← Chapters

Chain Breaker

Vol. 7 Ch. Chapter 15

Chain Breaker

Vol. 7 Ch. Chapter 15

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 15 - Chain Breaker

သစ်ဆွေးပိုးကောင်ကြီးက ဖရက်နဲ့ဓားနတ်ဆိုးတို့ကို လစ်လျူရှုပြီး အပေါ်တက်ဖို့လုပ်တယ်။ အကောင်ကြီးက သူ့ကိုယ်ကို ဘောလုံးတစ်လုံးလိုလုံးပြီး အပေါ်ကိုလှိမ့်သွားတယ်။ သူ့ခန္ဓာကိုယ်နဲ့အားပြင်းပြင်း ဝင်ဆောင့်လိုက်တဲ့အတွက်ကြောင့် မြေအောက်ဂူအမိုးလည်း ပြိုကျသွားပြီး နေရောင်က ဂူထဲကို ဖြာကျလာတယ်။ ဓားနတ်ဆိုးက ပြုတ်ကျလာနေတဲ့ ကျောက်စိုင်ကျောက်ခဲတွေ သူ့ကိုမထိအောင် ရှောင်ရင်း ဖရက်ကိုမေးလိုက်တယ်။

"ဒီကောင်ကြီးကို ငါတို့ထိခိုက်အောင်မလုပ်နိုင်ရင် ပြဿနာရှိတယ်နော်။"

ဒါပေမဲ့ ဖရက်ကတော့ ဓားနတ်ဆိုးဝတ်ထားတဲ့ ဂျာကင်ကို လက်နဲ့ဖမ်းဆွဲလိုက်ပြီး အကောင်ကြီးနောက်ကို ပျံတက်သွားတယ်။ အကောင်ကြီးအပေါ်မရောက်အောင်တားဖို့ လုံးဝနောက်ကျသွားပြီဖြစ်လို့ နောက်ကနေ လိုက်ရတော့မှာပါ။

"ကောင်လေး၊ မင်းမှာဘာအကြံရှိလဲ။"

ဖရက်က ခပ်ဟဟရယ်လိုက်ပြီး ဓားနတ်ဆိုးကို ရှင်းပြပါတယ်။ "ကောင်းကင်ဆိုတာက ကျုပ်ပိုင်နက်ပဲ ဒီတော့ ဒီကောင်အပေါ်ကိုတက်နေတာမကောင်းပေမဲ့ အဲဒါကျုပ်အတွက်ပိုအခွင့်အရေးရှိတယ်။"

"အရပ်သားတွေ ထိခိုက်ကုန်ရင် ဘယ်လိုလုပ်မလဲကွ။" ဓားနတ်ဆိုးက အော်ဟစ်လိုက်ပေမဲ့ ဖရက်က သူ့ကို လမ်းတစ်နေရာဆီ ပစ်ချလိုက်တဲ့အတွက် အလိုက်သင့် ဟန်ချက်ထိန်းလိုက်ရတယ်။ ဖရက်ကတော့ သူ့လက်ထဲက မိုးကြိုးဓားကို ကောင်းကင်ပေါ် မြင့်မြင့်မြှောက်လိုက်ရင်း ပြောပါတယ်။

"ငါတို့က ဗီလိန်တွေလေ၊ သခင်မလေးလို ဘာမှဂရုစိုက်နေဖို့မလိုဘူး။" မိုးပေါ်မှာ တိမ်တိုက်တွေက ချက်ချင်းစုစည်းလာပြီး ဖရက်ကို သူတို့ရဲ့ဘုရင်တစ်ပါးအလား ခစားကြတယ်။ အိမ်ထဲမှာရှိနေတဲ့ နယူးယောက်မြို့သားတွေလည်း ပြတင်းပေါက်တွေကနေတစ်ဆင့် အပြင်ကိုခေါင်းပြူကြည့်ကြရင်း အံ့ဩနေကြပါတယ်။ မိုးတွင်းပေမဲ့ မိုးလေဝသခန့်မှန်းချက်အရ ဒီနေ့နေ့သာရမှာလေ။

"သေစမ်း...." ဖရက်က သူ့ဓားထဲကို စွမ်းအားတွေပိုထည့်လိုက်တယ်။ ကောင်းကင်ပေါ်က မိုးကြိုးတွေကလည်း သူ့ဓားကို ပိုအားဖြည့်ပေးပြီး မြေအောက်ထဲမှာထက် နှစ်ဆကျော်လောက် ပိုတောက်ပလာပါတယ်။

"ဝူး....." သစ်ဆွေးပိုးကြီးကလည်း သူ့ပါးစပ်က အစွယ်တွေကို ဖြဲပြရင်း ခန္ဓာကိုယ်ကို ကွေးကာဘောလုံးလို လုံးလိုက်တယ်။ နောက်တော့ ကိုယ်ကိုစလှမ့်ပြီး လမ်းမပေါ်မှာစပြေးတယ်။ ဖရက်ကတော့ နောက်ကနေ မိုးကြိုးဓားနဲ့လိုက်ခုတ်ဖို့ကြိုးစားတယ်။

ဂျိမ်း.... ဂျလိန်း....

ဖရက်ရဲ့အားအပြည့်ပါတဲ့ မိုးကြိုးဓားချက်က သစ်ဆွေးပိုးကို ထိမှန်သွားပေမဲ့ ထိရောက်တဲ့ထိခိုက်မှုတစ်ခု ဖြစ်ပေါ်မလာဘဲ အားအဟုန်ကြောင့် ရှေ့ကိုပိုရောက်သွားတာပဲရှိတယ်။ အဲဒီနောက် ပိုးကောင်က အထပ်မြင့်တိုက်တစ်တိုက်ကို ဝင်တိုက်ပြီးဒေါင်လိုက်လှိမ့်ကာ ဘောလုံးတစ်လုံးလိုမျိုး ဖရက်ဆီကို ပြန်ကန်ထွက်လာတယ်။

"သေစမ်း..." ဖရက်က ရှောင်ဖို့နောက်ကျသွားတဲ့အတွက် ဓားကိုသူ့ရှေ့မှာကန့်လန့်ဖြတ်ကာလိုက်ပေမဲ့ အရှိန်များလွန်းတဲ့အတွက် သူလည်းဘောလုံးလိုဖြစ်နေတဲ့ ပိုးကောင်နဲ့တွဲပါသွားပြီး နောက်ထပ် အထပ်မြင့်တိုက်တစ်ခုနဲ့ဝင်တိုက်မိတယ်။

ခလွမ်း....

တိုက်ခန်းနံရံတစ်ခုပြိုကျသွားပြီး ပိုးကောင်ရောဖရက်ပါ တိုက်ခန်းတွေထဲက တစ်ခုကိုရောက်သွားတယ်။ တိုက်ခန်းထဲမှာတော့ တီဗီကြည့်ရင်း ကြည်နူးနေကြတဲ့ သက်လတ်ပိုင်းစုံတွဲက မထင်မှတ်ဘဲ အိမ်ထဲရောက်လာတဲ့ ဧည့်သည်နှစ်ယောက်ကို ကြောင်ကြည့်နေမိကြတယ်။

"တခြားသူတွေကိုပါခေါ်ပြီး တိုက်ခန်းပေါ်ကနေဆင်းကြ။" ဖရက်က အကောင်ကြီးသူ့ဆီပြန်လှည့်မလာခင် အော်ပြီးသတိပေးလိုက်တယ်။ သစ်ဆွေးပိုးကတော့ အကျယ်ကြီးဟိန်းဟောက်ရင်း ဖရက်ကို သူ့လက်တံတွေနဲ့ ထိုးနှက်ဖို့ကြိုးစားလိုက်တယ်။ ဖရက်ကလည်း သူ့ဓားကိုသုံးပြီး အစွမ်းကုန်ခုခံပါတယ်။ မကြာခင်မှာပဲ သူတို့ဝင်လာတဲ့ နံရံအပေါက်ကနေပြီး ဓားနတ်ဆိုးလည်းခုန်ဝင်လာတယ်။

"တိုက်ခန်းပေါ်ကလူတွေအကုန် ပြိုမကျခင်ထွက်နိုင်ဖို့ မျှော်လင့်ရတာပဲ။" သူက ပြောပြောဆိုဆိုနဲ့ဓားကြီးကို ပခုံးပေါ်တင်လိုက်တယ်။ ဓားသွားပေါ်ကအလင်းကလည်း ပိုတောက်ပလာပါပြီ။ သူ့ဓားကို ဝေ့ယမ်းလိုက်တဲ့အချိန်မှာတော့ သက်ရောက်အားလှိုင်းတွေကြောင့် တိုက်ခန်းအတွင်းက ရှိသမျှပစ္စည်းတွေပေါက်ကွဲသွားပြီး နံရံတွေပါအက်ကွဲကုန်တယ်။ ဓားက ပိုးကောင်ပေါ်ကိုကျတယ်။ အရင်တစ်ခါလိုပဲ ပိုးကောင်က ဓားချက်ကြောင့်ကန်ထွက်သွားပြီး အထပ်မြင့်တိုက်ရဲ့တိုက်ခန်းများစွာကို ထိုးဖောက်သွားပြီး တိုက်အပြင်ကိုရောက်သွားတယ်။

"အရင်ဆုံး ဒီကောင်ကြီးကို မြို့ပြင်ထုတ်ဖို့လုပ်ရအောင်။" ဓားနတ်ဆိုးက ပြောလိုက်တယ်။

သူတို့အခုထိ ပိုးကောင်ကိုဖိနှိပ်နိုင်နေသေးတာက သစ်ဆွေးပိုးဟာ တိုက်စစ်အမျိုးအစားမဟုတ်ဘဲ ခံစစ်အသားပေး ပိုးကောင်တစ်ကောင်ဖြစ်နေခဲ့လို့ပါ။ ဒါပေမဲ့ ပိုးကောင်က တဖြည်းဖြည်းအားကောင်းလာနေတာကို သူတို့သတိထားမိနေပြီး ခပ်မြန်မြန်သတ်ပစ်ဖို့ လိုပါလိမ့်မယ်။

....

ပိုးဟပ်သုံးကောင်လည်း လိုက်တမ်းပြေးတမ်းကစားနေရင်းကနေ ရဲကားတွေတန်းစီပြီးပိတ်ထားတဲ့ လမ်းတစ်နေရာဆီ ရောက်လာတယ်။ သူတို့သုံးယောက်ကတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြောလိုက်ကြတယ်။

"ကြည့်ရတာ မဟန်တော့ဘူးထင်တယ်။ မင်းလည်း ခံစားမိတယ်မဟုတ်လား။"

"အေး...."

"ကောင်မလေးရေ၊ ငါတို့ပြန်ဖို့အချိန်ရောက်ပြီ။"

လယ်ရီက ပြောလိုက်တော့ ကားနောက်ခန်းထဲမှာ ပေါ်တယ်တစ်ခုပွင့်လာပြီး ဝက်ဝံရုပ်ပိုက်ထားတဲ့ လိုလီလေးပေါ်လာပြီး သူတို့သုံးယောက်လုံးအတွက် ပေါ်တယ်ခပ်ကြီးကြီးတစ်ခုဖွင့်ပေးလိုက်တယ်။

ပြိုင်ကားက မောင်းသူမရှိတော့တဲ့အတွက် ဓာတ်တိုက်တစ်ခုကို ဝင်တိုက်ပြီး ရပ်တန့်သွားတယ်။ ရဲတချို့က ကားနားကပ်လာပြီး စစ်ဆေးကြည့်တော့ ကားထဲမှာ ဘယ်သူမှမရှိတော့ဘူး။

ဘုန်း...

ရုတ်တရက် ဧရာမဘောလုံးကြီးတစ်လုံးက ရဲကားတစ်စီးပေါ်ကို ပြုတ်ကျတဲ့အတွက် ရဲကားပြားသွားတယ်။ ရုပ်ရှင်တွေထဲကအတိုင်း ကားတံခါးအကွယ်မှာ နေရာယူထားတဲ့ ရဲနှစ်ယောက်လုံး အရှိန်ကြောင့် လွင့်ထွက်ပြီး ကျိုးပဲ့ကုန်တယ်။ ပိုးကောင်ကြီးကတော့ ဘောလုံးအဖြစ်ကနေ ပြန်ဆန့်လိုက်ပြီဖြစ်ပြီး တိုက်ပေါ်ကနေ ခုန်ချပြီး လမ်းပေါ်မှာဆင်းလိုက်တဲ့ ဓားနတ်ဆိုးကို ဒေါသနဲ့ကြည့်လိုက်တယ်။ ​ကြည့်ရတာ တစ်နေကုန်ဂေါက်သီးလိုအရိုက်ခံနေရတာကို စိတ်ကုန်သွားတဲ့ပုံပဲ။ သူက ခံစစ်တွေကို လစ်လျူရှုပြီး လက်တံတွေကိုဖြန့်ကာ ဓားနတ်ဆိုးပေါ်ကို ခုန်အုပ်လိုက်တယ်။

"သေစမ်း..." ဓားနတ်ဆိုးက ဓားကိုမြှောက်ပြီး ခုတ်ချလိုက်ပေမဲ့ လက်တံနှစ်ချောင်းကိုဖြတ်မိပြီး အခွံမာက အခြစ်ရာထင်သွားစေရုံကလွဲလို့ ဘာမှမထူးဘဲ လမ်းပေါ်ကို ရိုက်ချခံလိုက်ရတယ်။ ကွန်ကရစ်လမ်းလည်း အက်ကွဲသွားပြီး ဓားနတ်ဆိုးရဲ့လည်ပင်းက ပိုးကောင်ရဲ့အစွယ်နဲ့ညားတော့မလိုဖြစ်နေပြီ။

ဒါပေမဲ့ဖရက်ရောက်လာပြီး သူ့မိုးကြိုးဓားနဲ့​ပိုးကောင်ခေါင်းကို ခုတ်ဖြတ်ဖို့လုပ်တဲ့အတွက် ပိုးကောင်က ကိုယ်ကိုပြန်လုံးပြီး ထွက်ပြေးတယ်။ ဖရက်က ရဲတွေကိုကြည့်ပြီး ပြောလိုက်ပါတယ်။

"ဘာကြည့်နေတာလဲ၊ အနီးအနားက ပြည်သူတွေကို ရွှေ့ပြောင်းဖို့လုပ်ပြီး ဒီနေရာကနေလစ်တော့။"

နောက်တော့ ဖရက်နဲ့ဓားနတ်ဆိုးက ရဲအုပ်စုကိုဂရုမစိုက်တော့ဘဲ နောက်ကနေပြေးလိုက်တယ်။ ဒါပေမဲ့ ပိုးကောင်ကို ထပ်ရိုက်ရင် အရင်တစ်ခေါက်လိုထပ်ဖြစ်မှာဆိုးတဲ့အတွက် လိုက်ရုံပဲလိုက်နေကြပါတယ်။

...

မြေအောက်မှာတော့ ရေဂင်က ဂူအမိုးကိုမော့ကြည့်ရင်း ရယ်မောလိုက်တယ်။ "သစ်ဆွေးပိုးတွေက ငါတို့လို ကပ်ပါးပိုးမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ အားကိုးရတဲ့ ခံစစ်ပိုးကောင်တွေပဲ။ သူတို့ကိုတိုက်ခိုက်လေ သက်ရောက်အားကနေ ပိုကြီးမားတဲ့ အပျက်အစီးကို ဖြစ်စေနိုင်လေလေပဲ။"

ပိုးကောင်ရေဂင်က စကားကိုလက်စသတ်လိုက်တယ်။ မက်ဒါနာက မြေဆွဲအားဓားကို အစွမ်းကုန်မြင့်လိုက်ပြီး ရေဂင်ဆီကို ပြေးဝင်တယ်။ ဒါပေမဲ့ရေဂင်က မြေဆွဲအားဓားကို လက်တစ်ဖက်တည်းမြောက်ပြီး လက်ဝါးနဲ့ဆုပ်ကိုင်ကာ တားဆီးလိုက်ပါတယ်။

ဘုန်း....

သူတို့နှစ်ယောက်လုံးရပ်နေတဲ့ မြေကြီးတွေမြောက်တက်ပြီး ပြန်ပြုတ်ကျလာပေမဲ့ မက်ဒါနာရဲ့ဓားက ရေဂင်ကို အန္တရာယ်မပေးလိုက်နိုင်ဘူး။ ခြစ်ရာလေးတစ်ရာတော့ ဖြစ်သွားပေမဲ့ တကယ့်ကိုသေးသေးလေးပါပဲ။

"အန်းနပ်စ်တုန်းကလည်း မင်းသူ့ကို ဒီဝတ်စုံနဲ့ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ဘူးမဟုတ်လား။"

ရေဂင်က ဓားကိုဆွဲယူလိုက်တဲ့အတွက် မက်ဒါနာ ခြေပျက်ပြီး ရှေ့ကိုယိုင်ကျသွားတယ်။ ရေဂင်က လက်သီးကိုမြှောက်လိုက်တာ တွေ့တဲ့အတွက်က အတောင်ပံကိုဖြန့်ပြီး ချက်ချင်းနောက်ကိုခုန်ဆုတ်ပေမဲ့ ရေဂင်က မက်ဒါနာရဲ့ခြေထောက်ကို ဖမ်းဆွဲလိုက်ပြီး မြေပေါ်ကိုရိုက်ချလိုက်တယ်။

ဘုန်း....

မက်ဒါနာပြုတ်ကျသွားတဲ့နေရာမှာ မီးတောက်ပေါက်သလိုမျိုး မြေကျွင်းကြီးဖြစ်သွားတယ်။ ဂူအမိုးလည်း မခံနိုင်တော့ဘဲ အလုံးစုံပြိုကျလာပေမဲ့ ဒီမှာရှိနေတဲ့လူတိုင်းက မြေကြီးပြိုကျတာလောက်နဲ့ သေမယ့်သူတွေမဟုတ်တာကြောင့် မက်ဒါနာတစ်ယောက်ပဲ မြေကြီးပုံထဲမှာ နစ်သွားတယ်။ ရေဂင်က မြေကြီးပုံထဲကို လက်နဲ့နှိုက်ပြီး မက်ဒါနာကိုဆွဲထုတ်လိုက်တယ်။ လက်က ငွေရောင်စစ်သည်ရဲ့လည်မျိုကို ညှစ်ထားပြီးသားဖြစ်ပြီး အဲဒီအနေအထားတနဲ့ပဲ ဆွဲမြှောက်လိုက်တာပါ။

မက်ဒါနာရဲ့ဝတ်စုံကတော့ အသိပေးချက်တွေမျိုးစုံထွက်ပေါ်နေပါတယ်။ "မကောင်းတော့ဘူး။ ငါ့ရဲ့အကူအရိုးတစ်ခု ပျက်စီးသွားပြီ။"

"အန်းနပ်စ်ကို မင်းအနိုင်ယူတုန်းက သုံးခဲ့တဲ့စွမ်းအားက ဒီကမ္ဘာရဲ့အကန့်အသတ်ထက်ကို ကျော်လွန်နေတယ်။ အခုထိ ဘာလို့ထုတ်မသုံးသေးတာလဲ။ ဒါမှမဟုတ် မင်းလိုသလိုသုံးလို့မရတဲ့အရာမျိုးလား။"

ရေဂင်က သူ့လက်ကအားကို ပိုပြီးတိုးလိုက်တဲ့အတွက် ဝတ်စုံထဲမှာရှိနေတာတောင် မက်ဒါနာ အသက်ရှုကျပ်လာတယ်။ ဆိုဖီယာပြောတဲ့အတိုင်းဆိုရင် ဒီပိုးကောင်တွေက သူတို့ဂြိုဟ်ရဲ့အိုမီဂါလျှို့ဝှက်ချက်ကို ရှာဖို့ရောက်လာတာ။ မက်ဒါနာသိသလောက်

ကြယ်တာရာမဲ့ကောင်းကင်မှာတွေ့ခဲ့တဲ့ မိန်းကလေးကလည်း အဲဒီလျှို့ဝှက်ချက်နဲ့ ဆက်စပ်နေလောက်တယ်။

အပျက်အစီးပုံတွေကြားထဲကနေ အတောင်ပံတစ်ဖက်ပျက်စီးနေတဲ့ Neon Valkyrieက ပြေးထွက်လာပြီး ရေဂင်ရဲ့လက်ကိုဖြတ်ဖို့လုပ်တယ်။ ဓားနှစ်လက်က ရေဂင်ရဲ့လက်ပေါ်ကိုကျရောက်သွားပြီးနောက် တစ်စစီကျိုးပဲ့သွားတော့တယ်။

"မင်းခါးက စက်ပစ္စည်းတွေကို ဖျက်ဆီးထားတာတောင် မလုံလောက်သေးဘူးလား။" ရေဂင်က သံချပ်ကာတွေကြေမွပျက်စီးနေတဲ့ အေမီရဲ့ခါးပိုင်းကို ကြည့်ပြီးပြောလိုက်တယ်။ ဇက်သတ္တုအရိုးတွေကြောင့်သာ အေမီရဲ့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ အပေါ်ပိုင်းက တွဲနေသေးတာပါ။

ရေဂင်က အေမီကို တစ်ခုခုလုပ်ခါနီးမှာပဲ ဖလေရာရဲ့ဂျက်အင်ဂျင်တူက ရေဂင့်ခေါင်းပေါ်ကို ပြုတ်ကျလာပါတယ်။

ခရက်....

ရေဂင်ရဲ့ခေါင်းအခွံမာ နည်းနည်းအက်သွားပြီး အဝါရောင်အရည်ကြည်တချို့ ကျဆင်းလာပေမဲ့ သိပ်ပြီးထိခိုက်မသွားဘူး။ ဖလေရာလည်း မျက်နှာပျက်သွားတယ်။

"ဒီလောက်ပဲလား။" ရေဂင်က ဒေါသထွက်လာပြီး သူတို့သုံးယောက်လုံးကို ကောင်းကောင်းရိုက်နှက်ပစ်လိုက်တယ်။ မက်ဒါနာလည်း မြေပေါ်ကိုပြုတ်ကျသွားပြီး သူတို့သုံးယောက်လုံးက ရေဂင်ရဲ့ရှေ့မှာ အရှက်ရဖွယ်ကောင်းစွာ မှောက်နေကြပါပြီ။ စေဘာစတိန်းက သူ့ကိုချက်ချင်းခေါ်ပြီး ပေါင်းစည်းဖို့မက်ဒါနာကို တောင်းဆိုနေပေမဲ့ မက်ဒါနာက သူ့ကိုမလာဖို့ အမိန့်ပေးထားတယ်။

"မလာနဲ့၊ နင်လာရင်လည်း ဘာမှမထူးဘူး။" စေဘာစတိန်းက အားကိုရတဲ့ အထောက်အကူပစ္စည်းတစ်ခုပါ။ ဒါပေမဲ့ ရေဂင်လိုအဆင့်ရန်သူကိုတော့ ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။

"ကြံစမ်း၊ နင့်စွမ်းအားနဲ့ဘာလုပ်နိုင်မလဲ။ စဥ်းစားစမ်း။" မက်ဒါနာက စိတ်ထဲမှာကြိတ်ပြီး တွေးနေပေမဲ့ ဘာအကြံမှမထွက်သေးဘူး။ ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်ပေမဲ့ စေဘာစတိန်းရယ် ဖြစ်ပျက်သမျှကို ကြောင်ပြီးရပ်ကြည့်နေတဲ့ မယ်လီရယ်ပဲရှိတာ။

"ခုထိခံစားချက်တွေကို မကျော်လွန်နိုင်သေးဘူးလား။ ရှက်စရာပဲ။" ရေဂင်က မက်ဒါနာတို့သုံးယောက်လုံးကို အနိုင်ယူပြီးတဲ့နောက် မယ်ဘီဘက်ကို ကြည့်လိုက်တယ်။ အဲဒီနောက် သူ့လက်ဝါးကို ဖြန့်လိုက်တယ်။ ကြီးမားတဲ့ အရှိန်အဟုန်တစ်ခုက မယ်လီပေါ်ကျရောက်လာပြီး နားကနေ သွေးတွေစီးကျလာတယ်။

"သူတို့ကိုသတ်စမ်း။" ရေဂင်ရဲ့အသံကျယ်ကြီးက အနားပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ မယ်လီရဲ့ခန္ဓာကိုယ်က အဲဒီအသံကြောင့် တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်က သူ့လိုအင်ဆန္ဒကို ဆန့်ကျင်ပြီး စတင်လှုပ်ရှားတယ်။ နောက်တော့ သူက မက်ဒါနာနားကို ရောက်လာပြီး လေးကိုချိန်လိုက်တယ်။ အနီရောင် အလင်းဒြပ်စင်တွေက လေးထိပ်မှာစွမ်းအင်မြားတစ်ချောင်းအဖြစ် စတင်စုစည်းပါတယ်။ ရေဂင်က ခပ်ပြုံးပြုံးလေးပဲ နောက်ကိုဆုတ်သွားတယ်။

"ငယ်သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုယ်သတ်တော့မယ်ဆိုတာသိရင် မင်းဘယ်လိုခံစားရမလဲဆိုတာ အမြဲသိချင်နေခဲ့တာ Silverknight။ အခုတော့ ငါအမြင်ချင်ဆုံးမြင်ကွင်းကို မြင်တွေ့နေရပြီ။"

ရှပ်... ရှပ်... ရှပ်...

ခြေသံတချို့ကြားတဲ့အတွက် မက်ဒါနာက အသံကြားရာကို ခေါင်းစောင်းကြည့်လိုက်တယ်။ သူ့သံချပ်ကာရဲ့ခေါင်းပိုင်းက ရေဂင်ကြောင့်ကွဲအက်နေပြီဖြစ်တဲ့အတွက် ခေါင်းပေါ်ကနေ ကွာကျသွားပြီး နဖူးကနေ သွေးတွေစီးကျလာတယ်။ သွေးတွေကြောင့် နီရဲနေတဲ့ သူ့မျက်လုံးတွေကနေတစ်ဆင့် ဖားလေးနဲ့ဟယ်ရီတို့နှစ်ယောက် ဖြည်းဖြည်းချင်းဝင်လာတာကိုကြည့်ရင်း သူ့စိတ်ထဲမှာ မခံချင်စိတ်ဖြစ်ပေါ်လာပါတယ်။ ဒါပေမဲ့...

"အချိန်မတန်သေးဘူး... အဲဒီအချိန်ရောက်တဲ့အထိ..." မက်ဒါနာက သူ့နှုတ်ခမ်းသူကိုက်ထားရလို့ သွေးတွေစီးကျလာတယ်။ သူ့အကြည့်က တုန်ယင်နေတဲ့ မယ်လီရဲ့မျက်လုံးအိမ်တွေဆီကို ရောက်သွားတယ်။

ဖားလေးက သူ့ရှေ့က အခြေအနေကိုကြည့်နေရင်း သူ့ခေါင်းတစ်ခုလုံး ပေါက်ထွက်သွားတော့မလို့ ခံစားနေရတယ်။ "စီနီယာ..." သူအော်ခေါ်လိုက်တယ်။

မယ်လီက စွမ်းအင်စုစည်းနေရင်းတန်းလန်း သူတို့ကိုလှည့်ကြည့်လိုက်ပြီး တစ်ကိုယ်လုံးတုန်ရင်လာတယ်။

သူ့နှုတ်ခမ်းကနေ စကားလုံးတချို့ထွက်ကျလာပေမဲ့

သူ့အသက်ရှုသံအောက်မှာပဲ ပျောက်ကွယ်သွားလေရဲ့။

"ဘာလို့ ဒီအထိလိုက်လာတာလဲ။" မက်ဒါနာကိုယ်တိုင်တောင် အဲဒီစကားသံကို မကြားရဘူး။ ဖားလေးကတော့ ဟယ်ရီကို တစ်နေရာမှာ မှီထားပေးခဲ့ပြီး ရှေ့ကိုဆက်လျှောက်လာရင်းပြောတယ်။

"စီနီယာရှိနေမှ နယူးယောက်အစည်းအရုံးက အဓိပ္ပါယ်ရှိမှာပေါ့။ ကျွန်တော်တို့က ဌာနရဲ့ရွှေရောင်တြိဂံမဟုတ်ဘူးလား။"

ရေဂင်ကတော့ စိတ်မရှည်တော့ပါဘူး။ သူက ဖြန့်ထားတဲ့ လက်ဝါးကို ပိုကွေးလိုက်တယ်။ မယ်လီရဲ့ခန္ဓာကိုယ်က မမြင်နိုင်တဲ့ဖိအားတစ်ခုနဲ့ကြိတ်ချေခံနေရသလိုမျိုး တွန့်လိမ်သွားပြီး ပါးစပ်ထဲကနေ သွေးတွေအန်ထုတ်လိုက်ရတယ်။

"ဒီနေ့မြင်နေရတာတွေ လုံလောက်ပြီ၊ သူ့ကိုသတ်စမ်း။ ငါ့ရဲ့စစ်သား...."

ချောက်...

ဒါပေမဲ့ ရေဂင်မြင်နေရတာက ဆန့်ကျင်ဘက်ပါ။ မယ်လီက ကြီးမားတဲ့စွမ်းအင်ရဲ့အလိုဆန္ဒကို ဆန့်ကျင်ပြီး လက်ထဲက လေးကိုပစ်ချလိုက်တယ်။ သတ္ထုလေးက မြေပေါ်ကိုကျသွားပြီး အသံတိုးတိုးလေးတစ်သံထွက်ပေါ်လာတယ်။ မြေပေါ်မှာလဲလျက်သားရှိနေတဲ့ မက်ဒါနာရဲ့မျက်လုံးထဲက အကြည့်လည်း ပြောင်းလဲသွားပြီး သူ့လက်သီးကိုဆုပ်လိုက်တယ်။

မျှော်လင့်ထားသလိုပဲ မယ်လီရဲ့ခန္ဓာကိုယ်က ရေဂင်ရဲ့စွမ်းအားကြောင့် မြေပေါ်ကိုမြောက်တက်လာပေမဲ့ မယ်လီရဲ့ပါးစပ်ကနေ လူတိုင်းကြားနိုင်တဲ့ စကားသံတစ်သံ ထွက်ပေါ်လာပါတယ်။

"ကျွန်မလုပ်နိုင်ဘူး...."

တဲတဲလေးပဲကျန်တဲ့ ကြိုးတစ်ချောင်းပြတ်သွားသလိုမျိုး ပတ်ဝန်းကျင်က ရုတ်တရက်တိတ်ဆိတ်သွားတယ်။ နောက်တော့ ရေဂင်ရဲ့ခန္ဓာကိုယ်က မျက်စိရှေ့ကနေ ပျောက်သွားတယ်။ မယ်လီလည်း မျက်လုံးကိုမှိတ်ထားတယ်။ ပစ်မှတ်က သူလေ။

ဘုန်း....

ရေဂင်ရဲ့လက်သီးက သံချပ်ဝတ်ကို ပိန်လိန်သွားစေပြီး အထဲကိုနစ်ဝင်သွားတယ်။ မယ်လီရဲ့မျက်လုံးကတော့ အံ့ဩခြင်းများစွာနဲ့ ပြူးကျယ်လို့နေပါတယ်။ ကျန်တဲ့သူတွေအားလုံးလည်း မျက်လုံးပြူးနေကြတယ်။

"အချိန်ကျပြီ။" ရေဂင်ရဲ့လက်သီးဝမ်းဗိုက်မှာနစ်ဝင်နေတဲ့ မက်ဒါနာက ပြောလိုက်တယ်။ စေဘာစတိန်းရဲ့ခေါင်းက ပွင့်အာလာတယ်။ ပေါင်းစပ်ထားတာ မပြီးပြည့်စုံသေးတဲ့အတွက်ကြောင့် ငွေရောင်စစ်သည်ဝတ်စုံရဲ့တချို့အစိတ်အပိုင်းတွေက ခွေးခန္ဓာနဲ့ ဆက်လက်ပေါင်းစည်းနေဆဲဆိုပေမဲ့ ပင်မအမြောက်ကတော့ စွမ်းအင်ဗဟိုချက်နှစ်ခုကို ပေါင်းစည်းပြီး ပစ်ခတ်ဖို့အသင့်ဖြစ်နေပါပြီ။

"ဘာ...." ရေဂင်လည်း သူ့ရှေ့ကမြင်ကွင်းကြောင့် မျက်လုံးပြူးသွားတယ်။ မယ်လီကို သူထိုးလိုက်တာဖြစ်ပေမဲ့ စေဘာစတိန်းနဲ့ပေါင်းစည်းနေဆဲမက်ဒါနာက နှစ်ယောက်ကြားမှာပေါ်လာကာ ရေဂင့်လက်သီးကို ခံယူလိုက်တယ်။ ပြီးတော့ သူ့ရဲ့အင်အားအကြီးဆုံးတိုက်ကွက်ကို ဖော်ထုတ်နေပြီ။

[Booster Form: Ceberus Armour] မက်ဒါနာရဲ့ဝတ်စုံမျက်နှာပြင်မှာ စာတန်းပေါ်လာပြီးတာနဲ့ အပြာရောင်အလင်းဒြပ်စင်တန်းကြီးက အံ့ဩနေတဲ့ရေဂင်ကို တစ်ခါတည်းထိမှန်သွားတယ်။

ဘုန်း.....

အပြာရောင်အလင်းတန်းကြီးက ရေဂင်ကိုသူတို့ရှိနေတဲ့ တွင်းချိုင့်ထဲကနေ လေပေါ်အတော်ဝေးဝေးတဲ့အထိမြောက်တက်သွားစေပြီး အနားမှာရှိနေတဲ့ တိုက်နံရံတစ်ခုနဲ့ဝင်တိုက်သွားစေတယ်။ နောက်တော့ တိုက်နံရံပါပြိုကျသွားပြီးအလင်းတန်းက ရေဂင်ကိုသူတို့မမြင်နိုင်တော့တဲ့ နေရာတစ်ခုအထိ တွန်းပို့လိုက်တယ်။

စက္ကန့်ပိုင်းအတွင်းမှာပဲ မက်ဒါနာရဲ့ဝတ်စုံနားမှာဝန်းရံနေတဲ့ အပြာရောင်အလင်းတန်းတွေ ပျောက်ကွယ်သွားပြီး အလင်းတန်းပျောက်ကွယ်သွားပါတယ်။ အလင်းတန်းပျောက်ကွယ်သွားတာနဲ့အတူ မက်ဒါနာလည်း ဝတ်စုံအလေးချိန်ကြောင့် ဆက်ရပ်မနေနိုင်တော့ဘဲ မြေပေါ်ကို ဘေးတစ်စောင်း ပြိုလဲကျသွားတယ်။

"အားပြင်းလိုက်တာ..." ဖလေရာကလည်း ထလာပြီးပြောလိုက်တယ်။ သူ့ဝတ်စုံကလည်း အတော်လေးပျက်စီးနေပေမဲ့ အသက်တော့မသေပါဘူး။ ရေဂင်က သူတို့ကို မယ်လီကိုယ်တိုင်သတ်တာလိုချင်လို့ အားကုန်ထုတ်ပြီး သတ်ဖို့မကြိုးစားခဲ့တဲ့ပုံပဲ။

"သူသေသွားပြီလား။" ဖလေရာက ​မေးလိုက်တယ်။ အေမီကလည်း ပြန်ထလာပါပြီ။ သူ့ခန္ဓာကိုယ်လည်း ဆိုးဆိုးဝါးဝါးထိခိုက်ထားပေမဲ့ ပြင်မရလောက်တဲ့အထိတော့ မဟုတ်ပါဘူး။

"မသေလောက်သေးဘူး။" မက်ဒါနာက ဝတ်စုံထဲကနေ မောဟိုက်စွာနဲ့ ပြန်ဖြေလိုက်တယ်။

တစ်ဖက်မှာတော့ ဖားလေးက အပျက်အစီးပုံတွေကြားထဲက ပြေးထွက်လာပြီး မယ်လီကိုပြေးဖက်လိုက်တယ်။ ဖားလေးရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စတွေရှိနေပြီး မယ်လီရဲ့မျက်လုံးထဲကနေလည်း မျက်ရည်တွေက တားဆီးမရတော့တဲ့အတိုင်းအတာမျိုးနဲ့ စီးကျလာပါတယ်။ သူက ဖားလေးကို ပြန်ဖက်ထားလိုက်တယ်။

"ငါက ပိုးကောင်တစ်ကောင်ဖြစ်နေတာတောင်မှလား။" မယ်လီက ပြောလိုက်တယ်။

All Chapters