← Chapters

မှင်သက်နေသောလန်ရှောင်နီ

Vol. 74 Ch. 1035

မှင်သက်နေသောလန်ရှောင်နီ

Vol. 74 Ch. 1035

လန်ရှောင်နီမှာ ယုံကြည်ချက်အပြည့် ရှိနေသည်။

သူမသည် ထိပ်တန်းပါရမီရှင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့်အပြင် ဝှက်ဖဲများစွာ ရှိနေသောကြောင့် မည်သူကမှ သူမ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။

ထို့အပြင် သူမထံတွင် ထိုအရာလည်း ရှိနေသေးသည်။

သူမ အတွေးများနှင့် ပြုံးလိုက်မိသည်။

လန်ရှောင်နီမှာ ပြိုင်ဘက်ဖြစ်သူအား စိတ်ရှည်လက်ရှည် ထိုင်စောင့်နေသည်။

ခေတ္တမျှ ကြာမြင့်သွားပြီးနောက်.....

ခရက်....

လေဟာနယ် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

ကြီးမားလှသော လိပ်ကြီးတစ်ကောင် ဖြည်းညင်းစွာ ထွက်လာသည်။ ၎င်းသည် အရှိန်အဝါများ ဖိနှိပ်ထားပါသော်လည်း လန်ရှောင်နီမှာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားသည်။

ထိုလိပ်ကြီးအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် လန်ရှောင်နီမှာ အသက်ရှူပင် ကြပ်သွားလေသည်။ ထိုသည်မှာ ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ နတ်ဆရာခေါင်းဆောင် ကုယွီပင်။

ပုံမှန်အခြေအနေတွင် သူမအနေဖြင့် လှုပ်ပင်မလှုပ်ရဲလောက်ပေ။

ယနေ့တွင်မူ သူမဘေးတွင် ဝိဥာဥ်ငါးကလန်၏ နတ်ဆရာခေါင်းဆောင် ယွီဖေးယွီ ပါလာခဲ့သည်။

ယွီဖေးယွီသည် ကုယွီနှင့် အစစအရာရာ ယှဥ်ပြိုင်နိုင်သူ ဖြစ်သည်။

“ဟီးဟီး.... သော့က ကောင်းကင်ဘုံလိပ်မျိုးနွယ်စုဆီ ရောက်သွားတာပဲ။”

လန်ရှောင်နီ ပြုံးကာပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုမှာ ငါ့ကိုယှဥ်နိုင်မယ့်သူ မရှိဘူး။”

တိုက်ပွဲသည် ခေါင်းတလားတွင် စတင်မည်ပင်။

ထိုအချိန်တွင် သူမ၏ ပြိုင်ဘက်အား အလဲထိုးလိုက်ရုံသာ။

အနိုင်က ဝိဥာဥ်ငါးကလန်အတွက်ပဲ.....

ရုတ်ချည်းဆိုသလို စကားသံတစ်ခု ထွက်ပေါ်လာသည်။

“သူမက ကျွန်တော့် ပြိုင်ဘက်လား။”

“ဘုရားရေ.... တကယ်ကံကောင်းတာပဲ။”

လေဟာနယ် ဝဲဂယက်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

လန်ရှောင်နီ ပါးစပ်အဟောင်းသားဖြစ်ကာ အတွေးများစွာ ပြုံတိုးသွားသည်။

သူမသည် ကြောက်စိတ်များကြောင့် ခရုခွံပေါ်မှ ပြုတ်ကျတော့မလိုပင် ဖြစ်သွားရသည်။

“အား.....”

“အန်လင်း ဘယ်လိုလုပ် နင်ဖြစ်နေတာလဲ။”

သူမ၏ ပြိုင်ဘက်သည် ထိုလူသား ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူမသည် ထိပ်တန်းပါရမီရှင်ဖြစ်ပြီး ချန်းနန် အပါအဝင် မည်သည့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ကိုမဆို အလဲထိုးနိုင်မည်။ သို့သော် ထိုလူသား.....

ထိုလူသားတစ်ယောက်သာ.....

အန်လင်းမှာ လန်ရှောင်နီအားကြည့်ကာ ကုယွီအား ခေါင်းပုတ်ပေးလိုက်သည်။

“တွေ့လား။ ကျွန်တော့် ပြိုင်ဘက်က အခုတည်းက ရှုံးနေပြီလေ။”

ကုယွီ : “.....”

ကုယွီ စိတ်ဓာတ်ကျသွားသည်။

ဝိဥာဥ်ငါးကလန်ရဲ့ ကိုယ်စားပြုကလည်း ကြောက်တတ်လိုက်တာ....

ကုယွီမှာ သူ၏နက္ခတ်ပညာအား သံသယဝင်လာမိသည်။

အန်လင်းသည်လည်း ကုယွီအား အတုအယောင် နတ်ဆရာဟု ထင်မှတ်လာသည်။ ကုယွီသည် ကြောက်မက်ဖွယ် ပြိုင်ဘက်နှင့် တွေ့ရလိမ့်မည်ဟု ဆိုခဲ့ပါသော်လည်း စင်စစ်တွင်မူ အမှိုက်တစ်စသာ ဖြစ်နေသည်။

လန်ရှောင်နီမှာ ကူကယ်ရာမဲ့သော ခံစားချက်ကြောင့် မျက်ရည်များ စီးကျလာသည်။

သူမ နတ်ဆရာခေါင်းဆောင်အား ကြည့်ရှုလိုက်သည်။

“ကျွန်မက ဒီပြိုင်ဘက်ကို အနိုင်ယူရမှာလား။”

“ငါ့ရဲ့ နက္ခတ်ပညာက မမှားနိုင်ဘူး။ မင်းမှာ အနိုင်ရနိုင်ခြေ အရမ်းများတယ်။”

ယွီဖေးယွီ စကားဆိုလာသည်။

လန်ရှောင်နီ : “...”

သူမသည်လည်း အန်လင်းနှင့် အတွေးတူသွားသည်။

ငါ့ဘေးမှာရှိနေတာ နတ်ဆရာ အတုကြီးလား.... အန်လင်းကို ဘယ်လိုအနိုင်ယူရမှာလဲ....

ရင်သားဘယ်လောက်ကြီးကြောင်း ပြိုင်တဲ့ပွဲဆိုလည်းထားဦး.....

“လန်ရှောင်နီ မင်းက ဝိဥာဥ်ငါးကလန်ရဲ့ တော်ဝင်မျိုးနွယ်ပဲ။ ဘိုးဘေးတွေက မင်းကို အသိအမှတ် ပြုလိမ့်မယ်။ မင်းရဲ့ပြိုင်ဘက်က သာမန်လူသားပဲလေ။”

“အချိန်ဖြုန်းမနေနဲ့တော့။ မင်းခမည်းတော်နဲ့ အစ်ကိုတော်တွေက မင်းကိုဒီကိုပို့ပေးနိုင်အောင် ကြိုးစားထားရတာ။ ဝိဥာဥ်ငါးကလန်ရဲ့ ကံကြမ္မာက မင်းလက်ထဲမှာပဲ။”

ယွီဖေးယွီ မှာကြားလိုက်သည်။

လန်ရှောင်နီ အံကြိတ်ကာ အန်လင်းအား ကြည့်လိုက်သည်။

“အန်..... အန်လင်း ငါ.... ငါနင့်ကို မကြောက်ဘူး။ ဘယ်သူနိုင်သွားမလဲ ကြည့်... ကြည့်လိုက်။”

သနားစရာ မိန်းမပျိုလေးမှာ တုန်လှုပ်နေရှာသည်။

ငါ့ကိုမပြောခင် အရင်ဆုံး မျက်ရည်သုတ်လိုက်ပါဦးလား......

အန်လင်း မထီမဲ့မြင် ပြုံးလိုက်သည်။

“အဟက်....”

လန်ရှောင်နီ ဖြူရော်သွားလေသည်။

ကုယွီသည်ပင် မနေနိုင်တော့ပေ။

“မင်းသမီးလေး ခေါင်းတလားက သော့နှစ်ခုနဲ့မှ ဖွင့်နိုင်မှာပါ။ အထဲမှာ တစ်ယောက်ယောက် သေသွားရင် ကျန်တဲ့တစ်ယောက်က ခေါင်းတလားရဲ့ တိုက်ခိုက်မှုကို ခံရလိမ့်မယ်။ အဲ့ဒါကြောင့် မင်းသမီးလေး အသက်အန္တရာယ် မရှိပါဘူး။”

လန်ရှောင်နီမှာ ကုယွီအား ကျေးဇူးတင်သွားရသည်။

သူမ၏ ကြောက်စိတ်များကြောင့် ထိုအချက်အား အမှန်တကယ် မေ့သွားခဲ့မိသည်။

လန်ရှောင်နီမှာ ယုံကြည်ချက် ပြန်ရှိသွားသည်။

အန်လင်းမှာ ကုယွီအား ဘုကြည့်ကြည့်လိုက်သည်။

ဘာလို့ ရန်သူကို အားပေးနေရတာလဲ......

ရူးနေတာလား......

ကုယွီမှာ ကောင်းကင်အား မော့ကြည့်လိုက်သည်။

လန်ရှောင်နီသည်ပင် အလွန်အမင်း ကြောက်ရွံ့နေသောကြောင့် သူမည်သို့မျှ ကြည့်မနေနိုင်ခဲ့ပေ။

လန်ရှောင်နီသည် အန်လင်းအား ရင်ဆိုင်နိုင်ရန်ပင် အတော်ကြိုးစားရမည့်ပုံ ပေါ်နေသည်။

လန်ရှောင်နီ အသက်ပြင်းပြင်းရှူကာ မြေပုံတစ်ချပ်အား ထုတ်လိုက်သည်။

“လမ်းပွင့်လာဖို့အတွက် မြေပုံနှစ်ခုလုံးလိုတယ်။”

အန်လင်းသည်လည်း ကုယွီထံမှ ကြားသိထားပြီး ဖြစ်သည်။

မြေပုံနှစ်ချပ် ပေါင်းမှသာ ခေါင်းတလားထဲ ဝင်နိုင်ပေလိမ့်မည်။

အန်လင်း လန်ရှောင်နီထံ သွားလိုက်သည်။

လန်ရှောင်နီသည် သိပင်မသိလိုက်ပဲ အသက်ရှူသံများ ဖျော့တော့သွားသည်။

ကုယွီ စိတ်ဆင်းရဲသွားသည်။ အန်လင်း၏ ပြိုင်ဘက်သည် အကြမ်းစား ဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့ပါသော်လည်း လန်ရှောင်နီမှာ ယုန်သူငယ်လေး ဖြစ်နေသည်။

“နင်မြေပုံကို အောက်ဘက်မှာထား.....”

လန်ရှောင်နီ တုန်ရီစွာ ပြောလာသည်။

အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။

လန်ရှောင်နီ တုန်လှုပ်သွားသည်။

“ဒါ.... ဒါမှမဟုတ် နင့်မြေပုံကို အပေါ်ဘက်မှာထားလေ။”

ကုယွီ : “.....”

ယွီဖေးယွီ : “.....”

အန်လင်းကို အဲ့လောက်ထိ ကြောက်နေစရာလား.....

ဝိဥာဥ်ငါးကလန်ရဲ့ လူငယ်ကိုယ်စားပြု ဖြစ်နေပြီးတော့လေ......

“ကောင်းပြီလေ။ ငါ့မြေပုံကို အပေါ်မှာ ထားလိုက်မယ်။”

အန်လင်း အေးစက်စက် ပြောလိုက်သည်။

လန်ရှောင်နီ ခေါင်းညိတ်သဘောတူလိုက်သည်။

သူမသည် အချစ်အတွက် အသက်စွန့်ရဲပါသော်လည်း ပုံမှန်အခြေအနေမျိုးတွင် သူရဲဘောကြောင်တတ်သူ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ဘဝတလျှောက်လုံး အလိုလိုက်ခံထားရသော မင်းသမီးငယ်လေးပင်။

အန်လင်းနှင့် လန်ရှောင်နီတို့၏ မြေပုံများ ပေါင်းစုံသွားသည်။

ရုတ်ချည်းဆိုသလို ကောင်းကင်နှင့်မြေပြင်သည်လည်း တိတ်ဆိတ်သွားတော့သည်။

All Chapters