နားလည်မှုရှိသောဆက်ဆံရေး
Vol. 74 Ch. 1039
ဝိဥာဥ်ငါးကလန်၏ နတ်ဆရာခေါင်းဆောင် ရုပ်ထုသည် မျက်ဝန်းများ လှုပ်ရှားနေသောကြောင့် ကျောချမ်းချင်စဖွယ် ဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ ရုပ်ထုတစ်ခုသာ ဖြစ်သဖြင့် အန်လင်းမှာ ဂရုစိုက်ခြင်း မရှိပေ။
“ဒါက မင်းတို့ရဲ့ နတ်ဆရာခေါင်းဆောင်ဟောင်းလား။ ဒီလောက်ချောတဲ့ ရေသူထီးက ဘယ်လိုလုပ် လိပ်တစ်ကောင်ကို ချစ်သွားရတာလဲ။”
အန်လင်း အံ့အားသင့်နေသည်။
သူသည် ကုယွီပြောသော အချစ်ပုံပြင်အား အလေးမထားခဲ့ပါသော်လည်း ယခုတွေးမိသောအခါ အဓိပ္ပါယ် မရှိသလို ခံစားနေရသည်။
လိပ်ထီးတစ်ကောင်သည် ရေသူမတစ်ဦးအား ချစ်ကျွမ်းဝင်သွားသည်ဟု ထင်မှတ်ထားခဲ့ပါသော်လည်း စင်စစ်တွင်မူ ချောမောခန့်ညားသော ရေသူထီးတစ်ကောင်နှင့် လိပ်မတစ်ကောင်၏ အချစ်ဇာတ်လမ်း ဖြစ်နေသည်။ ထိုသည်မှာ ရွှမ်းယွမ်ချန်နှင့် ချင်ဟွာတို့ ချစ်မိသွားသလိုပင်။
လန်ရှောင်နီ သတ္တိမွေးကာ ပြောလိုက်သည်။
“မတူညီတဲ့ မျိုးနွယ်စုကြားမှာလည်း အချစ်ရှိနိုင်တာပဲလေ။ ဘာထူးဆန်းလို့လဲ။”
အန်လင်းသည် သူမအပေါ် အမြဲတမ်း ဖိအားရှိနေသလိုပင်။
သူက ဆရာ့ဆရာကြီးမို့လို့လား......
အန်လင်း စိတ်ဆင်းရဲစွာ လက်ခါပြလိုက်သည်။
သူသည် ယခုကဲ့သို့ ဆက်ဆံရေးအား လက်ခံနိုင်ရန် ခက်ခဲသောကြောင့် အခြားတစ်နေရာသို့သာ အာရုံလွှဲလိုက်သည်။
သို့သော် ပတ်ဝန်းကျင်တွင် ပြောပလောက်စရာ ဘာမှမရှိပေ။
ရုပ်ထုက တစ်ခုတည်းသော ရတနာလား......
သောက်ကျိုးနည်း......
“ကြမ္မာဆောင်သူတွေကို ငါနဲ့ ထျန်းချန်ကျီရဲ့ အုတ်ဂူကနေ ကြိုဆိုပါတယ်။”
ရုပ်ထုထံမှ စကားသံ ထွက်ပေါ်လာသည်။
အန်လင်းမှာ ရုပ်ထုအားကြည့်ကာ တွေးတောလိုက်သည်။
စကားပြောတတ်တဲ့ ရုပ်ထုဆိုတော့ တန်ဖိုးရှိလောက်တယ်မလား......
လန်ရှောင်နီ စိတ်လှုပ်ရှားနေသည်။
နတ်ဆရာခေါင်းဆောင်က စကားပြောနိုင်တာပဲ......
“ရတနာတွေကို ရွေးခဲ့တာဆိုတော့ လုံလောက်တဲ့ အင်အားရှိဖို့တော့လိုတယ်။ ရတနာတွေနောက်လိုက်ရင်း သေသွားတော့လည်း မင်းတို့ရဲ့ ကံကြမ္မာပဲပေါ့။”
ရုပ်ထုမှာ လက်နှစ်ဖက်အား ဖြန့်လိုက်သည်။
ဝုန်း.....
ရောင်စဥ်များ ဖြာထွက်နေသော အလင်းလုံး ခြောက်လုံးမှာ အန်လင်းတို့ထံ ပျံဝဲလာသည်။
အရောင်များမှာ အနက်၊ အဖြူ၊ အပြာ၊ အဝါ၊ အစိမ်းနှင့် အနီတို့ ဖြစ်သည်။
“အလင်းလုံး တစ်ခုစီက ကွဲပြားတဲ့ ရတနာတွေအတွက် မတူညီတဲ့ ကမ္ဘာတွေပဲ။ ကျေးဇူးပြုပြီး တစ်ခုကိုရွေးပါ။”
ရှီးဟိုင်ဇယ် ရုပ်ထု စကားဆိုလာသည်။
လန်ရှောင်နီမှာ အပြာရောင် အလင်းလုံးအား ရွေးချယ်လိုက်သည်။
“ကျွန်မ ဒီကိုသွားချင်တယ်။”
အန်လင်းမှာ အဝါရောင် အလင်းလုံးအား လက်ညှိုးထိုးပြလိုက်သည်။
“ကျွန်တော်ကဒါ...”
၎င်းတို့သည် မတူညီသော ကမ္ဘာများအား ရွေးချယ်လိုက်ကြသည်။
လန်ရှောင်နီမှာ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေသည်။
မတူညီသော ကမ္ဘာများ ဖြစ်သောကြောင့် အန်လင်း၏ လွှမ်းမိုးမှုအောက်မှလွတ်ကာ သူမဘာသာ ရတနာ ရှာနိုင်တော့မည်ပင်။
ရုပ်ထုထံမှ စကားသံ ထွက်ပေါ်လာသည်။
“ကျေးဇူးပြုပြီး တူညီတဲ့ ဘောလုံးကို ရွေးချယ်ပေးပါ။”
လန်ရှောင်နီ : “......”
“ငါတို့ ထပ်ရွေးကြမလား။”
အန်လင်း ပြုံးကာပြောလာသည်။
“ကောင်းပြီလေ။”
လန်ရှောင်နီ အားယူကာ ပြုံးလိုက်ရသည်။
၎င်းတို့နှစ်ဦးလုံး ထပ်မံရွေးချယ်လိုက်ကြသည်။
အန်လင်းသည် အဝါရောင် အလင်းလုံးကိုသာ ပြန်လည်ရွေးချယ်လိုက်သည်။
လန်ရှောင်နီသည်လည်း အဝါရောင် အလင်းလုံးအား ရွေးချယ်ခဲ့သည်။
၎င်းတို့သည် ပြောစရာပင် မလိုလောက်အောင် နားလည်နေသူများအလား ရွေးချယ်မှု တူညီခဲ့သည်။
“မင်းတို့ကို အဲ့နယ်မြေထဲ ပို့ပေးတော့မယ်။”
ရှီးဟိုင်ဇယ် စကားဆိုလာသည်။
“မင်းတို့က နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တာပဲ။”
လန်ရှောင်နီ : “....”
အန်လင်း : “......”
ဒီရုပ်ထုက အထင်လွဲနေတာလား.....
ဒီကိုတူတူရောက်လာပေမယ့် ချစ်သူတွေမှ မဟုတ်တာ....
အန်လင်း ပြန်ပြောတော့မည့် အချိန်မှာပင် အဝါရောင်အလင်းမှာ ၎င်းတို့အား လွှမ်းခြုံသွားတော့သည်။
မူးနောက်နောက် ခံစားချက်များနှင့်အတူ အန်လင်း အန်ချင်သွားရသည်။
လေဟာနယ် ခုန်ကူးတာကိုပါ ကြောက်မိသွားတော့မှာပဲ....
၎င်းတို့သည် အဝါရောင်သဲများ ပြည့်နှက်နေသော ကန္တာရတစ်ခုထံ ရောက်ရှိလာသည်။
ကောင်းကင်တွင် မီးတောက်များ လောင်ကျွမ်းကာ ရွှေရောင်တိမ်တိုက်များမှာလည်း ပူပြင်းလွန်းလှသည်။
သာမန်သက်ရှိသာဆိုပါက ဤနေရာတွင် အငွေ့ပျံသွားလောက်သည်။
“အရမ်းပူတာပဲ။”
လန်ရှောင်နီ ခပ်တိုးတိုး ငြီးငြူလိုက်သည်။
သူမသည် ရင်သားအစုံအား ပိုးဖဲသားဖြင့် ချည်နှောင်ထားကာ ခန္ဓာကိုယ် ကောက်ကြောင်းများအား ထင်ထင်ရှားရှား လှစ်ဟပြထားသည်။
ထိုသည်မှာ ရေသူမများ ဝတ်လေ့ရှိသော ပုံစံပင်။
ထိုအဝတ်ကလေးသာ ဝတ်ထားပါသော်လည်း သူမသည် ပြင်းထန်လှသော အပူချိန်အား မခံနိုင် ဖြစ်နေရသောကြောင့် မန္တာန်တစ်ခုအား အသုံးပြုလိုက်ရလေသည်။
အန်လင်းသည် လန်ရှောင်နီအားကြည့်ကာ ဝိဥာဥ်ငါးကလန်၏ ဆုံးဖြတ်ချက်အား တွေးတောနေမိသည်။
ဒင်းပေါ်ကို ဘာလို့ အဲ့လောက်တောင် မျှော်လင့်နေပါလိမ့်.....
အဓိပ္ပါယ်ကို မရှိဘူး......
ဒင်းက သေရမှာလည်းကြောက်၊ အစစအရာရာကြောက်..... ငါ့ကိုတောင် ပြန်လှန်ရဲတဲ့ သတ္တိမရှိဘူး....
အန်လင်း တွေးနေရင်းနှင့် ရှေ့ဆက်လျှောက်လာလိုက်သည်။
လန်ရှောင်နီမှာ သူ၏နောက်မှ လိုက်ပါလာလေသည်။
ကမ္ဘာတစ်ခုချင်းစီတွင် မတူညီသော ရတနာများရှိပြီး အင်အားနှင့် အရယူရမည် ဖြစ်သည်။ ရတနာရှာသောလမ်းတွင် သေဆုံးသွားပါကလည်း ၎င်းတို့၏ ကံကြမ္မာသာ ဖြစ်သည်။
ထို့ကြောင့် ကန္တာရထဲတွင် အန္တရာယ်တစ်ခုခု ရှိကိုရှိလိမ့်မည်။
အန်လင်းသည် သတိမလွတ်ရဲပဲ အံ့ဖွယ်အာရုံအား ဖြန့်ကျက်ထားသည်။
ကန္တာရသည် ကျယ်ပြန့်လွန်းလှပြီး တစ်နေရာနှင့် တစ်နေရာ အပူချိန် မတူညီပေ။
သူသည် အပူချိန် မြင့်မားသော အရပ်သို့ စတင်လျှောက်လှမ်းလိုက်သည်။
“ဘာလို့ ပိုပိုပူလာတာလဲ။”
ရေသူမလေးမှာ ကြောင်တောင်တောင် ဖြစ်နေလေပြီ။
သူမသည် အပူရှိန်ကြောင့် သေဆုံးသွားမည်ကိုပင် စိုးရိမ်လာမိသည်။
အန်လင်းသည် သူမအား ဂရုပင် မစိုက်ပေ။
အပူချိန်မှာ မြင့်မားလွန်းသောကြောင့် သဲများသည်ပင် ရွှေဖြူရောင် ဖြစ်လာရသည်။
လန်ရှောင်နီသည် ရေအမျိုးအစား မန္တာန်နှင့် သူမကိုယ်သူမ အေးအောင်လုပ်နေလေသည်။
သူမ၏ ငါးအမြှီးသာ အကင်နံ့ ထွက်လာပါက အန်လင်း သွားရည်ကျလာမည်ကို ကြောက်ရွံ့နေမိသည်။
လန်ရှောင်နီသည် အန်လင်းအား မိစ္ဆာဘုရင်အဖြစ် ရှုမြင်နေပြီ ဖြစ်သည်။
သူမအား ပင်လယ်စာအနံ့ရသည်ဟု ပြောခဲ့သည် မဟုတ်လော။
လန်ရှောင်နီ တွေးတောနေစဥ်မှာပင် အန်လင်း ခြေလှမ်းများ ရပ်တန့်သွားသည်။
“ရောက်ပြီပဲ။”
အန်လင်း စကားဆိုလိုက်သည်။
“အမ်....”
လန်ရှောင်နီ အူကြောင်ကြောင်နှင့် အန်လင်းအား ကြည့်လာသည်။
ရုတ်ချည်းဆိုသလို သဲများမှာ အောက်ထိုးဆင်းသွားလေသည်။
လန်ရှောင်နီမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။
ဝုန်း.....
သဲများပေါက်ကွဲသွားသည်။
ရွှေရောင်မီးတောက်များနှင့် ပိုးကောင်တစ်ကောင်မှာ ကောင်းကင်ထက်သို့ ပျံတက်သွားပြီးနောက် လန်ရှောင်နီထံ ဦးတည်လာသည်။
၎င်းသည် အန်လင်းနှင့် လန်ရှောင်နီကြား တစ်ဦးကို ရွေးချယ်လိုက်ခြင်းပင်။
ပင်လယ်စာ မစားရတာကြာပြီ...