လန်ရှောင်နီ၏ မောက်မာမှု
Vol. 75 Ch. 1045
အရူးမလေး.... ငါဝင်မရတာနဲ့ပဲ ဒီကရတနာကို မင်းရမယ် ထင်နေလား.....
ရတနာကို လိုချင်ရင် လုံလောက်တဲ့ အင်အားရှိဖို့လိုသေးတယ်.....
ထိုအတွေးကြောင့် အန်လင်း ပြုံးလိုက်မိသည်။
“ဟေ..... လက်အောက်ငယ်သားလေး တံတားပေါ်မှာတင် မသေသွားစေနဲ့ဦး။”
လန်ရှောင်နီမှာ မျက်စောင်းထိုးကာ ဆက်လျှောက်သွားလေသည်။
သူမသည် အရိုးစုနှင့် တိုက်ခိုက်ပြီးနောက် သခင်ကြီးများအား တိုက်ခိုက်အနိုင်ယူရန် မလွယ်ကူကြောင်း ကောင်းစွာသိရှိထားသည်။
တံတားပေါ်ရှိ မိစ္ဆာများ မတိုက်ခိုက်လာကပင် သူမသည် အဖြူရောင်အလုံးနှင့် ငါးပြာလေးအား ကြိုတင်ပြင်ဆင်ထားလိုက်သည်။
လန်ရှောင်နီ ပျံသန်းလိုက်စဥ်မှာပင် ပြင်းထန်လှသော ကန့်သတ်ဖိအားတစ်ခု သူမပေါ် ကျရောက်လာသည်။
ကျယ်လောင်စွာ အော်ဟစ်ရင်း သူမ ကောင်းကင်ထက်မှ ပြုတ်ကျလာရသည်။
ထို့နောက် ရွေးချယ်စရာ မရှိပဲ ငါးအမြှီးအားလှုပ်ကာ လမ်းလျှောက်၍သာ သွားရတော့သည်။
ပင်လယ်မိစ္ဆာများသည် ရုတ်ချည်းဆိုသလို မျက်လုံးများပွင့်ကာ ပြင်းထန်လှသော အရှိန်အဝါများ ထုတ်ဖော်လိုက်ကြသည်။
လန်ရှောင်နီမှာ ကြိုတင်ပြင်ဆင်ထားသော ခုခံကာကွယ်ရေးများကို အသက်သွင်းလိုက်သည်။
အန်လင်းသည် ပေါက်ပေါက်ဆုပ် တစ်ခွက်နှင့်အတူ စိမ်ပြေနပြေ ထိုင်ကြည့်နေသည်။
ဝှစ်....
မည်သို့ပင်ဆိုစေကာမူ ပင်လယ်မိစ္ဆာများမှာ ရုတ်တရက် ဒူးထောက်ကုန်ကြသည်။
“ဝိဥာဥ်ငါးကလန် မင်းသမီးလေးကို ကြိုဆိုပါတယ်။”
၎င်းတို့အားလုံး ပြိုင်တူပြောလာကြသည်။
အန်လင်း အံ့အားသင့်သွားမိသည်။
လန်ရှောင်နီသည်လည်း လွန်စွာထိတ်လန့်သွားရသည်။
သောက်ကျိုးနည်း..... ငါတို့က ရန်သူတွေ မဟုတ်ဘူးလား.... ဘာလို့ ဒူးထောက်နေတာလဲ.....
မကြာမီပင် သူမ၏ မျက်ဝန်းများ တောက်ပသွားသည်။
“ဟီးဟီး.... အန်လင်းရေ မြင်ရဲ့လား။ ကံကိုပါလာတာနော်။ ရတနာက ငါ့အတွက်ပဲ။”
အန်လင်းသည်ပင် ဘာမှမပြောနိုင်ပေ။
အားလုံးက ဒင်းကို ဒူးထောက်နေတော့မှာလား.....
ယီးတဲ့မှ.... ဒါဘယ်လို စမ်းသပ်ချက်ကြီးလဲ.....
ရှီးဟိုင်ဇယ်က လန်ရှောင်နီကို ရတနာ ပေးချင်ရင်လည်း ဒီတိုင်းပေးလိုက်ပါတော့လား.....
အန်လင်း မကျေမနပ် ဖြစ်နေသည်။
“ယီးပဲ။”
“ခ်ခ်....”
လန်ရှောင်နီမှာ လွန်စွာပျော်ရွှင်သွားပြီးနောက် တေးသံသီကာ ဆက်လက်လျှောက်လှမ်းသွားသည်။
ပင်လယ်မိစ္ဆာများမှာ သူမအား ဒူးထောက်ခစားနေကြဆဲပင်။
လန်ရှောင်နီမှာ အေးအေးဆေးဆေးပင် တံတားအဆုံးသို့ ရောက်သွားခဲ့သည်။
တံတားသည် ထင်မှတ်ထားသလောက် မရှည်သောကြောင့် သူမ မျက်မှောင်ကျုံ့လိုက်မိသည်။
တံတားအဆုံးတွင် ရှိနေသည်မှာ ရွှေပုလ္လင်တော်တစ်ခု ဖြစ်သည်။
ငွေရောင်ခရင်းခွအား ကိုင်ဆောင်ထားသော ရေဘဝဲခေါင်း၊ လူခန္ဓာကိုယ်နှင့် မိစ္ဆာတစ်ကောင်မှာ ပုလ္လင်ထက်တွင် ထိုင်နေလေသည်။
ဒါက သခင်ကြီး ဖြစ်မယ်.....
လန်ရှောင်နီ ခါးထောက်လိုက်သည်။
“ငါ့ကို ဒူးထောက်ပြီး ရတနာပေးစမ်း။ အဲ့လိုဆို အသက်ချမ်းသာပေးမယ်။”
သူမ၏ ပုံစံမှာ မောက်မာလွန်းလှသည်။
ရေဘဝဲမိစ္ဆာ ပြုံးပြလာသည်။
“သစ်တံတားနန်းတော်ကနေ မင်းသမီးလေးကို ကြိုဆိုပါတယ်။ ကျွန်တော်က ကျီသယ်ပါ။”
လန်ရှောင်နီမှာ သူမအား ဒူးမထောက်သည်ကို စိတ်ထဲမထားပေ။
“ကျီးသယ် ငါ့ကို ရတနာပေးစမ်း။”
ကျီးသယ် ခေါင်းညိတ်ပြလိုက်သည်။
“မင်းသမီးလေးက လိုချင်ရင် ပေးရမှာပေါ့။”
ထိုသည်မှာ အလုပ်ဖြစ်မည်ဟု မထင်ခဲ့သောကြောင့် လန်ရှောင်နီ ဝမ်းသာမိသွားသည်။
“ဒါပေမယ့်.....”
ကျီးသယ်မှာ လန်ရှောင်နီအား ကြည့်ရှုလာသည်။
“ကျွန်တော့်ကို လက်ထပ်ရမယ်။”
ဝုန်း.....
လန်ရှောင်နီမှာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။
“ဘာ.... ဘာပြောလိုက်တယ်။”
သူမ မျက်လုံးပြူးသွားသည်။
တံတားအား ရှည်သယောင် ဖြစ်နေစေသော ပုံရိပ်ယောင်များ မရှိတော့သည့်အတွက် အန်လင်းသည်လည်း ဖြစ်ပျက်နေသည်များကို မြင်နေရသည်။
“ကျွန်တော့်ကိုသာ လက်ထပ်ရင် အရာရာက မင်းသမီးလေးအတွက်ပဲ။”
ကျီသယ်မှာ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် လန်ရှောင်နီအား ကြည့်နေသည်။
“မင်းသမီးလေးရဲ့ ကိုယ်သင်းနံ့၊ ကောက်ကြောင်း၊ စီးဆင်းနေတဲ့ သွေးကြောတွေကအစ ကျွန်တော် မက်မောတယ်။ မင်းသမီးလေးကို ကျွန်တော် လိုချင်တယ်။”
“နင်သေချင်နေတာလား။”
လန်ရှောင်နီ အရှိန်အဝါများ ဖြာထွက်လာသည်။
“နင့်ရုပ်နင် ပြန်မကြည့်ဖူးဘူးလား။ အဲ့လောက်ရုပ်ဆိုးနေတာတောင် လက်ထပ်ခွင့် တောင်းရဲတယ်ပေါ့။”
သူမသည် အဖြူရောင်အလုံးနှင့် ငါးပြာလေးအား တပြိုင်နက် ထုတ်ဖော်လိုက်သည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ရေဘဝဲက ရုပ်ဆိုးလို့ စိတ်တိုတာပေါ့လေ....
“မြွေနက်ပြာ.....”
ကျီသယ်သည် သေးငယ်သော မြွေများစွာအား ထွက်ပေါ်စေကာ တစ်ချိန်တည်းမှာပင် ခရင်းခွအား ပစ်လွှတ်လိုက်သည်။
ဝုန်း.....
ငါးပြာလေးနှင့် ခရင်းခွတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂယက်များ ဖြာထွက်လာပါသော်လည်း တံတားမှာ အကောင်းအတိုင်း ရှိနေသည်။
ကျီသယ်၏ စွမ်းအင်မှာ ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်များနှင့်ပင် ယှဥ်နိုင်နေလေပြီ။
လန်ရှောင်နီသည် ရေခဲဓားများဖြင့် မြွေငယ်လေးများအား ပိုင်းဖြတ်ပစ်လိုက်သည်။
ထိုအချိန်တွင် ကျီသယ်သည် ခရင်းခွဖြင့် လန်ရှောင်နီအား တိုက်ခိုက်လာသည်။
“ရေခံတပ်.....”
လန်ရှောင်နီ ထိတ်လန့်ကာ ရေစွမ်းအင် နံရံတစ်ခု ဖြစ်ပေါ်စေလိုက်သည်။
ခရင်းခွနှင့် ရေနံရံတို့ တွေ့ဆုံကာ အလင်းများ ဖြာထွက်လာသည်။
ဝုန်း.....
ခရင်းခွစွမ်းအင်များ ပေါက်ကွဲသွားသလို ရေနံရံလည်း ပျက်စီးသွားသည်။
လန်ရှောင်နီသည်လည်း သစ်သားတံတားထံ လွင့်ထွက်သွားရသည်။
“စီးမျောနေသော လေဟာနယ်....”
သူမသည် လေထဲတွင်ပင် အဆောင်တစ်ခုအား ထုတ်လိုက်သည်။
အဆောင်မှာ လောင်ကျွမ်းသွားပြီးနောက် သူမ ခန္ဓာကိုယ်တွင် ပါးလွှာသော အကာအရံတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအဆောင်သည် လေဟာနယ် ချိပ်စည်းအား ခံနိုင်ရည် ရှိစေသည်။
“ကျွန်တော် ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ မင်းသမီးလေး ချစ်လာမှာပါ။”
ရေဘဝဲမှာ စိတ်လှုပ်ရှားစွာဖြင့် လန်ရှောင်နီထံ ခုန်ပျံလာသည်။
ထို့အတူ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“လေဟာနယ်ချိပ်စည်း....”
ခရက်.....
လေထုမှာ သိပ်သည်းသွားလေသည်။
လာပြီပဲ.....
လန်ရှောင်နီ၏ အကာအရံမှာ တောက်ပလာပြီးနောက် ချိပ်စည်းထဲမှ လွတ်မြောက်သွားသည်။
“မဖြစ်နိုင်ဘူး။”
ကျီသယ် မျက်နှာပျက်နေသည်။
“သေလိုက်တော့။ နင့်ရတနာက ငါ့ဟာပဲ။”
လန်ရှောင်နီမှာ အခွင့်အရေးအား အမိအရယူကာ ငါးပြာလေးအား ပစ်လွှတ်လိုက်တော့သည်။