ဘာလို့ဒီကိုရောက်နေတာလဲ...
Vol. 75 Ch. 1042
ရှီးဟိုင်ဇယ် စကားဆိုလာသည်။
“စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ မျိုးနွယ်စုအကျိုး သယ်ပိုးပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။”
အန်လင်း ရင်ဘတ်အားပုတ်ကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ စီနီယာ။”
ရင်းနှီးနေတဲ့မြင်ကွင်း.....
လန်ရှောင်နီ စိတ်ဓာတ်ကျသွားသည်။ မျက်စိကန်းနေသော နတ်ဆရာခေါင်းဆောင်အား သူမ အော်ဟစ်လိုက်ချင်သည်။
ကျွန်မကမှ ရှင့်မျိုးနွယ်ဝင်ပါ.... ကျွန်မကမှ ဝိဥာဥ်ငါးကလန် အနာဂတ်ပါ.....
ရှင်က ရှိသမျှ ရတနာတွေကို လူသားတစ်ယောက်ဆီ ပေးနေတာပဲ....
ရှီးဟိုင်ဇယ်မှာ ကျန်ရှိနေသော အလင်းလုံးများ ထုတ်ပြလာသည်။
အန်လင်း အနီရောင်အား ရွေးချယ်လိုက်သည်။
လန်ရှောင်နီလည်း စိတ်ပျက်လက်ပျက်နှင့် အနီရောင် ရွေးချယ်လိုက်ရသည်။
ရှီးဟိုင်ဇယ် စကားဆိုလာသည်။
“မင်းတို့က စိတ်ချင်းဆက်နွယ်နေတဲ့ ချစ်သူတွေပဲ။ နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်လွန်းတယ်။ ဘာပဲဖြစ်ဖြစ် အကြံလေးတော့ ပေးရဦးမယ်။ ချစ်ရတဲ့ ကောင်မလေးကို မျက်ရည်ကျအောင် မလုပ်သင့်ဘူးနော်။ ယောက်ျားကောင်းတစ်ယောက်က ကြင်နာမှု ရှိရတယ်။”
အန်လင်း အံ့အားသင့်သွားသည်။
ဒီရုပ်ထုက အကြံလည်း ပေးတတ်တာပဲလား.....
လန်ရှောင်နီ ရင်ခံနေလေသည်။
သူမသည် နတ်ဆရာခေါင်းဆောင် အတုရှေ့ ရောက်နေသလို ခံစားနေမိသည်။
တုံးအလှသော ရုပ်ထုကြောင့် သူမသည် နတ်ဆရာခေါင်းဆောင်အပေါ် အထင်ကြီး လေးစားမှုများ မရှိတော့ပေ။
အနီရောင် အလင်းလုံးမှာ ၎င်းတို့အား ဖုံးလွှမ်းသွားသောကြောင့် မူးနောက်နောက် ဖြစ်သွားရသည်။
ထို့နောက် ၎င်းတို့မှာ အရိုးစုများ ပြည့်နှက်နေသော နေရာတစ်ခုသို့ ရောက်ရှိလာလေသည်။
အရိုးစုများသည် ပုံသဏ္ဍာန်၊ အရွယ်အစား အမျိုးမျိုးရှိကာ သေးငယ်သော အရိုးမှစ၍ ကီလိုမီတာနှင့်ချီသော အရိုးစုများအထိ ပါဝင်သည်။
အန်လင်းမှာ ရှေ့မှဦးဆောင်ပြီး လန်ရှောင်နီမှာ သူ၏နောက်မှ လိုက်ပါလာခဲ့သည်။
ထိုသည်မှာ ပုံမှန်လိုပင် ဖြစ်နေလေပြီ။
မြေခွေးအရိုးစုတစ်ခုမှာ အန်လင်းအား ဝါးမြိုရန် ပြေးဝင်လာသည်။
ခရက်.......
အန်လင်းအား ကိုက်လိုက်သည်နှင့် သွားများအက်ကုန်သည်။
အန်လင်း နှာခေါင်းတစ်ချက်ရှုံ့ကာ အရှိန်အဝါများ ထုတ်ဖော်လိုက်သည်နှင့် ထိုအရိုးစုလည်း ပြာကျသွားတော့သည်။
သူလန်ရှောင်နီအား လှည့်ကြည့်လိုက်သည်။
“မင်းဘာလို့ မတိုက်တော့တာလဲ။”
ဒင်းပဲ အရမ်းတိုက်ချင်နေတာ မဟုတ်ဘူးလား....
လန်ရှောင်နီ ခြောက်ကပ်စွာ ပြုံးပြလာသည်။
“အချိန်တန်ရင် ရတနာတွေ နင်ယူနိုင်အောင်လား။”
အန်လင်း : “ ....”
“ရတနာအတွက် ငါနဲ့ပြိုင်ချင်လည်း ရပါတယ်။”
အန်လင်း နှစ်သိမ့်ပေးလိုက်သည်။
လန်ရှောင်နီ ထိတ်လန့်စွာ ခေါင်းခါပြလိုက်သည်။
“နင်ကငါ့ကို ပါးရိုက်ပြီးတောင် သတ်ပစ်လိုက်လို့ ရတယ်လေ။ ငါဘယ်ပြိုင်ရဲမှာလဲ..... ဝါး....”
“ငါ့မှာ ဘာရည်မှန်းချက်မှလည်း မရှိတော့ဘူး။ နင့်နောက်ကို အရူးတစ်ယောက်လို လိုက်နေရတယ်။ ရတနာတွေ နင်ယူသွားတာလည်း ဘာမှမလုပ်နိုင်ဘူး။ ငါဘာလို့ ဒီကိုလာခဲ့တာလဲ။”
လန်ရှောင်နီ ငိုကြွေးမိသည်။
“အဓိပ္ပါယ် ရှိသားပဲ။”
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒါဆို ဘာလို့ရှိနေသေးတာလဲ။ ပြန်တော့လေ။”
လန်ရှောင်နီ မျက်လုံးပြူးသွားသည်။
“ဟုတ်တယ်။ ငါဘာလို့ မပြန်ရမှာလဲ။”
“နေပါဦး။”
အန်လင်း လန်ရှောင်နီအား တားလိုက်သည်။
၎င်းတို့နှစ်ဦး အကြည့်ချင်း ဆုံသွားလေသည်။
အန်လင်း စကားဆိုလိုက်သည်။
“မင်းပြန်သွားလို့ မရဘူး။ မင်းရဲ့ ရည်မှန်းချက်ကို ငါသိတယ်။”
“ဘာ.... ဘာလဲဟင်။”
လန်ရှောင်နီ မျှော်လင့်မိသွားသည်။
“မင်းပြန်သွားရင် ငါတိုက်ခိုက်ခံရမှာပေါ့။ အဲ့ဒါကြောင့် ဒီမှာနေနေတာ ငါ့ကို ကာကွယ်ပေးဖို့ပဲ။”
အန်လင်း ပြုံးကာပြောလာသည်။
လန်ရှောင်နီ : “.... “
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားရသည်။
လန်ရှောင်နီ စိတ်ဆင်းရဲစွာ ပြုံးလိုက်သည်။
“ငါ့ကိုပေးသေပါတော့။”
“အဲ့လိုမလုပ်ပါနဲ့။”
အန်လင်းမှာ လန်ရှောင်နီအား အားပေးရန် ဦးနှောက်ပျက်မတတ် စဥ်းစားလိုက်ရသည်။
လန်ရှောင်နီမှာ မျက်ရည်များ စီးကျနေပါသော်လည်း မည်သည့်အသံမှ မထွက်တော့ပေ။
အန်လင်း ခေါင်းကိုက်နေရသည်။
ဒင်းက ရေနဲ့လုပ်ထားတာလား....
တော်တော်ငိုနိုင်တာပဲ... အဆက်မပြတ်ကို ငိုတာဟေး....
သူမသာ လက်လျှော့လိုက်ပါက ခေါင်းတလား၏ တိုက်ခိုက်မှုအား သေချာပေါက် ခံရပေလိမ့်မည်။
အဲ့လိုဖြစ်လို့ မရဘူး.....
ဟာ... သိပြီ....
အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။
“အဟမ်း.... ဒီလိုဆိုရင်ရော ရတနာပါတဲ့ ရန်သူကိုတွေ့ရင် မင်းတစ်မိနစ်လောက် အရင်တိုက်လေ။ နောက်မှ ငါဝင်ပါမယ်။”
အန်လင်း အားပေးလိုက်သည်။
“တ... တကယ်လား။”
လန်ရှောင်နီ မယုံကြည်နိုင်ပေ။
အန်လင်း လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
“ငါ့ဂုဏ်သိက္ခာနဲ့ တိုင်တည်တယ်။”
“အခွင့်အရေးပေးတာ ကျေးဇူးပါပဲဟာ။”
လန်ရှောင်နီ အန်လင်းအား ပြေးဖက်လိုက်သည်။
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။ သူမ၏ နူးညံ့လွန်းလှသော အထိအတွေ့များကြောင့် အန်လင်းမှာ သွေးများပြောင်းပြန်စီးတော့မလိုပင်။
“ငါ့ကိုလာမမြှူဆွယ်နဲ့။”
အန်လင်း တွန်းထုတ်ပစ်လိုက်သည်။
“မင်းက ပင်လယ်စာအနံ့ နံတယ်။”
လန်ရှောင်နီ ဒေါသထွက်သွားရသည်။
မည်သို့ပင်ဆိုစေကာမူ စိတ်လှုပ်ရှားမှုမှာ အလေးသာနေခဲ့သည်။ သူမသည် ဝိဥာဥ်ငါးကလန်အတွက်သာ အာရုံထားရန် ဆုံးဖြတ်လိုက်သည်။
စင်စစ်တွင်မူ လန်ရှောင်နီ၏ ကိုယ်သင်းနံ့မှာ ပင်လယ်ကျွန်းပေါ်မှ ပန်းများအလား သင်းပျံ့လွန်းလှသည်။
အန်လင်းသည် သူမ၏ အမြှီးကြောင့်သာ ပင်လယ်စာအား သတိရနေမိခြင်း ဖြစ်သည်။
ထိုသို့ဖြင့် ၎င်းတို့နှစ်ဦး ရှေ့ဆက်ခဲ့ကြသည်။
လန်ရှောင်နီမှာ ယခင်ကကဲ့သို့ တက်တက်ကြွကြွ တိုက်ခိုက်လာလေပြီ။
“သခင်လေးအန်လင်း တိုက်စရာ မလိုဘူးနော်.... ဟီးဟီး...”
“သူ့ကိုမထိနဲ့။ မိကျောင်းမသား.... နင့်ပြိုင်ဘက်ကငါပဲ။”
“ဟမ့်.... အမှိုက်ကောင်တွေ လာစမ်းပါ။”
လန်ရှောင်နီမှာ သွေးပူလေ့ကျင့်ခန်း လုပ်သည့်အနေဖြင့် အားပါးတရ တိုက်ခိုက်နေသည်။
အန်လင်းမှာ ခပ်ဖွဖွပြုံးကာ ချီးကျူးပေးနေသည်။
တက်ကြွတဲ့ ကြက်မလေး ရထားတာ ကောင်းသားပဲ.....
၎င်းတို့မှာ မကြာမီပင် မရဏ အငွေ့အသက်များ ပြည့်နှံနေသော နေရာတစ်ခုထံ ရောက်လာကြသည်။
နောက်ဆုံးတော့ သခင်ကြီးနဲ့ တွေ့ပြီပေါ့...