ဟောပြောခြင်းရလဒ်
Vol. 74 Ch. 1033
လိပ်ကြီးထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည်။
အန်လင်းတို့မှာ တိုက်ပွဲအတွက် အသင့်ပြင်လိုက်ကြသည်။
ထိုလိပ်၏ စွမ်းအင်ဖိအားမှာ ကြောက်မက်ဖွယ် ကောင်းလွန်းနေသည် မဟုတ်လော။
“ဝါး.....”
သမ်းဝေသံကြီး ထွက်ပေါ်လာသည်။
လိပ်ကြီးသည် မျက်လုံးပွင့်လာကာ အန်လင်းတို့အား ကြောင်တောင်တောင် ကြည့်လိုက်သည်။
“အော်..... မင်း..... တို့..... က.....”
လိပ်ကြီးသည် လေသံရှည်နှင့် ပြောနေပါသော်လည်း အန်လင်းတို့အား မှတ်မိပုံ မရပေ။
အန်လင်း စကားဆိုလိုက်သည်။
“ခင်ဗျားပဲ ကျွန်တော့်ကို ဗေဒင်ဟောပေးမယ် ပြောထားတာလေ။ အခုမေ့သွားတာလား။”
လိပ်ကြီးမှာ ပြန်လည်မှတ်မိသွားပုံပင်။
“ဟုတ်သားပဲ။ မင်းကို ဟောပေးရဦးမှာပဲ။”
အန်လင်း မျက်နှာပျက်သွားသည်။
ဒီလိပ်က အယ်ဇိုင်းမား ဖြစ်နေတာလား.... ဒါမှမဟုတ် ရွှေငါးမှတ်ဉာဏ်ပဲ ရှိတာလား.....
“စီနီယာ ဘာတွေမြင်ခဲ့လဲ။”
အန်လင်း မေးမြန်းလိုက်သည်။
လိပ်ကြီးမှာ တိတ်တဆိတ်နှင့် အန်လင်းအားကြည့်ကာ ၎င်း၏မျက်ဝန်းထဲ သင်္ကေတများ ပေါ်လာပြန်သည်။
အန်လင်း အံ့သြသွားရသည်။
သောက်ကျိုးနည်း.... ကံကြမ္မာ ဖတ်နေပြန်ပြီလား......
အဲ့ဒါကိုပါ မေ့သွားတာလား.....
တကယ့်ကို သောက်ကျိုးနည်းပဲ.....
ထို့နောက် လိပ်ကြီးမှာ အခွံထဲဝင်ကာ အိပ်သွားလေသည်။
ယီးပဲဟေ့.....
အန်လင်းမှာ သည်းမခံနိုင်တော့ပဲ တောင်ခွင်းလက်သီးအား ထုတ်သုံးလိုက်သည်။
ဝုန်း.....
“အား.....”
လိပ်ကြီး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
၎င်းထိတ်လန့်စွာ မေးမြန်းလိုက်သည်။
“ဘာလို့ ငါ့ကိုထိုးတာလဲ။”
“ခင်ဗျားက အိပ်အိပ်ပျော်သွားတာကို ထိုးပြီပေါ့။”
အန်လင်း ပေါက်ကွဲနေသည်။
လိပ်ကြီး စကားဆိုလာသည်။
“ငါတွေးတောဖို့အတွက် မျက်လုံးမှိတ်ထားတာပါ။”
“အော်.....”
အန်လင်း အနည်းငယ် အားနာသွားသည်။
“အဲ့ဒါဆို ဆက်လုပ်လေ။”
လိပ်ကြီး သက်ပြင်းချလိုက်သည်။
“အခု ငါ့အတွေးပျက်သွားပြီ။”
အန်လင်း : “..... “
အန်လင်းမှာ ကစားခံနေရသလို ခံစားမိသည်။
လိပ်ကြီးမှာ အန်လင်း အမူအရာကြောင့် အလျင်အမြန် ရှင်းပြလိုက်သည်။
“အတွေးပျက်သွားပေမယ့် မြင်တာပြောပြမယ်လေ။”
“ကောင်းပြီလေ။”
လိပ်ကြီး၏ မျက်ဝန်းများမှာ ငေးငေးကြောင်ကြောင် ဖြစ်သွားသည်။
“မင်းအတိတ်က အရမ်းထူးခြားတယ်။”
အန်လင်း ခေါင်းညိတ်သဘောတူလိုက်သည်။
လိပ်ကြီး စကားဆက်လိုက်သည်။
“မင်းရဲ့ ကျင့်ကြံရေးကလည်း အရမ်းထူးခြားတယ်။”
အန်လင်း ခေါင်းညိတ်လိုက်ပြန်သည်။
ဒိုက်ထိုးခြင်း၊ မိုးကြိုးပစ်ခံရခြင်းမှ အစပြုလာသော သူ၏ကျင့်ကြံရေးမှာ အမှန်တကယ် ထူးခြားသည်။
“မင်းရဲ့ အချစ်ရေးကလည်း ထူးခြားတာပဲ။”
အန်လင်း : “.....”
“ခင်ဗျားမှာ ဒါပဲပြောစရာ ရှိတာလား။”
“မထူးခြားခဲ့လို့လား။”
လိပ်ကြီး မေးခွန်းထုတ်လိုက်သည်။
အန်လင်း မျက်နှာပျက်သွားသည်။
ငြင်းလို့လည်း မရဘူး.....
“မင်းရဲ့ စီးပွားရေကလည်း တယ်ထူးခြားပါလား။”
အန်လင်း ပြုံးစစ ဖြစ်သွားရသည်။
“ဟဲဟဲ....”
လိပ်ကြီး မေးမြန်းလာသည်။
“ငါပြောတာ မှားလို့လား။”
အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
“အခု ခင်ဗျားကို ဘာလုပ်ချင်နေလဲသိလား။”
လိပ်ကြီး မျက်တောင်ခတ်လိုက်သည်။
“ဘာလုပ်ချင်လို့လဲ။”
အန်လင်း ပြုံးကာပြောလာသည်။
“သမချင်နေတာဗျ။”
ဝုန်း.... ဝုန်း..... ဝုန်း.....
တောင်ခွင်းလက်သမီးများ ဝုန်းဒိုင်းကြဲသွားသည်။
“အား.....”
လိပ်ကြီး၏ ခေါင်းမှာ စုတ်ပြတ်သတ်နေလေပြီ။
“ငါဘာမှားလို့ ထိုးတာလဲ။”
လိပ်ကြီး မကျေမနပ် ဖြစ်သွားသည်။
အန်လင်း အေးစက်စွာ ပြုံးလိုက်သည်။
“ကျွန်တော့် လက်သီးကလည်း ထူးခြားတယ်ဆိုတာ သိစေချင်လို့ပါ။”
လိပ်ကြီး : “.....”
“ကောင်းပြီလေ။ တူတဲ့စကားကို ထပ်မပြောတော့ဘူး။”
လိပ်ကြီး စကားဆိုလာသည်။
အန်လင်း ခေါင်းညိတ်သဘောတူလိုက်သည်။
လိပ်ကြီး ခေါင်းတရမ်းရမ်းဖြင့် ပြောလိုက်သည်။
“သားရဲတွေ ရလာပုံကလည်း ထူးဆန်းတာပဲ။”
အန်လင်း အံ့သြသွားရသည်။
သောက်ကျိုးနည်း.... ထူးခြားရာကနေ ထူးဆန်းသွားပါလား.......
အန်လင်း နဖူးကြောများ ထောင်ထလာကာ စိတ်ကိုထိန်းလျက် ထွက်သွားရန် ပြင်လိုက်သည်။
“ဟေး.... ဟေး ဘယ်သွားမလို့လဲ။”
လိပ်ကြီး ထိတ်လန့်သွားသည်။
အန်လင်းမှာ ပြန်ပင်လှည့်မကြည့်ပေ။
“ကျွန်တော့်မှာ ဖြုန်းစရာ အချိန်မရှိဘူး။”
“မင်းငါ့ဆီကနေ လိုနေတာ ရှိတယ်မလား။ ငါလုပ်ပေးမယ်လေ။”
လိပ်ကြီး အသည်းအသန် ပြောလာသည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အလကား ဗေဒင်ဟောပြီး အလကား ကူညီတယ်....
ဒီအခြေအနေက သိပ်တော့မဟုတ်သေးဘူး......
ဘာလို့ ဒီလိပ်က အဲ့လောက်တောင် ကူညီပေးနေတာလဲ....
“သခင်လေးအန်လင်း စိတ်ပူနေတာ သိပါတယ်။”
လိပ်ကြီး ပြုံးကာပြောလိုက်သည်။
“ရေစက်ကြောင့်ပဲ ကူညီပေးတာ မဟုတ်ပါဘူး။”
“အရင်ထဲက ဒီနေ့မှာ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်မယ့်သူနဲ့ တွေ့ရမယ်ဆိုတာ သိခဲ့ပြီးသားပါ။”
လိပ်ကြီး ရှင်းပြလိုက်သည်။
“မင်းကို ကူညီပေးတာက ကောင်းကင်ဘုံလိပ်မျိုးနွယ်စုကို ကူပေးသလိုပဲလေ။”
“အော်....”
အန်လင်း သဘောပေါက်သွားသည်။
“ကဲ သွားလိုက်ပါဦးမယ်။”
အန်လင်းမှာ ခပ်မြန်မြန် ထွက်ခွာသွားသည်။
“သခင်လေးအန်လင်း ဘာလို့ထွက်သွားတာလဲ။”
လိပ်ကြီးမှာ အဆင်မပြေ ဖြစ်နေသည်။
“ခင်ဗျား ရှင်းပြတာ ကောင်းပါတယ်။”
အန်လင်း တုံ့ပြန်လာသည်။
“ကျွန်တော်က မြေပုံလေးပဲ ဖတ်ခိုင်းချင်တာလေ။ အဲ့ဒါကို ကောင်းကင်ဘုံလိပ်မျိုးနွယ်စု ကံကြမ္မာနဲ့ ပက်သတ်ရမယ်တဲ့လား။ ကွန်ပျူတာ မောက်စ်လေးတစ်ခု ဝယ်တာကို အလကား ပေးလိုက်ပြီး လောကကြီးကို ကယ်တင်ခိုင်းနေသလိုပဲ။”
လိပ်ကြီး ကြောင်တောင်တောင် ဖြစ်သွားသည်။
“မောက်စ်က ဘာကြီးလဲ။”
အန်လင်း စကားဆိုလိုက်သည်။
“ဘာပဲဖြစ်ဖြစ် တာဝန်ဝတ္တရားတွေ ကျွန်တော် မလိုချင်ဘူး။”
“မင်းပြောတာကို နားလည်ပါတယ်။”
လိပ်ကြီး လှမ်းပြောလိုက်သည်။
“ဒါပေမယ့် မင်းမှာ ရွေးချယ်စရာ မရှိဘူး။ ငါက ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရဲ့ နတ်ဆရာခေါင်းဆောင်ပဲ။”
အန်လင်း ခြေလှမ်းများ ရပ်တန့်သွားသည်။
ကောင်းကင်ဘုံလိပ်မျိုးနွယ်စုတွင် နတ်ဆရာပေါင်း ရာနှင့်ချီ ရှိပါသော်လည်း နတ်ဆရာခေါင်းဆောင်မှာ တစ်ဦးတည်းသာ ရှိသည်။
ထိုသည်မှာ ကုယွီ ဖြစ်သည်။
ကောင်းကင်ဘုံလိပ်မျိုးနွယ်စု တစ်ခုလုံးသည် ကုယွီအား လေးစားရိုသေကြရသည်။
အန်လင်းသည် ထိုလိပ်ကြီးအား ဒဏ္ဍာရီလာ နတ်ဆရာတစ်ပါး ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။
“ငါက နတ်ဆရာခေါင်းဆောင် ကုယွီပဲ။”
လိပ်ကြီး လေးနက်စွာ ပြောလိုက်သည်။
“မင်းငါနဲ့ မပူးပေါင်းရင် သေရလိမ့်မယ်။”