ထူးခြားသောမြေပုံ
Vol. 74 Ch. 1027
ချင်ဟုမြို့တော်သည် ညဥ့်မြို့တော်တစ်ခုဖြစ်ကာ ယနေ့သည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ဖန်ဆင်းခြင်းနယ်မြေနှင့် ထိုက်ချူကုန်းမြေ တခွင်မှ ဧည့်သည်တော်များမှာလည်း အာရုဏ်တက်ချိန်ထိတိုင် အပီကဲခဲ့ကြသည်။
အန်လင်းတို့သည်လည်း အခြားသူများနှင့်အတူ ပျော်ပါးခဲ့ကြလေသည်။
ပိုင်ယောင်နှင့် ရှောင်ချိုးမှာလည်း မိုးလင်းထိတိုင် မင်္ဂလာဦးခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ထိုအရာများမှာ အရေးမကြီးလှပေ။
အရေးကြီးသည်မှာ အန်လင်းသည် သစ်သားသေတ္တာအား ဖွင့်နိုင်ခဲ့ပြီး ကျပ်ပြည့်သူဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။
သေတ္တာထဲတွင် အပြာရောင် စက္ကူစတစ်ခု ရှိနေသည်။
ထိုထဲတွင် အဖြူရောင် အစက်အပြောက်များနှင့်အတူ ရှုပ်ထွေးသော မျဥ်းကြောင်းများ ရေးဆွဲထားသည်။
“မန္တာန်ဖွဲ့စည်းပုံလား။ တူလည်းမတူပါဘူး။”
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
သူသည် ရွေးချယ်စရာ မရှိပဲ သူငယ်ချင်းအား မေးမြန်းရတော့သည်။
“ဒါကမြေပုံထင်တယ်။”
ရွှမ်းယွမ်ချန် စကားဆိုလိုက်သည်။
လျှိုချင်းဟွမ် ခေါင်းညိတ်ပြလာသည်။
“တစ်နေရာရာရဲ့ နက္ခတ်ပြမြေပုံပဲ။”
နက္ခတ်ပြမြေပုံလား......
အန်လင်းမှာ ထိုသို့သော အရာမျိုးကို မကြားဖူးပေ။
“နက္ခတ်ပြမြေပုံက ဘာကြီးလဲ။”
ဗဟုသုတ ကြွယ်ဝသော ရှောင်ဇယ်မှာ ဆရာဖြစ်သူအား ရှင်းပြလိုက်သည်။
“နက္ခတ်ပြမြေပုံက ကြယ်တာရာ တည်နေရာတွေကိုလိုက်ပြီး ရေးဆွဲထားတာလေ။”
“ဒီမှာကြည့်လေဆရာ အဖြူရောင် အစက်တွေက ကြယ်တွေပဲ။ ဒီလမ်းကြောင်းတွေကတော့ ကြယ်တာရာ လမ်းကြောင်းတွေပေါ့။ ညဥ့်ကောင်းကင်ယံမှာ မတူတဲ့ နေရာတွေကနေ ကြယ်တွေကိုကြည့်ရင် ကွဲပြားနေတာတွေကို သတိထားမိလိမ့်မယ်။”
“နက္ခတ်ပြမြေပုံက နေရာတစ်ခုကနေ သန်းခေါင်ယံ အချိန်မှာ ရေးဆွဲထားတာမျိုးပဲ။”
အန်လင်း အူကြောင်ကြောင် ဖြစ်နေသည်။
“ထိုက်ချူက အကြီးကြီးလေ။ ဒီမြေပုံနဲ့ ကိုက်မကိုက်သိဖို့ ကုန်းမြေတစ်ခုလုံး လိုက်သွားနေရမှာလား။ ဒါကြီးက မဟုတ်သေးပါဘူး။”
“အန်လင်း နက္ခတ္တပညာ ရှိတာကို မေ့နေတာလား။”
လျှိုချင်းဟွမ် စကားဆိုလာသည်။
“တချို့တွေက မွေးရာပါကို ကြယ်တွေကို နားလည်နိုင်စွမ်း မြင့်ကြတယ်လေ။ သူတို့တွေက နက္ခတ်ပညာနဲ့ အနာဂတ်ကို ဟောကြတဲ့အပြင် ကြယ်တွေရဲ့ မျက်လုံးနဲ့ လောကကြီးကို ကြည့်ကြတယ်။”
“ပြောရရင် သူတို့က ကြယ်တွေရဲ့ အစွမ်းကိုသုံးပြီး မြေပုံကို ကြည့်နိုင်လိမ့်မယ်။”
လျှိုချင်းဟွမ်၏ ရှင်းပြချက်မှာ အနည်းငယ် ရှုပ်ထွေးပါသော်လည်း အန်လင်းမှာ သဘောပေါက်လက်ခံလိုက်သည်။
လောကကြီးသည် ကျယ်ပြန့်ကာ ပါရမီရှင် အမျိုးမျိုးလည်း တည်ရှိနေသည်။
“အဲ့ဒါဆို ဒီမြေပုံကို ဘယ်သူကြည့်နိုင်လောက်လဲ။”
အန်လင်း မေးမြန်းလိုက်သည်။
လျှိုချင်းဟွမ် အနည်းငယ်တွေးကာ ပြောလိုက်သည်။
“ဝိဥာဥ်ငါးကလန်နဲ့ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုက နက္ခတ္တပညာမှာ နာမည်ကြီးတယ်။ သူတို့တွေကတော့ မြေပုံနဲ့ ပက်သတ်ပြီး ကူညီပေးနိုင်လောက်တယ်။”
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။
ထိုသည်မှာ ဝိဥာဥ်ငါးကလန်အတွက် ဖြစ်သင့်ပါသော်လည်း ချန်းဟောက်၏ ပိုင်ဆိုင်မှုထဲတွင် ရှိနေသည်။
ဝိဥာဥ်ငါးကလန်၊ ချန်းဟောက်၊ မြေခွေးနက်မျိုးနွယ်စု၊ မင်္ဂလာပွဲ.......
အကုန်လုံးက ဒီမြေပုံနဲ့ ပက်သတ်နေမလား......
အန်လင်း စိတ်ဝင်စားသွားရသည်။
ဒီဟာက အဆင့်အတန်းမြင့်ပြီး သြဇာအာဏာ ကြီးမားတဲ့ သူဋ္ဌေးတစ်ယောက်ရဲ့ ရတနာမြေပုံများလား......
ဘယ်လောက်တောင် တန်ဖိုးကြီးမလဲ.....
သမုဒ္ဒရာဆီ လမ်းပြပေးမယ့် မြေပုံများ ဖြစ်နေမလား.....
အန်လင်း မျက်ဝန်းများ တောက်ပလာသည်။
ဒီမြေပုံက one pieceဆီ ခေါ်သွားပေးမှာပဲ.... ငါတော့ ပင်လယ်ဓားပြဘုရင် ဖြစ်လာတော့မယ်....
(one pieceက အရမ်းနာမည်ကြီးတဲ့ ပင်လယ်ဓားပြ ဂျပန်animeတစ်ခုပါ။)
စုရှောင်လန်မှာ အန်လင်း အမူအရာအားကြည့်ကာ ပြောလိုက်သည်။
“နင်သက်သာသွားမှ သွားလို့ရမယ်။”
“အော်....”
အန်လင်း ခေါင်းညိတ်ပြလိုက်ရသည်။
အားလုံးသည် မြေခွေးဖြူ အင်ပါယာနန်းတော်တွင် တစ်ရက်ခန့် ထပ်မံအနားယူခဲ့သည်။
ဒုတိယမြောက်နေ့တွင် ရှောင်ချိုးသည် နံရံအားကိုင်ကာ ယိုင်တိယိုင်တိုင် ထွက်လာလေသည်။
အန်လင်း၊ ရွှမ်းယွမ်ချန်၊ တပိုင်နှင့် ယောက်ျားများအားလုံး ရှောင်ချိုးအား ပါးစပ်အဟောင်းသားဖြစ်ကာ လိုက်ကြည့်နေကြသည်။
ရှောင်ချိုးမှာ လမ်းပင်ကောင်းကောင်း မလျှောက်နိုင်ပါသော်လည်း မည်သူကမှ လာမကူကြပေ။
ယီးတဲ့မှ.... ငါတို့လို အရှုံးသမားတွေက မင်းကို ကူစရာ အကြောင်းမရှိဘူး.....
ရှောင်ချိုးသည်လည်း မည်သူကမှ အနှောင့်အယှက် မပေးသောကြောင့် ပျော်ရွှင်နေမိသည်။
“ငါလည်း မြေခွေးမလေးတစ်ယောက်ကို လက်ထပ်ချင်တယ်။”
ထျန်းရှီမန်သည် ပိုင်ယောင်နှင့် ရှောင်ချိုးအားကြည့်ကာ ဆုံးဖြတ်လိုက်သည်။
အန်လင်း အေးစက်စွာ ပြောလာသည်။
“မြေခွေးမလေးက ခံနိုင်ရည် ရှိရင်တောင် ခင်ဗျားက ရှောင်ချိုးလောက် သက်လုံကောင်းပါ့မလား။”
ထျန်းရှီမန် : “.....”
ထျန်းရှီမန် စော်ကားခံရသလို ခံစားလိုက်ရသည်။
ရှောင်ချိုးမှာ အန်လင်းတို့ထံ ရောက်ရှိလာသည်။
အန်လင်း အားယူကာ ပြုံးလိုက်သည်။
“မင်းတို့ ပြီးသွားပြီလား။”
ရှောင်ချိုး ကြောင်တောင်တောင်နှင့် ခေါင်းညိတ်ပြလိုက်သည်။
“အင်း.... ကျွန်တော် ယန်စွမ်းအင်တွေကုန်လို့ အရမ်းပင်ပန်းနေပြီ။”
အားလုံး ပြုံးစိစိ ဖြစ်သွားကြသည်။
ရှောင်ချိုး နားမလည်နိုင် ဖြစ်သွားသည်။
ငါပြောတာ ဘာမှားလို့လဲ.....
သူသည် ပိုင်ယောင်အား ကယ်တင်ရန် သူ၏ယန်စွမ်းအင်နှင့် သူမ၏ ယင်းစွမ်းအင်အား ပေါင်းစည်းကာ အေးခဲနေသော ယန်စွမ်းအင်အမြစ်နှင့် သူ၏ မဟူရာနတ်ဘုရား အံ့ဖွယ်မီးတောက်ကိုလည်း မျှတအောင် လုပ်နေခဲ့ရသည်။
ထိုသည်ကို အဘယ့်ကြောင့် အားလုံးမှာ တစ်မျိုးတမည် ဖြစ်နေပါသနည်း။
“ရှောင်ချိုးက အရမ်းအလုပ်ကြိုးစားတာပဲ။ အဲ့ဒါကြောင့် အားလုံးအတွက် ငါကိုယ်တိုင် ဟင်းချက်ကျွေးမယ်။”
စုရှောင်လန်မှာ အကြော်ဒယ်အိုးအားကိုင်ကာ ပြောလိုက်သည်။
အားလုံး မျက်နှာပျက်သွားလေသည်။
သောက်ကျိုးနည်းကို အလုပ်ကြိုးစားတာပါလား.... ငါတို့လည်း အဲ့လို အလုပ်ကြိုးစားချင်တယ်လေ....
ရှောင်ချိုး ရင်ထဲထိသွားရသည်။
သခင်သာမက သခင်မ ဖြစ်လာမည့်သူကပါ သူ့အပေါ် ကောင်းလွန်းသည်။
ဤမိသားစုမှာ နွေးထွေးလှပေသည်။
ပိုင်ယောင်သည်လည်း ရှက်သွေးဖြာကာ ရောက်ရှိလာသည်။
စုရှောင်လန် ပြုံးကာမေးလိုက်သည်။
“ယောင်လေး အခုအခြေအနေ ဘယ်လိုရှိလဲ။”
ပိုင်ယောင် ရှက်ရွံ့စွာ ပြောလာသည်။
“ရှောင်ချိုးက အားပါးတရ ကြိုးစားပေးထားလို့ တော်တော်အဆင်ပြေနေပါပြီ။”
အန်လင်း : “.....”
အားလုံး : “.....”
ထိုညတွင် စုရှောင်လန်သည် ကျားကျောက်ကပ်ဟင်းလျာအား ပြုလုပ်ခဲ့သည်။
စုရှောင်လန် စကားဆိုလိုက်သည်။
“ရှောင်ချိုး၊ ယောင်လေး အားဖြည့်ဖို့ များများစားနော်။”
အန်လင်းတို့မှာ မျက်ရည်များ စီးကျလာရသည်။
ငါတို့ကတော့ အားတောင်ကုန်စရာ မရှိပါလား.....
အသည်းနှလုံးတွေ ကြေမွနေပါပြီကွာ....
ရှောင်ချိုးမှာ စုရှောင်လန်အား ကျေးဇူးတင်လိုက်သည်။
သခင်မ ဖြစ်လာမည့်သူသည် ၎င်းတို့အတွက်တွေးကာ အားဖြည့်စာအား ချက်ပြုတ်ကျွေးခဲ့သည်။
ညစာစားပွဲမှာ ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးသွားခဲ့သည်။ FAများ၏ အားကျမျက်ရည်များလည်း အပိုပါခဲ့သည်။
အားလုံးသည် ချင်ဟုမြို့တော်မှ မပြန်ကြသေးပေ။
ပိုင်ယောင်သည် ခင်ပွန်းနောက်လိုက်ရန် မြေခွေးဖြူမျိုးနွယ်စုအား နှုတ်ဆက်နေသည်။ သူမသည် စုကျိုးအင်မော်တယ်ဂိုဏ်း၏ မိသားစုဝင်တစ်ဦး ဖြစ်လာတော့မည်ပင်။
“ယောင်လေး ဒီကိုပုံမှန် လာလည်နော်။”
ပိုင်မုယွီ တင်းကြပ်စွာဖက်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ပိုင်ယောင်မှာ ငိုကြွေးနေမိသည်။
စုကျိုးအင်မော်တယ်ဂိုဏ်း အကြီးအကဲများသည် ပန်းကန်ပြားပျံပေါ်တက်ကာ မြေခွေးမလေးများ၊ မြေခွေးထီးများကို နှုတ်ဆက်ပြီးနောက် ပျံသန်းထွက်ခွာသွားသည်။
အန်လင်းတို့မှာ ပြန်လာရုံသာ ရှိသေးပါသော်လည်း ပွဲကြီးပွဲကောင်းတစ်ခု စတင်တော့မည် ဖြစ်သည်။