ဝေလငါးပြာ
Vol. 74 Ch. 1031
သန်းခေါင်ယံ အချိန်တွင် အနောက်ပင်လယ်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။
လှိုင်းလုံးများ ရိုက်ခတ်သံကိုသာ တသဲ့သဲ့ ကြားနေရသည်။
ပင်လယ်ပြင်သည် ကောင်းကင်အား ရောင်ပြန်ဟပ်နေသောကြောင့် ကြေးမုံနှစ်ချပ် မျက်နှာချင်းဆိုင်နေသည့်နှယ် ထင်မှတ်ရသည်။
အန်လင်း ကောင်းကင်အား ကြည့်ရှုလိုက်သောအခါ အတောက်ပဆုံး ကြယ်စင်ကိုးသွယ်သည် တည်နေရာ တစ်ခုအား ညွှန်ပြနေသယောင် ထင်မှတ်ရသည်ကို တွေ့လိုက်ရသည်။ သို့သော် ကြယ်စင်များမှာ အချိန်နှင့်အမျှ ပြောင်းလဲနေလေသည်။
“ရွေ့လျားနေတဲ့ ကျွန်းပေါ့လေ။”
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
သူသည် အုတ်ခဲနက်အားစီးကာ ကြယ်စင်များ လမ်းညွှန်ရာအတိုင်း ပျံသန်းလာခဲ့သည်။
သမုဒ္ဒရာသည် ငြိမ်းချမ်းနေပြီး ပင်လယ်မကောင်းဆိုးဝါး အချို့မှာ အန်လင်းတို့အား လှမ်းသာကြည့်ရဲကြသည်။
၎င်းတို့သည် ကီလိုမီတာ ထောင်နှင့်ချီ ခရီးဆက်လာပြီးနောက် အလင်းရောင်များအား တွေ့မြင်လိုက်ရလေသည်။
ပင်လယ်ပြင်သည် ရောင်စဥ်အမျိုးမျိုးနှင့် အိပ်မက်ဆန်စွာ လင်းလက်တောက်ပနေသည်။
ဤဧရိယာအတွင်းရှိသော ရေနေသတ္တဝါများသည်လည်း အလင်းများ ဖြာထွက်နေကာ ၎င်းတို့ကူးခတ်သွားတိုင်း အလင်းကြောင်းများ ဖြစ်သွားစေသည်။
ရေထဲမှ ခုန်ထွက်ကာ အသက်ရှူကြသော ပိုးစုန်းကြူးသဖွယ် သက်ရှိများလည်း ရှိသည်။
“ဝါး.....”.
ရုတ်ချည်းဆိုသလို အသံတစ်ခုအား ကြားလိုက်ကြရသည်။
ထိုအသံသည် တိုးညင်းပါသော်လည်း ရှေးဟောင်းအတိတ်တစ်ခုမှလာသော အသံလို ထင်မှတ်ရသည်။
အန်လင်းသည် အုတ်ခဲနက်အားရပ်ကာ အံ့ဖွယ်အာရုံကို ဖြန့်ကျက်လိုက်သည်။
တီနာနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည်လည်း ဖြစ်လာနိုင်သော အပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်ထားလိုက်ကြသည်။
ထိုအသံအား လုပ်နိုင်သော သတ္တဝါမှာ နယ်နယ်ရရ မဟုတ်နိုင်ပေ။
“ဝါး.....”
အော်ဟစ်သံ နောက်တစ်သံမှာ ၎င်းတို့၏ စိတ်ဝိဥာဥ်ထဲ ဝင်ရောက်လာသည်။
အလင်းပင်လယ်အတွင်း ကြီးမားသော အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
အခြားသက်ရှိများမှာလည်း အလျင်အမြန် ဖယ်ခွာသွားကြသည်။
နက်ပြာရောင် အလင်းတစ်ခု ဖြာထွက်လာကာ တဖြည်းဖြည်း ပိုမိုတောက်ပလာသည်။
ကြီးမားလှသော ဦးခေါင်းကြီးတစ်ခု ပေါ်ထွက်လာသောကြောင့် ပင်လယ်ပြင်သည်ပင် လှိုင်းထန်သွားရသည်။
“အကြီးကြီးပဲ။”
တီနာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အန်လင်းသည်လည်း အံ့သြသွားမိသည်။
“ဝေလငါးလား။”
ကြီးမားလှသော သတ္တဝါကြီးကြောင့် ပင်လယ်ရေပြင်လည်း မတည်မငြိမ် ဖြစ်နေရလေပြီ။
တောက်ပနေသော လရောင်အောက်တွင် အပြာရောင်အလင်းများ ဖြာထွက်နေသော ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်တခွင် ပျံသန်းသွားသည်။
ဝုန်း.....
ဝေလငါးကြီးသည် ပင်လယ်ပြင်ထဲ ပြန်ခုန်ဝင်သွားကာ အပြာရောင် အလင်းသည်လည်း ဖြည်းညင်းစွာ မှေးမှိန်ပျောက်ကွယ်သွားသည်။
“သွားပြီလား။”
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာမှာ ကြောင်တောင်တောင် ဖြစ်နေမိသည်။
“ကုလေး အဲ့ဒါက ဘာလဲဟင်။ အရမ်းကြီးတာပဲ။”
တီနာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ ခေါင်းခါပြလိုက်သည်။
“မပြောတတ်ဘူး။ အဲ့လိုဧရာမ ခန္ဓာနဲ့ တောက်ပနေတဲ့ အကောင်မျိုးအကြောင်း မကြားဖူးဘူးရယ်။”
“ဝေလငါးပြာလို့ပဲ ခေါ်ကြတာပေါ့။”
အန်လင်း စကားဆိုလာသည်။
“ဟင်.... ဖြစ်သလို နာမည်ပေးနေတာလား။”
တီနာ စိတ်အလိုမကျ ဖြစ်သွားသည်။
“ရိုးရိုးလေးက မကောင်းဘူးလား။ တလန်လို့ နာမည်ပေးလိုက်မယ်။”
အန်လင်း လက်ခုပ်တီးလိုက်သည်။
“ငါတို့က မျိုးစိတ်သစ်တစ်ခုကို တွေ့လိုက်တာပဲ။”
တီနာ : “....”
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ : “....”
“ဘယ်သူကမှ ဒီနာမည်ကို လက်မခံလောက်ဘူး။”
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ ငြင်းပယ်လိုက်သည်။
“ဘီလူးအန်လင်းက အရောင်ရယ်၊ ကြီးတာသေးတာရယ်ကလွဲရင် တခြားနာမည် ပေးတတ်လို့လား။”
တီနာ စိတ်ဓာတ်ကျစွာ ပြောလာသည်။
အန်လင်းမှာ ၎င်းတို့အား စကားမပြောချင်တော့သဖြင့် ကြယ်စင်ကောင်းကင်ကိုသာ ကြည့်နေလိုက်သည်။
၎င်းတို့သည် ကြယ်စင်လမ်းညွှန်ရာအတိုင်း ခရီးဆက်နေဆဲ ဖြစ်သည်။
ဝေလငါးပြာ အဖြစ်အပျက်သည် မထင်မှတ်ထားသော ကိစ္စတစ်ခုသာ ဖြစ်ပါသော်လည်း တသက်မေ့နိုင်တော့မည် မထင်ပေ။
အန်လင်းသည် ဝေလငါးပြာ၏ ကျင့်ကြံရေးအဆင့်အား မသိရပါသော်လည်း ၎င်း၏အော်သံများသည် အချိန်စီးကြောင်းတွင်ပင် အရာထင်နေသောကြောင့် နှစ်ပေါင်းများစွာ နေထိုင်ကျက်စားလာကြောင်း သိသာလှသည်။
မကြာမီပင် အလင်းပင်လယ်အား ကျော်လွန်ခဲ့လေသည်။
၎င်းတို့၏ ပတ်ဝန်းကျင်မှာ မည်းမှောင်သွားပြန်သည်။
မိုးကုပ်စက်ဝိုင်းတွင် အရိပ်တစ်ခုအား တွေ့မြင်လိုက်ရသည်။
“ဟိုမှာကျွန်းတွေ ကြည့်စမ်း....”
“မမှားဘူး။ အဲ့ဒါ ငါတို့ သွားရမယ့် နေရာပဲ။”
အန်လင်းမှာ အံ့ဖွယ်အာရုံအား ဖြန့်ကျက်ထားသည်။
ထိုနေရာနှင့် နီးကပ်လာလေ ရွေ့လျားနေသော ကောင်းကင်ကြယ်စင်ကျွန်းအား မြင်လာရလေပင်။
ထိုကျွန်းများသည် အရွယ်အစားနှင့် ပုံသဏ္ဍာန် အတော်ပင် ကွဲပြားခြားနားကြသည်။
မည်သို့ပင်ဆိုစေကာမူ ထိုကျွန်းများအားလုံးသည် ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ နေထိုင်ကျက်စားရာပင်။
ထိုလိပ်များသည် လွတ်လပ်အေးဆေးစွာ ရှင်သန်နေထိုင်တတ်ကြသည်။
ယခုညဥ့်အချိန်တွင် အချို့သည် အိပ်ပျော်နေပြီဖြစ်ကာ အချို့မှာမူ ဉာဏ်အလင်းပွင့်ရန်အတွက် ကြယ်များအား ကြည့်ရှုနေကြသည်။
လိပ်အများစုမှာ ပျင်းရိတတ်သော သက်ရှိများ ဖြစ်သည်။
ကောင်းကင်ဘုံလိပ်မျိုးနွယ်စုသည် သက်တမ်းရှည်ကြပါသော်လည်း နေရောင်ခံခြင်းနှင့် နက္ခတ်တာရာ ကြည့်ရှုခြင်းမှလွဲ၍ များများစားစား လုပ်စရာ မရှိကြပေ။
ထိုသည်ကပင် ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ ဘဝနေထိုင်မှုပင်။
၎င်းတို့သည် တိုက်ခိုက်ရသည်ကို သဘောမကျပဲ ထူးထူးဆန်းဆန်း သုတေသနများသာ ပြုလုပ်တတ်ကြသည်။
၎င်းတို့မှာ နက္ခတ်ပညာနှင့် အနာဂတ်ကြည့်ရှုခြင်းတို့တွင် ကျွမ်းကျင်ကြပေသည်။
အန်လင်းသည် အရှိန်အဝါအား ဖုံးကွယ်ကာ ပျံသန်းလာခဲ့သည်။
လူသားမျိုးနွယ်စုသည် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနှင့် အဆင်ပြေလှသည် မဟုတ်ပေ။
ကောင်းကင်ဘုံလိပ်မျိုးနွယ်စုသည် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်နှင့် ရန်သူများဖြစ်ကာ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သည် ကောင်းကင်ဘုံခုံရုံးနှင့် မဟာမိတ်များ ဖြစ်ကြသည်။
ထို့ကြောင့် ရှေးဟောင်းထိုက်ချူကုန်းမြေတွင် လူသားမျိုးနွယ်အား ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ ရန်သူအဖြစ် သတ်မှတ်ထားလေသည်။
သို့သော် လူသားမျိုးနွယ်စုနှင့် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုကြားတွင် တိုက်ရိုက်ရန်ငြှိုး မရှိပေ။
အန်လင်းသည် မလိုလားအပ်သော ပြဿနာများ မဖြစ်လာစေရန်သာ သတိထားနေခြင်း ဖြစ်သည်။
ရွေ့လျားနေသော ကောင်းကင်ကြယ်စင်ကျွန်းသည် မျက်စိတဆုံး ကျယ်ပြန့်နေသည်။
အန်လင်းမှာ ကျွန်းများ၏ ဗဟိုဒေသသို့ ဦးတည်လာခဲ့သည်။
လိပ်ဆရာများကြီးများသည် ဗဟိုဒေသတွင်သာ နေထိုင်လောက်သည် မဟုတ်လော။
မကြာမီပင် တောအုပ်များ၊ မြစ်ချောင်းများ ဝန်းရံနေသော ကျွန်းတစ်ခုအား တွေ့လိုက်ရသည်။ လရောင်အောက်တွင် ရွှေရောင်သက်တံ့တစ်ခုပင် ဖြစ်နေသေးသည်။
ထိုသက်တံ့အလယ်တွင် အပြာရောင် နန်းတော်ကြီးတစ်ခု ရှိနေလေသည်။
“အဲ့ကိုသွားရမယ်ထင်တယ်။”
အန်လင်း နန်းတော်အားကြည့်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။