ဓားကျိုး
Vol. 17 Ch. 234
“ဂီး ....”
ကောင်းကင်ပေါ်တွင် သိန်းငှက်အော်သံ ပေါ်လာသည်။
“မူကျင်း၊ မင်းကလည်း ဝေစုလာယူလာတာလား”
အသံတစ်သံက ခပ်အုပ်အုပ်မိုးခြိမ်းသံကဲ့သို့ ပေါ်ထွက်လာသည်။
“အစ်မမူကျင်း၊ ကောင်းကင်ဘုံအဆင့်ကိုရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”
“စပါးစိမ်းတောင်ကုန်းမှာ ကျုပ်က အစ်မမူကျင်းဆီမှာ ခစားချင်ပါတယ်”
နောက်ထပ်အသံ ပေါ်ထွက်လာသည်။ ထိုအသံသည် ယခင်အသံထက် ပိုပြီးညင်သာနေသည်။
မူကျင်းက ပြန်မပြောပေ။ သူမက လက်မြှောက်ပြီး ကျောက်စိမ်းရပ်ဝန်းကို မိုင်ငါးဆယ်အကွာ၌ ပေါ်လာစေသည်။
ဟန်မူယဲ့က အောက်သို့ ငုံ့ကြည့်သည်။ အောက်တွင်ရှိသော မြေပြင်သည် အနက်ရောင်ကျောက်တုံးများ၊ အနက်ရောင်မြေကြီးများဖြင့် ပြည့်နေသည်။
ထိုအရာသည် မိုင်တစ်ရာရှိနေသော အနက်ရောင်ရေကန်ဖြစ်သည်။
ရေကန်၏အထက်တွင် မီးခိုးရောင်နှင့် အနက်ရောင်သန်းနေသော မြူခိုးများရှိပြီး အဆိပ်ရှိအင်းဆက်နှင့် မိစ္ဆာငှက်များ ပျံသန်းနေကြသည်။
ထိုနေရာတွင် အပင်တစ်ပင်မှမရှိပေ။
မူကျင်းက သစ်ပင်မိစ္ဆာများကို ခေါင်းဆောင်နက်ဆီမအပ်နှံခဲ့သည့်အတွက် အံ့အားသင့်စရာမလိုတော့ပေ။
ဤနေရာတွင် သစ်ပင်မိစ္ဆာအများအပြား သေဆုံးသွားလိမ့်မည်။
ကျောက်တုံးနက်ရေကန်၏ ကောင်းကင်ထက်တွင် ပုံရိပ်များစုဝေးနေကြသည်။
တစ်ဖက်မှာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသော ပိန်ပါးသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ရှိသည်။
ထိုလူကြီးသည် အငွေ့အသက်များကို ထိန်းချုပ်ထားပြီး သူ့သိန်းငှက်မျက်လုံးထဲတွင် ရွှေအလင်းများ လှည့်ပတ်နေသည်။
တစ်ဖက်တွင်တော့ အဖြူရောင်ဝတ်စုံနှင့် ငယ်ရွယ်သောအမျိုးသမီးတစ်ယောက် ရှိသည်။ သူ့နောက်တွင် အဖြူရောင်နှင့်အစိမ်းရောင်ကိုဝတ်ဆင်ထားသော လူအများအပြား ရှိကြသည်။
သူတို့က လူများနေသော်လည်း အရှိန်အဝါက အားနည်းနေသည်။
သူတို့သည် သိန်းငှက်မျက်လုံးဖြင့်လူကြီး၏ ဖိနှိပ်မှုကို ခံနေရသည်။
ထိုနှစ်ဖွဲ့လုံးက ဟန်မူယဲ့တို့ကို လှည့်ကြည့်သည်။
“အင်မော်တယ်ဟန်”
အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးငယ်၏ နောက်တွင်ရှိသော တစ်စုံတစ်ယောက်က ရေရွတ်မိသည်။
ဟန်မူယဲ့က အသံထွက်ပေါ်လာသောနေရာသို့ကြည့်ပြီး ခပ်ဟဟရယ်သည်။
“တိုက်ဆိုင်လိုက်တာ။ နတ်မိမယ်လော့လည်း ဒီနေရာမှာရှိနေတာလား”
လော့ရှောင်ယွီ၊ ရေခဲနတ်မယ်လော့ရှောင်ယွီ…
သူမသည် လင်တောက်ဂိုဏ်း၏ လူငယ်မျိုးဆက်သစ် လက်ရွေးစင် ဖြစ်ပြီး ကမ္ဘာမြေပထမအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူမ၏ ရေခဲအမျိုးအစားတာအိုအတတ်သည် ပြိုင်ဘက်ကင်းသည်ဟု ပြောနိုင်သည်။
သူမသည် တိမ်မြုံကမ်းပါးတိုက်ပွဲတွင် ဟန်မူယဲ့နှင့်အတူ တိုက်ခိုက်ခဲ့သည်။
သို့ပေမဲ့ ဟန်မူယဲ့၏ထက်မြက်မှုကတော့ လော့ရှောင်ယွီယှဉ်နိုင်သောအရာ မဟုတ်ပေ။
လော့ရှောင်ယွီတင်မကဘဲ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူငယ်မျိုးဆက်သစ်များအားလုံးသည် ဟန်မူယဲ့ကို အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ် မျိုးဆက်သစ်လူငယ်အဖြစ် လက်ခံထားကြသည်။
သူသည် တခြားလူငယ်များနှင့် ယှဉ်ပြိုင်နေခြင်းမဟုတ်သော်လည်း သူ့တိုက်ခိုက်နိုင်စွမ်းနှင့် ဓားနည်းစနစ်မှာ ရွယ်တူများထက် သာလွန်နေသည်။
“ဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အင်မော်တယ်ဟန်လား”
အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက ဟန်မူယဲ့ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ သူမ၏မျက်လုံးများက တောက်ပသွားပြီး ပြောလိုက်သည်။
“အင်မော်တယ်ဟန်က အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အတော်ဆုံးလို့ ညီမလော့က မကြာခဏပြောလေ့ရှိတယ်”
‘အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အတော်ဆုံးတဲ့လား’
‘အဲဒါက ချီးကျူးလွန်းနေတာမဟုတ်ဘူးလား’
လော့ရှောင်ယွီက စိုးရိမ်စိတ်များဖြင့် တိတ်ဆိတ်စွာခေါင်းငုံ့ထားသည်။
သိန်းငှက်မျက်လုံးနှင့်လူကတော့ နှာမှုတ်လိုက်သည်။
သူ့ခါးတွင် ချိတ်ထားသော ဓားတစ်လက်ရှိနေသည်။
“အစ်မမူ၊ ဒီကိုရောက်လာတာ ကောင်းတာပဲ။ ယန်ယင်က ကျောက်တုံးနက်ရေကန်ကို အပိုင်စီးဖို့ကြိုးစားနေတယ်။ အဲဒါက မမျှတဘူးမဟုတ်လား”
အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက မူကျင်းကို ပြုံးလျှက်ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“အစ်မက ခေါင်းဆောင်နက်ကို သတ်လိုက်တာပဲ။ အဲဒီတော့ ကျောက်တုံးနက်ရေကန်က အစ်မဟာဖြစ်သင့်တာပေါ့”
သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ယန်ယင်က မျက်ခုံးပင့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ထက်မြက်နေသောအငွေ့အသက်များ ပေါ်ထွက်လာသည်။
“လုလင်ကျီး၊ နင်က နောက်ဆုတ်ပြီး ငါ့ကို ဒီကျောက်တုံးနက်ရေကန်ပေးမယ်လို့ ပြောနေတာလား”
မူကျင်းက အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
သူမ၏စကားများကြောင့် အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီး လုလင်ကျီးက ကြောင်အသွားသည်။
လုလင်ကျီး၏နောက်မှာရပ်နေသော အစိမ်းရောင်ဝတ်စုံနှင့်လူအိုကြီးက ရှေ့တစ်လှမ်းတိုးလာပြီး လေးနက်စွာပြောသည်။
“သခင်မမူကျင်း၊ ဒီကျောက်တုံးနက်ရေကန်ထဲမှာ လင်တောက်ဂိုဏ်း အချိန်အတော်ကြာအောင်ရှာနေတဲ့ ပစ္စည်းတစ်ခုရှိတယ်”
သခင်မသည် ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူအတွက် လေးစားသောအခေါ်အဝေါ်ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ကမ္ဘာမြေအဆင့်ကျင့်ကြံသူများကို ကျင့်ကြံသူကြီးများ ဟုခေါ်ပြီး ကောင်းကင်ဘုံအဆင့်သို့ရောက်သောအခါတွင် မဟာသခင်ဟုခေါ်သည်။
ထိုလူအိုကြီး၏ အငွေ့အသက်သည် လေးနက်နေပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
လုလင်ကျီးသည် ယန်ယင်နှင့် ယှဉ်ပြိုင်နိုင်ခြင်းအတွက် အံ့အားသင့်နေစရာမလိုတော့ပေ။ သူမ၏နောက်တွင် လင်တောက်တာအိုဂိုဏ်း၏ ကျွမ်းကျင်သူတစ်ယောက်ရှိနေသည်။
မူကျင်းသည် ကောင်းကင်ဘုံအဆင့်သို့ ရောက်ခါစဖြစ်ပြီး ကောင်းကင်ဘုံအဆင့် တိုက်ခိုက်နိုင်စွမ်းကို ထုတ်မသုံးနိုင်သေးသောကြောင့် သူက ထိုသို့ပြောရဲခြင်းဖြစ်သည်။
ထို့အပြင် သူသည် ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျင့်ကြံသူဖြစ်နေသောကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်ဘုံအဆင့်မိစ္ဆာများကို မကြောက်ပေ။
လင်တောက်တာအိုဂိုဏ်းတွင် ဝိညာဉ်သူငယ်တတိယအဆင့် မျက်နှာတစ်ထောင်သူတော်စင်ရှိသည်။
ကောင်းကင်ဘုံအဆင့်သို့ရောက်ခါစ မိစ္ဆာသည် မျက်နှာတစ်ထောင်သူတော်စင်၏ တိုက်ခိုက်မှုတစ်ချက်ကို ခုခံနိုင်မည် မဟုတ်ပေ။
မူကျင်းက လူအိုကြီးကိုမကြည့်ဘဲ ယန်ယင်ကိုကြည့်သည်။
“ယန်ယင်၊ ငါက ကျင့်ကြံသူဟန်ကို ကျောက်တုံးနက်ရေကန်မှာရှိတဲ့ ဓားဘုရင်ယွမ်ထျန်းနဲ့ ပြင်ပဘုံကျင့်ကြံသူရဲ့ တိုက်ပွဲအမှတ်အသားကိုပြမယ်လို့ ကတိပေးခဲ့တယ်”
“ကျောက်တုံးနက်ရေကန်ကို နင်လိုချင်ရင် ယူလိုက်ပါ”
ဤနေရာက မိစ္ဆာသစ်ပင်များအတွက် မသင့်တော်ပေ။
လမ်းတစ်လျှောက်တွင် မြွေနက်ခေါင်းဆောင်၏ ရတနာများကို ယူနိုင်လျှင်ကောင်းလိမ့်မည်ဟု မူကျင်းက ဟန်မူယဲ့နှင့်လင်းရှန်ကို ပြောခဲ့သည်။
မြွေနက်ခေါင်းဆောင်က ကောင်းကင်ဘုံတစ်ဝက်အဆင့်မိစ္ဆာဖြစ်ပြီး နှစ်ထောင်ချီကြာအောင် ကျင့်ကြံခဲ့သည်။ ထို့အပြင် စပါးစိမ်းတောင်ကုန်းမှာ သဘာဝရတနာများပေါများသောကြောင့် မြွေနက်ခေါင်းဆောင်၏နေရာတွင် ပစ္စည်းကောင်းများရှိနေလိမ့်မည်။
ထို့အပြင် ဤနေရာတွင် ကျင့်ကြံသူကြီးများ၏ တိုက်ပွဲအကြွင်းအကျန်များနှင့် ပြည့်နေသည်။ နေရာအများစုတွင် ထူးဆန်းသောအန္တရာယ်များရှိသည်။
မြွေနက်ခေါင်းဆောင်က ကျောက်တုံးနက်ရေကန်ကို ပိုင်စိုးခဲ့သောအချိန်မှာ အန္တရာယ်နယ်မြေများကို အားကိုး၍ တခြားကောင်းကင်ဘုံတစ်ဝက်အဆင့် မိစ္ဆာများ၏ လျှို့ဝှက်စုံစမ်းခြင်းကို ခုခံခဲ့သည်။
သူမ၏ စကားကို ကြားလိုက်ရသောအခါတွင် လုလင်ကျီးက မျက်မှောင်ကြုတ်သွားသည်။ ယန်ယင်က ဂရုမစိုက်ဘဲ ပြောလိုက်သည်။
“မြွေနက်ခေါင်းဆောင်ရဲ့ရတနာကိုလိုချင်ရင် ကိုယ်ပိုင်အစွမ်းအစအပေါ်မှာပဲ မူတည်နေတယ်”
ထို့နောက် သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီး သူ့နောက်တွင် ရွှေသိန်းငှက်ပုံရိပ်ပေါ်လာသည်။ ထို့နောက် သူက ပျောက်ကွယ်သွားသည်။
“ဘုန်း ....”
သူ ထွက်မသွားခင်အထိ အသံမထွက်ခဲ့ပေ။
ထိုအသံက အလွန်လျင်မြန်သောကြောင့် တည်နေရာအတားအဆီးကို ကျော်ဖြတ်သွားသည့်အတွက် ထွက်လာခြင်းဖြစ်သည်။
ထိုအမြန်နှုန်းကြောင့် လူတိုင်း၏ မျက်နှာထားက လေးနက်သွားသည်။
ဟန်မူယဲ့၏မျက်နှာထားက ထူးဆန်းသွားသည်။
ယန်ယင်၏ အမြန်နှုန်းကြောင့်မဟုတ်ဘဲ သူ့ဆီက ခံစားမိသော ရင်းနှီးသည့်အငွေ့အသက်ကြောင့်ဖြစ်သည်။
“ယန်ယင်ပြောတာမှန်တယ်။ ငါတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်အပေါ်မှာပဲ မှီခိုကြရအောင်”
မူကျင်းက တည်ငြိမ်စွာပြောလိုက်ပြီး ဟန်မူယဲ့နှင့်လင်းရှန်ကိုဦးဆောင်၍ ကျောက်တုံးနက်ရေကန်ထဲသို့ ဝင်သွားသည်။
“အစ်ကိုကျန်းကျီးသုန်း၊ ဒီမူကျင်းက ကောင်းကင်ကပ်ဘေးကိုဖြတ်ကျော်နိုင်ခဲ့တော့ အနာဂတ်မှာ သူမက ဆုံဖြတ်ချက်ချနိုင်လာမှာ စိုးရိမ်မိတယ်”
လုလင်ကျီးက ထွက်သွားသော မူကျင်းတို့အုပ်စုကို ကြည့်ပြီး ပြောသည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျင့်ကြံသူက ခေါင်းခါလိုက်ပြီး မျက်လုံးမှေးသွားသည်။
“မူကျင်း၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဟန်မူယဲ့။ စပါးစိမ်းတောင်က နေရာကောင်းတစ်ခုပဲ”
ထို့နောက် သူက ပျောက်ကွယ်သွားပြီ တူညီသောအသံတစ်သံထွက်လာသည်။
သူ့အမြန်နှုန်းက ယန်ယင်နှင့် တူညီနေသည်။
မူကျင်းနှင့်ဟန်မူယဲ့တို့က အချိန်အတော်ကြာအောင်မပျံသန်းရဘဲ တွင်းပေါက်တစ်ခုကို မြင်လိုက်ရသည်။
“ဒါက မြွေနက်ခေါင်းဆောင်ရဲ့ လိုဏ်ဂူပဲ”
“ဒီနေရာကို ဓားကျိုးပြုတ်ကျလာတုန်းက ဒီတွင်းဖြစ်လာခဲ့တာ။ ဒီတွင်းက ဘယ်လောက်နက်လဲမသိဘူး”
ထိုအချိန်မှာ တွင်းပေါက်၏ ပေတစ်သောင်းအကွာတွင် မြူခိုးများရစ်သိုင်းလာသည်။ မီးခိုးရောင်မြူခိုးများက အားကောင်းသောတိုက်စားနိုင်စွမ်းကို သယ်ဆောင်ထားပြီး မူကျင်း၏ ကျောက်စိမ်းရပ်ဝန်းကို တိုက်ခိုက်လိုက်သည်။
“ဂရုစိုက်။ ဒီနေရာမှာရှိတဲ့အဆိတ်ဓာတ်က အရမ်းပြင်းလွန်းတယ်”
မူကျင်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး အစိမ်းရောင်အလွှာတစ်ခုက သူမကို ကာကွယ်ထားသည်။
ဟန်မူယဲ့နှင့် လင်းရှန်၏ ပတ်ဝန်းကျင်ကို ဓားအလင်းများက အကာအကွယ်အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။
မြူခိုးသည် စီးဆင်းနေသော အလင်းတန်းတချို့နှင့်အတူ ဓားချီအကာအကွယ်ကို ဝင်တိုက်လိုက်သည်။
ထိုအရာက ဓားချီစွမ်းအားများ လှုံ့ဆော်ခံရခြင်းဖြစ်သည်။
သူတို့သုံးယောက် တွင်းပေါက်ထဲသို့ပျံသန်းသွားပြီး အပေါ်မှ သိန်းငှက်အော်သံကို ကြားလိုက်ရသည်။
သူတို့က တွင်းပေါက်ထဲသို့ရောက်သွားသောအခါတွင် တွင်းပေါက်သည် မျဉ်းစောင်းအတိုင်းရှိနေပြီး တည့်မတ်စွာ ဖြစ်မနေကြောင်း သိလိုက်ရသည်။
တွင်းပေါက်နံရံမှာရှိနေသော ကျောက်တုံးများမှာ ကျိုးပဲ့နေသည်။
သူတို့သည် ပေတစ်သောင်းအထိ ဆင်းလာသော်လည်း အောက်ခြေကို မမြင်နိုင်သေးပေ။
ထိုဓားချက်၏ ပြင်းထန်ပုံကို စိတ်ကူးကြည့်ရန် ခက်ခဲသည်။
“ရွှပ် ....”
ပေသုံးဆယ်ရှည်သော မြွေနက်တစ်ကောင်က ပါးစပ်ဖွင့်ပြီး ဟန်မူယဲ့ကို ကိုက်ရန် ကြိုးစားလာသည်။
ဟန်မူယဲ့က တွန့်မသွားပေ။
သူ့နောက်တွင် ရှိနေသောလင်းရှန်က ရှေ့သို့တစ်လှမ်းတိုးလာသည်။ သူက ဓားမထုတ်ပေမဲ့ သိပ်သည်းသောအရှိန်အဝါက ကျဆင်းလာသည်။
“ဗြစ် ....”
မြွေနက်မှာ ချက်ချင်းအသားပုံဖြစ်သွားသည်။
ထိုမြွေနက်သည် အခြေခံအုတ်မြစ်အဆင့်၌သာ ရှိပြီး လင်းရှန်ရှေ့တွင် ခုခံမှုမပြုလုပ်နိုင်ပေ။
မူကျင်းက လင်းရှန်ကိုလှည့်ကြည့်သည်။
လင်းရှန်၏ ခွန်အားက အလွန်ထူးခြားသည်။
“ဘုန်း ....”
ရှေ့မှ ပေါက်ကွဲသံထွက်ပေါ်လာသည်။
ဟန်မူယဲ့က တစ်ဟုန်ထိုးပြေးသွားသည်။ မူကျင်းနှင့်လင်းရှန်ကလည်း နောက်မှ လျင်မြန်စွာလိုက်လာသည်။
သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ လုလင်ကျီးနှင့် တခြားလူများ ရောက်လာသည်။
လူတိုင်းက လိုဏ်ဂူ၏အဆုံးသို့ လျင်မြန်စွာပြေးနေကြသည်။
ထိုအချိန်တွင် ပေါက်ကွဲသံသည် အနည်းငယ်အားလျော့သွားသည်။ ထို့နောက် တိတ်ဆိတ်သွားသည်။
ဟန်မူယဲ့သည် လိုဏ်ဂူအဆုံးသို့ရောက်သောအခါတွင် သူ့မျက်ခမ်းစပ်များ တွန့်သွားသည်။
သူ့ရှေ့တွင် ဓားကျိုးတစ်လက်ရှိနေသည်။
ထိုဓားမှာ ကျိုးနေကြောင်း သူသေချာပြောနိုင်သည်။
သို့ပေမဲ့ ထိုဓားကျိုးသည် ပေတစ်ထောင်ရှည်ပြီး ပေတစ်ရာကျယ်သည်။
ဓားနက်၏ အသွားတစ်ဝက်မှာ ကျောက်တုံးနက်ထဲသို့ စိုက်ဝင်နေသည်။
‘ဒါက ဘယ်လိုလုပ်ပြီး ဓားဖြစ်နိုင်မှာလဲ။ ဒါက တောင်ကုန်းအသေးစားတစ်ခုပဲ’
ယန်ယင်သည် ဓားရှေ့တွင် ရပ်နေသည်။ သူ့ပတ်ဝန်းကျင်တွင် မြွေနက်များ၏ စုတ်ပြဲနေသောခန္ဓာကိုယ်များ ရှိနေသည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့် မြွေနက်ခေါင်းဆောင် သေသွားသောကြောင့် ကျန်မိစ္ဆာများက ယန်ယင်ကို မတားဆီးနိုင်ပေ။
သိုပေမဲ့ ယန်ယင်က ဓားကျိုး၏ ပုံစံကြောင့် ကြောင်အသွားပုံရပြီး နေရာမှာတင် တိတ်ဆိတ်စွာရပ်နေမိသည်။
“ဓားဘုရင်ယွမ်ထျန်း ခုတ်ဖြတ်လိုက်တဲ့ ဓားကျိုးက ဒီနေရာမှာ တကယ်ရှိနေတာပဲ”
လုလင်ကျီး၏ နောက်တွင် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးသည် မျက်လုံးများတောက်ပလျက် ရှေ့တစ်လှမ်းတိုးလာသည်။
သူ ပြောပြီးသွားသောအချိန်တွင် ယန်ယင်၏ခန္ဓာကိုယ်ပေါ်မှာ ဝိညာဉ်အလင်းများ ရုတ်တရက်တောက်ပလာပြီး ရှေ့သို့ပြေးထွက်သွားသည်။
မူကျင်း၊ လုလင်ကျီးနှင့် ကျန်းကျီးသုန်းတို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။