← Chapters

တိမ်လွှာကောင်းကင်၏လျှို့ဝှက်ချက်

Vol. 75 Ch. 1049

တိမ်လွှာကောင်းကင်၏လျှို့ဝှက်ချက်

Vol. 75 Ch. 1049

ကောင်းကင်ပြာမှာ မျက်စိတဆုံး ကျယ်ပြန့်လှသည်။

စိတ်ရှုပ်စရာ အကောင်းဆုံးမှာ ပတ်ဝန်းကျင်တွင် သားရဲတစ်ကောင်တလေပင် ရှိမနေပဲ ဗလာသက်သက် ဖြစ်နေခြင်း ဖြစ်သည်။

“ဒါက.... ဆရာကြီးအန်လင်း ဒီနေရာက မူမမှန်သလိုပဲ။”

လန်ရှောင်နီ မှတ်ချက်ပြုလိုက်သည်။

အန်လင်း မျက်ဆံလှန်လိုက်သည်။

“အစတည်းက သိသာနေတာပဲမလား။”

“ဒါပေမယ့် ဒီလိုကြီးက ကြောက်စရာကောင်းတယ်။”

လန်ရှောင်နီသည် ပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက်ကြည့်ကာ ပေါ်မလာသေးသော အန္တရာယ်အတွက် ကြောက်ရွံ့နေမိသည်။

အန်လင်း : “.....”

တစ်ခါတရံတွင် တိတ်ဆိတ်မှုမှာ ထိတ်လန့်ဖွယ်ကောင်းစေသည်။

ထိုအချိန်မျိုးတွင် အကြောက်တရားမှာ ပိုမိုနိုးကြားလာတတ်သည်။

“ရှေ့ပဲဆက်သွားကြတာပေါ့။”

အန်လင်း စကားဆိုလာသည်။

“အဆုံးမရှိပဲတော့ မနေပါဘူး။”

လန်ရှောင်နီ ခေါင်းညိတ်ကာ အန်လင်းနောက်မှ လိုက်ပါလာသည်။

သူမ ကြောက်ရွံ့လာတိုင်း ရှေ့တွင်ရှိနေသော ပုံရိပ်အား ကြည့်လိုက်ရုံနှင့် တစ်နည်းတဖုံ စိတ်သက်သာရာရမိသည်။

မည်သည့်ရန်သူပင်ဖြစ်ပါစေ ဆရာကြီးအန်လင်းမှာ လက်သီးတစ်ချက်ဖြင့် အပြီးသတ်နိုင်သည်။

၎င်းတို့မှာ အကန့်အသတ်မဲ့သော ကောင်းကင်တွင် ရည်ရွယ်ချက်မဲ့စွာ ပျံသန်းခဲ့ကြသည်။

တစ်နာရီ.....

နှစ်နာရီ.....

ဆယ့်နှစ်နာရီ.....

တစ်ရက်......

ယခုထိတိုင် ဘာမှရှာမတွေ့ကြပေ။

အန်လင်းမှာ အုတ်ခဲနက်အား ရပ်တန့်လိုက်သည်။

“မဖြစ်နိုင်ဘူး။”

“ဘောလုံးတစ်လုံးက အဲ့လောက်တောင်ကျယ်လား။”

လန်ရှောင်နီ ခေါင်းကုတ်လိုက်သည်။

“တစ်လုံးနဲ့တစ်လုံး လုံးဝမတူကြဘူးလေ။”

“ငါတို့ ပျံခဲ့တဲ့ အကွာအဝေးက ကမ္ဘာကိုတောင် ဆယ်ပတ်လောက် ပတ်လို့ရနေပြီ။ လူတွေသောက်သမျှ ရှန်းဖြောင်းဖြောင်းတွေ တန်းစီလိုက်ရင်တောင် ဒီအကွာအဝေးကို မှီမှာမဟုတ်ဘူး။”

(ရှန်းဖြောင်းဖြောင်းက နာမည်ကြီး တရုတ်နို့လက်ဖက်ရည်တံဆိပ်ပါ။)

လန်ရှောင်နီ ကြောင်တောင်တောင် ဖြစ်သွားသည်။

“နင်ဘာတွေပြောနေတာလဲ။”

အန်လင်း : “.....”

ဟုတ်သားပဲ..... သူက သေမျိုးကမ္ဘာကို ဘယ်သိမှာလဲ....

လန်ရှောင်နီ၏ မျက်ဝန်းများ ရုတ်တရက် တောက်ပလာသည်။

“ဒီနေရာက ငါတို့ပထမဆုံး ဝင်ခဲ့တဲ့ နေရာလို အပြောင်းအလဲတွေ ဖြစ်လာဖို့ တစ်ခုခုကို အသက်သွင်းရမယ်ထင်လား။”

အန်လင်း အတွေးများသွားသည်။

“Ulimited Blade Worksလိုလား။”

(အဲ့ဒါက Fate/ Stay Night : Unlimited Blade Worksဆိုတဲ့ animeပါ။)

လန်ရှောင်နီ နားမလည်နိုင်ပေ။

“ဘာတွေပြောနေတာတုန်း....”

အန်လင်း : “ ....”

“ဆင်တော့ဆင်သားပဲ။ အဲ့တုန်းကလည်း အစအဆုံး မရှိတဲ့ ဓားနယ်မြေမှာ ဓားသင်္ချိုင်းလည်ဆွဲကို အသက်သွင်းလိုက်မှ အဆင်ပြေသွားတာ။”

အန်လင်း စကားဆက်လိုက်သည်။

“ဖြစ်နိုင်တာတော့ အခုလည်း တစ်နေရာထဲမှာ ပတ်ပျံမိနေတာ ဖြစ်မယ်။”

လန်ရှောင်နီ အံ့အားသင့်သွားသည်။

“ငါတို့လည်နေတာလား။”

အန်လင်း ခေါင်းညိတ်ပြလာသည်။

“အဲ့သဘောမျိုးပေါ့။”

သူတိမ်တိုက်များအားကြည့်ကာ ပြောလိုက်သည်။

“ဒီနေရာက ထောင်ချောက်ဖြစ်မယ်။ တစ်ချိန်လုံး ငါတို့ ဒီမှာပတ်ပျံမိနေတာပဲ။”

၎င်းတို့နှစ်ဦးလုံး ငြိမ်သက်သွားသည်။

ထိုသို့ဆိုလျှင် မည်သို့ဆက်လုပ်ကြမည်နည်း။

ပထမ နေရာတွင် ဓားသင်္ချိုင်းလည်ဆွဲ ရှိခဲ့ပါသော်လည်း ယခုတွင်မူ ဘာမှရှိမနေပေ။

“ဟူး..... ဒီနေရာအကြောင်း သေချာနားလည်မှ ရမယ်ထင်တယ်။ အဲ့ဒါကလည်း မဖြစ်နိုင်ဘူး။”

လန်ရှောင်နီ သက်ပြင်းချကာ ပျံသန်းနေသော ကမာခွံပေါ် ထိုင်ချလိုက်သည်။

ဒီနေရာအကြောင်း သေချာနားလည်ရမယ်....

အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။

“မဖြစ်နိုင်တာ မဟုတ်ပါဘူး။”

အန်လင်း ရယ်မောလိုက်သည်။

လန်ရှောင်နီ အန်လင်းအား ကြည့်ရှုလာသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

“နင်က အဲ့လိုမျိုးကိုတောင် လုပ်နိုင်တာလား။”

အန်လင်း၏ မျက်ဝန်းတွင် ကြယ်စင်များ ဖြတ်ပြေးသွားပြီးနောက် သူ၏အမြင်မှာ ပိုမိုကြည်လင်သွားသည်။

အံ့ဖွယ်အယောင်ဆောင်နည်းစနစ်.....

အန်လင်း၏ စိတ်ထဲသို့ ဤနယ်မြေနှင့် ပက်သတ်သည့် သတင်းအချက်အလက်များအားလုံး စတင်စီးဝင်လာသည်။

“ငါသိပြီ။”

သူ၏မျက်ဝန်းများ ပုံမှန်ပြန်ဖြစ်သွားကာ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားသည်။

“ဆရာကြီးအန်လင်း အဆင်ပြေရဲ့လား။”

လန်ရှောင်နီ စိုးရိမ်သွားရသည်။

“ဘာမှမဖြစ်ပါဘူး။”

အန်လင်းမှာ အဆင့်မြင့် စိတ်ဝိဥာဥ်ဆေးလုံးအားထုတ်ကာ မြိုချလိုက်သည်။

အံ့ဖွယ်အယောင်ဆောင်နည်းစနစ်အား တစ်လလျှင် တစ်ကြိမ်မျှသာ အသုံးပြုနိုင်သည်။ ထိုသို့မဟုတ်ပါက သူ၏အသက်စွမ်းအင်သည်ပင် လျော့ပါးသွားနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ရလဒ်မှာ ထိုက်တန်လှသည်။

“ဒီကမ္ဘာရဲ့ အားနည်းချက်ကိုတွေ့ပြီ။”

အန်လင်း ပြုံးကာပြောလာသည်။

“နင်တကယ်အဆင်ပြေရဲ့လား။”

လန်ရှောင်နီ စိတ်မအေးနိုင်ပေ။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“အဆင်ပြေပါတယ်။ ငါ့နောက်လိုက်ခဲ့။”

သူသည် အုတ်ခဲနက်ဖြင့် တစ်နေရာသို့ ပျံသန်းသွားသည်။

လန်ရှောင်နီမှာ စိုးရိမ်လျက်သားနှင့် လိုက်ပါသွားလေသည်။

အန်လင်းမှာ တစ်နေရာအရောက် ရပ်တန့်လိုက်ပါသော်လည်း လန်ရှောင်နီမှာ မည်သည့်ထူးခြားမှုမှ မတွေ့မိပေ။

အန်လင်းမှာ မိစ္ဆာရှင်းဓားအား ထုတ်လိုက်သည်။

“ငါတို့ဘာလို့ တိမ်တွေကြားထဲ ပျံနေရတယ်ထင်လဲ။”

လန်ရှောင်နီမှာ အရူးမဟုတ်သောကြောင့် တိမ်တိုက်များအား လှည့်ကြည့်လိုက်သည်။

“လမ်းကြောင်းက ဒီတိမ်အောက်တည့်တည့်မှာပဲ။”

အန်လင်းမှာ တိမ်တိုက်အား ပိုင်းဖြတ်ပစ်လိုက်သည်။

ချောက်နက်တစ်ခု ပေါ်ထွက်လာလေသည်။

ထိုလမ်းကြောင်းမှာ ကြောင်လိမ်သဏ္ဍာန် ရှိသည်။

“ဘုရားရေ... ဒါကို နင်ဘယ်လိုမြင်တာလဲ။”

လန်ရှောင်နီ အန်လင်းအား လေးစားသွားသည်။

“ပြောပြရင်လည်း နားလည်မှာမှ မဟုတ်တာ။ သွားကြရအောင်။”

အန်လင်းမှာ ရှင်းပြမနေချင်ပေ။

လန်ရှောင်နီ : “.....”

သူမသာ အန်လင်းထက် အားမနည်းပါက တစ်ချက်မျှ ပိတ်ရိုက်ချင်လာသည်။

အန်လင်းမှာ လေးလေးနက်နက်ဖြင့် အောက်သို့ဆင်းသွားသည်။

ယခုတခေါက် စမ်းသပ်ချက်မှာ အမှန်တကယ် ခက်ခဲပေသည်။

အံ့ဖွယ်အယောင်ဆောင်နည်းစနစ်သာ မရှိပါက မည်သည့်အချိန်ထိ ပိတ်မိနေမည်ကို မသိနိုင်ပေ။

စမ်းသပ်ချက် တစ်ခုချင်းစီသည် တဖြည်းဖြည်း ပိုမိုခက်ခဲလာပြီး ထိုသို့ဖြစ်စေရန် ဆောင်ရွက်ထားပုံရသည်။

အန်လင်းနှင့် လန်ရှောင်နီမှာ မတူညီသော နေရာတစ်ခုသို့ ရောက်ရှိလာသည်။

ယခင်ကအတိုင်း တိမ်တိုက်ကောင်းကင်သာ ဖြစ်ပါသော်လည်း နေတစ်စင်းပါ ရှိနေသည်။

“ဒီနေရာက.....”

အန်လင်းမှာ ရုတ်ချည်းဆိုသလို အန္တရာယ် အငွေ့အသက်အား ရရှိလိုက်သည်။ ဓားစိတ်ဆန္ဒ အားကောင်းလွန်းသော ဓားနှစ်လက်မှာ ကောင်းကင်ထက်တွင် ထွက်ပေါ်လာလေသည်။

ထို့အတူ မြူခိုးနက်များ ဝန်းရံနေသော သွေးနီရောင် မျက်ဝန်းနှစ်စုံကိုပါ တွေ့လိုက်ရသည်။

“သေရတာနဲ့ ရှင်ရတာ ဘာကိုကြိုက်လဲ။”

All Chapters