ဖေဖေကယ်ပါ
Vol. 75 Ch. 1046
ကျီသယ် အံ့အားသင့်နေစဥ်မှာပင် ငါးပြာလေး ရောက်ရှိလာသည်။
ဝုန်း......
ကြောက်မက်ဖွယ် စွမ်းအင်ပေါက်ကွဲမှုများ ဖြစ်သွားလေသည်။
ကျီသယ်မှာ အရိုးအရေများ ကျိုးကြေကာ သွေးစိမ်းများ အန်ထုတ်လိုက်ရသည်။
လန်ရှောင်နီမှာ စိတ်ကျေနပ်ပုံ မရသေးပေ။
သူမသည် ကျီသယ်၏ ခန္ဓာကိုယ်အား ထုတ်ချင်းပေါက်ရန် ရည်ရွယ်ထားပါသော်လည်း အနည်းငယ်သာ ထိခိုက်သွားခဲ့သည်။ ယခုကဲ့သို့ တိုက်ခိုက်ရန် အခွင့်အရေးမှာလည်း မလွယ်ကူလှပေ။
ကျီသယ်မှာ ဒေါသထွက်ထွက်နှင့် ရယ်မောလိုက်သည်။
“အဟက်.... မဆိုးပါဘူး။ ဒါပေမယ့် မင်းငါ့ကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် အခုကတည်းက လက်လျှော့လိုက်ပါလား။”
ထိုစကားနှင့်အတူ လန်ရှောင်နီထံ ပြေးဝင်လာသည်။
လန်ရှောင်နီသည် ၎င်းအားတစ်ချက်မျှ ကြည့်ရှူလိုက်ပြီးနောက် ငါးပြာလေးအား ဆင့်ခေါ်ကာ ခုခံရင်း ဆုတ်ခွာလိုက်သည်။ သူမသည် အနည်းငယ်မျှ အသာစီး ရမနေပေ။
အန်လင်းမှာ ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
ဒီကောင်က လန်ရှောင်နီကို အတင်းအဓမ္မ သိမ်းပိုက်ချင်နေတာပဲ.... ပွဲကြည့်ပရိသတ်တွေကိုတောင် ထည့်မတွက်တော့ဘူးလား....
“ဟားဟားဟား..... ခုခံမနေပါနဲ့တော့။ မင်းခုခံချင်ရင် အိပ်ယာပေါ်မှလုပ်....”
ကျီသယ်သည် ခရင်းခွအား ဝေ့ရမ်းတိုက်ခိုက်လိုက်သည်။
လန်ရှောင်နီသည် အတိုက်အခိုက် ကောင်းမွန်ကာ ဝှက်ဖဲများစွာ ရှိပါသော်လည်း ဟင်းလင်းပြင်သို့အပြန် အဆင့်အား ယှဥ်တိုက်ရန် မလွယ်ကူပေ။
ခေတ္တတိုက်ခိုက်ရုံမျှဖြင့် ဖိနှိပ်ခံနေရပြီဖြစ်ကာ သူမ၏ ခန္ဓာကိုယ် အနှံ့တွင် ဒဏ်ရာများ ပြည့်နှက်နေပြီး ငါးအမြှီးသည်လည်း ခရင်းဖြင့် ထိုးခံထားရသည်။
ကျီသယ်၏ တိုက်ခိုက်မှုများမှာ တဖြည်းဖြည်း ပိုမိုခက်ထန်လာသည်။
ငါရှုံးလို့ မဖြစ်ဘူး......
ဒီလိုအခွင့်အရေးက ထပ်မရနိုင်တော့ဘူး.....
လန်ရှောင်နီ၏ မျက်ဝန်းများမှာ စူးရှတောက်ပလာသည်။
သူမသည် လက်ကောက်ဝတ်အား လှီးလိုက်ပါသော်လည်း သွေးများစီးကျမလာပဲ ထူးခြားသော စွမ်းအင်တစ်ခုနှင့်အတူ သွေးစက်များမှာ သူမ၏လက်အား ကြောင်လိမ်သဏ္ဍာန် ရစ်ပတ်သွားသည်။
“ဝိဥာဥ်ငါးကလန် မှော်သွေးစက်ကျင့်စဥ် : ငါးနဂါးရဲ့အက”
ဝုန်း.....
လန်ရှောင်နီ၏လက်မှ သွေးနီရောင် အလင်းများ ဖြာထွက်လာသည်။
အန်လင်းသည်ပင် အမူအရာ ပြောင်းလဲသွားရသည်။
လန်ရှောင်နီသည် အနေအထား အသင့်ပြင်လိုက်ပြီးနောက် သွေးစက်များ ရစ်ပတ်နေသော လက်သီးဖြင့် ထိုးချလိုက်သည်။
နဂါးဟိန်းသံမှာ ကောင်းကင်နှင့်မြေပြင်တခွင် ပျံ့နှံ့သွားလေသည်။
လေထုသည်ပင် လက်သီး၏ ဖိအားကြောင့် အက်ကွဲသွားရသည်။
ကျီသယ်မှာ လက်နှစ်ဖက်အား ကြက်ခြေခတ်သဏ္ဍာန်လုပ်ကာ ခုခံလိုက်သည်။
ဝုန်း......
ပေါက်ကွဲမှုနှင့်အတူ အော်ဟစ်သံများ ဆူညံသွားသည်။
အန်လင်း အံ့အားသင့်သွားသည်။
“ဝိဥာဥ်ငါးကလန်ကပေမယ့် သန့်စင်တဲ့ နဂါးစွမ်းအင်ကို ထုတ်နိုင်တာပဲ။”
ကျီသယ်မှာ လက်နှစ်ဖက်လုံး ပျက်စီးကာ အဝေးသို့ လွင့်ထွက်သွားရသည်။
ဝုန်း......
ပုလ္လင်ပေါ်သို့ ပစ်ကျသွားမှသာ ရပ်တန့်သွားတော့သည်။
“ငါအောင်မြင်သွားပြီလား။”
မှော်ကျင့်စဥ်အား သုံးပြီးနောက် လန်ရှောင်နီမှာ အရှိန်အဝါများ အားနည်းကာ အသက်ရှူသံများ ဖျော့တော့နေလေပြီ။
“အဟွတ်.... အဟွတ်....”
ကျီသယ် သွေးအန်ကာ ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်သည်။
၎င်းသည် လက်များမရှိတော့ပါသော်လည်း ခန္ဓာကိုယ်မှာ ရုတ်ချည်းသေးငယ်သွားပြီးနောက် လက်အသစ်များ ထွက်ပေါ်လာသည်။
“ဟူး.... အန္တရာယ် များလိုက်တာ။ နှလုံးကိုသာထိရင် ငါသေသွားလောက်ပြီ။”
ကျီသယ်မှာ လန်ရှောင်နီအားကြည့်ကာ အရှိန်အဝါများ ဖြာထွက်လာသည်။
“ဘယ်.... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
လန်ရှောင်နီမှာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားရသည်။
သူမသည် စွမ်းအင်များစွာ ကုန်ခမ်းသွားပါသော်လည်း ကျီသယ်မှာ တိုက်ပွဲဝင်နိုင်သေးသည်။
“ဘာဖြစ်လို့လဲ။ မင်းဆက်တိုက်ချင်သေးလား။ ငါကတော့ အသင့်ပဲနော်။”
“မင်းအခုလို မတိုက်ချင်ရင်လည်း အိပ်ယာပေါ်မှာ တိုက်ပွဲဝင်လို့လည်း ရပါတယ်။ ဟင်းဟင်းဟင်း......”
ကျီသယ်မှာ ရွံစရာကောင်းအောင် ပြုံးပြလာသည်။
လန်ရှောင်နီ တုန်လှုပ်သွားရသည်။
ကူကယ်ရာမဲ့လိုက်တာ.....
သူမ၏ စိတ်ထဲသို့ ခံစားချက်ပေါင်းစုံ စီးဝင်လာသည်။
အကြောင်းပြချက် အချို့ကြောင့် စိတ်လုံခြုံမှု ပေးနိုင်သော ပုံရိပ်တစ်ခုအား မြင်ယောင်လာမိသည်။
“နှင်းမုန်တိုင်းဝင်္ကပါ....”
လန်ရှောင်နီ အော်ဟစ်လိုက်သည်နှင့် ရေစက်များမှ နှင်းခဲများ ဖြစ်ပေါ်လာကာ မုန်တိုင်းတစ်ခုအလား ကျီသယ်ထံ ပြိုကျသွားသည်။
“သုံးစားမရတဲ့ လှည့်ကွက်တွေ....”
ကျီသယ်မှာ လက်ခုပ်တစ်ချက်ဖြင့် နှင်းမုန်တိုင်းအား ဖျက်စီးလိုက်သည်။
ထို့နောက် လန်ရှောင်နီမှာ ထွက်ပြေးနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
“အန်လင်းရေ ကယ်ပါဦး။”
လန်ရှောင်နီမှာ အန်လင်းထံ အပြေးလာနေသည်။
အန်လင်း : “......”
“တော်ဝင်မျိုးနွယ်မှ ဝင်နိုင်တယ်ဆိုပြီး မော်ကြွားနေတာ ဘယ်သူများလဲ။”
အန်လင်း ရယ်မောလိုက်သည်။
“ရတနာရဖို့ ကံပါလာတာဆို....”
“ငါပါ။ အဲ့အရူးမက ငါပါဟာ။”
လန်ရှောင်နီ ငိုကြွေးလိုက်သည်။
အန်လင်း : “......”
လိုလိုလားလားကို ဝန်ခံနေပါလားဟ.....
“သူမကို တားထားကြ....”
ကျီသယ် အော်ဟစ်လိုက်သည်။
ပင်လယ်မိစ္ဆာများမှာ ချက်ချင်းဆိုသလို လှုပ်ရှားလာကြသည်။
သစ်သားတံတား တစ်ခုလုံး တိုက်ခိုက်မှုများ ပြည့်နှက်သွားရသည်။
အပြာရောင်ပုံရိပ်တစ်ခုမှာ ပေါက်ကွဲမှုများကြားမှ အန်လင်းထံ ဦးတည်လာနေသည်။ သူမသည် ရေခဲပြာ ချပ်ဝတ်တစ်ခုအား ဆင်မြန်းထား၏။
အဖြူရောင်အလုံးသည် ပင်လယ်မိစ္ဆာများအား ခုခံကာ ငါးပြာလေးမှာ ကျီသယ်အား ခုခံနေသည်။
လန်ရှောင်နီမှာ ခက်ခက်ခဲခဲ ကြိုးစားနေပါသော်လည်း အန်လင်းသည် ကူညီချင်ပုံပင် မရပေ။
“မင်းကငါ့အကူအညီ တောင်းရဲသေးတယ်လား။”
“နင်ဘာလိုချင်လဲ။”
လန်ရှောင်နီမှာ ကျီသယ်၏ ခရင်းခွထံမှ မနည်းပြေးနေရသည်။
“ဖေဖေလို့ခေါ်လေ။”
အန်လင်း ရယ်မောလိုက်သည်။
“ဖေဖေကယ်ပါ။”
လန်ရှောင်နီ အော်ဟစ်လာသည်။
အန်လင်း : “......”
“မင်းရှက်တောင် မရှက်တော့ဘူးလား။”
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားမိသည်။
“ဘာပဲဖြစ်ဖြစ် နင်ကငါ့အဖေ မဟုတ်တာ ငါသိနေတာပဲ။ နင့်စိတ်ကျေနပ်အောင် ပြောပေးရုံပဲဟာ။”
လန်ရှောင်နီမှာ တိုက်ခိုက်မှုများအား ရှောင်ရှားနေရသည်။
အန်လင်း : “.....”
စိတ်ကျေနပ်အောင်......
ထိုအဖြေမှာ ရိုးသားလွန်းလှသည်။
ဒီရေသူမက အဲ့လောက်တောင် သေရမှာကြောက်လား.....
လန်ရှောင်နီ၏ မျက်နှာမှာ တဖြည်းဖြည်း ပိုမိုဖြူလျော်လာသည်။
မကြာမီပင် အကာအရံမှ ခုန်ထွက်လာကာ အန်လင်းထံ ပြေးဝင်သွားလိုက်သည်။
“ဖေဖေရေ ကယ်ပါဦး။”