မြစ်ရေထိန်းနဂါး
Vol. 28 Ch. 385
နဂါးထိန်းဧကရာဇ်သာ အစစ်အမှန်နဂါးသိုက်ကို တခြားတစ်နေရာတွင် ဖွက်ထားပါက ချင်မူ သူ့အား ‘ဉာဏ်များသည်’ ဟု ချီးကျူးမိမည်မဟုတ်ပေ။ ဒုက္ခိတဘိုးဘွားကျေးရွာတွင် ‘ဉာဏ်များသည်’ ဟု ချီးကျူးခံရခြင်းမှာ ချီးကျူးမှုကြီးတစ်ခု ဖြစ်သည်။
နဂါးထိန်းဧကရာဇ် အစစ်အမှန်နဂါးသိုက်ကို သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်းကောင်း၊ ကောင်းကင်ရေနဂါးမင်း၏ကိုယ်ပေါ်တွင်လည်းကောင်း ဖွက်ထားခဲ့ပါက သာမန်လူများ တွေးမိနိုင်၍ အလွယ်တကူ ရှာတွေ့သွားနိုင်သည်။ သို့သော် စိမ်းပုပ်ရောင်ရေနဂါး၏ ပါးစပ်ထဲတွင် ဖွက်ထားသည်ဟု မည်သူမှ စဉ်းစားမိမည်မဟုတ်ပေ။ အမှန်တကယ် ချီးကျူးထိုက်၏။
ထို့ကြောင့် ချင်မူ နဂါးထိန်းဧကရာဇ်ကို အားပါးတရ ချီးကျူးလိုက်ခြင်းဖြစ်သည်။
သို့သော် နတ်ဘုရားက သူ့ကို လျစ်လျူရှု၍ လူးလွန့်ကာ အရေခွံဆက်လဲနေသည်။ သူ အရေခွံနှစ်ကြိမ် လဲနိုင်သရွေ့ ချင်မူ့ကို သတ်၍ အစစ်အမှန်နဂါးမင်းနှင့် နဂါးသိုက်အား ပြန်ယူနိုင်မည်မဟုတ်ပါလော။
ချင်မူ သူ့ပခုံးပေါ်ရှိ စိမ်းပုပ်ရောင်ရေနဂါးလေး၏ ခေါင်းကို လက်ဝါးဖြင့် ပွတ်သပ်ပေးလိုက်သည်။ နဂါးလေးက ကလေးသဖွယ် အော်လိုက်၏။ “မာ ဟာ”
ချင်မူ လျှို့ဝှက်နဂါးထိန်းနည်းအတိုင်း စိမ်းပုပ်ရောင်ရေနဂါးနှင့် ဆက်သွယ်မှုတည်ဆောက်ပြီး သူ့အား ရွှင်ပျော်ပျော်ဓားပေးကာ နဂါးထိန်းဧကရာဇ်ကို သတ်ခိုင်းလိုက်သည်။ သို့သော် ရေနဂါးမှာ နတ်ဘုရားကို မထိရဲသဖြင့် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသည်။
စိမ်းပုပ်ရောင်နဂါးမှာ နဂါးထိန်းဧကရာဇ် မွေးထားခြင်းမဟုတ်သော်လည်း သူ့ကို အလိုလိုကြောက်နေ၍ မတိုက်ခိုက်ရဲပေ။ သို့တိုင်အောင် ချင်မူ၏ အစွမ်းအစဖြင့် နတ်ဓားကို ဆွဲကိုင်နိုင်လျှင်တောင်မှ တစ်ချက်တည်းဖြင့် သေအောင် သတ်နိုင်မည်မဟုတ်ပေ။ အလွန်ဆုံး အရေပြားကိုသာ ထိုးဖောက်နိုင်လိမ့်မည်။
နဂါးထိန်းဧကရာဇ်၏ ဒဏ်ရာဒဏ်ချက်များက အတိုင်းထက်အလွန် ပြင်းထန်သည်။ မျက်ကန်း၏ လှံချက်များက သူ့ကို အတွင်းဒဏ်ရာများ ရစေခဲ့သည့်အပြင် ချင်မူကလည်း သူ့ကို အဆိပ်ကျွေးခဲ့၍ ဒဏ်ရာများ ကုသနိုင်လျှင်တောင်မှ သူ၏ချီစွမ်းအင်က များစွာလျော့ကျသွားလိမ့်မည်။
‘ငါ့ရဲ့အဖျက်သုံးသွယ် အဆိပ်ကုန်သွားရင် အဆိပ်ထပ်ဖော်စရာ အချိန်မရှိဘူး။ ဖက်တီးနဂါးက ကောင်းကင်နတ်အသွင်အဆင့် ဖြစ်ပေမယ့် ရွှင်ပျော်ပျော်ဓားကို ထိန်းချုပ်ပြီး နဂါးထိန်းဧကရာဇ်ကို သတ်ဖို့ ခက်မှာ။ နေကျောက်စိမ်းမျက်လုံးရဲ့ စွမ်းအားကို သုံးကြည့်ရင် ကောင်းမလား...”
သူ ထိုသို့တွေးမိသောအခါ နေကျောက်စိမ်းမျက်လုံးကို ဆွဲထုတ်လိုက်သော်လည်း ထုတ်နေသည့်တန်းလန်း စိတ်ပြောင်းလိုက်သည်။ နေကျောက်စိမ်းမျက်လုံးအစား လကျောက်စိမ်းမျက်လုံးကို သူ့ထောင်ကျယ်အိတ်ထဲမှ ထုတ်လိုက်၏။
မာန်ဟုန်မြစ်ထဲတွင် ရေစီးသန်နေသည်။ နေကျောက်စိမ်းမျက်လုံးက အလွန်တရာအားကောင်းသော မီးတန်းကို ပစ်ခွင်းနိုင်သည်။ သို့သော် ရေနှင့် ထိပါက မီးအားသည် လျော့နည်းသွားလိမ့်မည်။
အခြားတစ်ဖက်တွင် လကျောက်စိမ်းမျက်လုံး၏စွမ်းအားက လျှို့ဝှက်ဆန်းကြယ်၏။ ရေကို မကြောက်သည်ကတော့ သေချာသည့်အတွက် ရေအောက်တွင် စွမ်းအားအပြည့်အဝ ထုတ်လွှတ်နိုင်သေးသည်။
ချင်မူ လကျောက်စိမ်းမျက်လုံးကို လှည့်၍ နဂါးထိန်းဧကရာဇ်၏ လည်ပင်းအား ချိန်ရွယ်လိုက်သည်။
ဤသည်မှာ လကျောက်စိမ်းမျက်လုံးကို သူ ပထမဆုံး သုံးဖူးခြင်းဖြစ်သည်။ နေကျောက်စိမ်းမျက်လုံး၏ စွမ်းအားကို သူ စမ်းကြည့်ခဲ့ဖူး၏။ စွမ်အားက အလွန်ပြင်းထန်ခဲ့သည်။ ချူတောင်နတ်ဘုရားကျောင်းဆောင်ကိုပင် နှစ်ခြမ်းခွဲ၍ မြေအောက်ရေထုကို ဖျက်စီးပစ်ခဲ့သည်။
ဧကရာဇ်ယန်ဖုန်းအတွက် နေသူရိန်ခွင်းအမြှောက် ထွင်ပေးခဲ့တုန်းက နေကျောက်စိမ်းမျက်လုံး၏ တည်ဆောက်ပုံကို အတုယူခဲ့ပြီး သဘောတရားများစွာကိုလည်း မှီငြမ်းခဲ့ရသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နေသူရိန်ခွင်းကောင်းကင်မျက်လုံးကျင့်စဉ်ကိုသာ သင်ကြားပေးခဲ့သည့်အတွက် ကောင်းကင်အမြှောက်တစ်ခု၏ အကြောင်းကို သူ နားမလည်ခဲ့ပေ။
ချင်မူ နေကျောက်စိမ်းမျက်လုံးထံမှ တည်ဆောက်ပုံနည်းစနစ်များကို လေ့လာကြည့်မှသာ နေသူရိန်ခွင်းကောင်းကင်မျက်လုံးများအား နေသူရိန်ကောင်းကင်အမြှောက်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
ချူတောင်နတ်ဘုရားကျောင်းဆောင်သည် ခိုင်ဧကရာဇ်ခေတ်မတိုင်ခင် ခေတ်မှ ဖြစ်နိုင်ခြေများသည်။ ၎င်း၏ သင်္ကေတအမှတ်အသားများက လက်ရှိခေတ်၏ သင်္ကေတအမှတ်အသားများနှင့် ခိုင်ဧကရာဇ်အတွင်း သုံးခဲ့သော သင်္ကေတအမှတ်အသားများနှင့် မတူညီသည့်အချက်အပေါ် အခြေခံ၍ သူ သုံးသပ်မိခြင်းဖြစ်သည်။
လကျောက်စိမ်းမျက်လုံးအား အတန်ကြာ လေ့လာပြီးနောက် သူ အသက်သွင်းလိုက်၏။
သူ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည့်အခါ မျက်လုံးကြီးသည် တစတစ တောက်ပလာပြီး လုံးဝန်းသော လကြီးတစ်စင်းအား ဖွက်ထားသည့်နှယ် ရှိသည်။
နေသူရိန်ခွင်းကောင်းကင်မျက်လုံးနှင့် နေသူရိန်ခွင်းကောင်းကင်အမြှောက်နှစ်မျိုးလုံး အလုပ်လုပ်ရန် စွမ်းအင်လိုအပ်သောကြောင့် ချင်မူ ဆေးမီးဖိုများစွာ သွန်းလုပ်ခဲ့ရ၏။ သို့သော် လကျောက်စိမ်းမျက်လုံးနှင့် နေကျောက်စိမ်းမျက်လုံး၏ တည်ဆောက်ပုံက မတူညီသည့်အတွက် ချင်မူ အနည်းငယ်စဉ်းစားသွားသည်။ စွမ်းအင်က မည်သည့်နေရာမှလာမှန်း သူ မသိသေးပေ။
သူ ပေါက်ပေါက်ရှာရှာ တွေးလိုက်မိသည်။ ဤမျက်လုံးနှစ်လုံးထဲတွင် နေတစ်စင်းနှင့် လတစ်စင်း ပုန်းကွယ်နေလိမ့်မည်။ ကျောက်စိမ်းမျက်လုံးနှစ်လုံး၏ စွမ်းအင်က ထိုနေနှင့်လမှ လာလိမ့်မည်။ သို့သော် ဤအတွေးက မဖြစ်နိုင်ပေ။
ဒုတိယအတွေးက ပိုမိုယုတ္တိကျသည်။ ရှေးလူသားများနှင့် နတ်ဘုရားများက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးမှ စွမ်းအင်ကို စုပ်ယူနိုင်သည့် ထူးဆန်းသော ဝင်္ကပါတစ်မျိုးကို စီရင်ရေးဆွဲခဲ့ခြင်းဖြစ်လိမ့်မည်။
သို့သော် ဤအတွေးတွင်လည်း ဟာကွက်ရှိနေသည်။ ချင်မူ ကျောက်စိမ်းမျက်လုံးကို အသက်သွင်းလိုက်တုန်းက ပတ်ဝန်းကျင်တွင် စွမ်းအင်တစ်စုံတရာ ရွေ့လျားသွားသကဲ့သို့ မခံစားရပေ။
သူ့တွင် တတိယအတွေးရှိသေးသော်လည်း ၎င်းက ရယ်စရာကောင်းလွန်း၏။ နေကျောက်စိမ်းမျက်လုံးနှင့် လကျောက်စိမ်းမျက်လုံးက ဟင်းလင်းပြင်နေရာရွှေ့ပြောင်းခြင်းရတနာများ ဖြစ်လောက်သည်။ သို့သော် နေရာရွှေ့ပြောင်းခြင်းဝင်္ကပါထက်သော်လည်းကောင်း၊ နေရာရွှေ့ပြောင်းခြင်းတံခါးထက်သော်လည်းကောင်း များစွာပိုမိုရှုပ်ထွေးလိမ့်မည်။
ထိုရတနာမျိုးကို သွန်းလုပ်ရန် နေမျက်နှာပြင် သို့မဟုတ် လမျက်နှာပြင်ထက်တွင် တံခါးတစ်ချပ် တည်ဆောက်ရသည်။ ထို့နောက် ကျောက်စိမ်းမျက်လုံးများထဲ၌ နောက်တံခါးတစ်ချပ် တည်ဆောက်ရ၏။ ပြီးလျှင် မျက်လုံးများ ဖွင့်လိုက်သည့်အခါ အဆိုပါတံခါးနှစ်ချပ်မှတစ်ဆင့် နေနှင့်လစွမ်းအင် ထုတ်လွှတ်ခံရလိမ့်မည်။ ဤအတိုင်းသာ အမှန်တကယ် ဖန်တီးနိုင်လျှင် ရတနာတစ်ခုအတွက် စွမ်းအင်ထောက်ပံ့ပေးရန် လိုအပ်တော့မည်မဟုတ်ပေ။
သို့သော် အတွေးကလည်း မဖြစ်နိုင်ပေ။ မည်သူက နေနှင့်လအပေါ်တွင် ပျံသန်းသွားလာနိုင်မည်နည်း။
ထိုမျှသာမက ချင်မူတို့၏ တွက်ချက်မှုများအရာ နက္ခတ်တာရာအားလုံး အတုဖြစ်ရာ နေနှင့်လလည်း ခြွင်းချက်မဟုတ်ပေ။ ကောင်းကင်ထက်၌ ရေးခြယ်ခံထားရသော ပန်းချီများသဖွယ်သာ ဖြစ်သည်။ မည်သူမှ အပြင်ထွက်မသွားနိုင်ရာ အဘယ်သို့ပြု၍ နေနှင့်လအပေါ်၌ နေရာရွှေ့ပြောင်းခြင်းတံခါးတစ်ချပ် တည်ဆောက်နိုင်မည်နည်း။
သူ ကျောက်စိမ်းမျက်လုံးများကို တစစီဖြုတ်၍ တည်ဆောက်ပုံအား လေ့လာချင်သော်လည်း မလုပ်ရဲပေ။
နောက်ဆုံးတော့ လကျောက်စိမ်းမျက်လုံးအတွင်း၌ စွမ်းအင်များ စုဝေးလာသည်။ ချင်မူ လကျောက်စိမ်းမျက်လုံးကို ထိန်းချုပ်လိုက်သည့်အခါ သူငယ်အိမ်ထဲမှ အလွန်ပါးလျသော အလင်းတန်းတစ်တန်း ထွက်သွားသည်။
နဂါးထိန်းဧကရာဇ် အရေခွံထဲမှ ထွက်လာနိုင်တော့မည့်အချိန် အလင်းတန်းက သူ့လည်ပင်းအား ပိုင်းဖြတ်လိုက်၏။ ထူးထူးဆန်းဆန်း မည်သည့်အရာမှ ဖြစ်ပျက်မသွားသော်လည်း အလင်းတန်း ဖြစ်သွားသောနေရာတိုင်းတွင် အလွန်ပါးလျသော ရေခဲအလွှာတစ်လွှာ ဖွဲ့တည်လာသည်။ ရေခဲလွှာမှာ လွန်စွာရှည်လျားပြီး အဆုံးကို မမြင်ရပေ။ ၎င်းက မာန်ဟုန်မြစ်ကြမ်းပြင်ကို ခွဲခြမ်းလိုက်သည်။
မြစ်ထဲတွင် ကူးခတ်သွားလာနေသော ငါးများ၊ ရေသတ္တဝါများ ရှိ၏။ ငါးကြီးတစ်ကောင်မှ အထူမရှိသော ရေခဲလွှာ၏ ပိုင်းဖြတ်ခြင်းခံလိုက်ရသည်။
သို့သော် ထိုငါးကြီးမှာ မည်သည်ကိုမှ ခံစားလိုက်ရဟန်မတူဘဲ ဆက်လက်ကူးခတ်နေသည်။ ၎င်း၏ခန္ဓာကိုယ်က အလယ်မှ ကွဲထွက်သွား၍ ငါးကိုယ်နှစ်ခြမ်းလုံး ကူးခတ်နေသကဲ့သို့ ဖြစ်သွားသည်။
သွေးထွက်ခြင်းလည်း မရှိပေ။ ငါးကြီး၏ ကလီစာနှင့် ဦးနှောက်တစ်သျှူးများကိုပင် ချင်မူ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ငါးသတ္တဝါကြီး၏ ကိုယ်နှစ်ခြမ်းက နှစ်ခြမ်းကွဲသွားမှန်းမသိဘဲ ဆက်လက်ကူးခတ်နေသည်။
ချင်မူ မည်သည့်အရာ ဖြစ်ပျက်သွားမှန်း နားမလည်၍ မှင်သက်နေသည်။
‘ဒီလကျောက်စိမ်းမျက်လုံးက ဘာစွမ်းအင်မှ မရှိဘဲ နှစ်ခြမ်းပဲခြမ်းပစ်နိုင်တာလား။ နှစ်ခြမ်းကွဲသွားတာတောင် ဘာလို့မသေသေးတာပါလိမ့်’ သူ ဇဝေဇဝါ ဖြစ်သွားသည်။ ‘ငါးသတ္တဝါကြီးရဲ့ ဒဏ်ရာတွေက အေးခဲသွားတော့ သွေးမထွက်တာများလား။ ဒါပေမဲ့ ခဲသွားတဲ့နေရာက သိပ်ပါးရမှာ။ မဟုတ်လို့ကတော့ ငါး ရွေ့လျားနိုင်မှာမဟုတ်ဘူး’
ရုတ်တရက် ငါးသတ္တဝါကြီး၏ ကိုယ်နှစ်ခြမ်းမှ သွေးများ စတင်ထွက်လာသည်။ အေးခဲနေသောအသားက အရည်ပျော်၍ သွေးချင်းနီလာ၏။ မကြာမီ နှစ်ခြမ်းကွဲနေသည့် ငါးသတ္တဝါမှာ အရိုးသာကျန်တော့သည့်တိုင်အောင် အစားခံလိုက်ရတော့သည်။
အရေခွံလဲနေသော နဂါးထိန်းဧကရာဇ်လည်း လူးလွန့်နေခြင်း ရပ်သွားသည်။ သူက တုပ်တုပ်မှမလှုပ်တော့ပေ။ သူ၏မျက်လုံးကြီးနှစ်လုံးသာ ဟိုကြည့်သည်ကြည့် ကြည့်နေသည်။ ငါးသတ္တဝါ၏ အခြေအနေကို မြင်လိုက်၍ သူ ကျောထဲစိမ့်အေးသွား၏။
ချင်မူ ကျောက်စိမ်းမျက်လုံးကို ချိန်၍ နောက်ငါးတစ်ကောင်ကို ပိုင်းဖြတ်လိုက်သည်။ ထိုငါးလည်း ကိုယ်နှစ်ခြမ်းကွဲသွား၏။ ချင်မူ၏ချီစွမ်းအင် ထွက်ပေါ်လာပြီး ငါး၏ကိုယ်နှစ်ခြမ်းကို ဆုပ်ကိုင်ကာ ပြန်ဆက်လိုက်သည်။
ကိုယ်နှစ်ခြမ်း ပြန်ဆက်သွားပြီး ငါးက အဝေးသို့ ကူးခတ်ထွက်သွား၏။
ချင်မူ မှင်သက်သွားပြီးနောက် ဝမ်းသာလာသည်။ ‘လကျောက်စိမ်းမျက်လုံးက ဒီလိုအစွမ်းမျိုး ရှိသေးတယ်လား’
နဂါးထိန်းဧကရာဇ်၏ မျက်လုံးများက လည်သွားပြီး သူ့လည်ပင်းအနောက်ရှိ ခန္ဓာကိုယ်က ရှေ့မထွက်ဘဲ နောက်ပြန်ရွေ့သွားသည်။ သူသည် အရေခွံနှစ်လွှာအား ထိုအတိုင်း လဲရန် ကြိုးစားနေ၏။
“နဂါးထိန်းဧကရာဇ် မလှုပ်နဲ့”
ချင်မူ ကျောက်စိမ်းမျက်လုံးကို မြှောက်၍ နဂါးထိန်းဧကရာဇ်၏ လည်ပင်းအား ပိုင်းဖြတ်နေသည်။
နဂါးထိန်းဧကရာဇ်က တုပ်တုပ်မှမလှုပ်ပေ။ သူ၏နဂါးမျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်နေသည်။ သူ့လည်ပင်းပတ်ပတ်လည်တွင် အဖြူရောင်ရေခဲတန်းတစ်တန်း ပေါ်လာ၏။
ချင်မူက အဖြူရောင်ရေခဲတန်းကို လည်ပင်းဆီ ဖိချသော်လည်း တွန်းမရ၍ တူကြီးတစ်လက်ထုတ်ကာ ရေခဲတန်းတစ်လျှောက် ရိုက်ချနေသည်။
ဒုတ်
နဂါးထိန်းဧကရာဇ် ခေါင်းကြိမ်းလာ၏။ သူ ကပျာကယာ အော်လိုက်သည်။ “နေပါဦး”
ချင်မူ တူကြီးကို မြှောက်လိုက်ပြန်ပြီး အားဖြင့် ရိုက်ချလိုက်ပြန်သည်။
ဒုတ်
နဂါးထိန်းဧကရာဇ်က အက်ကွဲကွဲအသံဖြင့် အော်လိုက်သည်။ “နေပါဦး ငါ့မှာ ပြောစရာရှိတယ်”
ချင်မူ ရပ်သွားပြီး သိချင်စွာ မေးလိုက်သည်။ “နဂါးထိန်းဧကရာဇ်မှာ ဘာပြောစရာရှိတာလဲ”
“ငါ့ကို သတ်လို့ ဘာထူးမှာလဲ” နဂါးထိန်းဧကရာဇ်က သူ့လည်ပင်းပြတ်မသွားအောင် ဂရုတစိုက် ကာကွယ်ရင်း ပြောလိုက်သည်။ “မင်း ငါ့ကို သတ်ရင်တောင်မှ အထက်ကောင်းကင်ဘုံက မင်းကို လာကလဲ့စားချေလိမ့်မယ်။ ငါ့ထက်ပို သန်မာအားကောင်းတဲ့ နတ်ဘုရားတွေ ဆင်းသက်လာလိမ့်မယ်။ သူတို့ မင်းကို သတ်ပြီး မာန်ဟုန်မြစ်လမ်းကြောင်းကို ပြောင်းလဲနိုင်ဦးမှာပဲ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဒုတိယမဟာမြို့ပျက် ဖြစ်သွားလိမ့်မှာနော်”
ချင်မူ တူကို လွှဲ၍ ပြောလိုက်သည်။ “ဒါဆိုလည်း သူတို့ကို သတ်လိုက်ရုံပေါ့”
“နေပါဦး။ အထက်ကောင်းကင်ဘုံက တကယ်တော့ အစောင့်ခွေးသက်သက်ပါပဲ။ နတ်ဘုရားတစ်ပါး သေသွားရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ နတ်ဘုရားနှစ်ပါးသေရင် နတ်ဘုရားအစစ်တွေ သိသွားလိမ့်ယ်။ အဲဒီရဲ့အကျိုးဆက်အနေနဲ့ တစ်ကမ္ဘာလုံး သုတ်သင်ခံရလိမ့်မယ်” နဂါးထိန်းဧကရာဇ်က ပြောလိုက်သည်။ “ငါ့မှာ မင်းနဲ့ ရန်ငြိုးရန်စမရှိပါဘူး။ ငါလည်း အမိန့်ကြောင့်သာ ဆင်းလာရတာ။ ဘာလို့ တစ်ယောက်နဲ့တစ်ယောက် သေအောင် သတ်နေမှာလဲ”
ချင်မူ ရပ်လိုက်ပြီး ပြုံးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ကိစ္စက ကျုပ်နဲ့ ဘာဆိုင်လို့တုန်း။ ကျုပ်က မဟာမြို့ပျက်သား။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက မဟာမြို့ပျက်လို ဖြစ်လာရင် ကျုပ် ပိုပြီးလွတ်လပ်သွားမှာပေါ့။ ပြီးတော့ ကျုပ် ခင်ဗျားကို လွှတ်ပေးလိုက်လို့ ခင်ဗျား ကျုပ်ကို သတ်ချင်နေသေးရင် ဘယ့်နှယ့်လုပ်မလဲ။ ခင်ဗျားက အထက်ကောင်းကင်ဘုံဆီ ပြန်ရောက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အကောင်းပြောပေးမှာမှမဟုတ်တာ။ ကျုပ်က ခင်ဗျားကို ဘာကြောင့် အသက်ရှင်ခွင့်ပေးရမှာလဲ”
နဂါးထိန်းဧကရာဇ်၏ မျက်နှာက မည်းလိုက်၊ ဖြူလိုက် ဖြစ်နေသည်။ သူက အံတင်းတင်းကြိတ်၍ ပြောလိုက်၏။ “ငါ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်စာချုပ် ချုပ်နိုင်တယ်။ မင်း ငါ့ကို လွှတ်ပေးရင် ငါ မင်းကို လုံးဝမထိဘူး”
ချင်မူ တူကြီးကို မြှောက်လိုက်သည်။ “ကလဲ့စားချေတာလောက်ကတော့ ကျုပ် ခင်ဗျားကို သတ်လိုက်ရင်လည်း ခင်ဗျား ကလဲ့စားမချေနိုင်တော့ပါဘူး”
နဂါးထိန်းဧကရာဇ်၏အသံ တုန်ရီသွားသည်။ “နေပါဦး ငါ မင်းကို နဂါးသွေးကြောတွေကို ဘယ်လိုစုရမလဲ။ အစစ်အမှန်နဂါးမင်းရဲ့ အစစ်အမှန်စွမ်းအားကို ဘယ်လိုလှုံ့ဆော်ရမလဲ သင်ပေးမယ်”
ချင်မူ သံတူကြီးကို ချလိုက်ပြီး သူ့အကြည့်များ လင်းလက်နေသည်။ “ပြီးတော့ရော”
နဂါးထိန်းဧကရာဇ်၏ မျက်နှာပေါ်ရှိ ကြွက်သားများ တွန့်သွားသော်လည်း သူက ပြောလိုက်သည်။ “ငါ မာန်ဟုန်မြစ်နဂါးသွေးကြောကို စောင့်ရှောက်ပြီး မင်းကို ခစားနိုင်တယ်”
ချင်မူ့မျက်နှာ လေးနက်သွားသည်။ “မြေအောက်ဘုံအရှင်သခင်ကို တိုင်တည်ပြီး ကျိန်လိုက်”
နဂါးထိန်းဧကရာဇ် အံတင်းတင်းကြိတ်လိုက်၏။ “မြေအောက်ဘုံအရှင်သခင်ကို တိုင်တည်ပြီး ကျိန်ပါတယ်”
ချင်မူ ပြုံးလိုက်ပြီး သံတူကြီးကို သိမ်းလိုက်သော်လည်း လကျောက်စိမ်းမျက်လုံးကို ဆုပ်ကိုင်ထားသေးသည်။ သူက လူခေါင်းမြွေကိုယ် စနေဂြိုဟ်အရှင်သခင်အသွင် ပြောင်းလိုက်၏။ သူ့အနောက်၌ ကောင်းကင်အလိုတော်မုခ်ဝ ဖွဲ့တည်လာသည်။
တံခါးနှစ်ချပ် ပွင့်သွားပြီး ယိုတု၏ အမှောင်ထုအား ဖွင့်လှစ်ပြလိုက်သည်။
“မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကို ကျိန်ဆိုပြီးသွားပေမယ့် လှည့်စားမယ်မကြံနဲ့။ ကျုပ် မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကို တစ်ခါ ကျိန်ဆိုဖူးတယ်။ ဒါကြောင့် ခင်ဗျား လှည့်စားဖို့လုပ်ရင်တောင်မှ ကျုပ်လို လူရိုးလေးကို မလှည့်စားနိုင်ဘူး” ချင်မူ အလေးအနက် ပြောလိုက်သည်။
“လူရိုးလေး..”
နဂါးထိန်းဧကရာဇ်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသော်လည်း ကျမ်းကျိန်ရုံအပြင် တခြားမရှိပေ။ သူ မာန်ဟုန်မြစ်ကို စောင့်ရှောက်ပါမည်ဟု ကျမ်းသစ္စာဆိုလိုက်သည်။ ထိုအချိန်တွင် သူ၏ပုံစံအစစ်အမှန် ပေါ်လာပြီး သူ၏ခန္ဓာကိုယ်က ကိုက်ပေါင်းသုံးရာကျော် ရှည်လားသော ဧရာမရေနဂါးကြီးတစ်ကောင် အသွင်ပြောင်းသွား၏။ အနက်ရောင်ချီစွမ်းအင်က သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံရစ်သိုင်း၍ သံကြိုးများအသွင် ဖွဲ့တည်သွားသည်။ သံကြိုးတစ်ဖက်က မာန်ဟုန်မြစ်နှင့် ချိတ်ဆက်နေပြီး တစ်ဖက်က သူ့ဝိညာဉ်နှင့် ဆက်နေသည်။
သစ္စာဖောက်လျှင် ထိုသံကြိုးက သူ့ဝိညာဉ်အား ယိုတုဆီ ဆွဲခေါ်သွားပြီး သူ သေရလိမ့်မည်။
ချင်မူ နဂါးထိန်းဧကရာဇ်၏ ကျမ်းသစ္စာထဲရှိ စကားလုံးများကို ဂရုတစိုက် လေ့လာ၍ မည်သည့်လှည့်ကွက်မှ မပါကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူ ပြုံးပြီး ပြောလိုက်၏။ “ခင်ဗျားရဲ့လည်ပင်းပတ်ပတ်လည်က ရေခဲကြောင်း အရည်ပျော်သွားရင်တောင် ခင်ဗျားကိုယ်က အကောင်းတိုင်း ရှိနေသေးလိမ့်မယ်။ ကောင်းကင်ရေနဂါးမင်းကို ပြန်ခေါ်ပြီး မာန်ဟုန်မြစ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပါ”
နဂါးထိန်းဧကရာဇ်၏ နဂါးခေါင်းကြီးသည် တောင်ကြီးသဖွယ် ကြီးမားလှ၏။ သူက ချင်မူကို တွေဝေရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်သည်။ “ငါ မင်းကို ကြောင်သူတော်ကြွက်သူခိုးလေးလို့ပဲ သိထားတာ။ မင်း နာမည်ကို မသိဘူး။ မင်းနာမည်က ဘယ်သူလဲ မေးခွင့်ရှိမလား”
ချင်မူ စိမ်းပုပ်ရောင်ရေနဂါးကို ခေါ်၍ မြစ်ရေပြင်ထက် တက်သွားပြီး သူ့အသံက အပေါ်မှ ထွက်လာသည်။ “ဒုက္ခိတဘိုးဘွားကျေးရွာက ချင်မူ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ လက်ရှိလူသားဧကရာဇ်”
နဂါးထိန်းဧကရာဇ် မှင်သက်သွားပြီးနောက် ခပ်တိုးတိုး မေးလိုက်သည်။ “ဪ လူသားဧကရာဇ်ကိုး... ဘယ်သူက မင်းကို ဒီလိုသင်ပေးထားတာလဲ။ မင်းက ဓားနတ်ဘုရားထက်တောင် ရင်ဆိုင်ရခက်သေးတယ်”