← Chapters

မင်္ဂလာဦးည

Vol. 28 Ch. 381

မင်္ဂလာဦးည

Vol. 28 Ch. 381

နဂါးချီလင်က အရှေ့ရွာတွင် ရပ်လိုက်ပြီး မျက်ကန်းက လိုအပ်သောပစ္စည်းများအား ခပ်သုတ်သုတ် ဆင်းဝယ်သည်။ သူက ဖုန့်ဟွမ်ခေါင်းဆောင်းများ၊ သတို့သားသတို့သမီးဝတ်စုံများနှင့် ချင်မူ့အတွက် အနီရောင်ပိုးချည်လုံးကြီးတစ်လုံး ဝယ်ချလာ၏။ ထို့နောက် အဘွားအိုလေးဦးကို ခေါ်ကာ သူတို့လေးယောက်အား အဝတ်အစားလဲခိုင်းသည်။

“ဧကရာဇ်ယန်ဖုန်းက သူ့သမီးတော်ပျောက်သွားလို့ ဒီကို လာရှာမှာပဲ။ အချိန်ဆွဲနေရင် ဘာဖြစ်သွားမလဲမသိဘူး။ မြန်မြန်အပြီးသတ်ရမယ်”

မျက်ကန်း မြေခွေးမလေးအိတ်ထဲမှ တဖုန်းကြေးပြားတချို့ထုတ်ကာ ခြံဝင်းတစ်ဝင်းဖြင့် အိမ်ကြီးရခိုင်တစ်လုံး ဝယ်လိုက်သည်။ အစေ့ခံမိန်းကလေးတချို့လည်း ငှားရမ်းပြီး မင်္ဂလာပွဲအတွက် ပြင်ဆင်ခိုင်းလိုက်၏။

ချင်မူမှာ လှုပ်မရအောင် တုပ်နှောင်ခံထားရသော်လည်း ကျင့်စဉ်စွမ်းအင် ရှိနေသေး၍ မျက်ကန်းကို အငိုက်ဖမ်းပြီး တုပ်နှောင်လိုက်ရန် ရွှေပုလွေကို တိုးတိုးတိတ်တိတ် မှုတ်လိုက်သည်။

သို့သော် ရွှေပုလွေသံ ထွက်လာပြီး ရေနဂါးများဖြင့် မချိတ်ဆက်နိုင်ခင်မှာပဲ မျက်ကန်းက တစ်ခုခုမူမမှန်သည်ကို ခံစားလိုက်ရ၏။ သူက ချင်မူ့မျက်ခုံးနှစ်ဖက်ကြားအား ဝါးတောင်ဝှေးဖြင့် ထိလိုက်၍ ချင်မူ သူ့ကိုယ်ထဲမှ တဒုန်းဒုန်း မြည်သံများ ကြားလိုက်ရသည်။ သူ၏အရပ်ခြောက်မျက်နှာ၊ ဓာတ်ကြီးငါးပါးနှင့် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ တစ်ခုပြီးတစ်ခု အပိတ်ခံလိုက်ရလေသည်။

မျက်ကန်းက လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့၏ ကောင်းကင်ရတနာများကိုလည်း ပိတ်လိုက်သည်။

ဟူလင်းအာက သူ လျှောက်လာသည်ကို မြင်လျှင် စိတ်လှုပ်ရှားစွာ ထခုန်သည်။ “ဘိုးဘိုးမျက်ကန်း စိတ်မပူနဲ့ လင်းအာ ထွက်မပြေးဘူး”

မျက်ကန်း သူမကိုယ်ပေါ်ရှိ ရွှေရောင်ကြိုးကို ဖြေပေးလိုက်သည်။ “ငါ မင့်ကြိုးတွေကို ဖြေပေးလိုက်မယ်။ သူတို့ကို ကူကြည့်ပေးထားဦး။ ငါ စားပွဲဝိုင်းတွေ သွားငှားပြီး တီးဝိုင်းအဖွဲ့တစ်ဖွဲ့လည်း ဖိတ်လိုက်ဦးမယ်”

“ဟုတ်ကဲ့” မြေခွေးမလေးက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

“သစ္စာ‌ဖောက်မ” လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့နှစ်ယောက်လုံး သူမအား မျက်စောင်းထိုးလိုက်ကြ၏။

ဟူလင်းအာက သူမကိုယ်သူမ ဂုဏ်ယူနေသည်။ သူက ထိုင်ခုံပေါ် တက်လိုက်ပြီး ကျစ်ဆံမြီး‌လေးများကို လှုပ်ယမ်းနေသည်။

‘ဘိုးဘိုးမျက်ကန်းက အတွေ့အကြုံရှိတာပဲ....” ချင်မူ လေးစားမိသွားသည်။ သူတို့၏ကျင့်စဉ်စွမ်းအင်များကို ပိတ်ရန် သုံးခဲ့သော ကောင်းကင်နတ်သိုင်းက သူတို့ကို မည်သည့်လှည့်ကွက်မှ ထုတ်သုံးမရအောင် ဖြစ်သွားစေသည်။

“ဖက်တီးနဂါး လာဦး” ချင်မူ့အကြည့်များ လှုပ်ရှားသွားပြီး နဂါးချီလင်အား လှမ်းခေါ်လိုက်သည်။ “ငါတို့ကို သယ်ပြီး ပြေးတော့”

နဂါးချီလင်က ခေါင်းယမ်းလိုက်သည်။ “ကျွန်တော် သူ့ထက် မြန်အောင် မပြေးနိုင်မှတော့ မပြေးတာပဲ ကောင်းပါတယ်” စကားပြောပြီးသောအခါ ဖက်တီးနဂါးက အမြီးလှုပ်ပြပြီး တံခါးဝ၌ သွားစောင့်နေသည်။

ချင်မူ ဆွံ့အသွား၏။ ဤဖက်တီး ဝိတ်လျှော့ရန် လိုအပ်ချေပြီ။

ညရောက်သည့်အခါ အဘွားအိုများက ချင်မူနှင့် လင်ယွိရှို့အား လာခေါ်ပြီး လက်ထပ်ခိုင်းသည်။ မျက်ကန်းက မင်္ဂလာပွဲကို သက်သေတည်ရန် ရွာလုံးကျွတ်နီးပါး ဖိတ်လာ၏။ သူက မည်သည့်လက်ဖွဲ့မှ လက်မခံသည့်အပြင် တီးဝိုင်းကလည်း နှဲများ၊ ခရာများ တီးမှုတ်နေသော သာမန်လူများသာ ဖြစ်သည်။ မင်္ဂလာပွဲတစ်ပွဲလုံး အလွန်ရိုးရှင်းသော်လည်း စည်စည်ကားကား ရှိသည်။

နောက်ဆုံးတော့ ရွာသားများက ချင်မူနှင့် လင်ယွိရှို့ကို မင်္ဂလာဦးအခန်းထဲ အတင်းထည့်လိုက်ကြသည်။

ဟူလင်းအာမှာ သတို့သမီးက သူမ,မဟုတ်၍ မကျေမနပ်ဖြစ်ပြီး အရက်သောက်ကာ မူးရူးနေတော့သည်။

မျက်ကန်းက လက်ယမ်းပြီး ပြောလိုက်သည်။ “မနက်ဖြန် ပြန်လာခဲ့ကြပါဦး။ မင်္ဂလာပွဲနောက်တစ်ပွဲ ရှိသေးတယ်။ သတို့သားက တစ်‌ယောက်တည်းပဲ သတို့သမီးပြောင်းမှာ”

“သတို့သားကတော့ တယ်ကံကောင်းတာပဲဗျို့” အကုန်လုံး အားကျစွာဖြင့် ပြန်သွားကြသည်။

ဟူလင်းအာက သူမကိုယ်လုံးထက် ကြီးသော အရက်အိုးကို သယ်၍ စားပွဲခုန်တက်လိုက်သည်။ သူမက ရီဝေဝေ ပြောလိုက်၏။ “ဘိုးဘိုးမျက်ကန်း၊ မနက်ဖြန်ကျရင် ကျွန်မ သတို့သမီးလုပ်မယ်”

“ဟုတ်ပါပြီ ဟုတ်ပါပြီ” မျက်ကန်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။

မင်္ဂလာဦးအခန်းထဲတွင် ချင်မူနှင့် လင်ယွိရှို့မှာ ခုတင်အစွန်းတွင် ထိုင်ကာ ဆူဆူပူပူအသံများ ဝေးကွာသွားသည်ကို နားစွင့်နေလိုက်သည်။ နှစ်ယောက်လုံး အတန်ငယ် ‌ကြောက်လန့်ပြီး စိုးရိမ်နေကြသည်။ အတန်ကြာသော် လင်ယွိရှို့က မျက်နှာလွှားပဝါကို မြှောက်၍ အနီရောင်ပိုးချည်လုံးကြီးကို ကိုင်ထားသော ချင်မူ့ကို ခိုးကြည့်လိုက်၏။ ချင်မူမှာ ပိုးချည်လုံးကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထား၍ သူမ ထရယ်လိုက်မိသည်။

ချင်မူ သူ့ကို လှမ်းကြည့်လိုက်၏။ “နင် ရယ်နိုင်သေးတယ်နော်။ အရှင်မင်းကြီးသာ သိလို့ကတော့ ငါ ခေါင်းပြတ်တော့မှာပဲ”

လင်ယွိရှို့မှာ မျက်နှာလွှားပဝါကို ဖယ်ချင်နေ၍ စိတ်ပျက်ဟန်ဖြင့် မျက်လုံးလှန်ကာ တခစ်ခစ် ရယ်လိုက်သည်။ “သတို့သမီးက ကိုယ့်ဘာသာ ပဝါဖယ်လိုက်ရင် ကံဆိုးတတ်လို့ သတို့သားက ဖယ်ပေးရတယ်တဲ့”

“အဲဒီလိုစည်းမျဉ်းလည်း ရှိတယ်လား”

ချင်မူ အံ့အားသင့်သွားသည်။ သူ သူမ၏ပဝါကို ဖယ်ပေးလိုက်သည့်အခါ မှင်သက်သွား၏။ မျက်နှာခြေလိမ်းထား၍ နှင်းဆီပွင့်လေးပမာ ရဲနေသော ပါးလေးနှစ်ဖက်ဖြင့် မိန်းကလေးမှာ ဖယောင်းတိုင်မီးအောက်တွင် အလွန်စွဲမက်ယစ်မူးဖွယ်‌ကောင်းလှသည်။ လင်ယွိရှို့ ရှက်သွားပြီး သူ့ကို ကြည့်လိုက်သည်။ “ဘာကြည့်နေတာလဲ”

“သိပ်လှတာပဲ” ချင်မူ ထရပ်၍ တံခါးကို တွန်းဖွင့်ကြည့်သော်လည်း ဖွင့်မ‌ရပေ။ “ဘိုးဘိုးမျက်ကန်းက တံခါးပိတ်သွားတယ်။ ပြတင်းပေါက်ကို စစ်ကြည့်ရမယ်”

သူ ပြတင်းပေါက်ဖွင့်၍ ခုန်ထွက်တော့မည့်အချိန် ဝါးတောင်ဝှေးတစ်ချောင်းက သူ့ကို လာထောက်သည်။ မျက်ကန်း၏အသံ ထွက်လာ၏။ “အိပ်တော့ ထွက်ပြေးဖို့ မစဉ်းစားနဲ့”

ချင်မူ တအံ့တဩ ပြန်ဝင်ပြီး စိတ်တိုတိုဖြင့်‌ ပြောလိုက်သည်။ “ဘိုးဘိုးမျက်ကန်း ဘာလို့ချောင်ထဲ ထိုင်နေတာလဲ”

“စည်းကမ်းအရ” မျက်ကန်းက ပြောလိုက်သည်။ “မပူနဲ့ ငါက ကန်းနေတာ ဘာမှမမြင်ရဘူး”

“ဟုတ်တာပေါ့ မမြင်ရပါဘူး” ချင်မူ ပြတင်းပေါက်ကို ပြန်ပိတ်ပြီး ခုတင်စွန်း၌ ပြန်ထိုင်လိုက်သည်။ “ဘိုးဘိုးမျက်ကန်း ထိုင်စောင့်နေတယ် ငါတို့ ထွက်ပြေးလို့မရတော့ဘူး” သူ စိတ်ပျက်လက်ပျက် ပြောလိုက်မိသည်။

သူတို့နှစ်ယောက် ခုတင်းဘေးတွင် ထိုင်နေကြသည်။ လင်ယွိရှို့က ဂါဝန်စကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး ချင်မူက သူ့ရင်ဘတ်အရှေ့ရှိ အနီရောင်ပိုးချည်လုံးကို ကိုင်ထား၏။ အတန်ကြာသော် ပြတင်းပေါက်အပြင်မှ မျက်ကန်း၏ ချောင်းဟန့်သံ ထွက်လာသည်။ “စားပွဲပေါ်မှာ မင်္ဂလာအရက်ခွက်နှစ်ခွက် ရှိတယ်။ မြန်မြန်သောက်ပြီး အိပ်ကြတော့”

ချင်မူ အရက်အိုးကို မြှောက်၍ ရိုက်ခွဲလိုက်၏။ မျက်ကန်း ဒေါသထွက်သွားပြီး တောင်ဝှေးဖြင့် လမ်းလျှောက်ထွက်သွားသည်။ တအောင့်ကြာသော် သူ ကြက်ဖတစ်ကောင်အား ရိုက်နှက်နေသံကို သူတို့ ကြားလိုက်ရသည်။ “ကြက်ဥမပေးနိုင်တဲ့ ကြက်ဖတစ်ကောင်ကို မွေးထားတော့ရော ဘာထူးမှာလဲ။ မင်း ကြက်ဥမပေးရင် ငါ မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်”

“ဘိုးဘိုးမျက်ကန်းက ကြက်ဖကို ဆူနေတာလား၊ ငါ့ဆူနေတာလား”

ချင်မူ ဇဝေဇဝါ ဖြစ်သွားသည်။ အတန်ကြာသော် ပြတင်းပေါက် ပွင့်လာပြီး ကြက်ခြေထောက်တစ်‌ချောင်းနှင့် ဝါးတောင်ဝှေးတစ်လက် ပေါ်လာ၏။

ချင်မူ ပြတင်းပေါက်ကို ကပျာကယာ သွားပိတ်၍ ခုတင်စွန်းတွင် ပြန်ထိုင်လိုက်သည်။ သူ ခပ်တိုးတိုး ပြောလိုက်၏။ “ငါတို့ မတွေ့ရတာ ကြာပြီနော်”

လင်ယွိရှို့က တခစ်ခစ် ရယ်သည်။ “နင် အပြောအဆိုမတတ်သေးဘူးပဲ။ ငါ အိပ်ချင်နေပြီ။ အရင်နားတော့မယ်”

“အင်း”

သူမ စောင်ထဲတိုးဝင်သွားပြီး အနီရောင်‌စောင်ကြီးအောက်မှ ခေါင်းလေးပြူထွက်လာသည်ကို ချင်မူ မြင်လိုက်ရသည်။ လင်ယွိရှို့က သူမမျက်ဝန်းများကို မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “ငါ အိပ်တော့မယ်နော်”

“အင်း”

လင်ယွိရှို့ ဟွန့်ခနဲ နှာခေါင်းရှုံ့၍ တစ်ဖက်လှည့်သွားသည်။

ချင်မူလည်း လဲလိုက်ပြီး စောင်ထဲ ဝင်လိုက်သည်။ နှစ်ယောက်သား ခေါင်းအုံးတစ်လုံးတည်း အုံးထားရ၍ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။ ချင်မူ အသက်မရှူရဲပေ။ လင်ယွိရှို့က တခစ်ခစ် ရယ်လိုက်၍ သူမဝင်လေထွက်လေက သူ့မျက်နှာကို ကျီစယ်သွား၏။ ချင်မူ့မျက်နှာ ရဲသွားသည့်အချိန်တွင် လင်ယွိရှို့က သူ့နှုတ်ခမ်းကို ထိရုံလေး နမ်းလိုက်သည်။

“မွှေးလိုက်တာ” ချင်မူ မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။ “ထပ်နမ်းပါဦး”

လင်ယွိရှို့က ရယ်ပြီး သူ့ကို အနမ်းထပ်ပေးသည်။

“နမ်းနေရုံနဲ့ ဘာလုပ်ရမှာလဲ”

စိတ်မရှည်ဖြစ်နေသော မျက်ကန်း၏အသံက တဖြည်းဖြည်း ဝေး၍ဝေး၍ သွားသည်။ “ကြက်ဖလေး မင်းက ဥမပေးနိုင်မှတော့ အမွှေးနုတ်ပြီး ချက်စားရမယ်... အီး ဧကရာဇ်ယန်ဖုန်း ရောက်လာပြီလားဟ။ တွေးကြည့်တော့မှ ဧကရာဇ်ယန်ဖုန်းက ခမည်းခမက်ဖြစ်သွားပြီဆိုတော့ ငါ ရိုင်းလို့မဖြစ်ဘူး။ ခမည်းခမက်ကို ဧည်ခံဖို့ လိုတယ်ဆိုတော့ အတော်ပဲ ဥမဥနိုင်တဲ့ ဒီကြက်ဖကို ချက်ရမယ်”

ချင်မူ မျက်ကန်း၏ခြေသံ ဝေးကွာသွားသည်ကို နားစွင့်နေလိုက်ပြီး ခုတင်ပေါ်မှ အလျင်အမြန် ဆင်းလိုက်သည်။ သူ ပြတင်းပေါက်ဖွင့်၍ ချောင်းကြည့်လိုက်၏။ ပတ်ဝန်းကျင်ကို အကဲခတ်ပြီးသည့်အခါ လင်ယွိရှို့ကို လက်ယပ်ခေါ်လိုက်သော်လည်း သူမက ရောက်မလာပေ။

ချင်မူ လှည့်ကြည့်လိုက်ပြီး သူမ အိပ်နေသည်ကို မြင်လိုက်ရသည်။

ချင်မူ ကပျာကယာ ပြေးသွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ “အိပ်ချင်ယောင်ဆောင်မနေနဲ့ မြန်မြန် ထတော့”

လင်ယွိရှို့မျက်နှာ နီရဲသွားပြီး စောင်အောက်မှ ထလာသည်။ သူမက ဖိနပ်ဝတ်၍ ပြတင်းပေါက်အပြင် ထွက်လိုက်သည့်အခါ ချင်မူက သူမကို ချီပြီး အောက်ချပေးသည်။ သူတို့နှစ်ယောက် စစ်ယွင်ရှန်း၏ အခန်းဆီ ခိုးကြောင်ခိုးဝှက် သွားပြီး အခန်းပြတင်းပေါက်အနား ရောက်လျှင် ချင်မူ တိုးတိုးလေး မေးလိုက်သည်။ “ကောင်းကင်နတ်မယ်ရှန်း အိပ်နေပြီလား”

“မအိပ်သေးပါဘူး”

သူမအသံက အနောက်မှထွက်လာ၍ ချင်မူ အလန့်တကြား ထခုန်မိလိုက်သည်။ သူ ကပျာကယာ လှည့်ကြည့်လိုက်သည့်အခါ သူမ သူတို့နောက်မှ တိုးတိုးတိတ်တိတ် လိုက်လာသည်ကို မြင်လိုက်ရ၏။

“ဘယ်တုန်းက ထွက်လာတာလဲ” သူ တအံ့တဩ မေးလိုက်မိသည်။

စစ်ယွင်ရှန်းက ပြုံးနေသော်လည်း မပြုံးသယောင်ရှိ၏။ “ခိုးထွက်လာတာ ကြာပြီ။ နံရံနားကပ်ပြီး နားထောင်ကြည့်တုန်းက ကြောင်မလေးတစ်‌ကောင် ရေလာမြောင်းပေး အော်ခေါ်နေပေမယ့် ကြောင်ထီးလေး ရောက်မလာတဲ့အသံကိုပဲ ကြားလိုက်ရတယ်”

လင်ယွိရှို့က သရော်တော်တော် ပြုံး၍ ပြောလိုက်သည်။ “ကြောင်မလေးက ကြောင်ထီးလေးကို‌ အော်ခေါ်ခွင့်တောင် မရှိလိုက်ပါဘူး။ နွားကျောင်းသား၊ မြေခွေးလေးကို သွားရှာကြစို့”

“လင်းအာက သစ္စာဖောက်သွားပြီ” ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “အခု သွားကြစို့ အသံမထွက်နဲ့”

“ဂိုဏ်းသခင် ဘယ်သွားနေတာလဲ” ဖက်တီးနဂါးက သူတို့နောက်မှ ရုတ်တရက် ပေါ်လာသဖြင့် သုံးယောက်လုံး လန့်ဖျပ်သွားသည်။

“သစ္စာဖောက်” ချင်မူ အံတင်းတင်းကြိတ်လိုက်၏။ “မင်း အစာစားချင်သေးရင် အသံမထွက်နဲ့။ မဟုတ်လို့ကတော့ နှစ်သစ်ကူးအတွက် နဂါးကင်ဖြစ်သွားမယ်”

နဂါးချီလင် တုန်လှုပ်သွားပြီး သူတို့နောက်မှ တိုးတိုးတိတ်တိတ် လိုက်လာသည်။ “ဘိုးဘိုးမျက်ကန်း အပြင်ထွက်သွားတယ်။ ဧကရာဇ်ယန်ဖုန်းကို မင်္ဂလာစားသောက်ပွဲ ဧည့်ခံမလို့တဲ့။ ငါတို့ အခု ခိုးထွက်ကြမယ်”

ချင်မူ နဂါးချီလင်၏တင်ပါးနောက်သို့ လှမ်းကြည့်လိုက်ရာ ခိုးကြောင်ခိုးဝှက် လိုက်လာသော ရေနဂါးဆယ်ကောင်ကျော်ကို မြင်လိုက်ရသည်။ သူ ရယ်မလား ငိုရမလား မသိတော့ပေ။ “လင်းအာကို တစ်ယောက်တည်း ထားခဲ့တာ အန္တရာယ်များပါတယ်။ သူ ဘယ်မှာလဲ”

နဂါးချီလင် ခေါင်းငုံလိုက်သည်။ သူ့နဖူးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အရက်သမားမြေခွေးဖြူလေးတစ်ကောင် ရှိ၏။

“သွား မြန်မြန်သွားစို့။ ဧကရာဇ်ရောက်လာရင် ငါ ခေါင်းပြတ်မှာ” ချင်မူ မိန်းကလေးနှစ်ယောက်ကို ဆွဲ၍ နဂါးချီလင်ကျောပေါ် ခုန်တက်လိုက်သည်။ “မီးတိမ်တိုက်တွေ မသုံးနဲ့။ ဘိုးဘိုးမျက်ကန်း မြင်သွားလိမ့်မယ်။ သူက အမြင်အာရုံ သိပ်ကောင်းတာ။ ငါတို့ ဘယ်သူမသိအောင် ရွာထဲကနေ တိတ်တိတ်လေး ထွက်သွားကြမယ်”

နဂါးချီလင်က သူတို့ကို သယ်၍ တောင်အရပ်သို့ ဦးတည်သွားသည်။ မိုင်တစ်ရာကျော် ပြေးပြီးနောက် ချင်မူ စိတ်အေးလက်အေး ဖြစ်သွားပြီး ပြောလိုက်သည်။ “အခု အားကုန်ပြေးလို့ရပြီ”

နဂါးချီလင် အရှိန်မြှင့်ပြီး ညလုံး‌ပေါက် ပြေးလိုက်သည်။ သူ မိုင်သုံးထောင်လေးထောင်ခန့် ပြေးပြီးသည့်အခါ ချင်မူ ပြုံးလိုက်၏။ “ဘိုးဘိုးမျက်ကန်းရဲ့ မျက်လုံးတွေက ဒီအထိတော့ မြင်မှာမဟုတ်ဘူး။ ဖက်တီးနဂါး နားလို့ရပြီ။ မာန်ဟုန်မြစ်က အရှေ့တည့်တည့်မှာဆိုတော့ မြစ်ကမ်းဘေးကနေ အရှေ့ပင်လယ်ဆီ သွားကြစို့။ ပြီးမှ မြို့တော်ကို ပြန်မယ်။ လင်းအာ နိုးပြီလား။ သစ္စာဖောက်ကို ကြိုးချည်ထား”

“သူ မူးနေတုန်းပဲ”

သူတို့မာန်ဟုန်မြစ်သို့ ရောက်သည့်အခါ မြစ်လယ်မှ ရွက်လွှင့်လာသော သင်္ဘောတစ်စင်း တွေ့လိုက်ရသည်။ သင်္ဘောဦးတွင် တောင်ဝှေးကို အားပြုရပ်နေသည့် မျက်မမြင်အဘိုးကြီးတစ်ဦး ရှိ၏။

ချင်မူ့မျက်နှာ ဖြူဆုပ်သွားသည်။

“ငါ ဧကရာဇ်ယန်ဖုန်းကို မဟာမိုးခြိမ်းသံကျောင်းတော်အထိ လိုက်တွေ့ခဲ့ပြီးပြီ” မျက်ကန်းက အေးအေးလူလူ ပြောလိုက်သည်။ “မင်းတို့ကို စောင့်နေတာ နှစ်နာရီတောင် ကြာပေါ့။ အခုမှ ရောက်လာကြရလား။ စိတ်တောင်ပျက်မိတယ်”

ချင်မူ မှင်သက်နေသည့်အချိန် နဂါးချီလင်က တမုဟုတ်ချင်း အော်လိုက်သည်။ “ဆရာကြီးမျက်ကန်း၊ ဆရာကြီး ဒီရောက်နေမှန်းသိလို့ ကျွန်တော် အားကုန်ထုတ်ပြေးလာတာ”

အကုန်လုံး သင်္ဘောပေါ် တက်လိုက်ကြရပြီး သင်္ဘောက မဟာမြို့ပျက်ဆီ ရွက်လွှင့်လိုက်သည်။

“ရွာပြန်ရောက်မှ ကျန်တဲ့လက်ထပ်ပွဲနှစ်ပွဲ ကျင်းပလည်း နောက်မကျပါဘူး” မျက်ကန်းက တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။ “မနေ့ညက ငါ ဧကရာဇ်ယန်ဖုန်းကို ကြက်သားချက်ကျွေးခဲ့သေးတယ်။ သူ လက်ထပ်ပွဲကို သဘောတူနိုင်ခြေများပါတယ်”

ချင်မူမှာတော့ ခေါင်းဖြတ်ခံရတော့မည်ကိုသာ တွေးနေမိသည်။

ရုတ်တရက် မြစ်ရေက နောက်လာပြီး ရေစီးမြန်လာသည်။ ချင်မူ အတန်ငယ် အံ့အားသင့်သွားပြီး သင်္ဘောလက်ရန်းမှ ကျော်ကြည့်လိုက်သည်။ ရေစီးကြောင်းက ရုတ်တရက် ပြန်ငြိမ်သွားသော်လည်း မြစ်ရေပြင်က မြင့်သထက် မြင့်တက်လာပြီး မြစ်ကမ်းဘေးနှစ်ဖက်ရှိ သစ်ပင်တောတောင်များနည်းတူ မြင့်မားလာသည်။

လင်ယွိရှို့က ဦးပိုင်းကို အပြေးသွားပြီး စစ်ယွင်ရှန်းက အမြီးပိုင်းကို သွားကာ မြစ်အထက်ပိုင်းနှင့် မြစ်အောက်ပိုင်းအား လှမ်းကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး မှင်သက်သွားကြ၏။

မာန်ဟုန်မြစ်ရေများက ရေနဂါးတစ်ကောင်ပမာ ကောင်းကင်ပေါ် မြောက်တက်လာနေသည်။

အကုန်လုံး အကြောင်သား ငေးကြည့်နေမိကြသည်။ မြစ်‌ကြောင်းတစ်လျှောက် ရွက်လွှင့်နေသော သင်္ဘောလေးမှာ ယခင်ကထက် အဆများစွာ သေးငယ်သွားသယောင် ထင်သည်။

All Chapters