အချစ်မပါတဲ့ အိမ်ထောင်ရေးက မမြဲဘူးဗျ
Vol. 28 Ch. 380
သားသတ်သမားက မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ “ခွေးမသားမျက်ကန်း၊ မင်းက မင်းသဘောနဲ့မင်း ဆုံးဖြတ်နေတာပဲ။ ချင်မူ့အမြင်ကိုလည်း မေးစမ်းပါဦး”
“မေးစရာမလိုဘူးကွ။ သူ့ကို ငါ မွေးထားတာ၊ ငါ့သဘောနဲ့ငါ ဆုံးဖြတ်မယ်”
မျက်ကန်းက ထိုသို့ပြောပြီးနောက် ချင်မူ့လက်ကို ဆွဲ၍ ခန်းမအပြင် ထွက်သွားသည်။ နဂါးများက သူတို့နောက် ကပျာကယာ လိုက်သွားကြ၏။ ရွာလူကြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “သားသတ်သမား လိုက်မသွားနဲ့။ မျက်ကန်း စဉ်းစဉ်းစားစား လုပ်ပါလိမ့်မယ်”
သားသတ်သမားက ခေါင်းယမ်းကာ ပြောလိုက်သည်။ “အဲဒီအဘိုးကြီးက ငါ့ထက်တောင် စိတ်ဆတ်သေးတယ်။ ဒီတစ်ခေါက်တော့ တကယ် ဒေါသထွက်နေတာ”
ခန်းမထဲတွင် ရသေ့ကြီးချင်းယို သက်ပြင်းချပြီး ဝမ့်မူရန်တို့ကို ပြောလိုက်သည်။ “လူသားဧကရာဇ်က ကောင်းကင်တံတားကို ပြန်ဆက်နိုင်မယ့် သင်္ချာညီမျှခြင်းတည်ဆောက်ဖို့ ငါတို့ကို တောင်အောက် ဖိတ်ခေါ်ခဲ့တာ။ အခု သင်္ချာညီမျှခြင်းလည်း တည်ဆောက်ပြီးပြီ။ ငါတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နေစရာမလိုတော့ဘူး။ ဒီနေရာမှာ ဒုက္ခတွေ များလွန်းတယ်။ မင်းတို့တွေ ငါနဲ့ ကျောက်စိမ်းမြို့တော်ငယ်ဆီ ပြန်လိုက်မှာလား”
လောင်ယွီနှင့် မုချင်းသိုင်တို့ တွန့်ဆုတ်သွားသည်။ လောင်ယွီအနေဖြင့် ကျောက်စိမ်းမြို့တော်ငယ်ဆီ ပြန်ချင်ပါသော်လည်း မသေချာပေ။ သူ့အကြည့်က ဝမ့်မူရန်ဆီ ရောက်သွားသည်။ ကျောက်စိမ်းမြို့တော်ငယ်၏ တပည့်သုံးယောက်အနက် ဝမ့်မူရန်သည် စိတ်ကူးစိတ်သန်းအကောင်းဆုံး ဖြစ်၏။ မုချင်းသိုင်မှာ စပ်စုတတ်သော ကောင်မလေးဖြစ်၍ ပြီးခဲ့သည့်လများအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ကြုံတွေ့ခဲ့ရသော အံ့ဖွယ်ထူးကဲအဖြစ်အပျက်များကြောင့် သူမ နေခဲ့ချင်မိသည်။
ဝမ့်မူရန် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “တပည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ အခုလေးတင် တွေ့ခဲ့ရပါတယ်” ရသေ့ကြီးချင်းယိုက မျက်ခုံးပင့်လိုက်၍ ဝမ့်မူရန် ဆက်ပြောလိုက်သည်။ “သူ ကျွန်တော့်ကို မမှတ်မိတော့ဘူး”
ရသေ့ကြီးချင်းယို သက်ပြင်းချ၍ ပြောလိုက်သည်။ “သူက ဧကရာဇ်အတိုင်ပင်ခံလေ ၊ မင်းကို ဘယ်မှတ်မိပါ့မလဲ”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကမ္ဘာလောကကြီးကို ပြုပြင်ပြောင်းလဲပြီး အခြေခံအုတ်မြစ်အသစ် တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ သူ့ရဲ့လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေဟာ တစ်နေ့ပြီးတစ်နေ့ တိုးတက်နေတဲ့အပြင် တိုးတက်နှုန်းက နတ်ဘုရားလိုပါပဲ။ ကျွန်တော် ကျောက်စိမ်းမြို့တော်ငယ်မှာပဲ သိုင်းကျင့်နေရင် အဆတစ်ရာပဲ ပိုကြိုးစားကြိုးစား ဒီဘဝမှာ သူ့ကို ဘယ်တော့မှ ကျော်တက်နိုင်မှာမဟုတ်တော့ဘူး။ ဒါ့အပြင် ဧကရာဇ်အတိုင်ပင်ခံကလည်း အင်မတန် အလုပ်ကြိုးစားတဲ့လူတစ်ယောက်ပါ”
“မင်း ဒီမှာ နေခဲ့ချင်တာလား” ရသေ့ကြီးချင်းယို မေးလိုက်သည်။
ဝမ့်မူရန်က အရိုအသေပေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ ပြုပြင်ပြောင်းလဲထားတဲ့ ခေတ်သစ်ကို ကျွန်တော် ခံစားကြည့်ချင်ပါတယ်။ ဧကရာဇ်အတိုင်ပင်ခံရဲ့ အခြေခံဓားချက်သုံးချက်၊ လူသားဧကရာဇ်ချင်ရဲ့ အရပ်ခြောက်မျက်နှာ မူလဝိညာဉ်၊ နေသူရိန်ခွင်းကောင်းကင်အမြှောက်၊ မိုးလေဝသကောင်းကင်နတ်သိုင်းတွေ။ ဒါတွေဟာ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ပြောင်းလဲနေခဲ့ပြီဆိုတဲ့ သက်သေပါ။ ကျောက်စိမ်းမြို့တော်မှာပဲ နေပြီး ဒီခေတ်သစ်ကို မခံစားလိုက်ရရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကျွန်တော့်ကို ဘယ်တော့မှ မှတ်မိတော့မှာ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ကလဲ့စားချေပြီး သတ်လိုက်ရင်တောင်မှ ကျွန်တော် ဘယ်သူမှန်း သူ သိမှာမဟုတ်ဘူး”
ရသေ့ကြီးချင်းယို သက်ပြင်းချမိလိုက်သည်။ “ဒါဆို မင်း ဒီမှာ နေခဲ့လိုက်တော့။ ချင်းသိုင်၊ လောင်ယွီ မင်းတို့နှစ်ယောက်ရော ဘယ့်နှယ့်လဲ”
မုချင်းသိုင်က ပြုံးလိုက်ပြီး ပြောသည်။ “ကျွန်မလည်း ဆရာတူမောင်လေး တစ်ယောက်တည်းမဖြစ်အောင် နေခဲ့ပါ့မယ်”
လောင်ယွီ တခဏ တွန့်ဆုတ်နေပြီးနောက် ပြောလိုက်သည်။ “ဆရာတူညီလေးနဲ့ ညီမလေးက နေခဲ့ဖို့ ဆုံးဖြတ်လိုက်မှတော့ အစ်ကိုကြီးဖြစ်တဲ့ ကျွန်တော်လည်း သူတို့ကို စောင့်ရှောက်ဖို့ နေခဲ့ပါ့မယ်”
ရသေ့ကြီးချင်းယို ခေါင်းကိုက်လာသည်။ “ကောင်းပြီ။ နောင်တော်ရုံဟယ်၊ ကျောက်စိမ်းမြို့တော်ဆီ ပြန်ကြစို့”
ကျောက်စိမ်းမြို့တော်ငယ်၏ နတ်ဝိဇ္ဇာအိုကြီးသုံးယောက် လေပေါ်ပျံတက်လိုက်ကြပြီး ရွာလူကြီး၊ ရွှေအနှင့် သားသတ်သမားတို့ကို နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။
သူတို့သုံးယောက် ကောင်းကင်ပေါ် ပျံတက်နေကြသည့်အချိန်တွင် ရသေ့ကြီးချင်းယိုက ရုံဟယ်နှင့် ရုံယွင်ကို ပြောလိုက်၏။ “နောင်တော်တို့၊ ကျွန်တော် တပည့်သုံးယောက်ကို စိတ်မချဘူး။ နောင်တော်တို့ ကျောက်စိမ်းမြို့တော်ငယ်ဆီ အရင်ပြန်နှင့်ပါ။ ကျွန်တော် သူတို့သုံးယောက်ကို နောက်ကွယ်ကနေ စောင့်ရှောက်ပေးရမယ်”
“အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားကို ဧကရာဇ် သတ်လိုက်တဲ့ အကျိုးဆက်က ဘာတွေဖြစ်လာမလဲ မသိဘူး။ မင်း နေကျန်ခဲ့ရင် အဲဒီပြဿနာတောထဲ ရောက်သွားလိမ့်မယ်။ ဒီနေရာက ဒုက္ခပင်လယ်ကြီးပဲ။ နေဖို့မသင့်ဘူး” ရုံဟယ်က ကပျာကယာ ပြောလိုက်သည်။
ရသေ့ကြီးချင်းယို ပြုံးလိုက်ပြီး ပြောလိုက်၏။ “မပူပါနဲ့ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော့်လူနှလုံးသားက သေသွားတာ ကြာပါပြီ။ ဒီလောကကို သံယောဇဉ်မတွယ်တတ်တော့ပါဘူး” ထိုသို့ပြောပြီးသောအခါ သူ ထွက်သွား၏။
ချင်နူ နဂါးချီလင်၏ကျောပေါ်တွင် ထိုင်ကာ မျက်ကန်းနှင့်အတူ မဟာမြို့ပျက်ဆီ ပြန်နေသည်။ မျက်ကန်းကို နဂါးချီလင်ပေါ် တက်လာခိုင်းသော်လည်း မျက်ကန်းက မတက်ချင်၍ တောင်ဝှေးဖြင့်သာ ဆက်လျှောက်နေသည်။
အတန်ကြာသော် မျက်ကန်းက ရုတ်တရက် ရပ်လိုက်၏။
ချင်မူ နဂါးချီလင်ကို ရပ်ခိုင်းလိုက်၍ သူ့ဘေးရှိ နဂါးများလည်း ရပ်သွားသည်။
မျက်ကန်းက မချင့်မရဲ သက်ပြင်းချလိုက်သည်။ “မူအာ သားသတ်သမားက မင်းရဲ့အမြင်ကို မေးစေချင်ခဲ့ပေမယ့် ငါ မမေးခဲ့ဘူး။ အခု ငါ မင်းကို မေးမယ်။ မင်း မဟာမြို့ပျက်ကို ပြန်ချင်ရဲ့လား”
ချင်မူ ပြုံးလိုက်ပြီး ပြောလိုက်၏။ “ဘိုးဘိုးမျက်ကန်းက ကျွန်တော့်ကို ပြန်လိုက်စေချင်ရင် ကျွန်တော် ပြန်လိုက်ပါ့မယ်။ ကျွန်တော် နေခဲ့ချင်တယ်ဆိုရင်ရော ဘိုးဘိုးမျက်ကန်း နေခွင့်ပြုမှာမလို့လား”
“မပြုဘူး”
ချင်မူ စကားလမ်းကြောင်း လွှဲ၍ မေးလိုက်သည်။ “ရွာလူကြီးက ဘိုးဘိုးသားသတ်သမားကို နေ၊ လနဲ့ ကြယ်တွေက အတုဖြစ်နေတဲ့အကြောင်း မေးသေးလား”
“အဲဒီဝက်သတ်သမားကို မင်းကိုယ်တိုင် သွားမေး”
ချင်မူ စကားထက်မပြောတော့ပေ။ သူတို့နှစ်ယောက် လမ်းဆက်လျှောက်နေစဉ် မှောင်ရီပျိုးစပြုလာ၏။ ချင်မူ မီးဖို၍ ညစာချက်ပြီး ညစာစားလိုက်ကြသည်။ မျက်ကန်းက ဝါးတောင်ဝှေးကို မြှောက်၍ ချင်မူ့ပတ်ပတ်လည်တွင် စည်းဝိုင်းတစ်ခု ဆွဲလိုက်သည်။ “စည်းထဲမှာ စောင့်နေ ၊ အပြင်မထွက်နဲ့... ငါ မင်းအတွက် မိန်းမသွားခိုးမယ်။ ငါတို့ ရွာပြန်ရောက်ရင် မင်း ချက်ချင်း လက်ထပ်ပြီး ကလေးယူရမယ်”
ချင်မူ အလန့်တကြား ထခုန်မိလိုက်သည်။ မျက်ကန်းက တောင်ဝှေးတစ်လက်ဖြင့် ကောင်းကင်ပေါ် ခုန်တက်ကာ ပျောက်ကွယ်သွား၏။
‘မိန်းမသွားခိုးမယ်။ ကလေးယူရမယ်တဲ့လား”
ချင်မူ အကြီးအကျယ် တုန်လှုပ်သွားသည်။ သူ စည်းဝိုင်းအပြင် ထွက်ရန် ကြိုးစားလိုက်သော်လည် စည်းဝိုင်းမှ ထွမ်ခနဲ မြည်သံထွက်လာပြီး အလင်းတန်းများ တောက်ပလာ၏။ သူ ချက်ချင်း စည်းဝိုင်းထဲ ပြန်တွန်းခံလိုက်ရသည်။
‘ဘိုးဘိုးမျက်ကန်းရဲ့ တားမြစ်အစီအရင်က သိပ်အားကောင်းတာပဲ။ ဒါပေမဲ့ ဘိုးဘိုးထော့ကျိုးက ဘာတားမြစ်အစီအရင်ကိုမှ မကြောက်တဲ့ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းကို သင်ပေးထားတယ်’
ချင်မူ ခြေထောက်ထဲ အားကုန်ပို့လွှတ်လိုက်သော်လည်း ကောင်းကင်ခိုးယူခြေလှမ်းသိုင်းကို အသုံးပြုလိုက်သည့်အချိန်မှာပဲ တွန်းထုတ်ခံလိုက်ရပြန်သည်။ မျက်ကန်း ဆွဲခဲ့သော စည်းဝိုင်းက အလွန်ထူးခြား၏။ စည်းဝိုင်းအရွယ်အစားက ထော့ကျိုး၏ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းကို အတိအကျ တားမြစ်နိုင်နေသည်။ ထော့ကျိုး၏သိုင်းကွက်သည် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ဟင်းလင်းပြင်အချုပ်အနှောင်ကို ချိုးဖျက်ခြင်းဖြစ်၏။
‘ဘိုးဘိုးမျက်ကန်းက ငါ့ကို ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ် သင်ပေးထားတာပဲ။ တားမြစ်အစီအရင်တွေကို ချိုးဖျက်ဖို့ မခက်လောက်ပါဘူး။ မျက်လုံး နိုးထ”
ချင်မူ့မျက်ဝန်းထဲတွင် သူငယ်အိမ်အလွှာအထပ်ထပ် ဖွဲ့တည်လာပြီး စိမ်းပြာရောင်ကောင်းကင်မျက်လုံး ပွင့်လာသည်။ စည်းဝိုင်းကို သူ စိုက်ကြည့်လိုက်သည့်အခါ စိတ်ဓာတ်ကျသွား၏။ သူ မြင်နေရသောအရာများအား နားမလည်ပေ။
ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို ဖန်တီးခဲ့သူအနေဖြင့် မျက်ကန်းသည် ကောင်းကင်မျက်လုံးလှံနတ်ဘုရားဟု ထင်ရှားကျော်ကြား၏။ သူ၏ အားကောင်းသောမျက်လုံးများကြောင့် အစီအရင်ဝင်္ကပါပညာရပ်တွင် အတိုင်းထက်အလွန် ထူးချွန်သည်။
ချင်မူ ကောင်းကင်မျက်လုံး၏ ကောင်းကင်ကိုးခုလုံးကို ဖွဲ့တည်လိုက်လျှင်ပင် စည်းဝိုင်းအပြင် ထွက်နိုင်မည်မဟုတ်ပေ။
‘ငါ့မှာ နေမျက်လုံးနဲ့ လမျက်လုံး ရှိသေးတာပဲ။ အဲဒါတွေနဲ့ဆို ဘိုးဘိုးမျက်ကန်းရဲ့ တားမြစ်အစီအရင်ကို ဖွင့်နိုင်လောက်တယ်။ ဒါပေမဲ့...’
သူ အခက်တွေ့နေသည်။ မျက်ကန်း ဆွဲခဲ့သော စည်းဝိုင်းက အလွန်သေးငယ်လှ၍ မျက်လုံးနှစ်လုံး မဆန့်ပေ။
ချင်မူ နဂါးချီလင်နှင့် နဂါးအုပ်ကို လှမ်းကြည့်လိုက်သည်။ သူ ဧကရာဇ်တံဆိပ်ပြားကို ထုတ်၍ လျှို့ဝှက်နဂါးထိန်းနည်းသံစဉ်ကို ပုလွေဖြင့် တီးမှုတ်လိုက်သည်။ နဂါးများက စည်းဝိုင်းကို တမုဟုတ်ချင်း တိုက်ခိုက်ကြ၏။
သို့သော် ဤမျှသန်မာအားကောင်းသော နတ်ဘုရားများပင် စည်းဝိုင်းကို မချိုးဖျက်နိုင်ပေ။ အလင်းတန်းများ တောက်ပလာပြီး သားကောင်ကို အထဲ၌ ပိတ်ထားသည်။
ချင်မူ နဂါးများအား အားကုန်မထုတ်ခိုင်းရဲတော့ပေ။ စည်းဝိုင်း မခံနိုင်၍ ပြိုကွဲသွားလျှင် သူလည်း တစစီ ပေါက်ကွဲသွားလောက်သည်။
ချင်မူလည်း ကြံရာမရတော့၍ မျက်ကန်း မိန်းမခိုးလာမည်ကိုသာ စောင့်နေရတော့သည်။
နေသူရိန်ခွင်းအမြှောက်က မြို့တော်ဆီ ပျံသန်းနေဆဲဖြစ်သည်။ ဧကရာဇ်ယန်ဖုန်းမှာ တငွေ့ငွေ့လောင်ကျွမ်းနေသော ဆေးမီးဖိုများကို ကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေတော်မူသည်။ သူ့မျက်လုံးထဲတွင် လောင်ကျွမ်းနေသည်မှာ ဆေးစွမ်းအင်ကျောက်တုံးများ မဟုတ်တော့ဘဲ တဖုန်းကြေးပြားများ ဖြစ်နေသည်။ လောင်ကျွမ်းနေသည့်ပမာဏက သူ့ကို ပို၍ရင်နာလာစေ၏။
ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခုက အမြှောက်ဘေးမှ ရိပ်ခနဲ ဖြတ်သွားသည်။
“တယ်မြန်လှပါလား” ဧကရာဇ်ယန်ဖုန်း တလေးတစား ချီးကျူးမိလိုက်၏။
ဧကရာဇ်အတိုင်ပင်ခံ လျှောက်လာပြီး အဝေးကို ကြည့်ကာ ပြောလိုက်သည်။ “အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ မျက်ကန်းအဘိုးကြီးဖြစ်ရမယ်။ သူက ဟိုတုန်းက လှံနတ်ဘုရားလို့ ကျော်ကြားခဲ့ဖူးပါတယ်”
“သူ့ကို ငါ့လက်အောက်မသွင်းနိုင်တာ နှမြောစရာပဲ” ဧကရာဇ်ယန်ဖုန်း သက်ပြင်းချလိုက်သည်။
သန်းခေါင်ယံရောက်သည့်အချိန်တွင် ထိုလူရိပ်က အမြှောက်ဘေးမှ ဖြတ်၍ ပြန်သွားသည်။ ဧကရာဇ်ယန်ဖုန်း သူ့ကို ကြည့်ပြီး စပ်စပ်စုစု မေးလိုက်၏။ “လှံနတ်ဘုရားက ဂုန်နီအိတ်ကြီး ဘာလို့သယ်ထားတာပါလိမ့်”
“ကျွန်တော်မျိုးလည်း မသိပါဘူး”
ဧကရာဇ်အတိုင်ပင်ခံလည်း အတန်ငယ် ဇဝေဇဝါ ဖြစ်နေသည်။ “လူ့လောကရဲ့အပြင်က သိုင်းပညာရှင်တွေမှာ ထူးထူးဆန်းဆန်း ဝါသနာတွေ ရှိပါတယ်။ ဂိုဏ်းသခင်ချင်ရဲ့ မိသားစုဝင်တွေမှာလည်း နားလည်ရခက်တဲ့ ထူးထူးဆန်းဆန်းဝါသနာတွေ ရှိတယ်”
နေမွန်းတည့်သည့်အခါ သူတို့ မြို့တော်၏အပြင်သို့ ရောက်လာ၍ အမြှောက်ကို အောက်ဆင်းသက်စေလိုက်သည်။ ထိုအခါ နန်းတော်ထဲမှ အစောင့်များ အပြေးအလွှား ထွက်လာပြီး ဒူးထောက်ကာ လျှောက်တင်ကြ၏။ “အရှင်မင်းကြီး၊ မနေ့ညက တောင်ဝှေးနဲ့ အဘိုးကြီးတစ်ယောက်က ဆဋ္ဌမမင်းသမီးကို ပြန်ပေးဆွဲသွားပါတယ်”
ဧကရာဇ်ယန်ဖုန်း အကြောင်သားဖြစ်သွားသည်။ “တောင်ဝှေးနဲ့အဘိုးကြီးဟုတ်လား။ ဧကရာဇ်အတိုင်ပင်ခံ လှံနတ်ဘုရားက တောင်ဝှေးနဲ့အဘိုးကြီးမဟုတ်လား...”
ချင်မူ နိုးသည့်အခါ မွန်းတည့်နေပြီဖြစ်သည်။ မျက်ကန်းလည်း ပြန်ရောက်လာ၏။ သူက ဂုန်နီအိတ်ကြီးတစ်အိတ်ကို ချလိုက်ပြီး အထဲမှ မိန်းကလေးတစ်ယောက်၏အသံ ထွက်လာသည်။
“ဖက်တီးဝက်၊ ပုံစံအစစ် ပြောင်းလိုက်”
မျက်ကန်းက နဂါးချီလင်ကို ခေါ်၍ ကိုက်တစ်ရာ့နှစ်ဆယ်ကျော် ရှည်လျားသော ကိုယ်လုံးကြီးအဖြစ် ပြောင်းလဲခိုင်းလိုက်သည်။ ထို့နောက် အိတ်ကြီးကို ထမ်း၍ လျှောက်လာပြီး သူ့တောင်ဝှေးဖြင့် စည်းဝိုင်းကို ဖျက်လိုက်၏။ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။ “ချင်မူ၊ လက်ထပ်ဖို့ ရွာပြန်ကြစို့”
“ဘိုးဘိုးမျက်ကန်း၊ အချစ်မပါတဲ့ အိမ်ထောင်ရေးက မမြဲဘူးဗျ” ချင်မူ ကမန်းကတန်း ပြောလိုက်သည်။
“မြဲတယ် စိတ်ချ” မျက်ကန်းက သူ့ကို နဂါးချီလင်၏ ကျောပေါ် ဆွဲတင်လိုက်သည်။ “မမြဲရင်လည်း မြဲတဲ့တစ်ယောက်နဲ့ ပြောင်းပေးမယ်။ ကောင်လေး စိတ်အေးအေးသာထား။ ဖက်တီးဝက်၊ ရှေ့က ရွာမှာ ခဏရပ်၊ ငါတို့သတို့သားသတို့သမီး ဝတ်စုံ ဝယ်ရမယ်”
ဖက်တီးနဂါးက နာခံလိုက်သည်။ သူ၏ကိုယ်အစစ်သည် အတိုင်းထက်အလွန် ကြီးမား၍ သူ ပြေးသည့်အခါ သင်္ဘောကြီးတစ်စင်းကဲ့သို့ တည်ငြိမ်၏။
ချင်မူ အိတ်ကို ဖြေလိုက်သည့်အချိန်တွင် အထဲမှ လှပသော ပိတုန်းရောင်ဆံပင်လေးများ ထွက်ကျလာသည်။ ရင်းနှီးနေသော ကိုယ်သင်းနံ့က သူ့နှာခေါင်းဝကို ကျီစယ်သွား၏။
အိတ်ကြီး လှုပ်သွားပြီး လင်ယွိရှို့ ခေါင်းမော့လိုက်သည်။ သူမပါးစပ်ထဲ အဝတ်စတစ်စ ထည့်ခံထားရသည်။ မျက်ကန်းက ဘေးတွင် ရပ်၍ ဂုဏ်ယူစွာ ပြုံးနေသည်။
ချင်မူ လင်ယွိရှို့ကို အိတ်ထဲမှ ကပျာကယာ ဆွဲထုတ်လိုက်သည့်အခါ သူမခြေထောက်များ၊ လက်များလည်း ရွှေရောင်ကြိုးဖြင့် တင်းတင်းကြပ်ကြပ် တုပ်နှောင်ခံထားရကြောင်း တွေ့လိုက်ရသည်။ သူမ တုပ်တုပ်မှမလှုပ်နိုင်ပေ။
သူ သူမပါးစပ်ထဲမှ အဝတ်စကို ထုတ်ပေးပြီး ရွှေရောင်ကြိုးကို ဖြည်ပေးရန် ပြင်လိုက်စဉ် ဂုန်နီအိတ်က လှုပ်လာပြန်သည်။ အထဲ၌ မိန်းကလေးနောက်တစ်ယောက် ရှိနေပြီး ဆံပင်များရှုပ်ပွနေသော ခေါင်းလေးပြူထွက်လာ၏။
ချင်မူ အံ့အားသင့်သွားပြီး ထိုမိန်းကလေးကိုလည်း အိတ်ထဲမှ ကပျာကယာ ဆွဲထုတ်ပေးလိုက်သည်။ သူမကား ထိတ်လန့်နေသော စစ်ယွင်ရှန်းဖြစ်နေသည်။
ချင်မူ အကြီးအကဲ တုန်လှုပ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်မိသည်။ “ဘိုး .. ဘိုးဘိုးမျက်ကန်း နှစ်ယောက်တောင် ခိုးလာတယ်...”
အိတ်က လှုပ်လာပြန်၏။ ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ ကလေးမလေးတစ်ယောက်က ခေါင်းပြူထွက်၍ သူ့ကို အားကိုးတကြီး ကြည့်သည်။
ချင်မူ ဆွံ့အသွား၏။ “ဘာလို့ လင်းအာကိုပါ ခိုးလာတာတုန်း” သူ အသက်ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ကလေးမလေးကို ကမန်းကတန်း ဆွဲထုတ်ပေးလိုက်သည်။
“ငါ မင်းသမီးနဲ့ ကောင်းကင်နတ်မယ်ကို သွားခိုးတုန်း သူ့ကို လမ်းမှာတွေ့လို့ ခေါ်လာတာ” မျက်ကန်းက သူ့ကို တောက်ပစွာ ပြုံးပြနေဆဲဖြစ်သည်။ “သူတို့သုံးယောက်လုံးက ကောင်းကင်နတ်သိုင်းအိမ်ရာမှာ ဘေးချင်းကပ်ရက် နေကြတာလေ။ အချိန်မရှိဘူး မင်း ဒီနေ့ည လက်ထပ်ရမယ်။ ဘယ်တစ်ယောက်ကို ကြိုက်လဲ၊ စိတ်တိုင်းကျသာ ရွေးလိုက်”
ချင်မူ စစ်ယွင်ရှန်းနှင့် ဟူလင်းအာတို့၏ ပါးစပ်ထဲမှ အဝတ်စများကို ထုတ်ပေးလိုက်သည်။ ဟူလင်းအာမှာ အလွန်ပျော်ရွှင်နေပြီး ရှက်ဝဲဝဲလေးဖြင့် မေးလာ၏။ “သခင်လေး ကျွန်မတို့ ဒီည လက်ထပ်ရတော့မှာလား။ ကျွန်မ မပြင်ဆင်ရသေးဘူး...”
မျက်ကန်းက ပြုံး၍ ပြောလိုက်သည်။ “မင်းသမီးပဲဖြစ်ဖြစ်၊ ကောင်းကင်နတ်မယ်ပဲဖြစ်ဖြစ်၊ ဒီမြေခွေးမိစ္ဆာမလေးပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ သုံးယောက်လုံးနဲ့ တစ်ခါတည်း လက်ထပ်ချင်ရင်လည်း ရတယ်။ ငါလည်း မြေးမြန်မြန်ချီရတာပေါ့။ ကဲ ပြော ဘယ်သူ့ရွေးမှာလဲ”
မိန်းကလေးသုံးယောက်လုံး စကားတစ်ခွန်းမှ မပြောသော ချင်မူ့ကို ရင်ခုန်စွာ ကြည့်နေကြသည်။ ချင်မူက ရွှေရောင်ကြိုးကို ဖြေရန် ပြင်လိုက်သော်လည်း ရုတ်တရက် ခေါင်းတစ်ခေါင်း ဖွဲ့တည်လာပြီး ပါးစပ်ဟကာ သူ့အား လှမ်းကိုက်၏။
ချင်မူ အလန့််တကြား ထခုန်၍ လက်ပြန်ရုတ်လိုက်မိသည်။
“အဲ့ဒါ နဂါးကြွက်သား၊ သာမန်ကြိုးမဟုတ်ဘူး မင်း ဖြေလို့မရဘူး” မျက်ကန်းက သရော်တော်တော်ပြုံး၍ ပြောလိုက်သည်။ “ဒီနဂါးကြွက်သားက နဂါးအစစ်ရဲ့ ကြွက်သား၊ ရေနဂါးလို နဂါးရဲ့ ကြွက်သားမဟုတ်ဘူး”
ချင်မူ သက်ပြင်းချကာ ပြောလိုက်သည်။ “ဘိုးဘိုးမျက်ကန်းကတော့ ပြဿနာရှာပြန်ပြီ... ဟာ ဘွားဘွား ဘာလို့ ဒီရောက်လာတာလဲ”
မျက်ကန်း တမုဟုတ်ချင်း လှည့်ကြည့်လိုက်သည့်အခါ ချင်မူ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းဖြင့် အားကုန်ပြေးလိုက်သည်။
မျက်ကန်းက ဝါးတောင်ဝှေးကို မြှောက်၍ ဟင်းလင်းပြင်ကို ထိလိုက်၏။ နောက်တခဏတွင် ချင်မူ အားအင်ကုန်ခမ်းသွားပြီး လေပေါ်မှ ပြုတ်ကျလာသည်။
ဘုန်းးးး
“တော်တော်ပြောရခက်တဲ့ ကောင်လေး”
မျက်ကန်း ခေါင်းယမ်းပြီး ရွှေရောင်ကြိုးမျှင်နောက်တစ်ကြိုး ထုတ်လိုက်သည်။ ၎င်းက ချင်မူ့ကို တင်းတင်းကြပ်ကြပ် တုပ်နှောင်ကာ နဂါးချီလင်၏ ကျောပေါ် သယ်ဆောင်လာ၏။
“ဘိုးဘိုးမျက်ကန်း၊ မချစ်ပါတဲ့ အိမ်ထောင်ရေးက.... အွတ်”
မျက်ကန်းက သူ့ပါးစပ်ထဲ အဝတ်စတစ်စ ထိုးထည့်ပြီး မိန်းကလေးသုံးယောက်နှင့်အတူ ထားကာ သူ့ဘာသာသူ ရေရွတ်လိုက်သည်။ “တစ်နေ့တစ်ယောက်၊ သေချာပေါက် မြဲတယ်”