ကောင်းကင်ဘုံအစား တရားစီရင်ခြင်း
Vol. 28 Ch. 378
သွေးမိုးက သိပ်မသည်းပေ။ ချင်မူတို့ ရပ်နေသော တောင်ကုန်းများအပေါ်သာ ရွာကျလာ၏။
မြက်ပင်များ ကြီးမားလာပြီး သစ်ပင်ပန်းမန်များ လျင်မြန်စွာ ပေါက်လာသည်ကို ချင်မူတို့ မြင်လိုက်ကြရသည်။ သစ်ပင်များက ကြီးမားတုတ်ခိုင်ပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်မှာ အလွန်သိပ်သည်းလာ၍ သစ်ပင်များ၏ ပတ်ဝန်းကျင်တွင် ဖဲကြိုးမျှင်များသဖွယ် လွင့်မျောနေကြသည်။
ဖြူဆွတ်နေသော မြူမှုန်များက ပန်းပွင့်များအကြား လွင့်မျောနေရာ နူးညံ့သာယာသည့် မြင်ကွင်းတစ်ခုကို ဖန်တီးနေတော့သည်။
သွေးမိုးရွာကျပြီးနောက် မြစ်ချောင်းရေကန်များ ပြည့်လျှံလာပြီး ငါးများလည်း ကြောက်မက်ဖွယ်ရာ ကြီးထွားလာကြကာ မဟာမြို့ပျက်ရှိ ဆန်းကြယ်ငါးများသဖွယ် သန္ဓေပြောင်းကုန်ကြ၏။ တချို့က ခြေထောက်များ ပေါက်လာပြီး ကုန်းပေါ်တက်လာကြသည်။ သူတို့ ပါးစပ်ဟ၍ မိုးပေါက်များကို ခံလိုက်သောအခါ သွားချွန်ချွန်များ မြင်သာလာ၏။
တောင်ပေါ်တွင် ကျက်စားနေကြသည့် မင်္ဂလာသားရဲများလည်း ထွားကြိုင်းလာကြပြီး အရိုးချွန်များ ထိုးထွက်လာကြသည်။ သူတို့၏သွင်ပြင်များက ကြောက်မက်ဖွယ်ရာ ကောင်းလာ၏။
ရေကန်ထဲရှိ ရေသူမများလည်း ထူးကဲစွာ ကြီးမားလာကြပြီး သူတို့၏ လှပသော မျက်နှာများက ထူးဆန်းလာကြသည်။
နတ်ဘုရားသွေးထဲရှိ စွမ်းအင်သည် သတ္တဝါအားလုံးကို ဆန်းကြယ်သတ္တဝါများအဖြစ် ပြောင်းလဲသွားစေခဲ့၏။ မြေပြင်နှင့် ပိုးကောင်များလည်း သက်ရှိများဖြစ်သည့်အတွက် သွေးမိုးရွဲစိုသွားသည့်အခါ တောင်ကုန်းက မဟာမြို့ပျက်ကဲ့သို့ ဖြစ်လာသည်။
ချင်မူ့မျက်လုံးထဲတွင် ယင်နှင့်ယန်၏ ချီစွမ်းအင်၊ သင်္ကေတလေးပါးနှင့် စွမ်းအင်ငါးရပ်တို့က ဤသတ္တဝါများ၏ ခန္ဓာကိုယ်ဟန်ချက်အပေါ် လွှမ်းမိုးကာ ထူးဆန်းသောသွင်ပြင်များ ပြောင်းလဲသွားစေခြင်း ဖြစ်သည်။ သို့သော် ထိုပြောင်းလဲမှုက မဟာမြို့ပျက်နှင့် မတူပေ။
မဟာမြို့ပျက်၏ ဆန်းကြယ်သားရဲအများစုက နတ်ဘုရားနှင့်မိစ္ဆာမျိုးနွယ်များ ဖြစ်ကြသည်။ သို့ရာတွင် ဤတောင်ကုန်းပေါ်ရှိ ဆန်းကြယ်သားရဲများက နတ်ဘုရားသွေး၏စွမ်းအင်ကြောင့် ပြောင်းလဲသွားခြင်း ဖြစ်သည်။
“ဘယ်နတ်ဘုရား ကြွေလွင့်သွားတာလဲ။ နဂါးထိန်းဧကရာဇ်များလား” မုချင်းသိုင်က ခပ်တိုးတိုး မေးလိုက်သည်။
ကောင်းကင်ခန်းမ၏အပြင်ရှိ တောင်တစ်တောင်လုံး ရောင်စုံအလင်းတန်းများ ဖြာထွက်နေပြီး မြူများ ဖုံးလွှမ်းနေရာ အထွတ်အမြတ်မြေတစ်မြေပမာ ထင်ရသည်။ သို့သော် သူတို့ သွေးမိုးထဲ လျှောက်သွားလိုက်ပါက တောင်ပေါ်ရှိ သားရဲများကဲ့သို့ သန္ဓေပြောင်းသွားလိမ့်မည်။
သွေးနှင့် တိုက်ရိုက်မထိသရွေ့ အမိုးအောက်တွင် ကျင့်ကြံကာ အပြင်ရှိ အင်အားကြီးမားသော ကောင်းကင်စွမ်းအင်ကို စုပ်ယူနိုင်သည်။ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်အတွက် ဤနေရာမှာ သိုင်းကျင့်ကြံရန် အလွန်သင့်တော်သော အထွတ်အမြတ်မြေတစ်မြေ ဖြစ်လာ၏။
ဝိညာဉ်စွမ်းအင်နှင့် ကောင်းကင်စွမ်းအင်ကိုသာ ယှဉ်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အထွတ်အမြတ်မြေကြီးသုံးမြေက ဤနေရာထက် များစွာနိမ့်ကျလိမ့်မည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းဖြစ်စေ၊ တာအိုဂိုဏ်းဖြစ်စေ၊ မဟာမိုးခြိမ်းသံကျောင်းတော်ဖြစ်စေ၊ မည်သည့်ဂိုဏ်းမှ နတ်ဘုရားတစ်ပါးကို သတ်၍ သူတို့၏အထွတ်အမြတ်မြေကို အားဖြည့်ပေးနိုင်မည်မဟုတ်ပေ။
‘ဘွားဘွားက လီထျန်းရှင်ကို ထိန်းဖို့ လူသူမရှိတဲ့ နေရာမှာ လာနေပေမယ့် ဒီနေရာက သိုင်းကျင့်ဖို့ အထူးကောင်းမွန်တဲ့ အထွတ်အမြတ်မြေ ဖြစ်လာမယ်ထင်ထားမှာ မဟုတ်ဘူး’
ချင်မူ့အမူအရာက ထူးဆန်းနေသည်။ သူက ရွှင်ပျော်ပျော်ဓားဖြင့် နတ်ဘုရားသွေးစက်တစ်စက်ကို ဂရုတစိုက် လှမ်းကော်ပြီးနောက် ကြည့်ရှုလိုက်၏။ သူ ခေါင်းခါလိုက်သည်။ “ဒါ နဂါးထိန်းဧကရာဇ်ရဲ့ သွေးမဟုတ်ဘူး။ သူ့သွေးက နဂါးသွေး။ ဒီသွေးထဲက ကောင်းကင်စွမ်းအင်ကတော့ အဲဒီလိုမဟုတ်ဘူး...” ဤသို့ပြောပြီးနောက် သူ့အမူအရာက ပို၍ပင်ထူးဆန်းလာသည်။ “ငါ ဒီသွေးကို မြင်ခဲ့ဖူးသလိုပဲ”
ချင်မူ ဓားသွားကို နှိမ့်လိုက်သည့်အခါ သွေးစက်က ဓားထိပ်ဖျားဆီ လိမ့်ဆင်းသွားသည်။ လက်ကောက်ကို အားပြု၍ ဓားသွားကို နှိမ့်ထားသည့်အတွက် သွေးစက်က ဓားသွားတစ်လျှောက် တန်းတန်းမတ်မတ် လိမ့်ဆင်းသွားသည်။ ဘေးချော်ကျသွားခြင်းမရှိပေ။
ရုတ်တရက် ရွှင်ပျော်ပျော်ဓားမှ ဓားလှိုင်းစွမ်းအင် ပေါ်ထွက်လာပြီး နတ်ဘုရားသွေးစက်အတွင်းရှိ စွမ်းအင်လည်း အသက်ဝင်လာသည်။ ကောင်းကင်နတ်သိုင်းတစ်ခု ထုတ်ဖော်လိုက်သကဲ့သို့ စွမ်းအင်က ပေါက်ကွဲပြီး ချင်မူ့ဓားလှိုင်းစွမ်းအင်ကို ဝင်တိုက်လိုက်သည့်အခါ တွန်းအားကြောင့် ချင်မူ နောက်ဆုတ်လိုက်ရသည်။
ချင်မူ ခေါင်းညိတ်ကာ အလေးအနက်ပြောလိုက်၏။ “ဒီနတ်ဘုရားသွေးကို ငါ မြင်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့တစ်နှစ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဆီးနှင်းကပ်ဘေးလွှတ်ခဲ့တဲ့ နတ်ဘုရားကို ရှာတွေ့ခဲ့ပြီး သူ အဲဒီနတ်ဘုရားနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့လို့ သေလုမျောပါး ဒဏ်ရာတွေ ရခဲ့တယ်။ ဒါပေမဲ့ အဲဒီနတ်ဘုရားလည်း ဒဏ်ရာရပြီး သွေးထွက်ခဲ့တယ်။ ငါ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေ ကုပေးတုန်းက အဲဒီနတ်ဘုရားရဲ့ သွေးကန်ကို မြင်ခဲ့ဖူးတယ်။ အဲဒီသွေးထဲက စွမ်းအင်က ဒီစွမ်းအင်နဲ့ အတူတူပဲ”
ထိုစဉ်က ရွှေအပေးခဲ့သော ဓားစက်လုံးကို တံတားသဖွယ် အသုံးပြု၍ နတ်ဘုရားသွေးကန်ဖြင့် ဆက်သွယ်ကာ နတ်ဘုရား၏ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်များကို အပြန်အလှန် ချေဖျက်စေခဲ့ရသည်။ ထိုအခါမှ သူ ဧကရာဇ်အတိုင်ပင်ခံကို ကုသပေးနိုင်ခဲ့၏။
သို့သော် ထိုစွမ်းအင်က သူ၏ဓားစက်လုံးကို တိုက်စားဖျက်စီးခဲ့သည်။ ရွှေအက ရွာလူကြီးကို ရင်ဆိုင်ရန်အတွက် ထိုဓားစက်လုံးအား အဆင့်မြင့်ပန်းပဲပညာများဖြင့် သွန်းလုပ်ပေးထားခြင်းဖြစ်၍ ချင်မူ အတော်ကြာသည်အထိ နှမြောတသ ဖြစ်နေခဲ့ရသေးသည်။
ချင်မူ ထိုနေ့ရက်များကို ကောင်းကောင်းမှတ်မိသည်။ တာအိုသခင်နှင့် တထာဂတကြောင့် ဧကရာဇ်ယန်လည်း သေလုနီးပါး ဒဏ်ရာရခဲ့၍ သူ့ကိုလည်း ချင်မူ ကယ်ခဲ့ရသေး၏။
ထိုစဉ်က ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖန်းမှာ အသုံးမကျသောလူများ ဖြစ်နေခဲ့ပြီး အခြေအနေမကောင်းခဲ့ပေ။ ဧကရာဇ်အတိုင်ပင်ခံက ကိုယ်ဝန်လွယ်ထားသော ဇနီးသည်ကို ခေါ်၍ တောကြိုအုံကြားတစ်နေရာတွင် ဇာတ်မြုပ်၍ပင် နေခဲ့သည်။
“နေသူရိန်ခွင်းကောင်းကင်အမြှောက် သတ်လိုက်တဲ့ နတ်ဘုရားက ဆီးနှင်းကပ်ဘေးလွှတ်ခဲ့တဲ့ နတ်ဘုရားပဲ” ချင်မူ့အကြည့်များ လင်းလိုက်၊ မှိန်လိုက်ဖြစ်သွားပြီး သူက ညင်သာသောလေသံဖြင့် ပြောလိုက်သည်။ “သူ့ထိုက်နဲ့ သူ့ကံပေါ့လေ။ သေသင့်ပါတယ်။ ဆီးနှင်းကပ်ဘေးကြောင့် ပြည်သူတွေ ဆင်းရဲကုန်ပြီး လူဦးရေလည်း နှစ်ဆယ်၊ သုံးဆယ်ရာခိုင်နှုန်းလောက် ကျသွားတယ်။ သေသွားတဲ့ လူအရေအတွက်က စစ်ဘေးကြောင့် သေရတဲ့အရေအတွက်ထက်တောင် များသေးတယ်”
ကျောက်စိမ်းမြို့တော်ငယ်မှ သုံးယောက်က မည်သည်ကိုမှ မပြောပေ။
ဆီးနှင်းကပ်ဘေး ဝင်ရောက်လာတုန်းက ဧကရာဇ်အတိုင်ပင်ခံသည် ကျောက်စိမ်းမြို့တော်ငယ်သို့ ရောက်လာခဲ့၏။ ရသေ့ကြီးချင်းယိုက ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်မလုပ်ဆောင်ဘဲ ကျောက်စိမ်းမြို့တော်ငယ်တွင်သာ နေရန် ဧကရာဇ်အတိုင်ပင်ခံအား နားချခဲ့သည်။ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်အတိုင်ပင်ခံ၏ ပြုပြင်ပြောင်းလဲမှုများက ဆီးနှင်းကပ်ဘေးဖြစ်ပွားရသည့် အကြောင်းရင်း ဖြစ်သည်ဟု ကျောက်စိမ်းမြို့တော်ငယ်၏ နတ်ဝိဇ္ဇာများ ယုံကြည်ခဲ့ကြသည်။
ဝမ့်မူရန်တို့လည်း ထိုအကြောင်း ကြားခဲ့ရ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရက်ပိုင်းမျှ စိတ်ရှုပ်ထွေးနေခဲ့သော်လည်း ကျောက်စိမ်းမြို့တော်ငယ်မှ ထွက်သွားခဲ့သည်။ သူ ထွက်သွားပြီးမကြာခင် ဆီးနှင်းကပ်ဘေး ရပ်သွား၏။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ပြုပြင်ပြောင်းလဲမှုများအား ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ထားဆဲဖြစ်သည့်အကြောင်း ရသေ့ကြီးချင်းယိုက သူတို့အား ပြောပြခဲ့သည်။
ထိုအချိန်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသော်လည်းကောင်း၊ ကျောက်စိမ်းမြို့တော်ငယ်၏ နတ်ဝိဇ္ဇာများသော်လည်းကောင်း ယခုလိုအခြေအနေသို့ ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ယခုမူ နတ်ဘုရားတစ်ပါး ကြွေလွင့်သွားပြီး ထိုနတ်ဘုရားက ဆီးနှင်းကပ်ဘေးလွှတ်ခဲ့သော နတ်ဘုရားဖြစ်နေသည်။
သူ၏သေဆုံးမှုက ထာဝရငြိမ်းချမ်းအင်ပါယာဆီသို့ မည်သည့်ပြောင်းလဲမှုများ သယ်ဆောင်လာမည်ကို ပြောရခက်သည်။ မည်သူမှ မခန့်မှန်းနိုင်သလို၊ တွေးမကြည့်တတ်ပေ။
ချင်မူ ဧကရာဇ်တံဆိပ်ပြားကို ရေဖြင့်ဆေးလိုက်သော်လည်း မထိရဲသေးပေ။ ဆေးရည်များ ဖျော်၍ စိမ်ထားပြီးနောက်မှ ကောက်ကိုင်ရဲသည်။ သူ လည်ပင်း၌ ပြန်ဆွဲထားလိုက်၏။
အပြင်တွင် တဖြည်းဖြည်း သွေးမိုးစဲသွားပြီး ကောင်းကင်ထက်ရှိ မိုးတိမ်တိုက်များ လွင့်စင်သွားသည်။ နေရောင် ပြန်ထွက်လာသည့်အခါ ချင်မူတို့ ကောင်းကင်ခန်းမ၏အပြင် ထွက်လိုက်ကြပြီး မြေပြင်ပေါ်ရှိ သွေးကွက်များကို ရှောင်ရန် လေပေါ် ပျံတက်လိုက်ကြသည်။
ကောင်းကင်က မိုင်တစ်သောင်းအကွာထိတိုင်အောင် တိမ်ကင်းစင်၍ ပြာလဲ့ကြည်လင်နေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အပေါ်က တိုက်ပွဲကား အမှန်တကယ် မဖြစ်ပွားခဲ့သော အိပ်မက်တစ်ခုအလား ထင်ရ၏။
နေရောင်က အနောက်ဘက်မှ ဖြာဆင်းလာပြီး လေကလည်း များစွာလတ်ဆတ်လာသည်။
သူတို့အားလုံး လေထဲတွင် ရပ်၍ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ကြ၏။ ချင်မူ မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ ဧရာမအရိပ်မည်းမည်းကြီးတစ်ခုအား ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။
နေသူရိန်ခွန်းအမြှောက်။
နေသူရိန်ခွန်းအမြှောက်က ကောင်းကင်ကို ဖြတ်၍ သူတို့ဆီသို့ ပျံဝဲလာနေသည်။
ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံက အမြှောက်၏အောက်ခုံအပြားပေါ်တွင် ရပ်နေကြပြီး လေတိုးမှုကြောင့် သူတို့၏အဝတ်အစားများ တဖျပ်ဖျပ် လှုပ်နေ၏။ သူတို့ဘေးတွင် အရာရှိများလည်း ရှိကြသည်။ ချင်မူ ဧကရာဇ်ယန်ဖုန်းကို နေသူရိန်ခွန်းအမြှောက်ပစ်နည်း သင်ပေးထား၍ စောစောက ပစ်လိုက်သူမှာ သူ ဖြစ်လိမ့်မည်။
အမြှောက်အောက်ခုံပေါ်ရှိ ဆေးမီးဖိုများ၏ မီးတောက်များမှ အဖြူရောင်အလင်းတန်းများ ဖြာထွက်နေပြီး ခွနှစ်ခု၏ အလယ်ရှိ ကောင်းကင်မျက်လုံးက ဖြည်းဖြည်းချင်း လည်ကာ ကြောက်မက်ဖွယ်ရာ အင်အားကို ထုတ်လွှတ်နေသည်။
ဧကရာဇ်ယန်ဖုန်း၏ မျက်နှာက ဝင်းပနေပြီး သူ၏သွင်ပြင်မှာ တက်ကြွလန်းဆန်းနေ၏။
“မင်း သွန်းလုပ်ထားတဲ့ ကောင်းကင်အမြှောက်က နတ်ဘုရားတစ်ပါးကို ပစ်ချလိုက်တာပဲ” လောင်ယွီက ပြောလိုက်သည်။ “ခေတ်ကြီး ပြောင်းလဲသွားပြီ၊ သေမျိုးလူသားတစ်ယောက်ဟာ အထက်ကောင်းကင်မှ နေတဲ့ နတ်ဘုရားတစ်ပါးကို ပစ်ချနိုင်ပြီတဲ့လေ.... လူသားဧကရာဇ် ဒါဟာ ကောင်းတဲ့အရာလား၊ ဆိုးတဲ့အရာလား”
“ငါ မသိဘူး။ နတ်ဘုရားတွေ နိုင်ထက်စီးနင်း မလုပ်နိုင်တော့တာကိုပဲ သိတယ်”
ချင်မူ့စိတ်ထဲတွင် လှုပ်ခတ်နေသည်။ သူ သွန်းလုပ်ခဲ့သော နေသူရိန်ခွန်းကောင်းကင်အမြှောက်က အထက်ကောင်းကင်ဘုံ၌ စံမြန်းသော နတ်ဘုရားတစ်ပါးကို ပစ်ချနိုင်ခဲ့သည်။ ဤသည်မှာ အမှန်တကယ် ဂုဏ်ယူစရာဖြစ်၏။
လောင်ယွီက သူ့ကို ကြည့်လိုက်ပြီး အဓိပ္ပါယ်ပါပါ သက်ပြင်းချလိုက်သည်။ “လူသားဧကရာဇ်၊ ငါတို့ ကျောက်စိမ်းမြို့တော်ငယ်မှာ မှတ်တမ်းတွေအများကြီး ရှိတယ်။ အချိန်ရရင် အရင်ခေတ်တွေရဲ့ သမိုင်းကြောင်းတွေကို ဖတ်ကြည့်ဖို့ ငါ မင်းကို အကြံပြုချင်တယ်”
ချင်မူ အတန်ငယ် အံ့အားသင့်သွားသည်။ သူက အမြှောက်ဆီ ပျံသန်းသွားပြီး ပြုံးလိုက်၏။ “ငါ မြို့တော်ကို ပြန်ပြီး မိန်းကလေးယွိရှို့နဲ့ အရပ်ခြောက်မျက်နှာအဆင့်မှာ မူလဝိညာဉ်ကို ဘယ်လိုဖွဲ့တည်ရသလဲ လေ့လာရဦးမယ်။ အချိန်ရရင်တော့ ကျောက်စိမ်းမြို့တော်ငယ်ဆီ လာခဲ့ပါမယ်။ စွမ်းအင်ငါးရပ်ခန်းမကို ဝင်စရာလည်း ရှိသေးတယ်”
လောင်ယွီ သက်ပြင်းချလိုက်ပြီး မည်သည်ကိုမှ မပြောပေ။
ဝမ့်မူရန်သည် သိုင်းကျင့်ခြင်းကိုသာ စိတ်ဝင်စားပြီး မုချင်းသိုင်က ငြိမ်ငြိမ်မနေတတ်ပေ။ ကျောက်စိမ်းမြို့တော်ငယ်၏ တပည့်သုံးယောက်အနက် လောင်ယွီတစ်ယောက်တည်းသာ မှတ်တမ်းများကို အေးအေးဆေးဆေး ထိုင်ဖတ်နိုင်သူ ဖြစ်သည်။
နေသူရိန်ခွင်းအမြှောက် နတ်ဘုရားတစ်ပါးအား သတ်လိုက်ခြင်းက အံ့ဩတုန်လှုပ်ဖွယ်ရာ ဖြစ်သော်လည်း အကျိုးဆက်များက လောင်ယွီ့ကို စိတ်ပူမိစေသည်။
ဝမ့်မူရန်နှင့် မုချင်းသိုင်လည်း အမြှောက်ဆီ ပျံသန်းသွားသည့်အတွက် လောင်ယွီလည်း လိုက်သွားရသည်။
“အရှင်မင်းကြီး။ ဧကရာဇ်အတိုင်ပင်ခံ”
ချင်မူတို့ အမြှောက်အောက်ခုံအပေါ် ဆင်းသက်၍ နှုတ်ဆက်လိုက်သည်။ ဧကရာဇ်ယန်ဖုန်းမှာ စိတ်လှုပ်ရှားနေသည်ကို မဖုံးကွယ်နိုင်ဘဲ လက်ကာလိုက်၏။ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် မိန့်တော်မူ၏။ “ထုံးစံတွေ မလိုပါဘူး ဝန်မင်းချင်။ ဒီအမြှောက်က ...”
ချင်မူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး စိတ်အားတက်ပါရဲ့လား”
ဧကရာဇ်ယန်ဖန်းက အားရကျေနပ်မှုအပြည့်ဖြင့် ကျယ်လောင်စွာ ရယ်လိုက်သည်။ “သိပ်တက်တာပဲ။ ဒီအမြှောက်က ဆီးနှင်းကပ်ဘေးလွှတ်လိုက်တဲ့ နတ်ဘုရားကို သတ်လိုက်တာကွယ့်။ စိတ်အားတက်တာထက်ကို ပိုမိပါတယ်။ ဒါဟာ ကောင်းကင်ဘုံရဲ့ ကိုယ်စား တရားစီရင်လိုက်တာပဲ။ ကျန်တဲ့နတ်ဘုရားတွေ ထွက်ပြေးသွားတာ ဆိုးလွန်းတယ်။ မဟုတ်လို့ကတော့ ဧကရာဇ်အတိုင်ခံနဲ့ ဝန်မင်းချင်ကိုလည်း အရသာခံခိုင်းလို့ရမှာ”
သူ့အနောက်ရှိ စာရေးတော်ကြီးက ချောင်းဟန့်၍ ခပ်တိုးတိုး လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး၊ ကောင်းကင်သားတော် ဧကရာဇ်မင်းမြတ်ဆိုတာ ကိုယ်နှုတ်စောင့်စည်းတော်မူရပါတယ်...”
ဧကရာဇ်အတိုင်ပင်ခံက လက်ကာပြီး ပြုံးတော်မူသည်။ “မမှတ်ထားရင် အဆင်ပြေပါတယ်။ ကိုယ်တော် တစ်ချက်ပစ်ကြည့်ချင်လွန်းလို့ လက်ယားနေတာ ကြာပြီ။ ဒါပေမဲ့ ဆေးစွမ်းအင်ကျောက်တုံး ဒီလောက်ကုန်နေမှတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဝန်မင်းချင်ကို ထူးဆန်းတဲ့နတ်ဘုရားတစ်ပါး ခေါ်သွားပြီး ဒီပတ်ဝန်းကျင်မှာ နတ်ဘုရားတွေ တိုက်ခိုက်နေတဲ့အကြောင်းသာ မကြားရင် ငါကိုယ်တော် ဒီအမြှောက်ကို သုံးနိုင်မှာတောင် မဟုတ်ဘူး
“ဟုတ်သား ဝန်မင်းချင်၊ ဒီလူ့ကို လာတွေ့စမ်းပါဦး။ သူက မဟာတောင်ဖြူဂိုဏ်းရဲ့ ဂိုဏ်းချုပ်လို့ဆိုတယ်။ မောင်မင်းက ထူးဆန်းတဲ့နတ်ဘုရားတစ်ပါးနဲ့ နဂါးအုပ်ကို ခေါ်လာပြီး သူ့တောင်ဖြူဓားဂိုဏ်းကို လာသိမ်းပိုက်တဲ့အကြောင်း တိုင်ကြားလွှာ လာတင်တာ”
ချင်မူ ဧကရာဇ်ယန်ဖုန်း၏ အနောက်သို့ ကြည့်လိုက်သည့်အခါ ပြုံးလျက် ထွက်လာသော ဆံဖြူအဘိုးကြီးတစ်ယောက်အား မြင်လိုက်ရသည်။
“ဒီဂိုဏ်းချုပ်က မင်းနဲ့ အဲဒီနတ်ဘုရား သူတို့ဂိုဏ်းရဲ့ ရတနာယူကို ယူသွားတယ်ပြောတယ်” ဧကရာဇ်ယန်ဖုန်းက ပြုံးလိုက်ပြီး ပြော၏။ “ကိုယ်တော်လည်း တစ်ခုခုမူမမှန်သလို ခံစားရတာနဲ့ ဧကရာဇ်အတိုင်ပင်ခံကို ခေါ်မေးလိုက်တာ။ သူက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ ရေနဂါးတွေ မရှိဘူးဆိုလို့ မောင်မင်း အန္တရာယ်ကြုံနေရမှန်း သိလိုက်ရတာပဲ”
ချင်မူ ဧကရာဇ်အတိုင်ပင်ခံအား ကျေးဇူးတင်လိုက်သည်။
ဧကရာဇ်အတိုင်ပင်ခံက ခေါင်းယမ်းလိုက်၏။ “ငါ့ကို ကျေးဇူးတင်စရာမလိုဘူး။ မဟာတောင်ဖြူဂိုဏ်းချုပ်ကိုသာ ကျေးဇူးတင်လိုက်ပါ။ သူသာ တိုင်ကြားလွှာ လာမပို့ရင် ဘယ်သူမှ မင်း အန္တရာယ်ကြုံနေမှန်း သိမှာမဟုတ်ဘူး”
မဟာတောင်ဖြူဂိုဏ်းချုပ်က ကပျာကယာ လျှောက်တင်လိုက်သည်။ “မသိဘဲလုပ်တာ အပြစ်မရှိပါဘူး။ ကျွန်တော်က နတ်ဂိုဏ်းသခင် မဟာတောင်ဖြူဂိုဏ်းကို သိမ်းပိုက်ပြီး ရတနာကို လိုချင်တယ်ထင်လို့ မြို့တော်ကို အပြေးရောက်လာတာပါ။ အခုလိုဖြစ်နေမယ်မထင်ခဲ့ဘူး။ နတ်ဂိုဏ်းသခင်၊ ကျွန်တော်တို့မဟာတောင်ဖြူမှာ ရတနာတွေ ရှိနေတာလား။ ဂိုဏ်းသခင် ရတနာတစ်ခုခု ရလိုက်ရင် ကျွန်တော်တို့ဂိုဏ်းဆီ ပြန်ပေးနိုင်မလား”
“ဒီကိစ္စက...”
ချင်မူ အခက်တွေ့သွားပြီး ပြောစရာစကားရှာမရပေ။ မဟာတောင်ဖြူဂိုဏ်းချုပ်အား သူ အမှန်ပြောသင့်လား မသိတော့ပေ။
ရုတ်တရက် စစ်သည်တစ်ယောက် ပျံသန်းရောက်လာပြီး တင်ပြသည်။ “အရှင်မင်းကြီး၊ နတ်ဘုရားအလောင်းကို ရှာတွေ့ပါပြီ”
ဧကရာဇ်ယန်ဖုန်း တမုဟုတ်ချင်း စိတ်အားတက်ကြွသွားသည်။ သူ လက်ခါယမ်းကာ ပြုံးတော်မူလိုက်သည်။ “ယူလာခဲ့”