အနောက်ပင်လယ်မှ မကောင်းဆိုးဝါးများ
Vol. 74 Ch. 1029
ရွေ့လျားနေသော ကောင်းကင်ကြယ်စင်ကျွန်းသည် ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ အဓိက ပိုင်နက် ဖြစ်သည်။
ထိုကျွန်းသည် အနောက်ပင်လယ်အတွင်းရှိသော ကျွန်းမျောကြီးတစ်ခုပင်။
အခြားမျိုးနွယ်စုများသည် ထိုကျွန်းနှင့် အဆက်အသွယ် မရှိသောကြောင့် ထိုကျွန်းထံ မည်သို့သွားရမည်ကိုပင် မသိကြပေ။
“ရှောင်လန်ပြောတာတော့ ဒီကိုရောက်ရင် သိလိမ့်မယ်တဲ့။”
အန်လင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။
“ဘာကိုသိရမှာလဲ။”
တီနာ စကားဆိုလာသည်။
“နင်ဘယ်လောက် အသုံးမကျလဲ ဆိုတာကိုလား။”
အန်လင်း : “......”
“နာလေး.... မင်းပြောင်းလဲသွားပြီပဲ။”
အန်လင်း နာကျင်စွာ ပြောလိုက်သည်။
နာလေးသည် နွေးထွေးသော သိုးမွေးထည်လေးလို မဟုတ်တော့ပေ။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာမှာ အနောက်မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“သခင်.... အဲ့ဘက်မှာ လိပ်ခေါင်းကြီးတစ်ခုတွေတယ်။”
လိပ်ခေါင်းလား.....
အန်လင်း အံ့အားသင့်သွားသည်။
ဘယ်လောက်ကြီးတဲ့ လိပ်ခေါင်းလဲ.....
သူလှမ်းကြည့်လိုက်သောအခါ မြူခိုးများအကြား ဝေဝေဝါးဝါး ဖြစ်နေသော လိပ်ခေါင်းသဏ္ဍာန် အရာတစ်ခုကို တွေ့လိုက်ရသည်။
ထိုလိပ်ခေါင်းသည် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနှင့် ပက်သတ်နေနိုင်ကြောင်း အရူးတစ်ယောက်ပင် နားလည်နိုင်လိမ့်မည်။
ရှောင်လန်သည် ရောက်လျှင်သိလိမ့်မည်ဟု ပြောခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။
“သွားရအောင်။”
အန်လင်းမှာ အုတ်ခဲနက်ပေါ် တက်လိုက်သည်။
လိပ်ခေါင်းကြီးအား မြူမှုန်များကြားမှ မြင်တွေ့နေရပါသော်လည်း ၎င်းတို့အနီးတွင် ရှိနေသည်ဟု မဆိုနိုင်ပေ။
“ဘီလူးအန်လင်း ဟိုနားက မည်းမည်းကြီးကဘာလဲ။”
တီနာမှာ တစ်နေရာအား ညွှန်ပြလိုက်သည်။
ပြာလွင်နေသော သမုဒ္ဒရာအောက်တွင် ၎င်းတို့ထံ ဦးတည်လာနေသော အရိပ်မည်းကြီးတစ်ခုအား တွေ့လိုက်ရသည်။
အန်လင်းမှာ အုတ်ခဲနက်အား ရပ်တန့်လိုက်သည်။
ဝုန်း.....
သောင်းနှင့်ချီသော အနက်ရောင်ငါးများမှာ အန်လင်းထံ ပျံဝဲလာကြသည်။
သန္ဓေပြောင်းသားရဲများ၏ အရှိန်အဝါမှာ ပေါက်ကွဲထွက်ပေါ်လာသည်။
ဗဟုသုတ ကြွယ်ဝသော ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ အော်ဟစ်လိုက်သည်။
“ဒါအနောက်ပင်လယ်က အန္တရာယ် အများဆုံး သားရဲတွေထဲက အရိုးမြိုငါးပဲ။ တစ်ကောင်ချင်းစီဆို အားနည်းပေမယ့် ပေါင်းတိုက်ရင် မလွယ်ဘူး။”
အန်လင်းသာ တိုက်ခိုက်လိုက်ပါက ထိုစကားအား မပြောလိုက်ရမည်ကို စိုးသောကြောင့် အသည်းအသန် ပြောလာသည်။
အန်လင်းသည် အရိုးမြိုငါးများအားကြည့်ကာ လေထုအား လက်ဖြင့်ရိုက်ချလိုက်သည်။ လေထဲတွင် လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာကာ အရိုးမြိုငါးများအား ရက်ရက်စက်စက် ဆော်ပစ်လိုက်လေသည်။
ဘန်း....ဘန်း....ဘန်း.....
အရိုးမြိုငါးများအားလုံး ပေါက်ကွဲကုန်သည်။
ပတ်ဝန်းကျင်တွင် သွေးမုန်တိုင်းတစ်ခုပါ ဖြစ်သွားရသည်။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ သက်ပြင်းချလိုက်သည်။
တော်သေးတာပေါ့.... ပြောလို့မှီလိုက်တာ.....
အန်လင်းသည် အရိုးမြိုငါးများအား လက်တစ်ချက်တည်းဖြင့် ရှင်းထုတ်ခဲ့သည်။
ထိုနေရာတွင်သာ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ဆိုပါက ဒုက္ခရောက်သွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ အရိုးမြိုငါးများမှာ ကံဆိုးလွန်းသောကြောင့် အန်လင်းနှင့် တွေ့ဆုံခဲ့ရသည်။
အန္တရာယ်ရှိသော သားရဲများ ဖြစ်ပါသော်လည်း အန်လင်းအတွက်မူ ဟာသတစ်ခုသာ ဖြစ်သည်။
အန်လင်းတို့မှာ ဆက်လက်ထွက်ခွာလာကြသည်။ တီနာ အမြင်ကျယ်စေရန်အတွက် အန်လင်းသည် အေးအေးဆေးဆေးသာ ခရီးဆက်နေသည်။
သာမန်ကျင့်ကြံသူများအတွက် အနောက်ပင်လယ်သည် ကြောက်မက်ဖွယ် ကောင်းလွန်းပါသော်လည်း အန်လင်းတို့အတွက် ခရီးသွားလည်ပတ်စရာ နေရာတစ်ခုပင်။
“ဘီလူးအန်လင်း ဟိုရေဘဝဲက အရမ်းကြီးတာပဲ။ ဒါပေမယ့် လက်သုံးချောင်းပဲ ပါတယ်နော်။ လက်သုံးချောင်း ရေဘဝဲပေါ့။”
တီနာ စိတ်လှုပ်ရှားသွားသည်။
တစ်ကီလိုမီတာကျော်ရှိသော ရေဘဝဲကြီးမှာ ထိုစကားကို သဘောမကျသည့်အလား တီနာထံ ဦးတည်လာသည်။
အန်လင်းမှာ တောင်ခွင်းလက်သီးအား ချက်ချင်းထုတ်ဖော်လိုက်သည်။
“ဒါက အနောက်ပင်လယ်ရဲ့ မိစ္ဆာလက်ရေဘဝဲပဲ။ သူက ပင်လယ်အနက်ပိုင်းမှာ နေပြီးတော့.....”
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ စကားမဆုံးခင်မှာပင် ရေဘဝဲမှာ သေပွဲဝင်သွားရသည်။
သူမ စိတ်အလိုမကျ ဖြစ်သွားရသည်။
“ဝိုး.... ညီမလေးကုက အရမ်းသိတာပဲ။ ဆက်ပြောပြပါဦး။ ငါနားထောင်ချင်သေးတယ်။”
တီနာ ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်သည်။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာမှာ ကောင်းကင်အား မော့ကြည့်လိုက်သည်။
မကောင်းဆိုးဝါးတောင် သေနေပြီကို ဘာပြောရဦးမှာလဲ။
စိတ်မပါတော့ဘူးလေ......
မိစ္ဆာဘုရင်သည် မည်မျှကြမ်းတမ်းကြောင်း ရေးပြီးမှသာ ၎င်း၏သေဆုံးမှုသို့ ရောက်ရှိသင့်သည်။ ယခု မိစ္ဆာဘုရင် သေဆုံးသွားပြီ ဖြစ်သောကြောင့် ၎င်း၏ဂုဏ်သတင်းများသည်လည်း အဓိပ္ပါယ် မရှိတော့ပေ။
အန်လင်းသည် ခရီးစဥ်တလျှောက်ရှိ မကောင်းဆိုးဝါးများအားလုံးကိုသတ်ကာ သိုလှောင်လက်စွပ်ထဲ ထည့်လာခဲ့သည်။
ထိုသို့ဖြင့် ကီလိုမီတာ တစ်သောင်းကျော်အထိ ရောက်ရှိလာလေသည်။
ပင်လယ်မကောင်းဆိုးဝါးများသည်လည်း အဆင့်မြင့် သိုလှောင်လက်စွပ် ငါးခုနှင့်အပြည့် ဖြစ်နေလေပြီ။
၎င်းတို့သည် ရေခူမျိုးနွယ်စုနှင့် သံပခြုပ်မျိုးနွယ်စုမှ ဉာဏ်ရည်မြင့် သက်ရှိများကိုလည်း ကြုံတွေ့ခဲ့ရသည်။
ထိုမျိုးနွယ်စုများသည် တိုက်ခိုက်ရေးပိုင်း မကောင်းကြပေ။ အသေခံတိုက်သော သံပခြုပ် စစ်သည်တော်များမှလွဲ၍ ရေခူများမှာ အန်လင်းတို့အား ရှောင်ရှားကြသည်။
အချိန်အတော်ကြာ ပျံသန်းလာပြီးနောက် လိပ်ခေါင်းနားသို့ ရောက်လာကြသည်။
“နီးလာပြီပဲ။”
အန်လင်းမှာ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုထံ ရောက်ရှိတော့မည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေမိသည်။
........
ပင်လယ်နှလုံးသားနန်းတော်၌
ရေသူမတစ်ကောင်သည် ခုံတစ်လုံးပေါ်ထိုင်ကာ အသည်းအသန် ငိုကြွေးနေသည်။
“မင်းသမီးရယ် မငိုပါနဲ့တော့နော်။ သေသွားတာက ဘာမှလုပ်လို့ မရဘူးလေ။”
အစေခံတစ်ဦး နှစ်သိမ့်ပေးလိုက်သည်။
“ဝါး.... အဲ့ကောင်ကြောင့် ငိုနေတာ မဟုတ်ဘူး။ ငါက အချစ်မျက်ကန်း ဖြစ်ခဲ့ရလို့ ငိုနေတာဟဲ့။”
ငိုကြွေးနေသူမှာ ဝိဥာဥ်ငါးကလန်၏ မင်းသမီး လန်ရှောင်နီပင်။
အစေခံမှာ အနည်းငယ် တွေဝေသွားသည်။
“အချစ်မျက်ကန်း မဖြစ်ခဲ့ပါဘူး။ သခင်လေး ချန်းနန်က တကယ်ချောပြီး အရည်အချင်း ရှိတယ်လေ။”
လန်ရှောင်နီ မျက်စောင်းထိုးလိုက်သည်။
“အဲ့ဒါဆို ငါက သူဘယ်လောက်တော်လဲ မမြင်ခဲ့တဲ့ မျက်ကန်းမပေါ့လေ....”
အစေခံ ကြောင်တောင်တောင် ဖြစ်သွားသည်။
ငါအဲ့လိုပြောမိလို့လား.....
လန်ရှောင်နီ ဒေါသထွက်နေသည်။
“အစောင့်တွေ ဒင်းကိုခေါ်သွားပြီး ခေါင်းဖြတ်လိုက်။”
အစောင့်တပ်သားများ ဝင်လာကာ ထိုအစေခံအား ဆွဲခေါ်သွားသည်။
“ချမ်းသာပေးပါ။ အသက်ချမ်းသာပေးပါ။”
“မင်းသမီးလေး အဲ့လိုမလုပ်ပါနဲ့။”
အစေခံမှာ မျက်ရည်များ စီးကျလာသည်။
လန်ရှောင်နီမှာ ဂရုပင် မစိုက်ပေ။
အစေခံသည် အားလုံးအား အသက်နှင့်ရင်းကာ သက်သေပြသွားခဲ့သည်။
ဒေါသထွက်နေတဲ့ မိန်းမတွေက ကျိုးကြောင်းဆီလျော်မှု မရှိဘူး.....