တံခါးနှစ်ချပ်ကြားရွေးချယ်မှု
Vol. 74 Ch. 1038
ဓားသင်္ချိုင်းလည်ဆွဲမှာ ရှေးဟောင်းဓားများအား အားပါးတရ စုပ်ယူနေသည်။
ထူးခြားသော အပြောင်းအလဲ တစ်ခုကြောင့် အန်လင်းနှင့် လန်ရှောင်နီ မျက်နှာပျက်သွားရသည်။
“မြေကြီးက ကျုံ့လာတာလား။”
လန်ရှောင်နီ မျက်လုံးပြူးကာ ကောင်းကင်ပေါ် ပျံသန်းလိုက်သည်။
“ဒါက မြေပြင်အတုဖြစ်မယ်။”
အန်လင်း စကားဆိုလာသည်။
မြေပြင်နှင့်အတူ ပတ်ဝန်းကျင် တစ်ခုလုံးမှာ လည်ဆွဲထဲ စုပ်ယူခံရသလို ကျုံ့ဝင်ပျောက်ကွယ်လာသည်။ အရာအားလုံးမှာ အတုဖြစ်နေပါသော်လည်း ရှေးဟောင်းဓားများသည် အစစ်ဖြစ်နေသောကြောင့်သာ တော်တော့သည်။
မြေပြင်သည်သာမက ကောင်းကင်သည်ပင် စတင်ကျဆင်းလာသောကြောင့် အန်လင်းသည် ရှေးဟောင်းဓားများအား ရယူပြီးသည်နှင့် ဓားသင်္ချိုင်းလည်ဆွဲအားသိမ်းကာ မြင့်မြတ်မီးတောက်နှင့် အံ့ဖွယ်မီးတောက်များ ထုတ်ဖော်လိုက်သည်။
လန်ရှောင်နီလည်း ထိတ်လန့်ကာ ရေလှိုင်းများ ထွက်ပေါ်စေလိုက်သည်။
သို့သော် အန်လင်း၏ မီးတောက်များကြောင့် တမုဟုတ်ချင်း အငွေ့ပျံသွားရသည်။
အန်လင်း၏ မီးတောက်များလည်း တောက်လောင်မှု အားနည်းသွားသည်။
အန်လင်း : “.....”
လန်ရှောင်နီ : “.....”
“မင်းကိုသာ ပေးသေလို့ရရင် ငါဆောင့်ကန်ပစ်လိုက်ပြီ။”
အန်လင်း ခက်ထန်စွာ ပြောလာသည်။
လန်ရှောင်နီ ခေါင်းငိုက်စိုက်ကျကာ ငိုကြွေးလိုက်မိသည်။
ဝုန်း.......
ပြိုကျလာသော ကောင်းကင်သည် အန်လင်း၏ မီးတောက်များကိုပင် ဖိနှိပ်ပစ်လိုက်သည်။
ကြမ်းလိုက်တာ.....
အန်လင်း အသက်ရှူသံများ ပြင်သွားရသည်။
သူသည် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား ထုတ်ဖော်ရန် ပြင်နေစဥ်မှာပင် ထိုကောင်းကင်မှာ ၎င်းတို့နှစ်ဦးလုံးကို ဝါးမြိုသွားတော့သည်။
အန်လင်းမှာ မူးနောက်နောက် ခံစားချက်အား ရရှိလိုက်သည်။
သူမျက်လုံးဖွင့်လိုက်သောအခါ လသာဆောင်တစ်ခုထံ ရောက်နေသည်ကို တွေ့လိုက်ရသည်။
လသာဆောင်အား အပြာရောင် ကျောက်သားဖြင့် တည်ဆောက်ထားပြီး တစ်ဖက်တစ်ချပ်စီတွင် နက်ပြာရောင် မီးတောက်များ လောင်ကျွမ်းနေသည်။ ဝိဥာဥ်ငါးကလန်နှင့် ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ ရုပ်ထုများကိုလည်း တွေ့မြင်နိုင်ပေသည်။
အချို့ရုပ်ထုများသည် ပြုံးနေသလို အချို့ရုပ်ထုများမှာ ကြောက်မက်ဖွယ်ကောင်းသည်။ အချို့ရုပ်ထုများသည် ကျောချမ်းဖွယ် ရယ်မောနေကြသည်။
ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေပြီး သာမန်မဟုတ်သော ထိတ်လန့်မှုမျိုး ပေးစွမ်းနေသည်။
လန်ရှောင်နီသည် ရုပ်ထုများကိုကြည့်ကာ အသက်ရှူမြန်လာပြီးနောက် အန်လင်းဘေးနား ရောက်ရှိလာသည်။
အန်လင်း စကားဆိုလိုက်သည်။
“ပင်လယ်စာအနံ့ နံလိုက်တာ။ ငါ့နားကပ် မနေနဲ့။”
လန်ရှောင်နီ သွေးအန်တော့မလို ဖြစ်သွားလေသည်။
“အဲ့ဒါ ပင်လယ်စာအနံ့ မဟုတ်ဘူး။ ငါ့ရဲ့ ကိုယ်သင်းနံ့ဟဲ့။ ဒီလောက် မွှေးတဲ့အနံ့ကို ပင်လယ်စာအနံ့လို့ ပြောရဲတယ်ပေါ့။”
မင်းသမီးလေးမှာ သည်းမခံနိုင်တော့ပေ။
အထင်သေးသည်ကို လက်ခံနိုင်ပါသော်လည်း သူမ ကိုယ်သင်းနံ့အား မစော်ကားသင့်ပေ။
အန်လင်းမှာ ဒေါသမထွက်ပဲ အေးအေးဆေးဆေး ပြောလိုက်သည်။
“ဒါပေမယ့် မင်းဆီကနေ ပင်လယ်အနံ့ ရတယ်လေ။ အရသာရှိမယ့် အနံ့မျိုး.... အဲ့ဒါ ပင်လယ်စာအနံ့ မဟုတ်ဘူးလား။”
လန်ရှောင်နီ စိတ်တိုသွားပြီးနောက် အန်လင်း၏ စကားအား သတိထားမိကာ အနောက်ဆုတ်သွားသည်။
“မရဘူး။ ငါကလှပေမယ့် အရသာ မရှိပါဘူး။”
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
ဒင်းက အမြဲတမ်း ငိုလိုက်၊ အော်လိုက်နဲ့..... ပြောသမျှ စကားကလည်း အဓိပ္ပါယ် မရှိဘူး.... ရူးနေတာလားဟ....
ပင်လယ်စာနှင့် ခိုင်းနှိုင်းခံရသောကြောင့် လန်ရှောင်နီ အလွန်ထိတ်လန့်သွားကြောင်း အန်လင်း မသိခဲ့ပေ။
အန်လင်းမှာ သူမအား ဟင်းချက်စားချင်နေသည်ဟု အထင်ရောက်သွားခြင်း ဖြစ်သည်။
အန်လင်း ခေါင်းခါကာ ရှေ့ဆက်လျှောက်လာလိုက်သည်။
ရုပ်ထုများအား ကြေးဖြင့်ထုလုပ်ထားပြီး ထူးခြားမှု မရှိလှပေ။
သူသည် ရုပ်ထုများအား ယူဆောင်သွားရန် စဥ်းစားပါသော်လည်း မကောင်းလှသာကြောင့် ရတနာများအား ရှာဖွေရန်သာ ဆုံးဖြတ်လိုက်သည်။
၎င်းတို့သည် မကြာမီပင် လသာဆောင်၏ အဆုံးသို့ ရောက်လာကြသည်။
ထိုနေရာတွင် သော့တစ်ချောင်းနှင့် တံခါးနှစ်ချပ် ရှိနေလေသည်။
တံခါးတစ်ချပ်တွင် ခေါင်းတလား၏ ရတနာများဟု ရေးထိုးထားကာ ကျန်တစ်ချပ်တွင် မျိုးနွယ်စု၏ လျှို့ဝှက်ချက်ဟု ရေးထားသည်။
သော့မှာ တစ်ချောင်းတည်းသာ ရှိပေသည်။
လန်ရှောင်နီသည် မျိုးနွယ်စု၏ လျှို့ဝှက်ချက် တံခါးအားကြည့်ကာ မျက်ဝန်းများ တောက်ပလာသည်။
သူမသည် ဝိဥာဥ်ငါးကလန်၏ အနာဂတ်အတွက် တိုက်ခိုက်ရမည်ဖြစ်ကြောင်း ဘယ်သောအခါမှ မမေ့လျော့ခဲ့ပေ။
လန်ရှောင်နီသည် မျှော်လင့်ချက်များနှင့်အတူ သော့အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
သူမ ဖြည်းညင်းစွာ လျှောက်လှမ်းနေစဥ်မှာပင် ပုခုံးပေါ် လက်တစ်ဖက် ရောက်လာသည်။
“ဟေး..... မင်းသွားတာ လမ်းမှားနေပြီ။”
တည်ငြိမ်သော စကားသံအား ကြားလိုက်ရသည်။
လန်ရှောင်နီမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားလေသည်။
အန်လင်း၏ အမူအရာမှာ ခက်ထန်နေ၏။
“ဒါ.... ဒါပေမယ့် ရတနာက နေရာတိုင်းမှာ ရှိတယ်လေ။ မျိုးနွယ်စုရဲ့ အနာဂတ်က ပိုအရေးကြီးတယ်။”
သူမ လက်မလျှော့လိုပေ။
သူမ အတော်ပင် သတ္တိစုထားရသည်။
အန်လင်း အေးစက်စွာ ပြုံးလိုက်သည်။
“မင်းမျိုးနွယ်စုကို ငါဂရုမစိုက်ဘူး။ ငါကဒီကို ရတနာရှာဖို့ပဲ လာခဲ့တာ။”
လန်ရှောင်နီ မျက်လုံးပြူးသွားရသည်။
“ကုယွီက ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်ကို မရှာခိုင်းထားဘူးလား။”
အန်လင်းအား ကုယွီကိုယ်တိုင် လိုက်ပို့ခဲ့သည် မဟုတ်လော။
“ကုယွီက တွေ့သမျှ ရတနာ အကုန်ယူဖို့ပြောတယ်။ ပြီးတော့ ပေလွှာဘာညာတွေ့ရင် မှတ်တမ်းတင်ခဲ့ပါတဲ့။”
အန်လင်း တည်ငြိမ်စွာ တုံ့ပြန်လာသည်။
လန်ရှောင်နီ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ငါတို့နှစ်ယောက်ကြား ဘာလို့ အဲ့လောက်တောင် ကွာနေရတာလဲ.....
ငါကတော့ ဝိဥာဥ်ငါးကလန်ရဲ့ အနာဂတ်ကို ပုခုံးထမ်းထားရတယ်.... သူကတော့ ရတနာ လာရှာတာတဲ့လား....
ဘာပဲဖြစ်ဖြစ် ငါအရှုံးမပေးနိုင်ဘူး....
မျိုးနွယ်စု အနာဂတ်အတွက် ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်ရမယ်.....
အန်လင်းမှာ ရတနာတံခါးအား လက်ညှိုးထိုးလိုက်သည်။
“အဲ့တံခါးကို ဖွင့်လိုက်စမ်း....”
“ဟုတ်..”
လန်ရှောင်နီ နာခံစွာပင် ထိုတံခါးရှေ့ သွားလိုက်သည်။
အန်လင်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
သူမအနေဖြင့် သူ့အားမဆန့်ကျင်သည်က ပိုမိုကောင်းမွန်လိမ့်မည်။
၎င်းတို့မှာ တံခါးအားဖွင့်ကာ ဝင်လာခဲ့ကြသည်။
အခန်းအလယ်တွင် ဝိဥာဥ်ငါးကလန်မှ အမျိုးသားတစ်ဦး၏ ရုပ်ထုမှာ ပေသောင်းချီ ရှိနေသည်။
၎င်းသည် ခါးထိရှည်သော ဆံနွယ်များနှင့် ချောမောခန့်ညားကာ တောင်ဝှေးတစ်လက်အား ကိုင်ဆောင်ထားသည်။
ထိုရုပ်ထုမှာ အန်လင်းတို့အား ရုတ်တရက် ကြည့်ရှုလာလေသည်။
အန်လင်းမှာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားရသည်။
လန်ရှောင်နီ စကားဆိုလာသည်။
“ဒါက ဒီမှာမြှုပ်နှံထားတဲ့ ဝိဥာဥ်ငါးကလန်ရဲ့ နတ်ဆရာခေါင်းဆောင် ရှီးဟိုင်ဇယ်ပဲ။”