လန်ရှောင်နီ၏ရွေးချယ်မှု
Vol. 75 Ch. 1053
“ဖူး.....”
အန်လင်းမှာ သွေးပွက်ပွက်အန်လိုက်ရသည်။
ထိုသည်မှာ အားကောင်းလွန်းသော အံ့ဖွယ်တာအို အစွမ်းပင်။
အပြာရောင်လှံသည် အန်လင်း၏ ခန္ဓာကိုယ်အား ထုပ်ချင်းပေါက်သွားစေသည်။
လှံပေါ်ရှိ အနက်ရောင် သင်္ကေတများနှင့် ကန့်သတ်စွမ်းအင်တို့ကြောင့် အန်လင်းမှာ ကူကယ်ရာမဲ့နေလေပြီ။
သွေးများစီးကျကာ သူ၏အသက်စွမ်းအင်သည်လည်း အလျင်အမြန် လျော့ပါးလာသည်။
အန်လင်းမှာ လန်ရှောင်နီအား လှမ်းကြည့်လိုက်ပါသော်လည်း သူမမှာ ကြောင်တောင်တောင် ဖြစ်နေသည်။
သူမ မဟုတ်ဘူးပဲ.....
အဲ့ဒါဆို ဘယ်သူလဲ.....
အန်လင်း၏ အားကောင်းလှသော အံ့ဖွယ်အာရုံနှင့်ပင် ရန်သူအား အာရုံမခံနိုင်ပေ။
ထိုအချိန်မှာပင် ကုယွီ လက်ဆောင်ပေးထားသော အနက်ရောင်ကျောက်ထံမှ အသက်စွမ်းအင်များ ဖြာထွက်လာကာ အပြာရောင်လှံအား တားဆီးထားလိုက်သည်။
ငါလွတ်ပြီလား.....
မဟုတ်ဘူး......
အန်လင်းမှာ အားနည်းလာသော ခန္ဓာကိုယ်ကို ခံစားမိနေသေးသည်။
ကုယွီ၏ အနက်ရောင်ကျောက်သည် သူ၏သေဆုံးမှုအား နှောင့်နှေးသွားစေရုံသာ ဖြစ်သည်။
ယခုအတိုင်းသာ သွေးများဆုံးရှုံးနေပါက သူသေချာပေါက် ဘဝကူးသွားလိမ့်မည်။
စွမ်းအင်တစ်ခုမှာ သူ၏သိုလှောင်လက်စွပ်ထံ ရောက်ရှိလာသည်။
“မဖြစ်ဘူး။”
အန်လင်း အသည်းအသန် အော်ဟစ်လိုက်သည်။
သိုလှောင်လက်စွပ်သည် သူ့အတွက် အသက်တမျှ အရေးပါလှသည်။
သူအံကြိတ်ကာ တောင့်ခံနေပါသော်လည်း အဆုံးတွင် သိုလှောင်လက်စွပ် ကျွတ်ပါသွားလေသည်။
လေထဲတွင် ရုတ်ချည်းဆိုသလို အဖြူရောင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
သိုလှောင်လက်စွပ်မှာ ထိုလမ်းကြောင်းရှေ့ ပျံဝဲနေလျက် ရှိသည်။
“ဆရာကြီးအန်လင်း အဆင်ပြေရဲ့လား။”
လန်ရှောင်နီ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
အန်လင်း : “.....”
ငါ့ပုံစံက အဆင်ပြေတဲ့ပုံ ပေါ်နေလို့လား......
အန်လင်း ခက်ခက်ခဲခဲ စကားဆိုလာသည်။
“ငါအဆင်မပြေဘူး။ သေတော့မယ်ထင်တယ်။”
လန်ရှောင်နီ ချက်ချင်းတုံ့ပြန်လိုက်သည်။
“နင့်ကိုငါကယ်မယ်။”
စကားသံတစ်ခုလည်း ထွက်ပေါ်လာ၏။
“ဝိဥာဥ်ငါးကလန်ရဲ့ မင်းသမီး ဒီလူသားရဲ့ သိုလှောင်လက်စွပ်ကိုယူပြီး ထွက်သွားပါတော့။ အဲ့ဒါဆိုလည်း စမ်းသပ်ချက်လည်း ပြီးသွားပါလိမ့်မယ်။”
“ငါ့ရဲ့ ရတနာတွေလည်း အဲ့လက်စွပ်ထဲမှာပဲ။ ဒါကိုယူပြီး ဝိဥာဥ်ငါးကလန်ဆီ ပြန်လိုက်ပါ။ အဲ့ဒါဆို မင်းလည်း တာဝန်ကျေသွားလိမ့်မယ်။”
ရှီးဟိုင်ဇယ်၏ အသံပါ ပေါ်ထွက်လာသည်။
အန်လင်းနှင့် လန်ရှောင်နီတို့ အံ့အားသင့်သွားရသည်။
လန်ရှောင်နီမှာ သိုလှောင်လက်စွပ်အား လှမ်းကြည့်လိုက်သည်။
“ငါ.... ငါ ဆရာကြီးအန်လင်း လက်စွပ်ကိုယူပြီး ထွက်သွားလို့ ရတာပဲ။”
“ရတနာအားလုံး ငါ့အပိုင်ဖြစ်ပြီး တာဝန်လည်း ကျေသွားမယ်။”
လန်ရှောင်နီမှာ မျက်ဝန်းများ တောက်ပလာသည်။
အန်လင်း၏ နှလုံးသားမှာ အေးစက်လာရသည်။
ထိုသည်မှာ လန်ရှောင်နီအတွက် ပြီးပြည့်စုံသော အခွင့်အရေး ဖြစ်သည်။ သူမသည် ဘာမှပင် လုပ်စရာ မလိုပဲ အနိုင်ရသူ ဖြစ်လာပေလိမ့်မည်။
အရာအားလုံး ရှင်းလင်းသွားပြီပင်။
ကုယွီပြောခဲ့သည့်အတိုင်း လန်ရှောင်နီသည် အရေးအကြီးဆုံး ရန်သူ ဖြစ်နေသည်။ ဝိဥာဥ်ငါးကလန်၏ နတ်ဆရာခေါင်းဆောင် ယွီဖေးယွီမှာလည်း သူမအပေါ် အလွန်ယုံကြည်နေခဲ့သည် မဟုတ်လော။
လန်ရှောင်နီသည် သွေးမျိုးဆက် သက်သက်နှင့်ပင် အန်လင်းထက် သာလွန်နေလေပြီ။
ဝိဥာဥ်ငါးကလန်၏ ဘိုးဘေးကိုယ်တိုင် ကူညီပေးနေသောကြောင့် သူမအတွက် ပူပင်စရာပင် မရှိပေ။
မည်သည့်စမ်းသပ်ချက်ကမှ အရေးမပါပေ။
လန်ရှောင်နီသည် အန်လင်း ကြိုးစားထားသမျှ ကောက်စားလိုက်ရုံသာ မဟုတ်လော။
ဒေါသထွက်စရာ ကောင်းလွန်းလှသည်။
အန်လင်း မကျေမနပ် ဖြစ်နေပါသော်လည်း ဘာမှမတတ်နိုင်ပေ။
အပြာရောင်လှံ၏ အံ့ဖွယ်တာအိုသည် အသက်စွမ်းအင်ကို ဖျက်စီးနေရုံသာမက စွမ်းအင်ဝင်ပေါက်များနှင့် သက်ရှိစွမ်းအင်ပင်လယ်တို့ကိုပါ ချိတ်ပိတ်ထားသည်။
ယခုအတိုင်းသာ ဆက်ဖြစ်နေပါက ပြောစရာ မလိုလောက်အောင် သေချာပေါက် သေရတော့မည်ပင်။
လန်ရှောင်နီသည် သူ၏ သိုလှောင်လက်စွပ်အားယူကာ သာသာယာယာ ထွက်သွားလိုက်ရုံသာ ဖြစ်သည်။
“အား......”
ဒေါသများနှင့်အတူ အန်လင်း အော်ဟစ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုလှံအား သူဆွဲမထုတ်နိုင်ပေ။
ထိုအော်သံကြောင့် လန်ရှောင်နီ ထိတ်လန့်ကာ အသိစိတ် ပြန်ဝင်လာသည်။
“တ.... တကယ်လို့ သိုလှောင်လက်စွပ်ကို ယူလိုက်ရင် သူကဘာဖြစ်သွားမှာလဲ။”
“မင်းစိတ်ပူစရာ မလိုပါဘူး။ သူကမင်းရဲ့ ရန်သူပဲ။”
ရှီးဟိုင်ဇယ် တုံ့ပြန်လာသည်။
“သူသေမှာလား။”
လန်ရှောင်နီ၏ အသံများ ဖျော့သွားသည်။
ရှီးဟိုင်ဇယ် ပြန်မဖြေပါသော်လည်း အဖြေမှာ သိသာနေလေပြီ။
အန်လင်းသည် အနှေးနှင့်အမြန် သေရတော့မည်သာ ဖြစ်သည်။
“ဆရာကြီးအန်လင်း....”
လန်ရှောင်နီ မျက်ရည်များ စီးကျလာသည်။
အန်လင်းမှာ ထိုသည်ကို မမျှော်လင့်ထားပေ။
၎င်းတို့သည် ပြိုင်ဘက်များဖြစ်ကာ အန်လင်းသည် သူမအား အနိုင်ကျင့်ခဲ့သေးသည်။ ယခုတွင်မူ လန်ရှောင်နီသည် သွေးမျိုးဆက်ကြောင့် အသာစီး ရနေပါသော်လည်း မျက်ရည်များ စီးကျနေလေသည်။
အန်လင်း မျှော်လင့်မိသွားသည်။
သူမများ ငါ့ကိုကယ်တော့မှာလား.....
“ငါတောင်းပန်ပါတယ်နော်။”
လန်ရှောင်နီ မျက်ရည်အရွှဲသားနှင့် သိုလှောင်လက်စွပ်ထံ သွားလိုက်သည်။
အန်လင်း : “......”
အေးပေါ့လေ.... ဒါက နတ်သမီးပုံပြင်မှ မဟုတ်တာ....
လန်ရှောင်နီသည် သိုလှောင်လက်စွပ်အားဝတ်ကာ ငေးငေးကြောင်ကြောင် ဖြစ်နေမိသည်။
သူမ အသက်ပြင်းပြင်းရှူကာ ဆုံးဖြတ်ချက်ချလျက် အန်လင်းထံ ပျံဝဲလာသည်။
“ဝေါင်း....”
မီးလျှံနဂါးများ တစ်ကောင်ပြီးတစ်ကောင် ဟိန်းဟောက်လာကြသည်။
“ရေခဲဝိဥာဥ်ပြာတံတား.....”
လန်ရှောင်နီမှာ အေးခဲနေသော တံတားတစ်စင်း ဖန်တီးလိုက်သည်။
မီးလျှံနဂါးများ တိုးဝင်လာပါသော်လည်း တံတားမှာ အရည်ပျော်မသွားပေ။
အန်လင်းမှာ ထိုအခြေအနေကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“မင်းရူးနေတာလား။”
လန်ရှောင်နီ နှုတ်ခမ်းအားကိုက်ကာ လှံအားလှမ်းကြည့်လိုက်သည်။
“ငါမရူးပါဘူး။ ဒီကမ္ဘာမှာလည်း ရတနာ ရှိမှာပဲလေ။”
သူမ တောက်ပစွာ ပြုံးလိုက်သည်။
“နင့်ကိုထိုးထားတဲ့လှံက ရတနာ ဖြစ်လောက်တယ်။”
“အဲ့ဒါကြောင့် ယူသွားမလို့။”