နဂါးရိုင်းသွေးကြော
Vol. 28 Ch. 382
ချင်မူတို့ သင်္ဘောဘေးတွင် ငါးဖမ်းသင်္ဘောများနှင့် မဟူရာရွှေ၊ မဟူရာသံ၊ မဟူရာကြေးနက်အစရှိသော သတ္ထုရတနာများ သယ်ယူပို့ဆောင်ပေးသော ရတနာသင်္ဘောများ ရှိကြသည်။ ကုန်ပစ္စည်းများ သယ်ဆောင်ထားသည့် ကုန်သင်္ဘောများနှင့် ခရီးသည်တင်သင်္ဘောများလည်း ရှိ၏။
မာန်ဟုန်မြစ်က အချက်အချာကျသည့်အပြင် မာန်ဟုန်မြစ်မှ ငါးများက ဆူဖြိုးပြီး အရသာရှိသည့်အတွက် မြစ်ထဲတွင် သင်္ဘောများစွာ သွားလာကြသလို၊ ဆိပ်ကမ်းများလည်း ပေါများသည်။
သို့တိုင်အောင် ကမ်းနှစ်ဖက်ရှိ တောင်များမှာ မြစ်အောက်၌ ပျောက်ကွယ်သွား၍ မြစ်ရေပြင်ထက်တွင် သင်္ဘောများသာ ကျန်ခဲ့သည်။ အကုန်လုံး ရပ်လိုက်ကြပြီး ခရီးသည်များမှာ မည်သည့်အရာဖြစ်ပျက်သွားမှန်း မသိ၍ အပြင်လှမ်းကြည့်လိုက်ကြသည်။
ကောင်းကင်နတ်သိုင်းပညာရှင်များက သင်္ဘောများမှ ပျံထွက်လိုက်ကြပြီး မာန်ဟုန်မြစ်အား ကြောင်ငေးငေး ကြည့်နေမိကြ၏။
မာန်ဟုန်မြစ်သည် လေပေါ် မြောက်တက်နေသော်လည်း ကောင်းကင်ထဲတွင် ဆက်လက်စီးဆင်းနေဆဲဖြစ်သည်။ နေရောင်ခြည်က မြစ်ပြင်ပေါ် ဖြာကျနေရာ ရောင်စုံအလင်းတန်းများ ဖြာထွက်နေသည်။
ဝှီး
ကုန်သင်္ဘောတစ်စင်းမှာ မရပ်လိုက်နိုင်၍ မြစ်ကို ကျော်၍ ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။ ၎င်းက တောင်များဆီ ပြုတ်ကျနေပြီး တဖြည်းဖြည်း သေးသထက် သေးသွားသည်။ တခဏကြာသော် တောအုပ်တစ်အုပ်ထဲသို့ ဘုန်းခနဲ ကျသွားသော်လည်း မြစ်ပြင်ထက်ရှိ လူများဆီ အသံရောက်လာရန် အတော်ကြာလိုက်သည်။
သင်္ဘောမပျက်စီးခင် ကုန်သင်္ဘောပိုင်ရှင်က သင်္ဘောထဲမှ ကပျာကယာ ခုန်ထွက်လိုက်ပြီး ကောင်းကင်နတ်သိုင်းပညာရှင်များက အလုပ်သမားများကို သယ်ထုတ်လိုက်သည့်အတွက် အပျက်အစီးသိပ်မများလိုက်ပေ။
ဧကရာဇ်အပိုင်ကုန်သင်္ဘောတစ်စင်းအပေါ်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အရာရှိမင်းများ ပါလာ၍ သူတို့က ကောင်းကင်နတ်သိုင်းပညာရှင်များကို လူအရင်ကယ်ခိုင်းလိုက်သည်။ ကောင်းကင်နတ်သိုင်းပညာရှင်များသည် ကျန်သင်္ဘောများအပေါ်ရှိ သာမန်ပြည်သူများကို သယ်ပြီး မြေပြင်အပေါ် ပို့ပေးလိုက်ကြ၏။ စစ်သည်တချို့က မာန်ဟုန်မြစ်ပေါ်ရှိ လူများကို အောက်ချပေးရန် မြို့ထဲမှ အကူအညီသွားတောင်းကြသည်။
“ဒါ ငါ့အမှားမဟုတ်ဘူး ငါ့မကြည့်နဲ့။ ငါ မလုပ်ဘူး” ချင်မူတို့က ခေါင်းယမ်းပြနေသော မျက်ကန်းကို ကြည့်နေကြသည်။ “မာန်ဟုန်မြစ် အခုလို မြောက်တက်လာတာကြည့်ရင် သူ့ရဲ့ မှော်စွမ်းအင်က ငါ့ထက် အများကြီး သန်မာအားကောင်းတယ်လို့ ဆိုလိုတယ်။ ဒီလောက်သိပ်သည်းတဲ့ မှော်စွမ်းအင်ရှိတဲ့ လူတစ်ယောက်ကိုမှ မမြင်ဖူးဘူး... အောက်တစ်ချက် ကြည့်လိုက်”
ချင်မူတို့ အောက်ငုံ့ကြည့်လိုက်ကြသည်။
မာန်ဟုန်မြစ်က လေပေါ် ပင့်မြှောက်ခံထားရ၍ ကောင်းကင်ထဲတွင် ပျံဝဲနေသည်။ မြစ်ရေက မြေပြင်နှင့် ကွာနေ၏။ မြစ်ကြမ်းပြင်မှာ အတော်လေး ဗွက်ထနေသည်။ မာန်ဟုန်မြစ် မြောက်တက်သွားတုန်းက ရေများသာ ပါလာခဲ့သည်။ ရွှံ့သဲနုန်းများ မပါလာခဲ့ပေ။ ထို့ကြောင့် မြစ်ရေက ပြိုင်ဘက်ကင်းလောက်အောင် ကြည်လင်နေ၍ ရေပြင်ကို ဖြတ်ပြီး အောက်ရှိ ကြမ်းပြင်အား မြင်နေရသည်။
မြစ်ရေထဲတွင် ဧရာမငါးကြီးများ ကူးခတ်နေသည်ကို သူတို့ မြင်လိုက်ကြရသည်။
မာန်ဟုန်မြစ်က မဟာမြို့ပျက်မှ မြစ်ဖျားခံသောကြောင့် မြစ်ထဲတွင် အရွယ်အစား၊ အမျိုးအစားစုံလင်သော ငါးမိစ္ဆာများ၊ ရေမိစ္ဆာများ ရှိကြသည်။ ချင်မူက မြစ်ဘေး၌ ငယ်ငယ်ကတည်းက နေခဲ့၍ ငါးမိစ္ဆာ၊ ရေမိစ္ဆာမျိုးစုံကို မြင်ခဲ့ဖူး၏။ သို့သော် သူ တစ်ခါမှ မမြင်ဖူးသော ငါးများ၊ ရေသတ္တဝါများကို သတိထားမိလိုက်သေးသည်။ သူတို့က ပုံမှန်ဆိုလျှင် မြစ်ကြမ်းပြင်တွင်သာ ငုပ်လျှိုးပုန်းကွယ်နေပြီး မြစ်ရေပြင်ထက် တက်မလာတတ်၍ မြင်ရခဲသည်။
သို့တိုင်အောင် ယခုတွင် မြစ်ရေပြင်ကို ဖြတ်ကာ မြင်ရချေပြီ။
အကုန်လုံး ခေါင်းမွှေးများ ထောင်သွားကြသည်။ မည်သည့်အရာမှ မယှဉ်နိုင်လောက်အောင် ကြီးမားသော ကိုယ်လုံးကြီးတစ်ခုက သူတို့၏သင်္ဘောဝမ်းဗိုက်ကို ထိကာ ဖြတ်သွားသည်။ သတ္တဝါကြီးက မြစ်ရေစီးကြောင်းနှင့်အတူ အနောက်အရပ်သို့ ကူးခတ်သွား၏။
အကြေးခွံကြီးများက သင်္ဘောဝမ်းပိုက်ကို ပွတ်တိုက်သွား၍ သင်္ဘောတစ်စင်းလုံး လှုပ်ခတ်သွားပြီးနောက် ပြန်ငြိမ်သက်သွားသည်။
သတ္တဝါကြီး ဖြတ်သွားတုန်းက မည်သည့်ရေလှိုင်းမှ ထမသွားပေ။ သင်္ဘောဝမ်းဗိုက်လည်း ထိခိုက်သွားခြင်းမရှိ။ တုန်ခါလှိုင်းများသာ သင်္ဘောဝမ်းဗိုက်ကို ထိသွားခဲ့သည်။
ထိုသတ္တဝါသည် အလွန်ကြီးမားလှသော အပြာရောင်ရေနဂါးတစ်ကောင် ဖြစ်၏။
သင်္ဘောပေါ်ရှိ ရေနဂါးများ စိတ်လှုပ်ရှားလာကြသည်။ တချို့က ချင်မူ့လည်ပင်းပေါ် တက်လာကြပြီး တချို့က သူ့ချိုင်းကြားအောက်မှ ခေါင်းများပြူထွက်ကာ ဘေးဘီဝဲယာကို ကြည့်နေကြသည်။
“မာ ဟာ မာ ဟာ” ရေနဂါးများက အော်လိုက်ကြ၏။
ဗွမ်း
ဧရာမခေါင်းကြီးတစ်ခေါင်း ရေထဲမှ မြောက်တက်လာပြီး သူတို့ကို စပ်စပ်စုစု လှည့်ကြည့်ကာ ရေထဲ ပြန်ငုပ်သွားသည်။ ထိုရေနဂါးကြီး ဖြတ်သွားသောနေရာတိုင်းတွင် မာန်ဟုန်မြစ်၏ ရေမိစ္ဆာများက သူ့ကို ရှောင်ပေးလိုက်ကြ၏။
ငါးကြီးတချို့မှာ ကြောက်လွန်း၍ ရေထဲမှ ကပျာကယာ ခုန်ထွက်၍ ဆူးတောင်များကို တောင်ပံသဖွယ် ခတ်ကာ ကောင်းကင်မှ ပြုတ်ကျသွားကြသည်။ ငါးမိုးရွာကျလာခြင်းက သာမန်ပြည်သူများအတွက် ရက်ပေါင်းများစွာ ပြောစမှတ်တွင်သွားလိမ့်မည်။
သို့သော် ပို၍စဉ်းစားစရာကောင်းသည်က မာန်ဟုန်မြစ် ကောင်းကင်ပေါ် မြောက်တက်သွားခြင်းဖြစ်သည်။
‘အဲဒီရေနဂါးက ကြီးလိုက်တာ’
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ အပြာရောင်ရေနဂါးကြီးသည် သူ့ပတ်ပတ်လည်ရှိ ရေနဂါးလေးများ၏ အရွယ်အစားအစစ်အမှန်ထက်ပင် ကြီးမားသေး၏။ ဆယ်ဆလောက် ကြီးမည်ထင်ရသည်။
အပြာရောင်ရေနဂါးက နဂါးထိန်းဧကရာဇ်ထက်ပင် သန်မာအားကောင်းနိုင်သည်။ သို့သော် ဤနဂါးက နဂါးထိန်းဧကရာဇ် မွေးထားသော နဂါးတစ်ကောင်လား၊ တစ်နေရာရာမှ အခေါ်ခံလိုက်ရသော နဂါးလား ချင်မူ မသိပေ။
“ဒါက နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားတဲ့ ရေနဂါးတစ်ကောင်ပဲ။ သူ့ရဲ့ ရေထိန်းချုပ်နိုင်စွမ်းက သိပ်အားကောင်းတယ်။ ကြောက်စရာကောင်းလောက်အောင် အားကောင်းတယ်”
မျက်ကန်၏အမူအရာက တင်းမာနေပြီး အနောက်အရပ်သို့ လှမ်းကြည့်နေသည်။ သူက အက်ကွဲကွဲအသံဖြင့် ပြောလိုက်၏။ “တစ်ကိုယ်လုံး အကြေးခွံတွေ ဖုံးနေပြီး သိပ်ထူးဆန်းတဲ့ပုံစံရှိတဲ့ လူတစ်ယောက်ကို ငါ တွေ့နေရတယ်။ သူ ခိုင်းလိုက်လို့ ဒီကောင်းကင်ရေနဂါးမင်းက မာန်ဟုန်မြစ်ကို မြှောက်လိုက်တာပဲ”
ချင်မူ အနည်းငယ် မှင်သက်သွားမိသည်။ “အထက်ကောင်းကင်ဘုံရဲ့ နဂါးထိန်းဧကရာဇ်က နဂါးသွေးကြော လာယူတာများလား။ သူ မြစ်တွေကိုတောင် ရွှေ့ပစ်နိုင်တာ ကျွန်တော် တစ်ခါ မြင်ခဲ့ဖူးတယ်”
မျက်ကန်းက ဝါးတောင်ဝှေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး သူ၏အမူအရာက စိုးရိမ်ပူပန်နေသောအမူအရာ ရှိသည်။ “ဒီလောက်သိပ်သည်းနေတဲ့ မှော်စွမ်းအင်က အမှန်တကယ် အားကောင်းတယ်။ ဒီလူက သူ့မှော်စွမ်းအင်ကို မြှင့်တင်ဖို့ ကောင်းကင်ရေနဂါးမင်းရဲ့ စွမ်းအားကို ငှားထားတာ... မဟုတ်သေးဘူး အဲ့ဒါနဲ့တင် မာန်ဟုန်မြစ်ကို မြှောက်ဖို့ မလုံလောက်သေးဘူး... သူက မာန်ဟုန်မြစ်ရဲ့စွမ်းအားကိုလည်း ငှားထားတာပဲ”
ချင်မူ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို အသုံးပြု၍ မြစ်အထက်ပိုင်းဆီ လှမ်းကြည့်လိုက်သည်။ သူ့အနေဖြင့် အနီရောင်ကောင်းကင်မျက်လုံးအဆင့်ကိုသာ နှိုးထနိုင်၍ နဂါးထိန်းဧကရာဇ် ရှိနေသော မာန်ဟုန်မြစ်အလယ်ပိုင်းအား မမြင်ရပေ။ နဂါးထိန်းဧကရာဇ်အနေဖြင့် မာန်ဟုန်မြစ်ကို မြှောက်ချင်လျှင် အလယ်ပိုင်းက အသင့်တော်ဆုံးနေရာဖြစ်သည်။
ချင်မူ နားလည်ထားသလောက် နဂါးထိန်းဧကရာဇ်တွင် မာန်ဟုန်မြစ်ကို မြှောက်နိုင်သော အစွမ်းအစမရှိပေ။ ကောင်းကင်ရေနဂါးမင်းထံမှ စွမ်းအားငှားယူရလိမ့်မည်။
သူက ကောင်းကင်ရေနဂါးမင်းကို ဖိတ်ခေါ်၍ မာန်ဟုန်မြစ်၏ မြစ်ဝကို မြှောက်ခိုင်းလိုက်ပြီး ကျန်ရေနဂါးများကို မြစ်ကြောင်းတစ်လျှောက် နေရာချကာ မာန်ဟုန်မြစ်တစ်ခုလုံးကို မြှောက်လိုက်ခြင်း ဖြစ်လိမ့်မည်။
နဂါးထိန်းဧကရာဇ်သည် နဂါးသွေးကြောများနှင့်ပတ်သက်ပြီး ဗဟုသုတကြွယ်ဝသည်သာမက သွေးကြောများ၏ စွမ်းအင်ကို ထိန်းချုပ်ရာတွင်လည်း ကျွမ်းကျင်၏။ ကောင်းကင်ရေနဂါးမင်းကို ဖိတ်ခေါ်သည့်အပြင် ကျန်ရေနဂါးများကိုလည်း ဆင့်ခေါ်ခဲ့သော်လည်း အရေးအကြီးဆုံးက နဂါးသွေးကြော၏စွမ်းအင်ကိုလည်း ငှားယူခဲ့ရလိမ့်မည်။ မာန်ဟုန်မြစ်၏ကိုယ်ပိုင်စွမ်းအားဖြင့် ပေါင်းစည်းလိုက်သည့်အခါ မိုင်သောင်းပေါင်းများစွာ ရှည်လျားသော မြစ်ကြောကြီးကို ကောင်းကင်ထက်သို့ သူ မြှောက်နိုင်သွား၏။
မာန်ဟုန်မြစ်က အလွန်ရှေးကျပြီး ခိုင်ဧကရာဇ်ခေတ်ကတည်းက လျှို့ဝှက်ချက်များစွာ ကိန်းဝပ်နေသော နဂါးသွေးကြောတစ်ကြော ဖြစ်သည်။ ထို့ကြောင့် မကြာမီ အရွယ်ရောက်လာပြီး နဂါးတစ်ကောင်အသွင် ပြောင်းလဲနိုင်သွားသည်။
“သူ မာန်ဟုန်မြစ်နဂါးသွေးကြောကို ယူဖို့ လုပ်နေတာလား” ချင်မူ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
မျက်ကန်းက ခေါင်းယမ်းလိုက်သည်။ “မဟုတ်ဘူး သူက နဂါးရိုင်းတစ်ကောင် ဖြစ်လာအောင် နဂါးသွေးကြောရဲ့ လမ်းကြောင်းကို ပြောင်းဖို့ လုပ်နေတာ။ ဒီသွေးကြော နဂါးရိုင်းဖြစ်လာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကံကြမ္မာလည်း ပြောင်းလဲသွားလိမ့်မယ်”
ချင်မူ အံ့အားသင့်သွားပြီး နဂါးထိန်းကျမ်းစဉ်ကို ကမန်းကတန်း ထုတ်ကာ စာမျက်နှာတစ်ဖက်ဆီ လှန်လိုက်သည်။
ထိုစာမျက်နှာတွင် နဂါးသွေးကြောအမျိုးအစားများကို စုံလင်စွာ ဖော်ပြထားပြီး စာပိုဒ်တစ်ပိုဒ်က ကံကြမ္မာပြောင်းလဲသွားစေရန် နဂါးသွေးကြော၏လမ်းကြောင်းအား မည်ကဲ့သို့ပြောင်းလဲရမည်ကို ဖော်ပြထားသည်။ နဂါးသွေးကြော၏ လမ်းကြောင်းပြောင်းလဲမှုက တိုင်းပြည်တစ်ပြည်လုံး၏ ကံကြမ္မာကို ပြောင်းလဲသွားစေနိုင်သည်။
“သူက မဟာမြို့ပျက်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ဦးတည်စေချင်နေတာပဲ” ချင်မူ အော်လိုက်မိသည်။
နဂါးထိန်းကျမ်းစဉ်ထဲ၌ ရေးသားဖော်ပြထားသော အချက်အလက်အရ နဂါးထိန်းဧကရာဇ်၏လုပ်ရပ်မှ အကျိုးဆက်များက သေးသေးဖွဲဖွဲ မဟုတ်ပေ။ မာန်ဟုန်မြစ်လမ်းကြောင်းကို ပြောင်းလဲလိုက်ရုံဖြင့် သူက မဟာမြို့ပျက်၏အန္တရာယ်များကို ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ စီးဆင်းသွားစေလိမ့်မည်။
သူ အောင်မြင်သွားပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် မဟာမြို့ပျက်ကဲ့သို့ နေရာတစ်နေရာဖြစ်လာပြီး ညအချိန်တိုင်း အမှောင်ထု၏ ကျူးကျော်စိုးမိုးခြင်းခံရလိမ့်မည်။
“သိပ်ထူးချွန်တဲ့လူပဲ”
မျက်ကန်း၏မျက်လုံးများက ဟောက်ပက်ဖြစ်နေသော်လည်း နဂါးထိန်းဧကရာဇ်၏ တည်နေရာကို ရှာတွေ့သွားပုံရသည်။ သူက ဝါးတောင်ဝှေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး မြစ်ရေပြင်ကို ထောက်ကာ ပြောလိုက်သည်။ “ပုရွက်ဆိတ်ရဲ့ တွင်းပေါက်လေးတစ်ပေါက်က မြေပြိုစေတတ်သလိုပဲ။ သူက ကောင်းကင်ရေနဂါးမင်းရဲ့အင်အားကို ငှားယူလိုက်ရုံနဲ့ နဂါးသွေးကြောရဲ့ လမ်းကြောင်းကို ပြောင်းပြီး မဟာမြို့ပျက်ရဲ့ အမှောင်ထုကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ လမ်းကြောင်းဖောက်ပေးနေတယ်။ သူ နဂါးတွေအကြောင်း တော်တော်သိထားတာပဲ”
မျက်ကန်း၏ဝါးတောင်ဝှေး မြစ်ရေပြင်အား အသာအယာ တို့ထိလိုက်သည့်အခါ သူတို့ခြေထောက်အောက်ရှိ သင်္ဘောသည် လေးညို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းပမာ တဟုန်ထိုး ထွက်သွား၏။ သူတို့ မာန်ဟုန်မြစ်၏ အလယ်ပိုင်းဆီ တန်းတန်းမတ်မတ် ရွက်လွှင့်သွားနေပြီး အလွန်မြန်လွန်းသည့်အတွက် သင်္ဘောမှာ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ တကျွီကျွီ မြည်လာသည်။ အချိန်မရွေး ပျက်စီးတော့မည့်ပုံပေါ်လာ၏။
ဝုန်း
သင်္ဘောပြိုကွဲသွားပြီး သစ်သားအပိုင်းအစများ အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားသည်။ ချင်မူတို့အားလုံး မှော်စွမ်းအင်ဖြင့် ရေပြင်ပေါ် ဖြတ်ပြေးလိုက်ကြသော်လည်း သူတို့ခြေထောက်အောက်ရှိ ရေပြင်မှာ ဆူပွက်လာသည်။ နဂါးတွန်သံများ ထွက်ပေါ်လာပြီး ရေနဂါးအုပ်က သူတို့ကို လာရောက်သယ်ဆောင်လိုက်ကြ၏။
မျက်ကန်းက ဝါးတောင်ဝှေးကို ကိုင်၍ နဂါးတစ်ကောင်၏ခေါင်းအပေါ်တွင် ထိုင်နေသည်။ ချင်မူတို့အားလုံး ဘေးနှစ်ဖက်သို့ အလန့်တကြား ကြည့်လိုက်သည့်အခါ တရှိန်ထိုး ပျံသန်းရင်း တွန်နေသော ရေနဂါးတစ်သောင်းကို မြင်လိုက်ရသည်။
“ဒီမာန်ဟုန်မြစ်က မျက်ကန်းရဲ့ပိုက်နက်ပဲ” သူတို့ခြေထောက်အောက်တွင် မာန်ဟုန်မြစ်က အရှိန်ပြင်းပြင်း စီးဆင်းနေသည်။ မျက်ကန်း၏အဝတ်အစားများမှာ လေထဲတွင် လူးလွန့်လှုပ်ခတ်နေပြီး သူက သတ်ဖြတ်လိုစိတ်ပြည့်နေသည်။ “မြစ်ကို မရွှေ့ခင် ဒီနဂါးမင်းကို မင်း မေးပြီးပြီလား”
ရေနဂါးများက အနောက်အရပ်သို့ တဟုန်ထိုး သွားနေသည်။ ချင်မူတို့ မည်မျှဝေးဝေးရောက်လာမှန်း မသိကြတော့ပေ။ ထိုအချိန်တွင် မျက်ကန်းက ဝါးတောင်ဝှေးကို မြှောက်ပြီး ရေပြင်အား ခပ်ပြင်းပြင်း ချလိုက်သည်။ မိုင်တစ်ရာအတွင်းရှိ ရေပြင်ကား ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး မာန်ဟုန်မြစ်မှာ ခါးလယ်ကို ရိုက်ချခံလိုက်ရသော နဂါးရှည်ကြီးတစ်ကောင်ပမာ မြေပြင်ပေါ် ပြုတ်ကျသွား၏။
အောက်ဘက် မြစ်ကြမ်းပြင်တွင် နဂါးထိန်းဧကရာဇ်၏ ခြေထောက်များက နဂါးတစ်ကောင်လို ရွေ့လျားနေပြီး သူက လက်နှစ်ဖက်လုံးကို မြှောက်ထားသည်။ အားကောင်းပြင်းထန်သော မှော်စွမ်းအင် ထွက်ပေါ်နေပြီး ယိမ်းယိုင်နေသော မာန်ဟုန်မြစ်၏အပိုင်းများကို မြှောက်တင်ထား၏။
တစ်ချိန်တည်းမှာပင် မြစ်အောက်မှ ဆယ့်နှစ်ကိုက်ကျော် မြင့်မားသော ကျောက်ရုပ်တုကြီးတစ်ခုမှာ သူ၏မှော်စွမ်းအင်ဖြင့် ရစ်ပတ်ခံလိုက်ရပြီး တောင်ကုန်းများဆီ လွှတ်ပစ်ခံလိုက်ရသည်။
နဂါးထိန်းကျမ်းစဉ်မှ နဂါးဖမ်းသိုင်းကွက်။
နဂါးထိန်းဧကရာဇ်က မြစ်အောက်ပိုင်းမှ အပေါ်တက်လာပြီး လမ်းတစ်လျှောက် မြစ်ရေထိန်းသားရဲများဖြစ်သော ကျောက်ရုပ်တုကြီးများအား မြင်ခဲ့ရသည်။ သူတို့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အရာရှိများ သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး မှော်သင်္ကေတမျိုးစုံ ရေးဆွဲခတ်နှိပ်ထား၏။ မြစ်ရေထိန်းသားရဲများက နဂါးသွေးကြော၏ တုန်ခါမှုများကြောင့် ရေဘေးအန္တရာယ်ဖြစ်လာမည်စိုး၍ နဂါးသွေးကြောကို ဖိနှိပ်ပေးထားခြင်းဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် နဂါးသွေးကြောများကို သတိထားမိသည့် အဆင့်မြင့်သိုင်းပညာရှင်များ ရှိပြီး သူတို့က နဂါးသွေးကြောအား ဖိနှိပ်ရန် ပန်းပဲဆရာများကို မြစ်ရေထိန်းသားရဲများ သွန်းလုပ်စေခဲ့သည်။
ပုံမှန်အားဖြင့် သူတို့ကြောင့် မာန်ဟုန်မြစ်၏ နဂါးသွေးကြောသည် ငြိမ်နေတတ်၏။ သို့သော် မြစ်ရေထိန်းသားရဲတစ်ကောင်ပြီးတစ်ကောင် ဖယ်ရှားခံလိုက်သည့်အခါ နဂါးသွေးကြော၏ စွမ်းအား အသက်ဝင်လာလိမ့်မည်။
မြစ်ရေထိန်းသားရဲများအပြင် မြစ်အောက်ပိုင်းတစ်လျှောက်တွင် ထူးဆန်းသောပစ္စည်းများလည်း ရှိသည်။ နဂါးထိန်းဧကရာဇ်က မလိုအပ်သောပြဿနာမဖြစ်အောင် ၎င်းတို့အား တတ်နိုင်သမျှ ရှောင်သွား၏။
မဟာမြို့ပျက်အနားရောက်လေလေ၊ ထူးဆန်းသောပစ္စည်းများ လမ်းတွင် ပိတ်နေလေလေ ဖြစ်လာသည်။ ထိုနေရာရှိ မာန်ဟုန်မြစ်တွင်လည်း ဖိနှိပ်ထားသော ကျောက်ရုပ်တုများ ရှိသည့်အတွက် နဂါးထိန်းဧကရာဇ်အနေဖြင့် ထိုနေရာကို မမြှောက်နိုင်ပေ။
သို့သော် သူ၏ရည်ရွယ်ချက်က မာန်ဟုန်မြစ်ကို ယူသွားရန် မဟုတ်၍ ထို့အတွက် ဒုက္ခခံစရာမလိုပေ။ နဂါးသွေးကြော၏ လမ်းကြောင်းကို ပြောင်းလဲပြီး နဂါးရိုင်းတစ်ကောင် ဖြစ်လာအောင် လုပ်ရန်သာ လိုအပ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် လေလယ်ရှိ မာန်ဟုန်မြစ်က ရုတ်တရက် အောက်ကျလာ၏။
နဂါးထိန်းဧကရာဇ် လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်ထားရင်း တအံ့တဩ ရပ်လိုက်မိသည်။ ရုတ်တရက် အပေါ်ရှိ မြစ်ရေက တိုင်ကြီးတစ်လုံးအသွင်ဖွဲ့ကာ အောက်ထိုးဆင်းလာသည်။