ထန်ရှုက သူမအား ကျင့်ကြံသူတစ်ယောက်ဖြစ်စေချင်သည့်အပေါ် အနည်းငယ်အံ့အားသင့်မိရုံသာ။
ခဏတုံ့ဆိုင်းပြီးနောက် သူမ၏သိလိုစိတ်အား ကျေနပ်စေရန် ချန်ယန်နန်က မေးလိုက်သည် “ဒါနဲ့ ထန်ရှု။ ကျင့်ကြံသူတွေက စွမ်းရည်အသုံးပြုသူတွေထက် ပိုအားကောင်းတာလား”
“ဟားဟားဟား”ထန်ရှုက ရယ်ကာ ရှင်းပြလိုက်သည် “မင်း သိလား၊ စွမ်းရည်အသုံးပြုသူတွေက သဘာဝလွန်စွမ်းအားအချို့ကို အသုံးပြုနိုင်ရုံပဲ၊ ဒါပေမယ့် ကျင့်ကြံသူတွေက လုံးဝမတူဘူး။ အဆင့်တစ်ခုအထိ ရောက်ရှိထားတဲ့ ဘယ်ကျင့်ကြံသူမဆို သဘာဝစွမ်းအားကို ဆင့်ခေါ်နိုင်ပြီး ပတ်ဝန်းကျင်နဲ့အချိန်ကို ထိန်းချုပ်နိုင်တယ်။ ကောင်းကင်မှာ ပျံသန်းပြီး စကြာဝဠာဟင်းလင်းပြင်ကိုတောင် ဖြတ်သန်းနိုင်တယ်”
“ဘာ၊ ဒါ ကြွားဝါနေတာပဲ”အထင်သေးသောအကြည့်တစ်ခုက ချန်ယန်နန်၏မျက်နှာပေါ်တွင် ရေးဆွဲသွားလျက် သူမက ပြောလိုက်၏ “ကျင့်ကြံသူတွေက ကောင်းကင်ဘုံသားအင်မော်တယ်လို့ နင် ထင်နေတာလား။ ကျင့်ကြံတွေက ဒီလောက်အားကောင်းရင် သူတို့က ကမ္ဘာမြေရဲ့အရှင်သခင်တွေ ဖြစ်နေပြီပေါ့”
ထန်ရှုက သူမအား လှည့်ကြည့်ကာ ခပ်ရေးရေးပြုံးလိုက်သည် “ငါ့ကို နောက်ထပ်နှစ်အနည်းငယ်ပေးပါ၊ ငါ လိုချင်ရင် ကမ္ဘာတစ်ခုလုံးရဲ့အရှင်သခင် အလွယ်တကူဖြစ်နိုင်တယ်။ ဘယ်လူသားမဆို ငါ့ရဲ့အရှေ့မှာ ဒူးထောက်နေရမယ်။ ကျင့်ကြံသူတွေက မင်း စိတ်ကူးနိုင်တာထက် ပိုအားကောင်းတယ်။ သူတို့ရဲ့ကျင့်ကြံခြင်းက ပိုသန်မာလာရင် ဒီကမ္ဘာရဲ့အဟန့်အတားကို ချိုးဖြတ်ပြီး အင်မော်တယ်ကမ္ဘာကို တက်လှမ်းပြီး အင်မော်တယ်ဖြစ်ဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
သူ၏အခိုင်အမာပြောဆိုမှုအပေါ် ချန်ယန်နန်က ငိုရမလားရယ်ရမလားမသိတော့။ “နင် ရှန်းရှစာအုပ်တွေ ဖတ်တာများနေပြီထင်တယ်၊ ထန်ရှု။ ကျင့်ကြံသူတွေက တကယ်ပဲ အားကောင်းတယ်ဆိုရင် ကျင့်ကြံနိုင်တဲ့သူတွေက အင်မော်တယ်တွေ ဖြစ်နေကြပြီပေါ့”
ဝှစ်…
ပြန်ဖြေမည့်အစား သက်သေပြရန် ထန်ရှုက သူ၏စွမ်းရည်အား တိုက်ရိုက်အသုံးပြုလိုက်သည်။ ချန်ယန်နန်ထံ လျှပ်တစ်ပြက်အတွင်း ပြေးသွားပြီးနောက် သူမ၏ခါးအား ကိုင်ကာ အခန်းထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ နောက်စက္ကန့်ပိုင်းတွင် သူက ချန်ယန်နန်ကို ခေါ်ကာ လေထဲရှိ တစ်ကီလိုမီတာအမြင့်၌ ထွက်ပေါ်လာသည်။ စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်သော်လည်း ချန်ယန်နန်က အတွေ့အကြုံအနည်းငယ်သာရှိသောကြောင့် ကြောက်လန့်တကြား အော်နေခဲ့သည်။
ကမ္ဘာမြေအား ငုံ့ကြည့်ရင်း ထန်ရှုက ကိုယ်ပျောက်အဆောင်နှစ်ခုအား သူ၏သိုလှောင်လက်စွပ်မှ ယူထုတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်ပေါ်သို့ လျင်မြန်စွာ အသုံးပြုလိုက်သည်။ လက်ရှိနည်းပညာက အလွန်တိုးတက်နေပြီး ကောင်းကင်တွင် ထောက်လှမ်းရေးဂြိုလ်တုများ ရှိ၏။ ထိုဂြိုလ်တုများက သူတို့အား မှတ်တမ်းတင်သွားမည်ကို သူ မလိုချင်ပေ။
နောက်ဆုံးတွင် ချန်ယန်နန်က ကြောက်ရွံ့ခြင်းမှ လျော့ပါးလာခဲ့သည်။ သူမက ဉီးတည်ဘက်တိုင်းရှိ မြင်ကွင်းများအား ဂရုတစိုက် ကြည့်ရင်း ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်သည် “ဘယ်လို…နင် ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ”
“ဟီးဟီးဟီး”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “ငါ ဒီလိုလုပ်တာကို မင်း ဘယ်တော့မှ မမြင်ဖူးဘူးမလား။ ငါတို့သာ ဒီထက်ခပ်မြင့်မြင့်ပျံသန်းမယ်ဆိုရင် မင်း လိပ်ပြာလွင့်သွားမှာလား”
ချန်ယန်နန်က ပင့်သက်ရှိုက်လျက် တံတွေးမျိုချလိုက်မိသည်။ ထို့နောက် ကြောက်ရွံ့မှုရစ်ဝဲနေသောအသံနှင့် ပြန်ပြောလိုက်၏ “ဒါ မယုံနိုင်စရာကောင်းလွန်းတယ်။ စူပါမန်းတွေကတောင် နင့်ထက် နိမ့်ကျမယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ ပြီးတော့ နင်…နင်က ကောင်းကင်ဘုံအင်မော်တယ်တစ်ယောက်ဖြစ်လာတဲ့အထိ ကျင့်ကြံထားပြီးပြီလား”
“မဟုတ်ဘူး။ ငါ လျှောက်လမ်းဖို့ ခရီးအရှည်ကြီးကျန်သေးတယ်။ ငါ့ကို အနည်းငယ်အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်လို့ပဲ သတ်မှတ်နိုင်တယ်”ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “နတ်ဘုရားတစ်ယောက်ဖြစ်ဖို့ဆိုရင် အချိန်အကြာကြီး လိုအုံးမယ်။ ကောင်းပြီ၊ ငါတို့ ပြန်သွားကြရအောင်”
သူ ပြောပြီးနောက် ကောင်းကင်နှင့်မြေကြီးက လည်ပတ်နေသည်ကိုသာ ချန်ယန်နန်က ခံစားမိသည်။ ထို့နောက် အခန်းထဲသို့ ချက်ချင်း ပြန်ရောက်လာခဲ့၏။ သူမက မျက်လုံးပွတ်ကာ ခါးဆိတ်ကြည့်လိုက်သည်၊ နာကျင်မှုကို ခံစားရသောအခါတွင်မှသာ သူမက အိမ်မက်မက်နေသည်မဟုတ်မှန်း သေချာသွားတော့သည်။
ဤအချိန်တွင် သူမက ထန်ရှုအား ကြည်ညိုလေးစားစွာ ကြည့်လိုက်သည်။ ထန်ရှုထံ သူမ၏အနာဂတ်အား ပေးအပ်ခဲ့ခြင်းက ဉာဏ်ရှိသောလုပ်ရပ်ဟု ရုတ်တရက် ခံစားမိလာသည်။
“ငါလဲ ကျင့်ကြံသူတစ်ယောက်ဖြစ်ချင်တယ်။ နင် လုပ်သလိုမျိုး ငါလဲ ကောင်းကင်မှာ ပျံသန်းချင်တယ်”ချန်ယန်နန်က လက်သီးတင်းတင်းဆုပ်လျက် ပြောလိုက်သည်။
***