ရှီးဟိုင်ဇယ်
Vol. 75 Ch. 1052
“စမ်းသပ်မှု အောင်မြင်သွားတာ ဂုဏ်ယူပါတယ်။ မျိုးနွယ်စုအကျိုး သယ်ပိုးဖို့အတွက် မျှော်လင့်ပါတယ်။”
ရှီးဟိုင်ဇယ် ပြုံးကာပြောလာသည်။
ရုပ်ထုမှာ အမူအရာများ ရှိလာလေပြီ။
အန်လင်း အံ့သြသွားရသည်။
“ရုပ်ထုက နောက်ဆုံးတော့ ဝိဥာဥ်ရှိလာပြီလား။”
ရှီးဟိုင်ဇယ်ရုပ်ထု : “.....”
လန်ရှောင်နီသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“တကယ်ပဲ စီနီယာ ရှီးဟိုင်ဇယ်လား။”
ရှီးဟိုင်ဇယ် နွေးထွေးစွာ ပြုံးပြလာသည်။
“ဟုတ်တယ်။ မင်းတို့ စမ်းသပ်ချက် တစ်ခုပဲ လိုတော့လို့ ငါ့ရဲ့ အံ့ဖွယ်စိတ်ဆန္ဒ အကြွင်းအကျန် နိုးထလာတာလေ။ ဒီအဆင့်ထိ ရောက်လာတယ်ဆိုတော့ မင်းတို့က ငါ့ကိုတွေ့ဖို့ ထိုက်တန်ပါတယ်။”
အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။
ဒီအခြေအနေက..... ဇာတ်လမ်းနားထောင်ရမယ့် အချိန်လား.... ဒါမှမဟုတ် ဆုလာဘ်တွေအတွက် အချိန်လား....
လန်ရှောင်နီလည်း စိတ်လှုပ်ရှားနေသည်။ သူမသည် ရတနာများအတွက် အန်လင်းနှင့် ယှဥ်မတိုက်နိုင်ပါသော်လည်း ရှီးဟိုင်ဇယ်၏ သူမဘိုးဘေး ဖြစ်သည်။ ထို့ကြောင့် ၎င်းသာ အမွေပေးလိုပါက သူမကိုသာ ပေးလောက်သည်။
ထိုသို့ဆိုပါက သူမသည်လည်း သုံးစားမရသူ ဖြစ်မည်မဟုတ်ပေ။
“ဘယ်သူက ထင်မှာလဲ။ မင်းတို့က မျိုးနွယ်စု လျှို့ဝှက်ချက်ထက် ရတနာတွေကို ရွေးမယ်လို့.....”
ရှီးဟိုင်ဇယ် သက်ပြင်းချလိုက်သည်။
“နောင်လာနောင်သားတွေက အဲ့လောက်တောင်ပဲ ဥစ္စာမက်နေကြပြီလား။”
လန်ရှောင်နီ မကျေမနပ် ဖြစ်သွားသည်။ သူမသည် မျိုးနွယ်စု လျှို့ဝှက်ချက်အား သိလိုပါသော်လည်း အန်လင်းနှင့် မငြင်းခုံရဲခဲ့ပေ။
သူမ ရှီးဟိုင်ဇယ်အား ပြောပြရန် ကြံရွယ်လိုက်စဥ်မှာပင် အန်လင်း၏ အကြည့်တစ်ချက်ကြောင့် ငြိမ်သက်သွားမိသည်။
အန်လင်းမှာ သည်းမခံနိုင်တော့ပေ။
“ခင်ဗျားကများ ပြောရဲသေးတယ်ပေါ့။ တကယ်အမွေအနှစ် ပေးချင်ရင်လည်း သောက်ကျိုးနည်း စမ်းသပ်ချက်တွေ လုပ်မနေနဲ့လေ။ ရတနာနဲ့ လျှို့ဝှက်ချက် တစ်ခါတည်းပေးတော့ ဘာဖြစ်လို့လဲ။ ခင်ဗျားတို့ကိုက လာရှုပ်နေတာ။”
ရှီးဟိုင်ဇယ်မှာ ဘာပြန်ပြောရမည်လဲပင် မသိတော့ပေ။
သူ၏ဆုံးဖြတ်ချက်အား သူပြန်တွေးနေမိသည်။
အန်လင်း : “.....”
လန်ရှောင်နီ : “.....”
ရှီးဟိုင်ဇယ်မှာ ရုတ်တရတ် မျက်ဝန်းများ တောက်ပသွားသည်။
“ဘာလို့လဲဆိုတော့ ငါနဲ့ ငါ့ရဲ့ တာအိုလက်တွဲဖော်က စမ်းသပ်ခံနဲ့ ငါတို့ကြားမှာ ရေစက်ဘယ်လောက်ပါလဲ သိချင်လို့လေ။ မင်းတို့က ရတနာရဖို့ ကံပါမှတော့ မျိုးနွယ်စု လျှို့ဝှက်ချက်က အမြဲတမ်း ဒီတိုင်းရှိနေတော့မှာ။”
အန်လင်း မကျေမနပ် ဖြစ်သွားသည်။
“ဒါက ကံကြမ္မာတဲ့လား။”
လန်ရှောင်နီ အံ့သြသွားရသည်။
“မျိုးနွယ်စု နှစ်ခုပေါ် တာဝန်မဲ့ရာ မကျလွန်းဘူးလား။”
အန်လင်း တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။
ဘိုးဘေးကိုတောင် ပြန်ပြောရဲတယ်ပေါ့..... ဒင်းက သတ္တိရှိသားပဲ.....
ထင်မှတ်ထားသည့်အတိုင်း ရုပ်ထုမှာ ဒေါသထွက်နေသယောင် မျက်နှာပျက်သွားသည်။
လန်ရှောင်နီ သတိထားမိကာ တောင်းပန်တော့မည့် အချိန်မှာပင် ရှီးဟိုင်ဇယ် စကားဆိုလာသည်။
“လူသားတစ်ယောက်က ဒီကိုရောက်နေတာပဲ။”
ရှီးဟိုင်ဇယ် အန်လင်းအား ကြည့်ရှုလိုက်သည်။
အန်လင်း ရင်ကော့ကာ ပြောလိုက်သည်။
“ခင်ဗျားက လူသားတွေကို အထင်သေးတာလား။”
ရှီးဟိုင်ဇယ် ခပ်ဖွဖွ ပြုံးလိုက်သည်။
“အနက်ရောင်လောက အသက်ဝင်စမ်း....”
ဝုန်း....
အားကောင်းလှသော လေဟာနယ် စွမ်းအင်မှာ အန်လင်းနှင့် လန်ရှောင်နီအား လွှမ်းခြုံသွားလေသည်။
အန်လင်းမှာ မူးနောက်နောက် ဖြစ်သွားရပြီးနောက် ကျောက်တုံးကျောက်ဆောင်များ ပြည့်နှက်နေသော ဂူတစ်ခုထဲ ရောက်ရှိလာသည်။
“ဘာလို့ ရုတ်တရတ်ကြီး ဒီကိုပို့လိုက်တာလဲ။ ငါတောင် ဘာမှမဆုံးဖြတ်ရသေးဘူး။”
အန်လင်း ပေါက်ကွဲနေသည်။
“ဆရာကြီးအန်လင်းရယ် ဒီကိုရောက်နေမှတော့ ရတနာ ယူသွားကြတာပေါ့။ နင့်ကို တားနိုင်တဲ့သူမှ မရှိတာ။”
လန်ရှောင်နီ အားပေးလိုက်သည်။
အန်လင်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။
“ဒါတွေပြီးသွားရင် ဆုကောင်းကောင်းပေးဦးမယ်။”
“အင်း....”
လန်ရှောင်နီ လှပစွာ ပြုံးပြလာသည်။
သူမသည် စမ်းသပ်မှုအား လက်လျှော့ထားပြီး ဖြစ်သည်။ အန်လင်းနောက်လိုက်ကာ သူပေးသည်ကို ယူလိုက်သည်က ပိုမိုလွယ်ကူသည် မဟုတ်လော။
အန်လင်းသည် ဆရာကျလွန်းနေသောကြောင့် သူမ မည်မျှပင် ကြိုးစားပါစေ ရတနာအား မရနိုင်ပေ။
အန်လင်းသည် စမ်းသပ်မှုအား အာရုံစိုက်လိုက်သည်။
ဂူသည် အတော်ကျယ်ဝန်းပြီး အနက်ရောင် ကျောက်နံရံများ ကာရံထားကာ မြေအောက်ကမ္ဘာဟု ထင်မှတ်ရသည်။
မီးလျှံမြစ်တစ်ခု ရှိနေကာ အလင်းရောင်ဖျော့ဖျော့ ပေးစွမ်းနေ၏။
မီးလျှံမြစ် တစ်ဖက်ကမ်းတွင် အဆိပ်မြူနှင့် မီးတောက်များ ဝန်းရံထားသော စင်မြင့်တစ်ခု ရှိသည်။
စင်အလယ်တွင် တောက်ပနေသော အပြာရောင် ကျောက်သားတစ်ခုကို တွေ့နိုင်သည်။
“ဆရာကြီးအန်လင်း အဲ့ကျောက်က ရတနာများလား။”
လန်ရှောင်နီ စိတ်လှုပ်ရှားသွားသည်။
အန်လင်း မေးပွတ်ကာ ဟိုဟိုသည်သည် ကြည့်ရှုလိုက်သည်။
“ဒီတစ်ခေါက် စမ်းသပ်ချက်က ဟိုဘက်ကမ်း ရောက်ဖို့လား။”
“ဟို.... ဟိုဘက်ကမ်းလား။”
လန်ရှောင်နီ ဖြူဖျော့သွားသည်။ မီးလျှံမြစ်မှာ ကြောက်မက်ဖွယ် ကောင်းသည့်အပြင် တစ်ဖက်ကမ်းတွင် ရှိနေသည်မှာ အဆိပ်မြူနှင့် မီးတောက်များ ဖြစ်သောကြောင့် အိပ်မက်ဆိုး တစ်ခုလိုပင်။
“ဒီမှာနေခဲ့။ ငါ့ဘာသာသွားမယ်။”
လန်ရှောင်နီ ခေါင်းညိတ်ပြလာသည်။
“အင်း နင့်ကိုစောင့်နေမယ်။”
အန်လင်းမှာ မီးလျှံမြစ်အား စတင်ဖြတ်သန်းလိုက်သည်။
ဝုန်း.....
မီးတောက်မီးလျှံများမှာ နဂါးအသွင်ပြောင်းကာ အန်လင်းထံ အရှိန်အဟုန်ဖြင့် ရောက်ရှိလာလေသည်။
အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ လှုပ်ရှားမှု ရှိသည်မှာ ကောင်းသောလက္ခဏာဖြစ်ပြီး ငြိမ်သက်နေသည်က ပိုမိုထိတ်လန့်ဖွယ်ကောင်းသည်။
“လစ်စမ်း.....”
အန်လင်း လက်တစ်ချက် လှုပ်လိုက်သည်နှင့် ဧရာမ လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာကာ မီးလျှံနဂါးများအား ဖျက်စီးပစ်လိုက်သည်။
သူ၏ပေါ့ပေါ့ပါးပါး တိုက်ကွက်တစ်ခုသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့်အား ယှဥ်နိုင်သည်။
ဝုန်း.....
မီးလျှံနဂါးများ ပျက်စီးသွားချိန်မှာပင် အန်လင်းသည် အခွင့်အရေးအား အမိအရယူကာ မြစ်တစ်ဖက်ကမ်းသို့ ဆင်းသက်လိုက်သည်။
မီးလျှံမြစ်မှာ ဘာမှမဖြစ်ခဲ့သလို ငြိမ်သက်သွားပြန်သည်။
အန်လင်း တည်ငြိမ်စွာ ပြုံးလိုက်သည်။ အနှောင့်အယှက်များသည် သာမန် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း ကျင့်ကြံသူများအတွက် အန္တရာယ် များပါသော်လည်း သူ့အတွက် ဘာမှမဟုတ်ပေ။
သူသည် မီးတောက်များ လောင်ကျွမ်းနေသော စင်မြင့်ထံ စတင်လျှောက်လှမ်းလိုက်သည်။
မီးတောက်များမှာ သန့်စင်ကာ အားကောင်းလွန်းလှသည်။
အန်လင်းသည် အံ့ဖွယ်မီးတောက် လေးခုနှင့် ချပ်ဝတ်တစ်ခု ပြုလုပ်ကာ မီးတောက်ဘုရင် တစ်ပါးအလား အေးအေးဆေးဆေး ချီတက်လာသည်။ မီးတောက်များသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအား ပြာချပစ်နိုင်ပါသော်လည်း အန်လင်း မပါခဲ့ပေ။ သူသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်အား ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
အဆိပ်မြူသည်လည်း ထိုကဲ့သို့ပင်။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်များအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ပါသော်လည်း အန်လင်းအတွက် အခက်အခဲ မရှိပေ။
“လွယ်လွန်းလှချည်လား။”
အန်လင်းမှာ သာသာယာယာပင် ကျောက်ပြာထံ ရောက်ရှိသွားသည်။
အပြာရောင်ကျောက်သည် ဆယ်မီတာခန့်ရှိကာ ပြင်းထန်သော အရှိန်အဝါများ ဖြာထွက်နေသည်။
ထိုအရှိန်အဝါကြောင့်ပင် ယင်းကျောက်အား ဤလောက၏ ရတနာအဖြစ် ယုံကြည်မိခြင်းပင်။
“ရတနာကမင်းပေါ့။”
အန်လင်းမှာ အပြာရောင်ကျောက်အား ထိတွေ့လိုက်သည်။
ရုတ်ချည်းဆိုသလို အန္တရာယ် အငွေ့အသက်အား ရရှိလိုက်လေသည်။
အန်လင်း မျက်မှောင်ကျုံ့ကာ လှည့်ကြည့်လိုက်သည်။
တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် အပြာရောင် အရိပ်တစ်ခုမှာ ရင်ဘတ်အား ထိုးဖောက်သွားသည်။
အံ့ဖွယ်စွမ်းအင်များ ပါဝင်နေသော ထက်ရှသည့် အရာတစ်ခုမှာ သူ၏နှလုံးအားဖောက်လျက် သူ၏ခန္ဓာကိုယ်အား အပြာရောင်ကျောက်ပေါ် သံရိုက်သလို ရိုက်ချလိုက်တော့သည်။