မျက်ကန်းလှံနတ်ဘုရား
Vol. 28 Ch. 383
တိုင်လုံးကြီးတွင် မာန်ဟုန်မြစ်၏စွမ်းအားနှင့် မျက်ကန်း၏ သိပ်သည်းသော မှော်စွမ်းအင်မှ ဖွဲ့တည်ထားသည့် ကောင်းကင်နတ်သိုင်းများ ကိန်းဝပ်နေသည်။ တိုင်လုံးကြီး ကျမလာခင်ပင် မနှိုင်းသာအောင် ပြင်းထန်သော အန္တရာယ်ကို နဂါးထိန်းဧကရာဇ် ခံစားလိုက်ရသည်။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာလို နေရာသေးသေးလေးမှာ နတ်ဘုရားလို သိုင်းပညာရှင်တွေ ဘာကြောင့် ဒီလောက်များနေတာလဲ” နဂါးထိန်းဧကရာဇ်အတွက် သိုင်းကွက်ပြောင်းရန် အချိန်မမှီတော့၍ အံတင်းတင်းကြိတ်ပြီး မျက်ကန်း၏တိုင်လုံးကြီးကို ခုခံရန် မှော်စွမ်းအင်အလုံးစုံ ထုတ်လွှတ်လိုက်ရသည်။
ရေတိုင်လုံးကြီးက လျင်မြန်စွာ လည်လာပြီး လည်နှုန်းက အလွန်မြန်လွန်း၍ လေထုပင်လျှင် ဓားဖြင့် ခုတ်ပိုင်းခံနေရသကဲ့သို့ တရွှီးရွှီး မြည်လာသည်။
တိုင်လုံး၏အရှေ့၌ စုဝေးနေသော ရေများက နဂါးခေါင်းတစ်ခေါင်းအသွင်ဖွဲ့၍ နဂါးထိန်းဧကရာဇ်အား လှမ်းဟပ်လိုက်သည်။
‘နဂါးအသွင်မှော်အစီအရင်တွေနဲ့ ငါ့ကို ရင်ဆိုင်နေတာလား’
နဂါးထိန်းဧကရာဇ် စိတ်သက်သာရာရသွားပြီး ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ နဂါးအသွင် ချီစွမ်းအင်က ရှေ့သို့ဖြာဆင်းကာ ဧရာမနဂါးတစ်ထောင်ဒိုင်းကြီးသဖွယ် ဖွဲ့တည်၍ သူ့ခေါင်းကို ကာလိုက်သည်။
နဂါးထိန်းဧကရာဇ် နဂါးတစ်ထောင်ဒိုင်းကို ပင့်မြှောက်လိုက်သည့်အခါ ရေနဂါးများက အစွယ်နှင့် လက်သည်းများကို ထုတ်၍ လေထဲတွင် ပျံသန်းသွားကြသည်။ ‘ဒီလူက သိုင်းပညာရှင်တစ်ယောက်ဆိုပေမယ့် နဂါးမွေးတဲ့ ငါလိုနတ်ဘုရားအတွက်တော့ သူ့ရဲ့ကောင်းကင်နတ်သိုင်းတွေဟာ ကြောက်စရာမဟုတ်ဘူး’
သူ ဤသို့တွေးလိုက်သည့်အချိန်မှာပဲ နဂါးခေါင်းက လှည့်သွားပြီး ရေတိုင်လုံးကြီးအား ရစ်ပတ်လိုက်ကာ မယုံနိုင်လောက်အောင် ကြီးမားသော နဂါးလှံတစ်လက်အသွင် ဖွဲ့တည်သွားသည်။ နဂါးခေါင်းက လှံသွားနေရာ၌ နေရာယူ၍ အချွန်ဆုံးလှံထိပ်ဖျား ဖြစ်လာသည်။
‘ဒါ နဂါးအသွင်ကောင်းကင်နတ်သိုင်းမဟုတ်ဘူး’
နဂါးထိန်းဧကရာဇ်၏ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ မျက်ကန်း၏လှံက နဂါးတစ်ထောင်ဒိုင်းကို ထိုးစိုက်၍ ဗဟိုချက်ကို ထိသွားပြီဖြစ်သည်။
လှံစွမ်းအား တဟုန်ထိုး ပေါ်ထွက်လာသော်လည်း မထင်မှတ်ဖွယ်ကောင်းစွာနှင့် အားသိပ်မပြင်းပေ။ သို့ရာတွင် နဂါးတစ်ထောင်ဒိုင်းမှာ ကြေမွသွားပြီး ရေနဂါးတစ်ထောင်၏ ခန္ဓာကိုယ်များ အပိုင်းပိုင်းပြတ်သွားသည်။ နဂါးတစ်ထောင်ဒိုင်း၏ အလယ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာ၏။
နဂါးထိန်းဧကရာဇ်က ဒိုင်း၏အလယ်ကို ဖောက်ဝင်လာသော ဧရာမလှံကြီးအား ကြည့်လိုက်သည်။
‘လှံရဲ့စွမ်းအားက နဂါးတစ်ထောင်ဒိုင်းနဲ့ တိုက်မိသွားတဲ့အချိန်မှာ မပေါက်ကွဲဘူးဆိုတော့ ငါ့ရဲ့ခန္ဓာကိုယ်နဲ့ ထိတဲ့အခါ သေချာပေါက် ပေါက်ကွဲလိမ့်မယ်။ ဒီလူ့သိုင်းကွက်က ပြောင်မြောက်ချက်ပဲ။ ကောင်းကင်နတ်သိုင်းတွေကို ထိန်းချုပ်နိုင်စွမ်းကလည်း အမြင့်ဆုံးကို ရောက်နေပြီ။ သူက ငါ့ကောင်းကင်နတ်သိုင်းတွေရဲ့ အားနည်းချက်ကို မြင်နိုင်တယ်”
နဂါးထိန်းဧကရာဇ် အချိန်ဆွဲမရတော့ပေ။ သူ မာန်ဟုန်မြစ်ကို မြှောက်မထားတော့ဘဲ သူ၏မှော်စွမ်းအင်အားလုံးကို လက်ဝါးထဲ ပို့လွှတ်၍ ဒိုင်းအလွှာအထပ်ထပ် ဖွဲ့တည်လိုက်သည်။ သို့သော် လှံက ဒိုင်းအလွှာများအား ထိုးဖောက်ဝင်လာ၏။
နဂါးထိန်းဧကရာဇ် လှံထိပ်ဖျားကို လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ သူ အားခနဲ အော်လိုက်မိပြီး လက်နှစ်လုံး တမုဟုတ်ချင်း သွေးချင်းနီသွားသည်။ သူ့အရေပြားပေါ်ရှိ နဂါးကြေးခွံများလည်း လှံသွား၏ ထိုးဖောက်ခြင်း ခံလိုက်ရသည်။
“သူ့မှော်စွမ်းအင်က ငါ့အောက် မလျော့ဘူး။ ကျိုးပျက်စမ်း”
နဂါးထိန်းဧကရာဇ်၏ ခန္ဓာကိုယ် စတင်ကြီးထွားလာသည်။ သူက ကိုက်သုံးရာမြင့်မားလာပြီး လှံကို အားကုန်ပင့်မြှောက်ကာ ခန္ဓာကိုယ်အား ချာခနဲ လှည့်လိုက်၏။
ထိုအခိုက်အတန့်တွင် ထိုးချနေသော ရေနဂါးလှံ၏ အင်အားက တဟုန်ထိုး ကြီးမားလာပြီး တဝေါဝေါ လည်သွားသည်။ နဂါးတွန်သံ သဲ့သဲ့ ထွက်ပေါ်လာ၏။ လှံကြီး ကျိုးသွားပြီး ရေလုံးရေဖွားများ တဝုန်းဝုန်း ပြုတ်ကျသွားသည်။
နဂါးထိန်းဧကရာဇ် တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားပြီး သူ၏ စုတ်ပြတ်သပ်နေသော လက်နှစ်ဖက်လုံး တဆတ်ဆတ် တုန်ရီနေသည်။ ရန်သူ၏လှံကို သူ ချိုးပစ်နိုင်လိုက်သော်လည်း တစ်ဖက်လူ၏ မှော်စွမ်းအင်က သူ့အောက် နိမ့်ကျ၍သာ ဖြစ်သည်။ သို့ရာတွင် လှံ၏စွမ်းအားက ကြီးမားပြင်းထန်သည့်အပြင် မာန်ဟုန်မြစ်မှ စွမ်းအင်ပင် ကိန်းအောင်းပါဝင်နေခဲ့သည်။
မာန်ဟုန်မြစ်က အပေါ်မှ ဖိနှိပ်နေသည့်အတွက် ဖိအားက အလွန်ကြီးမားခဲ့သည်။ လှံ၏ခွန်အားကိုလည်း ထည့်ပေါင်းလိုက်သည့်အခါ သူ့လက်နှစ်ဖက်လုံး စုတ်ပြတ်သွား၏။
နဂါးထိန်းဧကရာဇ် အသက်ပင်မရှူနိုင်ခင် အလွန်ကြီးမားသော နဂါးလှံတစ်လက်က သူ့ဆီ ထိုးဆင်းလာပြန်သည်။ နဂါးထိန်းဧကရာဇ် ရှောင်လိုက်သော်လည်း နောက်ထပ်လှံတစ်ချောင်းက ကောင်းကင်ထက်ရှိ မာန်ဟုန်မြစ်ထဲမှ ကျဆင်းလာသည်။
သူ၏ခန္ဓာကိုယ်က လှံချက်များကို ရှောင်ရင်း မြစ်ကြမ်းပြင်အတိုင်း အနောက်အရပ်သို့ ဦးတည်၍ ပြေးနေသည်။ နဂါးလှံများ ကောင်းကင်မှ ကျဆင်းလာတိုင်း လှံစွမ်းအားက တစ်စက်လေးမှ စိမ့်ထွက်ခြင်းမရှိပေ။ လှံချက်များက အဓိကအမှတ်များကို လှမ်းထိုးပြီး မာန်ဟုန်မြစ်နဂါးသွေးကြော၏ စွမ်းအားကို ပြုပြင်နေသည်။
‘တာအိုအစီအရင်ပညာရှင်’
နဂါးထိန်းဧကရာဇ် ကြိတ်၍ အံ့အားသင့်မိသည်။ မျက်ကန်း၏လှံချက်များ မာန်ဟုန်မြစ်နဂါးသွေးကြော၏ အမှတ်များကို ပြုပြင်ပေးလိုက်တိုင်း မာန်ဟုန်မြစ်စွမ်းအားများ ပြန်လည်ငုပ်လျှိုးသွားသည်။
ပင့်မြှောက်ပေးထားသော နတ်ဘုရား၏ မှော်စွမ်းအင်မရှိတော့၍ မာန်ဟုန်မြစ်သည် ပြန်ကျလာ၏။
သို့သော် မာန်ဟုန်မြစ်မှာ မြေပြင်နှင့် အလွန်ဝေးကွာနေသည့်အတွက် မြစ်ကြမ်းပြင်သို့ ပြန်ရောက်ရန် အချိန်တချို့ကြာလိမ့်မည်။
‘သူ့ရဲ့တာအိုမှော်အစီအရင် ထိန်းချုပ်နိုင်စွမ်းက တော်တော်မြင့်မားတယ်။ ဟိုကောင်းကင်ပန်းပဲဆရာထက် နည်းနည်းမှမလျော့ဘူး’
နဂါးထိန်းဧကရာဇ်နဖူးမှ ချွေးစေးများ ထွက်လာသည်။ ကောင်းကင်မှ ကျလာသည့် လှံချက်များက စိပ်သထက် စိပ်လာ၍ သူ မရှောင်နိုင်တော့ပေ။ နောက်ဆုံးတော့ သူ့မှာ ပြန်တိုက်ခိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့၍ ဒဏ်ရာရလာသည်။
မျက်ကန်း ပြုပြင်ပြီးသွားသော နဂါးသွေးကြော၏ အဓိကအမှတ်များ တစတစ များပြားလာသည်။
မာန်ဟုန်မြစ်၏ မြစ်အထက်ပိုင်းနှင့် မြစ်အောက်ပိုင်းမှ ရေနဂါးများက အတော်လေး အလှမ်းဝေးနေ၍ နဂါးထိန်းဧကရာဇ်မှာ သူတို့၏အင်အားကို ငှားယူရန် ပြန်မခေါ်နိုင်ပေ။
ကောင်းကင်ရေနဂါးမင်းကလည်း ထွက်သွားပြီဖြစ်သည်။
နဂါးထိန်းဧကရာဇ်သည် ရွှေအနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရ၏။ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် သတ်ရန် ကြိုးစားခဲ့ကြရ၍ သူ၏ချီစွမ်းအင်များစွာ ကုန်ခမ်းသွားသည်။
ချီစွမ်းအင်ပြန်မပြည့်ခင် မာန်ဟုန်မြစ်လမ်းကြောင်းကို ပြောင်းလဲလိုက်သည့်အတွက် သူ၏မှော်စွမ်းအင်လည်း ကုန်ခမ်းသွားခဲ့သည်။ မျက်ကန်းက ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်လိုက်၍ သူ၏ဒဏ်ရာများ ပြင်းထန်လာသည်။
ထိုစဉ် မာန်ဟုန်မြစ်ရေပြင်ထက်တွင် မျက်ကန်းက ဝါးတောင်ဝှေးကို ဆုပ်ကိုင်၍ ရေနဂါးတစ်ကောင်ကို နင်းကာ မြစ်အောက် ဆင်းလိုက်သည်။ သူ့အနောက်ရှိ ရေများ အုံကြွလာပြီး မနှိုင်းသာအောင် ကြီးမားသော တစ္ဆေအရိပ်ကြီးတစ်ခု ဖွဲ့တည်လာသည်။ ၎င်းက ရုပ်အသွင်ဖွဲ့နိုင်သည်အထိ ကျင့်ကြံပြီးသော လိပ်နက်နတ်ဘုရားတစ်ပါး ဖြစ်၏။
လိပ်နက်နတ်ဘုရားသည် လိပ်ခွံပါသည့် အဘိုးအိုတစ်ယောက်ဖြစ်သည်။ မြွေပျံကြီးတစ်ကောင်က သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ကာ တောင်ပံခတ်လျက် ပျံသန်းရန် အသင့်ဖြစ်နေသကဲ့သို့ ရှိသည်။
ချင်မူ လိပ်နက်နတ်ဘုရားကို ရင်းနှီးနေသလို ခံစားမိ၏။ လိပ်နက်နတ်ဘုရားက မျက်ကန်း၏မူလဝိညာဉ် ဖြစ်ပြီး လိပ်နက်နတ်ဘုရားရုပ်တုနှင့် ဆင်တူသည်။ မျက်နှာသာ ကွဲပြားသည်။ ချင်မူ ငယ်ငယ်တုန်းက ရွာထဲရှိ ရုပ်တုလေးရုပ်ကို သေးဖြင့် ပန်းခဲ့ဖူးသည်။ လိပ်နက်နတ်ဘုရားရုပ်တုကိုလည်း တော်တော်များများ ပန်းခဲ့ဖူး၏။
မြစ်ကြမ်းပြင်ထက်တွင် မျက်ကန်းက ပျံသန်းနေသကဲ့သို့ ရွေ့လျားသွားပြီး သူ့လက်ထဲရှိ ဝါးတောင်ဝှေးက ရေမျက်နှာပြင်ကို အဆက်မပြတ် ထိခတ်ကာ နဂါးထိန်းဧကရာဇ်အား တိုက်ခိုက်နေသည်။
မျက်ကန်း ယခုလို အစွမ်းကုန်တိုက်ခိုက်နေသည်ကို ချင်မူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ ချင်ဖေးယွဲ့ မာန်ဟုန်မြစ်မှတစ်ဆင့် မဟာမြို့ပျက်ဆီ ဝင်လာတုန်းက မျက်ကန်းက မာန်ဟုန်မြစ်ရေပြင်အား ဝါးတောင်ဝှေးဖြင့် ခပ်သာသာ တစ်ချက်ထိကာ လှိုင်းအနည်းငယ် ထသွားစေခဲ့သည်။ သို့သော် ချင်ဖေးယွဲ့မှာ ခုနစ်စဉ်ကြယ်အဆင့်သိုင်းသမားတစ်ယောက်သာ ဖြစ်၍ မျက်ကန်း သူ့ကို စနောက်ခဲ့ခြင်းသာဖြစ်သည်။ အားကုန်မထုတ်ခဲ့ပေ။
သို့သော် ဤအခိုက်အတန့်တွင် မျက်ကန်းသည် အားကုန်ထုတ်၍ နဂါးထိန်းဧကရာဇ်အား မြစ်ရေပြင်တစ်လျှောက် တိုက်ခိုက်နေ၏။ သူ၏ဝါးတောင်ဝှေး မြစ်ရေပြင်ကို ထိခတ်သွားတိုင်း ဧရာမရေတိုင်လုံးကြီးတစ်လုံးက မြစ်ကြမ်းပြင်အောက် ထိုးဆင်းသွားတတ်ကာ နဂါးလှံတစ်လက်အသွင် ဖွဲ့တည်သွားတတ်သည်။ လှံတစ်လက်စီက နဂါးထိန်းဧကရာဇ်၏ ကောင်းကင်နတ်သိုင်းများ၏ ဟာကွက်များကို လှမ်းထိုးနေ၍ နဂါးထိန်းဧကရာဇ်မှာ သူ့လှံချက်များကို မရှောင်နိုင်တော့ဘဲ ခြေကုန်လက်ပန်း ကျလာသည်။
မျက်ကန်းတွင် သူ၏ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို ထုတ်လွှတ်နိုင်သော စိတ်ကျင့်စဉ်ရှိသော်လည်း ချင်မူ့အား မသင်ပေးခဲ့ပေ။ သူ၏ စိတ်ကျင့်စဉ်က ရွာထဲ၌ အဆင့်မြင့်ဆုံးမဟုတ်သော်လည်း ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကတော့ တစ်လောကလုံးတွင် အစွမ်းထက်ဆုံးဖြစ်သည်။
သူ၏မျက်လုံးနိုးထကျင့်စဉ်က ကောင်းကင်ကိုးဆင့်ကိုသာ ဖွဲ့တည်ခြင်းမဟုတ်ပေ။ ကောင်းကင်စိတ်မျက်လုံးများကိုလည်း ဖွဲ့တည်နိုင်သည်။
စိတ်မျက်လုံးတို့၏ အကြည့်အောက်တွင် နဂါးထိန်းဧကရာဇ်ကဲ့သို့ နတ်ဘုရားတွင်ပင် ဟာကွက်များ ပြည့်နေ၏။
သို့သော် မျက်ကန်း၏မှော်စွမ်းအင်က နဂါးထိန်းဧကရာဇ်၏ မှော်စွမ်းအင်ကို မယှဉ်နိုင်ပေ။ နဂါးထိန်းဧကရာဇ်မှာ နဂါးသွေးကြောကို လမ်းကြောင်းပြောင်းရာတွင် မှော်စွမ်းအင်များစွာ ဖြုန်းတီးခဲ့ရသော်လည်း မျက်ကန်းက သူ့အောက် နိမ့်ကျနေသေးသည်။
နဂါးထိန်းဧကရာဇ်သာ ရေနဂါးများကို တစ်ဖန် ထိန်းချုပ်ပြီး သူတို့၏ခွန်အားနှင့် မှော်စွမ်းအင်ကို ငှားယူနိုင်လိုက်လျှင် မျက်ကန်းထက် ဆယ်ဆသန်မာသွားလိမ့်မည်။ သို့တိုင်အောင် မျက်ကန်း၏ အားအကောင်းဆုံး တိုက်ကွက်က မည်သည့်ကောင်းကင်နတ်သိုင်းကိုမဆို ထိုးဖောက်မြင်နိုင်သော ကောင်းကင်စိတ်မျက်လုံးများ ဖြစ်သည်။ ဟာကွက်မရှိလျှင်ပင် သူက ရှာဖွေနိုင်သေး၏။
မျက်ကန်း၏ မှော်စွမ်းအင်သိပ်သည်းမှုမှာ ရွာလူကြီး၊ အဘိုးကြီးမာ၊ ရွှေအ၊ သားသတ်သမားနှင့် စိတ်နှလုံးမိစ္ဆာ နိုးထလာသည့်အချိန် အဘွားစစ်ကိုပင် မယှဉ်နိုင်ပေ။ သူ၏မှော်စွမ်းအင်က ဆေးဆရာနှင့် ထော့ကျိုး၏ မှော်စွမ်းအင်ထက်သာ သိပ်သည်းသည်။
ကောင်းကင်နတ်သိုင်းစွမ်းအင်အရ နားကန်း၏ပန်းချီများထက်ပင် နိမ့်ကျသည်။ ရွာလူကြီး၊ သားသတ်သမားနှင့် အဘိုးကြီးတို့အောက်လည်း အနည်းငယ် နိမ့်ကျနေသေးသည်။
သို့သော် ရွာလူကြီးနှင့် လျှို့ဝှက်သော ရွှေအမှလွဲ၍ တခြားမည်သူမှ မျက်ကန်းထက် သာသည်ဟု မပြောဝံ့ပေ။
ကောင်းကင်စိတ်မျက်လုံး နိုးထလာသည်နှင့် သူ၏သိုင်းကွက်များက သန်မာအားကောင်းလာသည်။ တစ်လောကလုံးရှိ ကောင်းကင်နတ်သိုင်းအားလုံး တောင်ဝှေးတစ်ချောင်းကြောင့် ပြိုကွဲရလိမ့်မည်။
“သိုင်းလောကရဲ့ ကြွက်ပေါက်လေး မင်း ပုန်းပဲပုန်းတတ်တာလား။ ဆင်းလာပြီး တိုက်လေ”
နဂါးထိန်းဧကရာဇ်၏အသံက မြစ်ကြမ်းပြင်မှ ထွက်လာသည်။ မြစ်ကြမ်းပြင်တွင် ရေအနည်းငယ် ရှိနေပြီး အလွန်ဗွက်ထနေသည်။ နတ်ဘုရားက မျက်ကန်း၏ လှံချက်များကို ပုန်းအောင်းနေရ၍ မြစ်ကြမ်းပြင်ထဲမှ ထွက်မရပေ။ မျက်ကန်း၏လှံများက သူ့ကို အမြဲတမ်း အလယ်ရောက်အောင် တွန်းပို့နေသည်။
ထိုအချိန်တွင် မြစ်ကြမ်းပြင်ထဲရှိ ရေမှာ နတ်ဘုရားသွေးနှင့် ရွှံ့တို့ဖြင့် ရောလျက် နွံအိုင်ပမာ ဖြစ်နေသည်။ ရေထဲ၌ ခုန်နေသော ငါးအသေးလေးများက နတ်ဘုရားသွေးကို စုပ်ယူ၍ ငါးနဂါးများအသွင် ပြောင်းကုန်သည်။ သူတို့က နွံအိုင်ထဲတွင် ခုန်ကူးသွားလာနေပြီး အစွယ်များ၊ လက်သည်းများ ထုတ်လျက် ရန်လိုနေကြ၏။
“ငါ မလာရဲဘူး ထင်တယ်ပေါ့” မျက်ကန်းက အော်လိုက်ပြီး ချင်မူတို့ဘေးမှ ထွက်ခွာကာ ရေကို ဖြတ်၍ မြစ်လယ်ခေါင်ရှိ နဂါးထိန်းဧကရာဇ်အား တိုက်ခိုက်ရန် ဆင်းသွားသည်။ ရေနဂါးတစ်ကောင်က ချင်မူတို့ကို စွေ့သယ်ကာ နဂါးချီလင်၏ကျောပေါ် တင်ပေးလိုက်သည်။
ချင်မူတို့၏ ကောင်းကင်ရတနာများမှာ ပိတ်ခံထားရသည့်အတွက် မှော်စွမ်းအင်မပါဘဲ ရေပြင်ထက်တွင် မရပ်နိုင်ပေ။ နဂါးချီလင်၏ကျင့်စဉ်စွမ်းအင်မှာ မပိတ်ခံထားရသောကြောင့် သူတို့ကို သယ်ထားနိုင်၏။
စစ်ယွင်ရှန်းနှင့် လင်ယွိရှို့မှာ အံ့အားသင့်နေကြသည်။ သူတို့က ခြေဆောင့်၍ ပြောလိုက်ကြသည်။ “ဘိုးဘိုးမျက်ကန်းက စိတ်လိုက်မာန်ပါလွန်းတယ်။ ရန်သူက ရန်စလိုက်တာနဲ့ ဆင်းသွားရရောလား”
ချင်မူက ဝမ်းသာအားရစွာ ပြုံးနေသည်။ “နဂါးထိန်းဧကရာဇ်တော့ သေရင်သေ မသေရင် ဒဏ်ရာအပြင်းအထန် ရတော့မှာပဲ။ ဘိုးဘိုးမျက်ကန်းက ကောင်းကင်နတ်သိုင်းပညာရှင်မဟုတ်ဘူး။ သူက သိုင်းကွက်အသားပေးလမ်းစဉ်က”
မိန်းကလေးနှစ်ယောက် မှင်သက်သွားကြသည်။
မျက်မမြင်အဘိုးကြီးက သိုင်းကွက်အသားပေးလမ်းစဉ်မှလော။
စောစောက လှံသိုင်းက အဘယ်နေရာတွင် သိုင်းကွက်အသားပေးလမ်းစဉ်နှင့် တူပါသနည်း။
သိုင်းကွက်အသားပေးလမ်းစဉ်၏ သိုင်းပညာရှင်များသည် အနီးကပ်တိုက်ပွဲတွင် ကြောက်မက်ဖွယ်ကောင်းပြီး သူတို့၏ခွန်အားအလုံးစုံကို ဓားများတွင်သော်လည်းကောင်း၊ ခန္ဓာကိုယ်တွင်သော်လည်းကောင်း စုစည်းလိုက်နိုင်၏။ သို့သော် မျက်ကန်း သုံးသွားသည့် လှံများတွင် ကြောက်မက်ဖွယ်ရာ မှော်စွမ်းအင်ပါရှိသည်။ သူက မှော်အစီအရင်နှင့် ကောင်းကင်နတ်သိုင်းလမ်းစဉ်မှ ပညာရှင်ဖြစ်ကြောင်း သိသာသည်။
ချင်မူနှင့် မိန်းကလေးနှစ်ယောက်က နဂါးချီလင်၏ခေါင်းကို မှီ၍ အောက်ငုံ့ကြည့်လိုက်ကြသည်။ ဟူလင်းအာက မြေခွေးလေးအသွင်ဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေဆဲရှိသည်။ ထို့ကြောင့် ရေထဲကျသွားမည်စိုး၍ ချင်မူ သူမကို ကပျာကယာ ပွေ့ထားလိုက်ရ၏။
မြစ်ရေက ကြည်လင်နေ၍ မြစ်အောက်ဘက်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
လောလောဆယ်တွင် မြစ်ရေပြင်သည် မြေကြီးနှင့် နီးသထက် နီးကပ်လာ၏။ မကြာခင် မြစ်တစ်စင်းလုံး မြစ်ကြမ်းပြင်ထဲ ပြန်ကျသွားလိမ့်မည်။
မြစ်ကြမ်းပြင်တွင် မျက်ကန်း၏အရွယ်အစားမှာ ကိုက်ပေါင်းသုံးရာကျော် မြင့်မားသော နဂါးဧကရာဇ်နှင့် ယှဉ်လျှင် မပြောပလောက်ပေ။ သို့သော် သူက လျင်မြန် သွက်လက်စွာ လှုပ်ရှားနေသည်။
လူတစ်ယောက်နှင့် နတ်ဘုရားတစ်ပါး ရွှံတောထဲ၌ တိုက်ခိုက်နေသည်။
မျက်ကန်းက ကောင်းကင်ထဲတွင် လျင်မြန်စွာ ဖြတ်ပြေးရင်း နဂါးထိန်းဧကရာဇ်၏ သိုင်းကွက်များကို ရှောင်တိမ်းနေသည်။ သူ့လက်ထဲရှိ ဝါးတောင်ဝှေးက လေကို ခပ်ဆတ်ဆတ် ထိခတ်နေပြီး သူ၏လှံက နဂါးတစ်ကောင်လို၊ လျှပ်စီးလို ဖွဲ့တည်ကာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်သောနှုန်းဖြင့် နဂါးထိန်းဧကရာဇ်၏ ခန္ဓာကို ထိုးနှက်နေသည်။
ကောင်းကင်မှ ပြုတ်ကျလာသော မာန်ဟုန်မြစ်သည် မြေကြီးပေါ် ရောက်သွား၏။ မြစ်ရေများက ကမ္ဘာတုန်ဟုည်းသွားသောအရှိန်ဖြင့် ဘုန်းခနဲ ကျသွားသည်။
ထိုအချိန်မှာပဲ မျက်ကန်း၏တောင်ဝှေးက နဂါးထိန်းဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားဆီ တို့ထိလိုက်သည်။
နဂါးထိန်းဧကရာဇ် ငေးကြောင်သွားပြီး ရေများက သူ့ပေါ် ကျလာသည်။ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲသံမည်မျှ ထွက်ပေါ်လာကြောင်း ပြောရခက်သည်။ သူ၏အရိုးများ၊ အရွတ်များ တဖျောက်ဖျောက် ကျိုးကုန်ပြီး သူ ရေအောက် နစ်မြုပ်သွားသည်။
မြစ်ပြင်ထက်တွင် နဂါးချီလင်က ပြုတ်ကျသွားသော ရေများမှ ပြန်ကန်မည့်အရှိန်ကို ရှောင်ရန် လေပေါ် ခုန်တက်လိုက်သည်။ မြစ်ရေများက ကောင်းကင်ထက်သို့ လှိုင်းလုံးကြီးများပမာ မြောက်တက်လာသည်။
ထိုအချိန်တွင် မျက်ကန်းက ဝါးတောင်ဝှေးဖြင့် မြစ်ဘေးတွင် ရပ်လိုက်သည်။ မြစ်ကြမ်းပြင်ကို သူ၏တောင်ဝှေးဖြင့် ခပ်သာသာ ထိလိုက်သည့်အခါ မြစ်တစ်စင်းလုံး ငြိမ်သက်သွား၏။