ဆရာကြီးအန်လင်းအတွက်မီးရှူးမီးပန်းများ
Vol. 74 Ch. 1040
လန်ရှောင်နီသည် ပိုးကောင်ကြီးအားကြည့်ကာ ငိုချင်သွားရသည်။
သူမသည် အန်လင်း အစားမခံရရန် ဂရုစိုက်နေခဲ့ပါသော်လည်း ဤကမ္ဘာ၏ မကောင်းဆိုးဝါးများကပင် သူမအား စားသုံးချင်နေသည်။
ပိုးကောင်းကြီးသည် လန်ရှောင်နီအားငုံကာ ဝါးတော့မည့် အချိန်မှာပင် အပြာရောင် အလင်းများ ရုတ်တရက် ဖြာထွက်လာပြီး ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးကို အေးခဲသွားစေသည်။ ၎င်း၏ မီးတောက်များလည်း ငြိမ်းသက်သွားလေသည်။
ဘန်း.....
မီးလျှံသဲပိုးကောင် ပေါက်ကွဲသွားသည်။
လန်ရှောင်နီသည် ရေခဲချပ်ဝတ်အား ဆင်မြန်းထားကာ သူမ၏ အမူအရာမှာ အေးစက်ခက်ထန်နေသည်။ သူမ၏ လက်ဝါးထက်တွင်လည်း အပြာရောင် ငါးလေးတစ်ကောင် ရှိနေ၏။
“အခုတော့ ဝိဥာဥ်ငါးကလန် မျှော်လင့်ချက်နဲ့ တူလာပြီပဲ။”
အန်လင်း ပြုံးကာပြောလာသည်။
မီးလျှံသဲပိုးကောင်သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်မျှ ရှိပါသော်လည်း လန်ရှောင်နီမှာ တစ်ချည်တည်း သတ်ပစ်နိုင်ခဲ့သည်။
လန်ရှောင်နီ၏ အရည်အချင်းသည် အခြားသော စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများထက် အပြတ်အသတ် သာလွန်နေသည်။ မည်သို့ပင်ဆိုစေကာမူ အန်လင်းအား မယှဥ်နိုင်သေးပေ။
ဝုန်း.....ဝုန်း....ဝုန်း.....
မီးလျှံသဲပိုးကောင် ရှစ်ကောင်မှာ ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသည်။
လန်ရှောင်နီမှာ များပြားလှသော ပိုးကောင်များအား တွေ့လိုက်ရသောကြောင့် အမူအရာ ပြောင်းလဲသွားရသည်။
သူမ မတိုက်ခိုက်ရသေးခင်မှာပင် အန်လင်းမှာ မြေပြင်အား ခြေဖနောက်ဖြင့် ပေါက်ချလိုက်သည်။
“ယီးတဲ့မှ.... လစ်ကြစမ်း....”
ဝုန်း....
မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။
“ဝေါင်း....”
ဒေါသထွက်နေသော ဟိန်းဟောက်သံကြီးတစ်ခုလည်း ထွက်ပေါ်လာလေသည်။
တည်နေရာ တစ်ခုမှ ရွှေရောင်သဲများ ရုတ်တရက် ပေါက်ကွဲကာ ရွှေမီးတောက်လုံးများ ပေါ်ထွက်လာသောကြောင့် အပူချိန်လည်း မြင့်တက်သွားရသည်။
အသက်တစ်ချက် ရှူလိုက်တိုင်း အပူလှိုင်းများမှာ ခန္ဓာကိုယ်ထဲ စီးဝင်လာသည်။
လန်ရှောင်နီ မျက်နှာပျက်သွားသည်။
“ဒီလောက်အားကောင်းတဲ့ အရှိန်အဝါ..... ဒီလိုအပူစွမ်းအင်.... မှားစရာ မရှိဘူး။ အဲ့ဒါ ကန္တာရရဲ့ အပူရင်းမြစ်ပဲ။”
လန်ရှောင်နီမှာ အဖြူရောင် အလုံးတစ်ခုအား ထုတ်လိုက်ပြီးနောက် ရွှေရောင်မီးတောက်လုံးအားကြည့်ကာ ကြောက်ရွံ့နေမိသည်။
သူမသည် ငါးပြာလေးနှင့် မလုံလောက်ကြောင်း သိရှိနေသောကြောင့် ဝှက်ဖဲထုတ်လိုက်ခြင်းပင်။
“ဟားဟားဟား.... မင်းတို့က သေချင်နေတာပဲ။”
ရွှေရောင်မီးတောက်လုံးကြီးမှာ အန်လင်းတို့ထံ ပျံဝဲလာသည်။
မြင့်မားလွန်းလှသော အပူချိန်ကြောင့် ရွှေရောင်သဲများသည်ပင် အရည်ပျော်ကျကုန်သည်။
လန်ရှောင်နီသည် သက်ရှိစွမ်းအင်များအား အဖြူရောင်အလုံးထဲ ထည့်သွင်းလိုက်သည်နှင့် ရေခဲနံရံတစ်ခု ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ငါးပြာလေးမှာ ကြောက်မက်ဖွယ် ရေခဲစွမ်းအင်များ ပြုလုပ်နေသည်။
အန်လင်း ခပ်ဖွဖွပြုံးကာ နက်ပြာရောင် ဝဲဂယက်တစ်ခုအား ဖြစ်ပေါ်စေလျက် တစ်ကီလိုမီတာကျော် ပတ်ဝန်းကျင်အား အေးခဲသွားစေသည်။
ရွှေရောင်မီးတောက်လုံးကြီးမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာသည်။
“ခဏနေပါဦး ငါ.....”
“နောက်ကျသွားပြီ။”
အန်လင်း အမူအရာ ကင်းမဲ့စွာ ပြောလာသည်။
“အေးခဲမြူနှင်းဝဲဂယက်.....”
ခရက်....
အပြာရောင် ဝဲဂယက်မှာ ပိုမိုပြန့်ကားလာကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုသွားသည်။
ထိုသည်မှာ ယင်းနတ်ဘုရားကျင့်စဥ် အဆင့်တစ် အေးခဲမြူနှင်းဝဲဂယက်ပင်။
ကောင်းကင်နှင့်မြေပြင်၏ အပူချိန်များ ရုတ်ချည်းကျဆင်းသွားသည်။
မီးလျှံသဲပိုးကောင် ရှစ်ကောင်မှာလည်း အေးခဲပေါက်ကွဲသွားသည်။
ရွှေရောင်မီးတောက်လုံးသည် ကျယ်လောင်စွာ အော်ဟစ်ရင်း ကန္တာရ တစ်ခုလုံးမှ စွမ်းအင်များအား ဆွဲယူနေ၏။
မည်သို့ပင်ဆိုစေကာမူ ဝဲဂယက်ကြီးမှာ ၎င်းအား ဝါးမြိုသွားတော့သည်။
“အား......”
ရွှေရောင်မီးတောက်လုံးကြီး အသည်းအသန် အော်ဟစ်လိုက်ပါသော်လည်း ၎င်း၏အော်သံမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။
ပတ်ဝန်းကျင်တွင် မြူနှင်းများ စတင်ကျဆင်းလာသည်။
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
အန်လင်းမှာ အေးခဲနေသော ရွှေရောင်မီးတောက်လုံးထံ သွားလိုက်သည်။
၎င်းသည် ကြောက်ရွံ့နေသော အမူအရာနှင့် ရေခဲရုပ်ထုတစ်ခုအလား ဖြစ်နေလေသည်။
“တစ်ခါတည်း အပြတ်ရှင်းလိုက်တာလား။”
လန်ရှောင်နီ ကြောင်တောင်တောင် ဖြစ်နေမိသည်။
အဲ့လောက်ကြမ်းတဲ့ဟာကို ရှင်းပစ်လိုက်ပြီလား.....
သူမသည် ရေခဲနံရံတစ်ခုနှင့် အရူးတစ်ယောက်လို ဖြစ်နေသည်။ ငါးပြာလေးမှာလည်း စွမ်းအင်များ များပြားလွန်းသောကြောင့် ဗိုက်ပင်ဖောင်းကားကာ ကောင်းကင်ကိုသာ မှုတ်ထုတ်လိုက်ရသည်။
ဝုန်း.....
အပြာရောင် စွမ်းအင်များ ပေါက်ကွဲသွားသည်။
ထိုသည်မှာ ဆရာ့ဆရာကြီး အန်လင်းအတွက် မီးရှူးမီးပန်းများလိုပင်။
လန်ရှောင်နီ : “......”
အန်လင်း : “......”
အန်လင်းမှာ လန်ရှောင်နီအား လျစ်လျူရှုကာ ရေခဲရုပ်ထုအား ကန်လိုက်သည်။
ခရက်.....
ဘန်း.....
မီးတောက်လုံးမှာ ရေခဲကျောက်များအဖြစ် ပေါက်ကွဲသွားသည်။
အန်လင်းသည် ထွက်ပေါ်လာသော ရွှေရောင်အလုံးလေးအား အေးအေးဆေးဆေးပင် ကောက်သိမ်းလိုက်သည်။
လန်ရှောင်နီမှာ နှုတ်ခမ်းစူသွားပါသော်လည်း ဘာမှမပြောရဲပေ။
ဒင်းကပဲ ရတနာယူသွားပြန်ပြီ.....
ငါ.... ငါလည်း သဲပိုးကောင်တစ်ကောင် သတ်ထားတယ်လေ......
ကောင်းကင်နှင့်မြေပြင်သည် အခြေအနေများအား သတိပြုမိကာ လေဟာနယ် ခုန်ကူးခြင်း စွမ်းအင်များ ကျဆင်းလာပြန်သည်။
၎င်းတို့မှာ မူးနောက်နောက် ဖြစ်သွားကြရသည်။
အန်လင်းမှာ ထိုလေဟာနယ် ခုန်ကူးခြင်းအား စိတ်ကုန်နေလေပြီ။
မကြာမီတွင် ၎င်းတို့မှာ ခန်းမထဲ ပြန်ရောက်လာကြသည်။
အန်လင်းသည် ရွှေရောင်အလုံးအားထုတ်ကာ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သည်။
(ရွှေယန်စကြာ်ကျောက်တုံး : သတ္ထုနှင့် ယန်ဒြပ်စင်များအား ပေါင်းစည်းပေးနိုင်ပြီး စကြာဝဠာထဲ တည်ရှိသော နတ်ကျောက်တုံး ဖြစ်သည်။ စွမ်းအင်များအား သိမ်းဆည်းနိုင်ကာ နတ်အဆင့် ရှိသည်။)
နတ်အဆင့်......
အန်လင်း အသက်ရှူသံများ ပြင်းသွားရသည်။ ရတနာမှာ ထင်မှတ်ထားသည်ထက် တန်ဖိုးရှိနေလေသည်။
လန်ရှောင်နီမှာ အန်လင်း အပြုံးအားကြည့်ကာ ရင်နာနေမိသည်။
ထိုအချိန်တွင် ရှီးဟိုင်ဇယ်ထံမှ စကားသံ ထွက်ပေါ်လာသည်။
“ဂုဏ်ယူပါတယ်။ ဒီရတနာနဲ့အတူ မျိုးနွယ်စုကို အကျိုးပြုနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။”
အန်လင်း ပြုံးကာပြောလာသည်။
“ဒါပေါ့....”
လန်ရှောင်နီ သွေးအန်ချင်သွားသည်။
ဒီရတနာတွေက ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနဲ့ ဝိဥာဥ်ငါးကလန်အတွက်ပဲ.....
ဘိုးဘေးကြီးရေ... အခုရသွားတာ လူသားနော်....
သောက်ကျိုးနည်း လူသားမျိုးနွယ်ကိုပဲ အကျိုးဖြစ်စေမှာပေါ့......
မည်သို့ပင်ဆိုစေကာမူ ရုပ်ထုမှာ ဂိမ်းထဲမှ NPCလိုပင်။
ရှီးဟိုင်ဇယ်ထံမှ အလင်းလုံးများ ထွက်ပေါ်လာသည်။
“မင်းတို့မှာ အခွင့်အရေးတစ်ခု ကျန်နေသေးတယ်။”
လန်ရှောင်နီ တိတ်ဆိတ်နေသည်။
အန်လင်း အနည်းငယ်တွေးကာ အစိမ်းရောင်အား လက်ညှိုးထိုးလိုက်သည်။
လန်ရှောင်နီသည်လည်း အန်လင်းအတိုင်းပင် လိုက်လုပ်လိုက်သည်။
ရှီးဟိုင်ဇယ် စကားဆိုလိုက်သည်။
“မင်းတို့က စိတ်ချင်းဆက်နွယ်နေတဲ့ ချစ်သူတွေပဲ။”
အန်လင်း ရယ်မောလိုက်သည်။
“ဟားဟားဟား.....”
လန်ရှောင်နီမှာလည်း အားယူကာ ပြုံးပြလိုက်ရသည်။