← Chapters

ရွေ့လျားနေသော ကောင်းကင်ကြယ်စင်ကျွန်းတည်နေရာ

Vol. 74 Ch. 1030

ရွေ့လျားနေသော ကောင်းကင်ကြယ်စင်ကျွန်းတည်နေရာ

Vol. 74 Ch. 1030

ပင်လယ်နှလုံးသားနန်းတေည်၌

လန်ရှောင်နီမှာ အငိုတိတ်သွားလေပြီ။

ထိုအချိန်တွင် ရေသူထီးတစ်ကောင် သူမထံ ရောက်ရှိလာသည်။

ထိုရေသူထီးသည် ဆံနွယ်အပြာ၊ မျက်ဝန်းရွှေရောင်နှင့် နန်းဝတ်နန်းစားများ ဆင်မြန်းထားကာ တော်ဝင်ဆန်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

“ရှောင်နီ ငိုလို့ဝပြီလား။ မင်းမကျေနပ်သေးရင် မြေခွေးမျိုးနွယ်စုနဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းကို လက်စားချေပေးမယ်။”

ထိုရေသူထီး စကားဆိုလိုက်သည်။

“မလိုပါဘူး။ အခုက အင်အားဖြုန်းသင့်တဲ့ အချိန်မဟုတ်ဘူး။”

လန်ရှောင်နီမှာ မျက်ရည်များ စီးကျလာပြန်သည်။

ရေသူထီးသည် ငိုကြွေးနေသော လန်ရှောင်နီအား မည်သည့်စကားမီ မပြောပဲ ကြည့်ရှုနေသည်။

လန်ရှောင်နီသည် အေးစက်စက် ကြည့်ရှုနေသော ခမည်းတော်ကြောင့် ကသိကအောက် ဖြစ်လာမိသည်။

“အဲဒါဆိုလည်း ဆက်ငိုလေ.... ဘာမှမဖြစ်ဘူး။”

ရေသူထီး အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။

ဝိဥာဥ်ငါးကလန် ခေါင်းဆောင် လန်ရှင်းယန်မှာ သမီးတော်အား တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။

လန်ရှောင်နီ : “ .....”

သူမသည် နှလုံးသားများ ကြေမွမတတ် ခံစားနေရပါသော်လည်း ခမည်းတော်မှာ နှစ်သိမ့်စကားပင် မဆိုပေ။ လန်ရှောင်နီမှာ ဆက်ပင်မငိုရဲတော့ပေ။ တစ်ခါတရံ ထိုကဲ့သို့သာ ဖြစ်သည်။ အချို့သူများသည် နှစ်သိမ့်စကား ကြားရပါက ငိုမဆုံးနိုင်ပေ။

“ငို.... ငိုလို့ဝပြီ။”

လန်ရှောင်နီ မျက်ရည်သုတ်လိုက်သည်။

လန်ရှင်းယန် ခပ်ဖွဖွ ပြုံးလိုက်သည်။

“ဝသွားပြီပေါ့......”

လန်ရှောင်နီ မျက်နှာပျက်သွားသည်။

ဘာကိုဝရမှာလဲ.....

လန်ရှင်းယန် စကားဆက်လိုက်သည်။

“အဲ့ဒါဆို ပြောစရာရှိတာ ပြောကြတာပေါ့။ နတ်သက်ကြွေ ပင်လယ်ကြမ်းပြင်ခေါင်းတလားက ပွင့်လာတော့မယ်။ မင်းအစ်ကိုတော်တွေက ဟုန်မန်နတ်စင်မြင့်မှာ မင်းအတွက် လမ်းဖွင့်ပေးပြီးပြီ။”

လန်ရှောင်နီ အံ့အားသင့်သွားသည်။

“ချန်းဟောက် မြေပုံကို မရလိုက်ဘူးလေ။ မြေပုံတဝက်တည်းနဲ့ ဘယ်လိုသွားရမှာလဲ။”

“စိတ်ပူစရာ မလိုပါဘူး။”

လန်ရှင်းယန် ပြုံးကာပြောလိုက်သည်။

“ဟုန်မြင်နတ်စင်မြင့်ရဲ့ နတ်ဆရာက အနာဂတ်ကို ကြည့်ပြီးပြီ။ အချိန်တန်ရင် မင်းသိပါလိမ့်မယ်။”

လန်ရှောင်နီ ဘာမှမပြောတော့ပဲ ခေါင်းညိတ်ပြလာသည်။

ဟုန်မန်နတ်စင်မြင့်၏ နတ်ဆရာအား တာအိုပေါင်းစည်းခြင်း အဆင့်ရှိသော ခမည်းတော်သည်ပင် လေးလေးစားစား ဆက်ဆံရသည်။ နတ်ဆရာသည် ကြယ်စွမ်းအားများအား အကျွမ်းတဝင်ရှိကာ အနာဂတ်ကိုလည်း ကြည့်ရှုနိုင်ပေသည်။

“ဘယ်အချိန်လောက် သွားရမှာလဲ။”

လန်ရှောင်နီ မေးမြန်းလိုက်သည်။

လန်ရှင်းယန်မှာ အဖြူရောင် ဓားတစ်လက်အား လန်ရှောင်နီထံ ပေးလိုက်သည်။

“အခုသွားပြီး စောင့်နေလို့ရပြီ။”

“မင်းက ဝိဥာဥ်ငါးကလန်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမယ့်သူပဲ။ အဲ့ဒါကြောင့် နတ်သက်ကြွေ ပင်လယ်ကြမ်းပြင် ခေါင်းတလားမှာ တာဝန်ပြီးဆုံးအောင်လုပ်ပြီး သတင်းအချက်အလက်တွေ ရအောင်ယူလာခဲ့။”

လန်ရှင်းယန် လေးလေးနက်နက် ပြောလိုက်သည်။

လန်ရှောင်နီ ခေါင်းညိတ်ပြလာသည်။

နတ်သက်ကြွေ ပင်လယ်ကြမ်းပြင် ခေါင်းတလားသည် ရှေးဟောင်းမန္တာန်များ၊ ကောင်းကင်နှင့် မြေပြင်တို့၏ နိယာမ စည်းမျဥ်းများနှင့် ကန့်သတ်ထားသော နေရာတစ်ခုပင်။ သော့ရရှိထားသော စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်ပြီး ဝိဥာဥ်ငါးကလန်တွင် လန်ရှောင်နီမှာ အကောင်းမွန်ဆုံး ရွေးချယ်မှု ဖြစ်သည်။

လန်ရှောင်နီသည် မြေပုံအားကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။

တစ်ဖက်ကရော ဘယ်သူဖြစ်မှာလဲ......

.........

အနောက်ပင်လယ်၏ အနောက်မြောက်ဘက်၌

အန်လင်းသည် အဖြူရောင် မြူခိုးများကြား ဝင်ရောက်လာသည်။

သို့သော် ချက်ချင်းဆိုသလို လိပ်ခေါင်းမှာ ပျောက်ကွယ်သွားလေသည်။

အန်လင်းသည် သမုဒ္ဒရာ၏ တစ်ဖက်ခြမ်း ရောက်လာသလို ခံစားလိုက်ရသည်။

မြူခိုးထဲတွင် မြင်ကွင်းမသဲကွဲပါသော်လည်း သမုဒ္ဒရာ ရေပြင်ကျယ်ကြီးမှာ တမျှော်တခေါ် ရှိနေသည်။

“လိပ်ခေါင်းအတုကြီးများလား။”

အန်လင်း အူကြောင်ကြောင် ဖြစ်နေသည်။

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည်လည်း ရွေ့လျားနေသော ကောင်းကင်ကြယ်စင်ကျွန်းအား မရောက်ဖူးသောကြောင့် မပြောနိုင်ပေ။

တီနာသည် ကလေးငယ်လေးအလား ဟိုဟိုသည်သည် လိုက်လံကြည့်ရှုနေသည်။

အန်လင်းသည် အုတ်ခဲနက်အားစီးကာ ဦးတည်ချက်မဲ့စွာ ဆက်လက်ပျံသန်းလာခဲ့သည်။

သူသည် အနည်းငယ် မေးမြန်းနိုင်ရန် ကျွန်းတစ်ခုခု တွေ့ပါစေဟု ဆုတောင်းနေမိသည်။

အဖြူရောင် မြူခိုးများကြားတွင် ရွေ့လျားနေသော ကောင်းကင်ကြယ်စင်ကျွန်းသည် ပဟေဠိတစ်ခု ဖြစ်နေသည်။

...........

ပင်လယ်နဂါးများ နေထိုင်ကျက်စားသော ကျွန်းတစ်ခု၌.....

ထိုနဂါးများသည် ဖွတ်နဂါး သွေးမျိုးဆက်များ ဖြစ်ပါသော်လည်း ၎င်းတို့၏ အတောင်များမှာ ပိုမိုပါးလွှာချောမွေ့သည်။ ထို့အပြင် ၎င်းတို့၏ ခန္ဓာကိုယ်များသည် ရေဖိအား ခံနိုင်စေရန် သေသေချာချာ ဖွဲ့စည်းထားပုံပေါ်သည်။

ကျွန်း၏အင်အားအကြီးဆုံး ထျန်းဟိုက်ရီမှာ အန်လင်းတို့၏ နှိပ်စက်မှုများအား ခံနေရသည်။

“အား.....”

“အသက်ချမ်းသာပေးပါ။”

“မလုပ်ကြပါနဲ့..... အသက်လေးတော့ ချမ်းသာပေးပါ။”

နဂါးကြီးမှာ မြေပြင်တွင် လူးလွန့်တောင်းပန်နေသည်။

အန်လင်း၏ လက်သီးမှာ ရွှေရောင်များ တောက်ပလာသည်။

“ရွေ့လျားနေတဲ့ ကောင်းကင်ကြယ်စင်ကျွန်းနဲ့ ပက်သတ်ပြီး သိသမျှပြောစမ်း။”

အန်လင်း ကြေးမုံတစ်ချပ်အား ထုတ်လိုက်သည်။

“ကျွန်တော် သိတာဒါအကုန်ပါပဲ။”

ထျန်းဟိုက်ရီ ငိုကြွေးနေသည်။

“လိမ်နေတယ်။”

ဗာမီလီယမ်ငှက်ကြေးမုံ စကားဆိုလာသည်။

“ဟမ့်.....”

အန်လင်းမှာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

“အား.....”

ထျန်းဟိုက်ရီမှာ အလဲလဲအကွဲကွဲ ဖြစ်နေလေပြီ။

“ကျွန်.... ကျွန်တော် ပြောပါ့မယ်။”

ထျန်းဟိုက်ရီမှာ ခံနိုင်ရည် မရှိတော့ပေ။ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုအား သစ္စာရှိခြင်းထက် သူ၏အသက်မှာ ပိုမိုအရေးပါသည်။

“သန်းခေါင်ယံမှာ အလင်းလက်ဆုံး ကြယ်စင်ကိုးသွယ်က ရွေ့လျားနေတဲ့ ကောင်းကင်ကြယ်စင်ကျွန်းကို ညွှန်ပြပါလိမ့်မယ်။”

ထျန်းဟိုက်ရီ ဝန်ခံလိုက်သည်။

ဗာမီလီယမ်ငှက်ကြေးမုံမှာ ငြိမ်သက်နေသောကြောင့် အမှန်တရားပင် ဖြစ်လိမ့်မည်။

အန်လင်း စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

“စောစောစီးစီး ပြောပြသင့်တာပေါ့ အစ်ကိုကြီးရယ်။”

ထျန်းဟိုက်ရီ ခေါင်းခါပြလိုက်သည်။

“အစ်ကိုကြီးကမှ စီနီယာပါဗျာ။”

ထိုနဂါးသည် ဉာဏ်ကောင်းသောကြောင့် အန်လင်းမှာ အသက်မနှုတ်တော့ပဲ ညအချိန်ကိုသာ စောင့်နေလိုက်သည်။

ထိုအချိန်အတွင်း အန်လင်းသည် အဆင့်နှစ် အင်မော်တယ်ဆေးလုံးဖြစ်သော မဟူရာဇာမဏီ မရဏဝိဥာဥ်ဆေးလုံးကို သောက်သုံးခဲ့သည်။

အနက်ရောင်လေများ တိုက်ခက်ကာ ပတ်ဝန်းကျင်မှာ အေးခဲသွားသည်။ ကျွန်း၏အလယ်သည်လည်း အရာအားလုံးကို ဝါးမြိုပစ်နိုင်သော ချောက်နက်ကြီးသဖွယ် ဖြစ်ပေါ်လာသောကြောင့် သက်ရှိများမှာ အသက်ပင် မရှူရဲကြတော့ပေ။

မဟူရာဇာမဏီ၏ ရိုးတွင်းခြင်ဆီနှင့် ပြုလုပ်ထားသော အင်မော်တယ်ဆေးလုံးမှာ အံ့အားသင့်စရာ ကောင်းလှသည်။

အန်လင်း၏ မီးတောက်စွမ်းအင်များ အားကောင်းလာသလို သက်ရှိစွမ်းအင် ပင်လယ်ထဲမှ ဗာမီလီယမ်ငှက်သည်လည်း ဆေးအစွမ်းများအား စုပ်ယူပစ်သောကြောင့် ၎င်း၏အမြှီးနားတွင် အနက်ရောင် ငှက်မွှေးများ ဖြစ်ပေါ်လာသည်။

ဗာမီလီယမ်ငှက်မှာ စိတ်ကျေနပ်ကာ ဟစ်ကြွေးနေသည်။

အန်လင်း၏ စိတ်ထဲတွင် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်စီးပစ်နိုင်လောက်သော မဟူရာဇာမဏီတစ်ကောင် ထွက်ပေါ်လာကာ စိတ်ဆန္ဒနယ်ပယ်နှင့် ပက်သတ်သော သတင်းအချက်အလက်များ ရရှိလိုက်သည်။

အန်လင်းမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာကာ မျက်ဝန်းများလည်း အလုံးစုံ မည်းနက်သွားသည်။

တီနာနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည်ပင် ထိတ်လန့်သွားရသည်။

ကံကောင်းထောက်မစွာဖြင့် အန်လင်းမှာ မကြာမီပင် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာသည်။

“ဘီလူးအန်လင်း နင်အဆင်ပြေရဲ့လား။”

“သခင်.....”

နတ်သမီးငယ်လေးနှင့် လိပ်ပြာတစ်ကောင်မှာ အန်လင်းထံ အပြေးအလွှား ရောက်ရှိလာသည်။

အန်လင်း ပျော်ရွှင်စွာ ခေါင်းခါပြလိုက်သည်။

“ငါအဆင်ပြေပါတယ်။”

သူကြယ်စင်ကောင်းကင်အားကြည့်ကာ ပြောလိုက်သည်။

“ရွေ့လျားနေတဲ့ ကောင်းကင်ကြယ်စင်ကျွန်းကို သွားရအောင်။”

All Chapters