: ရှီးဟိုင်ဇယ်နှင့်ထျန်းချန်ကျီ၏အချစ်ပုံပြင်
Vol. 75 Ch. 1048
နတ်ဘုရားစစ်ဆေးမှုနည်းစနစ်နှင့် မထင်မှတ်ထားသော အရာတစ်ခုအား သိရှိလိုက်ရသည်။
ခံစားမျက်ရည်စက်လား......
ဒီကျောက်က တကယ့်မျက်ရည်လား....
မျက်ရည်ကလည်း နတ်အဆင့် ရတနာ ဖြစ်တာပဲပေါ့......
အန်လင်း မယုံကြည်နိုင် ဖြစ်နေမိသည်။
ထို့နောက် ရှီးဟိုင်ဇယ်၏ ရုပ်ထုအား ကြည့်လိုက်သည်။
ဘယ်လိုအချစ်ကများ အဲ့လောက်တန်ဖိုးကြီးတဲ့ မျက်ရည်ကို ကျစေတာလဲ.....
ကုယွီအား ငြင်းဆိုခဲ့မိသည်ကိုပင် နောင်တရသွားရသည်။
“အန်လင်း နင်ဘာတွေတွေးနေတာလဲ။”
လန်ရှောင်နီ ကူကယ်ရာမဲ့စွာ မေးလာသည်။
“ငါ့ကို ဆရာကြီးထည့်ခေါ်....”
အန်လင်း လေးနက်စွာ ပြောလိုက်သည်။
“ကောင်းပါပြီ ဆရာကြီးအန်လင်း.....”
လန်ရှောင်နီမှာ တွေဝေနေခြင်းပင် မရှိပေ။
သစ်သီးစားပြီးနောက် သူမ၏ ခံစားချက်များ ကောင်းမွန်နေသဖြင့် လိုက်လံငြင်းဆန်လိုခြင်း မရှိနေပေ။
အန်လင်း စကားဆိုလိုက်သည်။
“ရှီးဟိုင်ဇယ်နဲ့ ထျန်းချန်ကျီရဲ့ အချစ်ဇာတ်လမ်းအကြောင်း မင်းသိလား။”
“ဒါက.....”
လန်ရှောင်နီ ပြန်တွေးမိလိုက်သည်။
ထိုအချိန်မှာပင် ရှီးဟိုင်ဇယ်ထံမှ ကျန်ရှိနေသော အလင်းလုံးများ ထွက်လာသည်။
“မင်းတို့မှာ အခွင့်အရေး ရှိပါသေးတယ်။”
“ခဏလေး နေပါဦး။”
အန်လင်း လက်ခါပြကာ လန်ရှောင်နီအား ကြည့်လိုက်သည်။
“ဆက်ပြောလေ။”
“အာ.... အဲ့ဒါက....”
လန်ရှောင်နီ စကားမဆုံးသေးခင်မှာပင် ရှီးဟိုင်ဇယ် ထပ်ပြောလာသည်။
“မင်းတို့ မရွေးဘူးဆိုရင် အခုစွန့်စားခန်းက အဆုံးသတ်တော့မှာပါ။”
အန်လင်း : “.....”
လန်ရှောင်နီ : “ .....”
အန်လင်း ရုပ်ထုအား စူးစိုက်ကြည့်ရှုလိုက်သည်။
ဘာလို့ အဲ့လောက်တောင် စိတ်မရှည်တာလဲ.....
လန်ရှောင်နီက အတိတ်ကို ပြန်ပြောမှာ ရှက်လို့များလား....
သောက်ကျိုးနည်း.....
ဒီရုပ်ထုက NPCမဟုတ်ဘူးလား.... ခံစားချက် ရှိလို့လား....
“အဲ့ဒါဆိုလည်း ဒါကိုရွေးလိုက်မယ်။”
အန်လင်း အဖြူရောင်အလုံးအား လက်ညှိုးထိုးလိုက်သည်။
လန်ရှောင်နီသည်လည်း ပြောစရာ မလိုလောက်အောင် အဖြူရောင်အလုံးအား ရွေးချယ်လိုက်သည်။
မူးနောက်နောက် ခံစားချက်နှင့်အတူ ၎င်းတို့မှာ တိမ်တိုက်များပေါ် ရောက်ရှိလာသည်။
တိမ်ထုများသည် နူးညံ့အိစက်ကာ ဝါဂွမ်းများအလား ထင်မှတ်ရလေသည်။
ကောင်းကင်ပြာမှာလည်း ကြည်လင်တောက်ပလို့နေသည်။
ဤကမ္ဘာတွင် အရောင်နှစ်ခုသာ ရှိပုံရ၏။
“ကောင်းလိုက်တာ။ အနှောင့်အယှက်တွေ မရှိတော့ဘူး။ ခုနကဟာ ဆက်ပြောပါဦး။”
အန်လင်းမှာ မစောင့်နိုင်တော့ပုံပင်။
တောက်ပနေသော မျက်ဝန်းများကြောင့် လန်ရှောင်နီသည်ပင် ရှက်သွေးဖြာသွားရသည်။
“ငါလည်း စီနီယာတွေ ပြောပြသလောက်ပဲသိတာ။”
“အရင်တုန်းက အနောက်ပင်လယ်မှာ နတ်ဘီလူးတစ်ကောင် ပေါ်လာခဲ့ဖူးတယ်။ သူ့နာမည်က ရှေးဟောင်းကောင်းကင်နတ်ဘီလူးတဲ့။ ဝိဥာဥ်ငါးကလန်လည်း ပိုင်နက်တွေ ဆုံးရှုံးခဲ့ရတယ်။ အနောက်ပင်လယ် တစ်စိတ်တစ်ပိုင်းက သူ့အပိုင် ဖြစ်လာခဲ့တာပေါ့။”
“တစ်ရက်ကြတော့ အဲ့နတ်ဘီလူးက ဝိဥာဥ်ငါးကလန်ကို အပြတ်ရှင်းချင်လာတယ်။ စစ်တပ်ကြီးနဲ့တူတူ ပင်လယ်နှလုံးသားနန်းတော်ဆီ ချီတက်လာကြတူပေါ့။ အဲ့နတ်ဘီလူးကို နတ်ဆရာခေါင်းဆောင် ရှီးဟိုင်ဇယ်တောင် မယှဥ်နိုင်ဘူးလေ။”
“အဲ့အချိန်မှာ အမြဲတမ်း တသီးတသန့် နေတတ်တဲ့ ကောင်းကင်ဘုံလိပ်မျိုးနွယ်စု ရောက်လာပြီး ကူညီပေးခဲ့တယ်။ အဲ့ဒါကြောင့် နတ်ဘီလူးနဲ့ သူ့စစ်တပ်ကို အနိုင်တိုက်နိုင်လိုက်တယ်လေ။”
“ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရဲ့ နတ်ဆရာခေါင်းဆောင် ထျန်းချန်ကျီက စစ်ပွဲရဲ့ ကြယ်ပွင့်လေး ဖြစ်ခဲ့တာပေါ့။ ငါတို့ရဲ့ နတ်ဆရာခေါင်းဆောင် ရှီးဟိုင်ဇယ်ကလည်း မြင်မြင်ချင်း ချစ်မိသွားတယ်လေ။ သူက သေလောက်အောင် အငြင်းခံရပေမယ့် လက်မလျှော့တမ်း လိုက်ခဲ့တာ.....”
လန်ရှောင်နီမှာ ထိုကိစ္စနှင့်ပက်သတ်၍ အတော်ရှက်ရွံ့နေပုံပင်။
အန်လင်း အံ့အားသင့်သွားမိသည်။
ခန့်ညားလွန်းတဲ့ ရေသူထီးတစ်ကောင်က လိပ်မတစ်ကောင်ကို အဲ့လောက်တောင် ကြိုက်ခဲ့တာလား....
“ဝိဥာဥ်ငါးကလန်ရော၊ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရောက အဲ့ဒါကို လက်မခံခဲ့ကြဘူး။ ဝိဥာဥ်ငါးကလန်ကလည်း လိပ်မတစ်ကောင်ကို လက်ထပ်တာ မလိုချင်ဘူးလေ။ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုကလည်း ရှီးဟိုင်ဇယ်မှာ လိပ်ခွံမရှိတော့ ဘယ်လိုမှ သဘောမကျကြဘူး။”
“ဒါပေမယ့် နတ်ဆရာခေါင်းဆောင် ရှီးဟိုင်ဇယ်က ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။”
“နှစ်ရာနဲ့ချီ ကြာပြီးတော့ ထျန်းချန်ကျီကလည်း ထူးထူးခြားခြား ပြန်လက်ခံလိုက်တယ်လေ။”
လန်ရှောင်နီ ရယ်မောလိုက်သည်။
“သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ငါစိတ်ကူးကြည့်ဖူးတယ်။ တော်တော်ပျော်စရာကောင်းမှာပဲ။”
အန်လင်း ခေါင်းညိတ်သဘောတူလိုက်သည်။
“နောက်ကြတော့ နတ်ဘီလူးက ပြန်ရောက်လာတယ်။ နတ်ဘီလူးကို သတ်ဖို့အတွက် ရှီးဟိုင်ဇယ်နဲ့ ထျန်းချန်ကျီက သူတို့ရဲ့ အသက်စွမ်းအင်တွေကို စွန့်လွှတ်လိုက်ကြတယ်။ အဲ့ဒါပြီးတော့ အံ့သြစရာ တစ်ခုကို သူတို့သိလိုက်ရတယ်။”
“မျိုးနွယ်စုနှစ်ခုရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့် လျှို့ဝှက်ချက်ပေါ့။ ဘာပဲပြောပြော ထုတ်ပြောဖို့ အချိန်မကျသေးဘူးလို့ ယူဆခဲ့ကြလို့ အခုလို အုတ်ဂူထဲမှာ ထည့်သိမ်းထားခဲ့ကြတာ။ အဲ့လျှို့ဝှက်ချက် အမွေအနှစ် ဆက်ခံမယ့်သူ ရောက်လာမယ့် အချိန်အတွက်ပေါ့။”
“လျှို့ဝှက်ချက်က ဝိဥာဥ်ငါးကလန်နဲ့ ကောင်းကင်ဘုံလိပ်မျိုးနွယ်စု အတွက်ပဲ။ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုက သူတို့မျှော်လင့်ချက်တွေကို လူသားတစ်ယောက်အပေါ် ထားလိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး။”
လန်ရှောင်နီမှာ တောက်ပနေသော မျက်ဝန်းပြာများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။ သူမသည် မျိုးနွယ်စုအတွက် ဂုဏ်ယူနေသလိုပင်။
“ဝိဥာဥ်ငါးကလန်ကလည်း သူတို့မျှော်လင့်ချက်တွေကို မင်းကိုပုံအပ်ထားတာ စဥ်းစားမရဘူး။”
အန်လင်း ရယ်မောလိုက်သည်။
“လက်အောက်ငယ်သား လန်ရှောင်နီ.... ငါအပိုပြောတာ မဟုတ်ဘူး။ ငါ့ကြောင့်သာ မဟုတ်ရင် ဒီမှာ မင်းသေနေလောက်ပြီ။”
လန်ရှောင်နီ : “.....”
လန်ရှောင်နီမှာ မရှိမဲ့ရှိမဲ့ မာနများ ပျောက်ကွယ်သွားရသည်။
“ဒီကမ္ဘာရဲ့ ရတနာကို ရှာကြရအောင်။”
အန်လင်းသည် မျက်ရည်စက်၏ နောက်ကြောင်းရာဇဝင်အား မသိရသေးပါသော်လည်း ရှီးဟိုင်ဇယ်အကြောင်း အနည်းအကျဥ်း သိလိုက်ရသည်။
လိပ်မတစ်ကောင်အား နှစ်ရာနှင့်ချီ ပိုးပန်းနိုင်သူမှာ ခေသူမဟုတ်ပေ။
၎င်းတို့သည် မည်သည့်စကားမှ မဆိုပဲ အတူတကွ ပျံသန်းခဲ့ကြသည်။
အန်လင်းမှာ အံ့ဖွယ်အာရုံနှင့် စစ်ဆေးကြည့်ပါသော်လည်း ထူးခြားသည်ကို မတွေ့ရပေ။
သူခေါင်းကိုက်ရလေပြီ။
အခြေအနေမှာ သာမန်ဆန်လွန်းသောကြောင့် မည်သည့်နေရာသို့ သွားရမည်ကိုပင် မသိတော့ပေ။
အဆုံးအစမဲ့သော ကောင်းကင်တိမ်တိုက်များကြား ရည်ရွယ်ချက်မဲ့စွာ ပျံသန်းနေရသည်။
ကီလိုမီတာ ထောင်နှင့်ချီသည့်တိုင် မည်သည်ကိုမှ မတွေ့ရပေ။
အန်လင်းမှာ ကြောင်တောင်တောင်နှင့်သာ တိမ်တိုက်များအား ငေးကြည့်နေမိတော့သည်။