← Chapters

ဝမ်းသာရွှင်မြူးခြင်း

Vol. 28 Ch. 384

ဝမ်းသာရွှင်မြူးခြင်း

Vol. 28 Ch. 384

မြစ်ရေများ ကျလာသည့်အရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ တောင်တန်းများ တုန်ခါသွားပြီး တချို့ဆိုလျှင် ပြိုကျကုန်သည်။ မြေပြိုမှုများ ဖြစ်ပေါ်၍ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပျက်စီးသွားသည်။ မြစ်နား၌ နေထိုင်သော ရွာများလည်း ဘေးသင့်ကုန်သည်။

သို့သော် မျက်ကန်းလည်း မတတ်နိုင်ပေ။

နဂါးသွေးကြော၏ လမ်းကြောင်း မပြောင်းလဲအောင် နဂါးထိန်းဧကရာဇ်အား မတားလျှင် ဒုက္ခခံရမည့်သူများက မြစ်ကမ်းဘေးရှိ ရွာသားများသာ မဟုတ်ပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး ခံစားရလိမ့်မည်။

“ဘိုးဘိုးမျက်ကန်း၊ နဂါးထိန်းဧကရာဇ်က အရေခွံလဲပြီး ဒဏ်ရာကုနိုင်တယ်” နဂါးထိန်းဧကရာဇ်၏ ခေါင်းပေါ်တွင် ရပ်နေရာမှ ချင်မူ လှမ်းအော်ပြောလိုက်သည်။ “ပေါ့မသွားနဲ့။ သူ အခုထိ မသေသေးဘူး”

မျက်ကန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ “ဒီငါးရှဉ့်ဧကရာဇ်က ဘာဖြစ်တယ်။ ငါ သူ့အရိုးတွေနဲ့ သူ့အကြေးခွံတွေကို ဖျက်စီးထားတာလေ။ မာန်ဟုန်မြစ်တောင် သူ့အပေါ် ပိကျသွားထားတာ ဘယ်လိုလုပ် အသက်ရှင်ဦးမှာလဲ”

“သူ မသေသေးဘူး” ချင်မူ ကျယ်လောင်စွာ အော်လိုက်သည်။ “သူ့ခေါင်းကို မဖြတ်ရင် ဒဏ်ရာဘယ်လောက်ပဲ ရထားရထား၊ အရေခွံလဲပြီးတာနဲ့ အကောင်းအတိုင်း ပြန်ဖြစ်လာလိမ့်မယ်”

ထိုအခိုက်အတန့်တွင် မြစ်ရေက ရုတ်တရက် လိပ်တက်လာပြီး ရေလှိုင်းလုံးကြီးများက တောင်လုံးကြီးများသဖွယ် မြစ်အထက်ပိုင်းမှ တရှိန်ထိုး စီးဆင်းလာသည်။ သတ္တဝါကြီးတစ်ကောင် ရေအောက်တွင် ကူးခတ်လာနေ၏။

“ငါးရှဉ့်ဧကရာဇ်ရဲ့ ကောင်းကင်ရေနဂါးမင်း ရောက်လာပြီဟ။ ကြည့်ရတာ ငါးရှဉ့်ဧကရာဇ် တကယ် မသေသေးတဲ့ပုံပဲ”

မျက်ကန်း အံ့အားသင့်သွားပြီး တောင်ဝှေးကို မြှောက်ကာ မြစ်ရေပြင်အား ထိခတ်လိုက်သည်။

နဂါးထိန်းဧကရာဇ်မှာ ‌ကောင်းကင်မှ ပြုတ်ကျလာသည့် ရေထုကြီးဖြင့် ဖိနှိပ်ခံထားရ၏။ ဖိအားနှင့် မျက်ကန်း၏လှံချက်များက သူ့ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေရန် လုံလောက်သည်။

မျက်ကန်း၏တောင်ဝှေး မာန်ဟုန်မြစ်‌ရေပြင်ပေါ် ထိခတ်လိုက်သည့်အချိန်မှာပဲ အပြာရောင်ကောင်းကင်ရေနဂါးမင်း၏ ခန္ဓာကိုယ်က ရစ်ခွေသွားသည်။ ၎င်း၏ခေါင်းကြီးက ရေအောက်မှ ထိုးထွက်လာကာ ‌တောင်ဝှေးကို တိုက်ချလိုက်သည်။

အုန်း

မာန်ဟုန်မြစ်ရေများ နှစ်ခြမ်းကွဲသွားပြီး မြစ်ကြမ်းပြင်ပေါ်လာသည်။ နဂါးချီလင်က လှိုင်းဂယက်များအား ရှောင်တိမ်းရန် ခပ်မြင့်မြင့် ပျံတက်လိုက်၏။

ချင်မူ နဂါးချီလင်၏ ကျောကို မှီ၍ အောက်ငုံ့ကြည့်လိုက်သည့်အခါ နဂါးထိန်းဧကရာဇ်အား အလွန်ကြီးမားနက်ရှိုင်းသော တွင်းကြီးတစ်တွင်းထဲတွင် မြင်လိုက်ရသည်။ တွင်းထဲရှိ ရွှံ့များမှာ မျက်ကန်းနှင့် ကောင်းကင်ရေနဂါးမင်း၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားသည်။ နဂါးထိန်းဧကရာဇ်မှာ ပက်လက်လန်နေပြီဂ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။

သို့သော် ချင်မူ ထင်ထားသည့်အတိုင်း မသေသေးဘဲ အရေခွံလဲနေ၏။

ချင်မူ အနီးကပ်ကြည့်လိုက်သည့်အခါ နဂါးထိန်းဧကရာဇ်၏ခေါင်းက ဟက်တက်ကွဲနေပြီး ခန္ဓာကိုယ်အသစ်က လူးလွန့်ထွက်လာနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

‘နဂါးထိန်းဧကရာဇ် အရေခွံလဲပြီး ကောင်းကင်ရေနဂါးမင်းနဲ့ ပေါင်းတိုက်ခိုက်ရင် ဘိုးဘိုးမျက်ကန်း သူ့ကို ယှဉ်နိုင်တော့မှာမဟုတ်ဘူး’

သူ့တွင် တွေးနေရန် အချိန်မရှိပေ။ ချင်မူ နဂါးချီလင်၏ ကျောပေါ်မှ တမုဟုတ်ချင်း ခုန်ချလိုက်ပြီး မြစ်ကြမ်းပြင်၌ လဲနေသော နဂါးထိန်းဧကရာဇ်ဆီ ကမူးရှူးထိုး ပြေးသွားသည်။

စစ်ယွင်ရှန်းနှင့် လင်ယွိရှို့က အထိတ်တလန့် အော်ပြီး သူ့ကို လှမ်းဆွဲလိုက်သော်လည်း မည်သည်ကိုမှ မဖမ်းမိလိုက်ပေ။

ဘုန်း

ချင်မူ့ခြေထောက်များက ပိုမိုမြန်လာသည်။ စက္ကန့်ပိုင်းအတွင်း အသံ၏အမြန်နှုန်းကို ကျော်လွန်သွားပြီး သူ့နောက်၌ အဖြူရောင်မီးခိုးတန်းတစ်တန်းသာ ကျန်ခဲ့သည်။

မျက်ကန်းက သူ၏ကောင်းကင်ရတနာသုံးပါးကို ပိတ်ထား၍ ချီစွမ်းအင်ကို အသုံးမပြုနိုင်ပေ။ သို့သော် ကောင်းကင်ခိုးယူခြေလှမ်းသိုင်းက ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းဖြစ်သည်။

မျက်ကန်း ထိုသိုင်းကွက်ကို မပိတ်နိုင်ပေ။

ချင်မူ ကောင်းကင်ထက်မှ ဝှစ်ခနဲ ပြေးဆင်းပြီး နဂါးထိန်းဧကရာဇ်ဆီ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

ထိုစဉ် နှစ်ခြမ်းကွဲသွားသော မာန်ဟုန်မြစ်ရေက ပြန်လည်စုဝေးလာ၏။ မျက်ကန်းအနောက်၌ လိပ်နက်နတ်ဘုရားရုပ်သွင် ဖွဲ့တည်လာပြီး ကောင်းကင်ရေနဂါးမင်းအား တိုက်ခိုက်လိုက်သည်။ ချင်မူပြေးဆင်းသွားသည်ကို မျက်ကန်း ‘မြင်’လျှင် သတ္တိကောင်းလွန်း၍ ဆူလိုက်မိသည်။ သူ ကပျာကယာ လက်ဖျောက်တီးလိုက်သည်။

ချင်မူ ပျံဆင်းနေစဉ် လေတစ်ချက်က သူ့မျက်ခုံးနှစ်ဖက်ကြားကို တွန်းထိုးလိုက်သည်ကို ခံစားလိုက်ရသည်။ ရုတ်ချည်း သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်သန္ဓေသားမှ တဒုန်းဒုန်း မြည်သံသုံးချက် ထွက်ပေါ်လာပြီး ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၊ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာနှင့် အရပ်ခြောက်မျက်နှာကောင်းကင်ရတနာများ ပွင့်သွားသည်။ သူ၏မှော်စွမ်းအင်က ခန္ဓာကိုယ်ထဲ၌ ပြန်လည်စီးဆင်းသွား၍ ချင်မူ ပျော်ရွှင်ဝမ်းမြောက်သွား၏။

မြစ်ကမ်းဘေးတွင် မျက်ကန်းက ကောင်းကင်ရေနဂါးမင်းကို အလွှတ်မပေးဘဲ တိုက်ခိုက်နေပြီး ရေနဂါးမင်း အမြီးဖြင့် ချင်မူ့အား ရိုက်မသတ်နိုင်အောင် ဟန့်တားနေသည်။

‘ဒီကောင်လေးကတော့ ကောင်းကင်ရတနာတွေ အပိတ်ခံထားရတာတောင် ရဲသေးတယ်။ အိပ်ရာထဲကျ မလုပ်ရဲဘူး”

မျက်ကန်း၏မျက်ခုံးများ လှုပ်နေသည်။ သူ အမှန်တကယ် ဒေါသထွက်မိ၏။ ကောင်းကင်ရေနဂါးမင်း၏ လက်သည်းများက သူ့အပေါ် ကျရောက်လာပြီး သူ့တောင်ဝှေးဖြင့် ရိုက်ထုတ်ခံလိုက်ရသည်။ နဂါးလက်ထဲရှိ ကြွက်သားများနှင့် အရိုးများ ဖရိုဖရဲ ဖြစ်သွားပြီး စွမ်းအင်မထုတ်လွှတ်နိုင်တော့ပေ။

မျက်ကန်း၏တောင်ဝှေးက ထိခတ်လိုက်ပြန်ပြီး မြစ်ရေက ဝေါခနဲ လည်ကာ လှံကြီးအသွင် ဖွဲ့တည်၍ ကောင်းကင်ရေနဂါးမင်း၏ နှလုံးသားဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ သတ္တဝါကြီးမှာ လှံချက်ကို ရှောင်ရန် ကောင်းကင်ပေါ် ပျံတက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

ဗွမ်း

မြစ်ရေများ ပြန်မစုသွားခင် ချင်မူက ရွှံ့ထဲ ဒိုင်ဗင်ထိုးကာ မြစ်ကြမ်းပြင်သို့ ဆင်းလိုက်သည်။ ထို့နောက် ကွဲထွက်သွားသော ရေပြင်နှစ်ခုက ကမ္ဘာတုန်ဟည်းသွားသည့်တိုင်အောင် အုန်းခနဲ ဝင်တိုက်ပြီး ပြန်စုသွား၏။ လှိုင်းလုံးကြီးများ ကောင်းကင်ပေါ် မြောက်တက်လာပြီး အရှေ့အရပ်သို့ တရှိန်ထိုး လိမ့်ဆင်းသွားသော မြင်ကွင်းမှာ ကြီးကျယ်ခမ်းနားလှသည်။

မြစ်အောက်တွင် ချင်မူ အသက်အောင့်ထားသော်လည်း မြစ်ရေ၏ဖိအားက သူ့ကို သေလုနီးပါး ဖိနှိပ်လိုက်သေးသည်။ သူ့ရင်ဘတ်က အထဲ ချိုင့်ဝင်သွားပြီး နားနှစ်ဖက်လုံး အူထွက်သွားသည်။

တခဏကြာသော် ချင်မူ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး ရွှံ့ထဲမှ ထွက်လာသည်။ သူ့ခန္ဓာကိုယ်သည် ငါးတစ်ကောင်သဖွယ် လှုပ်ရှားပြီး နဂါးထိန်းဧကရာဇ် လဲနေသော တွင်းကြီးဆီ ရောက်လာ၏။

လောလောဆယ်တွင် မာန်ဟုန်မြစ်က နဂါးထိန်းဧကရာဇ်၏ ကိုယ်တစ်ဝက်နီးပါးအား ဖုံးနေသော ရွှံ့သဲနုန်းများကို တိုက်စားစီးဆင်းနေသည်။

ချင်မူ နဂါး၏ဘေးသို့ ကူးခတ်သွားလိုက်သည့်အခါ အသားစများအား မြင်လိုက်ရသည်။ ဖိအားကြောင့် နဂါး၏သွေးများပင် ပန်းထွက်လာပြီး ရေနှင့်အတူ မျောပါသွား၏။

နတ်ဘုရားတစ်ပါး၏ခန္ဓာကိုယ်သည် အလွန်ကျစ်လစ်ပြီး လေးလံ၏။ ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်များပင် နတ်ဘုရားခန္ဓာကိုယ်ကို မ၍ သယ်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ရေစီးကြောင်းက နဂါးထိန်းဧကရာဇ်ကို သယ်မသွားနိုင်။

သူ၏သွေးအများစု ခမ်းခြောက်သွားသည့်အချိန်တွင်ပင် သူ့ခေါင်းက လှုပ်နေသေးသည်။ နဂါးချိုနှစ်ချောင်း ထွက်လာပြီဖြစ်၏။

ချင်မူ လက်နှစ်ဖက်ကို ဆန့်ပြီး နဂါးထိန်းဧကရာဇ်၏ ခန္ဓာကိုယ်အနား၌ ကူးခတ်နေသည်။

‘အစစ်အမှန်နဂါးသိုက်က ဘယ်မှာလဲ။ သူ ဘယ်မှာ ဝှက်ထားလဲ...’

ခွပ်

နဂါးထိန်းဧကရာဇ်၏ခေါင်းက ပိုမိုကွဲထွက်လာပြီး နတ်ဘုရား၏ အင်အားလှိုင်းများ ထွက်ပေါ်လာသည်။

ချင်မူ တစ်ဝက်ကျော် ထွက်လာနေပြီဖြစ်နေသော နဂါးခေါင်းအား တအံ့တဩ ကြည့်လိုက်မိသည်။ သူ နဂါးထိန်းဧကရာဇ်၏ ခေါင်းနေရာဆီ ကပျာကယာ ကူးခတ်သွားပြီး ရွှင်ပျော်ပျော်ဓားအား ဆွဲထုတ်လိုက်၏။ သူ ကောင်းကင်ရတနာသုံးခုကို ဖွင့်၍ ချီစွမ်းအင်ကို လှုံ့ဆော်ရင်း နဂါးထိန်းဧကရာဇ်၏ခေါင်းဆီ အားကုန်ထိုးစိုက်လိုက်သော်လည်း ရွှင်ပျော်ပျော်ဓားက နဂါးကြေးခွံတစ်ခုအား ချွင်ခနဲ ထိသွားပြီး ပြန်ကန်ထွက်လာသည်။ အကြေးခွံက အက်သွားသည့်တိုင် ထိုမျှသာ ဖြစ်သည်။

ချင်မူ လက်နှစ်ဖက်လုံးကို မြှောက်၍ အကြေးခွံအား စိုက်ဝင်သွားသည့်တိုင်အောင် ဆယ်ကြိမ်ကျော် ထိုးစိုက်လိုက်သည်။

ချင်မူ ဓားကို ဆွဲထုတ်ပြီး ထပ်ထိုးပြန်သည်။ ရွှင်ပျော်ပျော်ဓားက နဂါးထိန်းဧကရာဇ်၏ခေါင်းထဲသို့ တစ်ဝက်ကျော် နစ်ဝင်သွား၏။ ထို့နောက် ချင်မူ သံတူကြီးတစ်လက်ကို ထုတ်ပြီး ဓားရိုးအား ရိုက်ထည့်လိုက်သည်။ အတန်ကြာ ရိုက်ထည့်ပြီးသောအခါ သူ ရွှင်ပျော်ပျော်ဓားကို နဂါးထိန်းဧကရာဇ်၏ ခေါင်းထဲအထိ ထိုးဖောက်ပြီးသွားသည်။

ရွှင်ပျော်ပျော်ဓားသည် နဂါးထိန်းဧကရာဇ်၏အရေပြားနှင့် အရေခွံလဲနေသော ခန္ဓာကိုယ်အထဲ ဖောက်ဝင်သွား၏။ နဂါးခေါင်းမှာ ဓားအတွင်း၌ ငုပ်လျှိုးနေသည့် နတ်ဘုရားအင်အားကို နှိုးဆော်မိမည်စိုး၍ မလှုပ်ရဲတော့ပေ။ နဂါးထိန်းဧကရာဇ်အနေဖြင့် ဖြည်းဖြည်းချင်းသာ အရေခွံလဲနိုင်သော်လည်း ရွှင်ပျော်ပျော်ဓား စိုက်ဝင်လာသည်နှင့် ထိုအခွင့်အရေးလည်း မရှိ‌တော့ချေ။

“ကြောင်သူတော်ကြွက်သူခိုးလေး၊ မင်းပဲလား...” နဂါးထိန်းဧကရာဇ်က ပါးစပ်ဟ၍ အားနည်းနေသောအသံဖြင့် စကားပြောလိုက်သည်။ “ငါ မင်းကို သတ်မယ်။ ငါ မင်းကို သတ်မယ်”

ချင်မူ သူ၏ချီစွမ်းအင်ကို လှည့်ပတ်၍ ရွှံ့သဲနုန်းများဖြင့် နဂါးထိန်းဧကရာဇ် စကားမပြောနိုင်အောင် ပါးစပ်နှင့် နှာခေါင်းအား ဆို့လိုက်သည်။ ထို့နောက် အဖျက်သုံးသွယ်အဆိပ် ထုတ်၍ နဂါးထိန်းဧကရာဇ်၏ ပါးစပ်ထဲ ထိုးထည့်ပြီးနောက် နဂါးသိုက်ကို ဆက်ရှာလိုက်သည်။

“ကျုပ် ခင်ဗျားကို သေအောင် အဆိပ်မခတ်နိုင်ပေမယ့် နောက်တစ်ကြိမ် အရေခွံလဲရအောင် လုပ်နိုင်သေးတယ်” ချင်မူ နတ်ဘုရား၏ခန္ဓာကိုယ်ကို လှန်၍ အစစ်အမှန်နဂါးသိုက်အား ရှာလိုက်သည်။

နဂါးထိန်းဧကရာဇ်၏ တောင့်တင်းလုဆဲဆဲ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီနေသည်။ ‘အားနည်းနေသည့်အချိန်ကို အခွင့်ကောင်းယူပါ’ ဆိုသည့်အတိုင်း အဖျက်သုံးသွယ်အဆိပ်က ပေါက်ကွဲလာကာ ပျက်စီးနေသော ခန္ဓာကိုယ်မှ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ ထွက်လာ၏။ နတ်ဘုရားခန္ဓာကိုယ်၏ ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်မှာ ထပ်မံပြိုကွဲသွားပြန်သည်။

နဂါးထိန်းဧကရာဇ်သည် အရေခွံလဲ၍ မပြီးသေးသည့်အတွက် ခန္ဓာကိုယ်အဟောင်းထဲမှ မထွက်ရသေးသည့်အပြင် သူ၏ခန္ဓာကိုယ်အသစ်မှာလည်း အဆိပ်သင့်နေ၏။ သူ့အဖြစ်မှာ သနားစရာကောင်းလှသည်။

နဂါးထိန်းဧကရာဇ်အပေါ်၌ နဂါးအရေခွံဗုံ၊ နဂါးချိုများ၊ လက်သည်းတောင်ဝှေး၊ နဂါးအရိုးပုလွေကဲ့သို့ ဆန်းဆန်းပြားပြား ပစ္စည်းများကို ချင်မူ တွေ့လိုက်ရသော်လည်း နဂါးသိုက်ကိုတော့ ရှာမတွေ့ပေ။

‘ထူးဆန်းလိုက်တာ။ ဒီလူ နဂါးသိုက်ကို ကိုယ်ပေါ်မှာ သိမ်းထားတာဆိုတော့ ပျောက်သွားတာ မဖြစ်နိုင်ဘူး...’

ချင်မူ ဧကရာဇ်တံဆိပ်ပြားကို ထုတ်၍ ရှာကြည့်သော်လည်း မည်သည်ကိုမှ မခံစားရပေ။ ထို့နောက် ဧကရာဇ်တံဆိပ်ပြားအား အကြိမ်အနည်းငယ် အသက်သွင်းလိုက်သည့်အခါ ဧကရာဇ်တံဆိပ်ပြားအပေါ်ရှိ အမှတ်အသားများ ပြောင်းလဲသွားသော်လည်း နဂါးသိုက်၏တည်နေရာအား ရှာမတွေ့သေးပေ။

ထိုအခိုက်အတန့်တွင် သူ့ပတ်ဝန်းကျင်ထဲရှိ ရေစီးကြောင်းများထဲတွင် မူမမှန်သော လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ရေစီးကြောင်းများက ရွှံ့သဲနုန်းများကို တွန်းထိုးတိုက်နေ၍ မြစ်ရေက အလွန်နောက်ကျိနေရာ သူ သဲသဲကွဲကွဲ မမြင်ရပေ။ ချင်မူ နဂါးထိန်းဧကရာဇ်၏ ခေါင်းဆီ အလျင်အမြန် ပျံသန်းသွားပြီး ဓားလက်ကိုင်ရိုးကို ခို၍ ဘေးဘီဝဲယာကို ဂရုတစိုက် ကြည့်လိုက်သည်။

ရေစီးကြောင်းတစ်ကြောင်းက သူ့ခန္ဓာကိုယ်ကို တိုက်သွားသော်လည်း သူ မလှုပ်ပေ။ မြစိမ်းရောင်အကြေးခွံများဖြင့် အလွန်ကြီးမားသော နဂါးကိုယ်လုံးကြီးကို ချင်မူ မြင်လိုက်ရသည်။ နဂါးအကြေးခွံတစ်ခုစီက သူ့ခန္ဓာကိုယ်ထက် ပိုမိုကြီးမားသည်။

၎င်းက နဂါးထိန်းဧကရာဇ် မွေးထားသော နဂါးတစ်ကောင်ဖြစ်လိမ့်မည်။ သခင်၏အငွေ့အသက်ကြောင့် ရောက်လာခြင်းဖြစ်မည်။ ထိုရေနဂါးက အလွန်တရာ သန်မာအားကောင်းပြီး ဂိုဏ်းသခင်အဆင့် သိုင်းသမားများထက်ပင် သန်မာသောကြောင့် ချင်မူ သူ့အား မယှဉ်နိုင်ပေ။

သူ့အကြည့်များ လှုပ်ခတ်သွားပြီး နဂါးထိန်းဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်တွင် ရှာတွေ့ခဲ့သော နဂါးရိုးပုလွေတိုကို ထုတ်လိုက်သည်။ သူ ချီစွမ်းအင်ဖြင့် ရေစီးကြောင်းကို ထိန်းချုပ်ကာ ပုလွေတိုကို တီးမှုတ်စေလိုက်သည်။

ရေနဂါးနှင့် ဆက်သွယ်မှုတည်ဆောက်၍ ထိန်းချုပ်ရန် ချင်မူ လျှို့ဝှက်နဂါးထိန်းနည်းကို သုံးလိုက်သည်။

ထိုအခိုက်အတန့်တွင် သူ၏စိတ်အလျဉ်မှာ တိုက်ခိုက်ခံလိုက်ရပြီး ခေါင်းထဲ နာကျင်သွားသည်။ နဂါးထိန်းဧကရာဇ်က နောက်ဆုံးလက်ကျန် အသိစိတ်အလျဉ်ကို လှုံ့‌ဆော်၍ သူ့ကို သတိလစ်လုနီးပါး ဖြစ်သွားစေသည်။

ခေါင်းထဲ နာကျင်နေသည့်ဝေဒနာကို ခံစားနေရစဉ် သူ့ခြေ‌ထောက်အောက်ရှိ နဂါးထိန်းဧကရာဇ်က အားကုန်ရုန်းနေ၍ ရွှင်ပျော်ပျော်ဓား လှုပ်ခါနေသည်ကို ချင်မူ မြင်လိုက်ရသည်။ လှုပ်ရှားမှုကြောင့် ဓားသွားက နဂါးထိန်းဧကရာဇ်၏ ဦးခေါင်းခွံကိုပင် ပိုင်းခြမ်းလိုက်၏။

‘အဖျက်သုံးသွယ်အဆိပ် စားပြီးတာတောင် အရေခွံလဲနိုင်သေးတယ်လား။ ငါ့အဆိပ်က ဘိုးဘိုးဆေးဆရာရဲ့ အဆိပ်ထက် နိမ့်ကျတာပဲ။ ဘိုးဘိုးသာ သူ့ကို အဆိပ်ခတ်လိုက်ရင် နဂါးထိန်းဧကရာဇ် အရေခွံဆယ်ကြိမ်လဲရင်တောင်မှ သေရလိမ့်မယ်’

ချင်မူ သူ့ဓားကို တမုဟုတ်ချင်း ဆွဲထုတ်လိုက်သော်လည်း တူကြီးဖြင့် အားကုန်ရိုက်သွင်းထားခဲ့သောကြောင့် ထုတ်မရပေ။ ဆွဲထုတ်ရန် အချိန်လိုသည်။ နဂါးခေါင်းတစ်ခေါင်းက နဂါးထိန်းဧကရာဇ်ကိုယ်ထဲမှ ထိုးထွက်လာနေသော်လည်း ရွှင်ပျော်ပျော်ဓားက ထိုခေါင်းတွင်လည်း စိုက်လျက် ရှိသေးသည်။

ချင်မူ နဂါးထိန်းဧကရာဇ်၏ခေါင်းပေါ်၌ ရပ်ပြီး ဓားလက်ကိုင်ရိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။ သူ့ခြေထောက်အောက်၌ နတ်ဘုရား၏ မျက်လုံးကြီးများ ရှိသည်။ ၎င်းတို့က ပွင့်နေပြီး သူ့ကို စိုက်ကြည့်နေသည်။ အဆိပ်သင့်နေသောကြောင့် နတ်ဘုရား၏မျက်နှာသည် စိမ်းပုပ်နေ၏။

ထိုစဉ် ချင်မူ့အနောက်၌ နဂါးကြီးတစ်ကောင်၏ခေါင်း ပေါ်လာသည်။ စိမ်းပုပ်ရောင်နဂါးကြီးက ပါးစပ်ကြီးဖြဲထား၍ သွားချွန်ချွန်များ ပေါ်နေသည်။

ချင်မူ ဘယ်ကြည့်၊ ညာကြည့်ရင်း ဧကရာဇ်တံဆိပ်ပြားကို တိတ်တိတ်လေး ဆုပ်ကိုင်လိုက်သည်။ သူ ချာခနဲ နောက်လှည့်၍ သူ့ခေါင်းကို အပေါ်မှ လှမ်းဟပ်လိုက်သော စိမ်းပုပ်ရောင်နဂါးကြီး၏ပါးစပ်ဆီ မြှောက်လိုက်သည်။ သွားချွန်ချွန်များက သူ့ခေါင်းမှ လက်မအနည်းငယ်သာ ကွာတော့၏။

ချင်မူ ခြေနှစ်ဖက်လုံး တုန်ရီနေသော်လည်း ဧကရာဇ်တံဆိပ်ပြားအား မြင့်မြင့်မြှောက်ထား၏။ သူ့အောက်တွင် နဂါးထိန်းဧကရာဇ်က လူးလွန့်နေသည်။

ဂတ် ဂတ် ဂတ်

ချင်မူ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း သူ့သွားအချင်းချင်း ရိုက်သွားသံကိုသာ ကြားလိုက်ရသည်။ သူ့ပါးစပ်မှ ရေပူဖောင်းများ ထွက်လာပြီး သူက ပြောလိုက်၏။ “မ..မ..မလှုပ်နဲ့ င..ငြိ..ငြိမ်..နေ”

စိမ်းပုပ်ရောင်နဂါး၏ ပါးစပ်က ရပ်သွားပြီး တဖြည်းဖြည်း နောက်ဆုတ်သွားသည်။ သတ္တဝါကြီး၏ အကြည့်က ဧကရာဇ်တံဆိပ်ပြားအပေါ် ကျရောက်လာ၏။

“မာ...ဟာ...”

ရေနဂါးက ဖြည်းဖြည်းချင်း ခေါင်းငုံ့လိုက်သည်။

ချင်မူ သက်ပြင်းချ၍ နဂါးထိန်းဧကရာဇ်၏ မျက်လုံးပေါ် ခြေဆောင့်နင်းလိုက်သည်။ သူ ဒေါသတကြီး‌ အော်ဟစ်လိုက်သည်။ “ခင်ဗျားကြောင့် ကျုပ် သေတော့မလို့ဗျ။ မြန်မြန်ပြောစမ်း နဂါးသိုက်ကို ဘယ်မှာဖွက်ထားလဲ။ ကျုပ်မှာ အဆိပ်တစ်ရာကျော် ရှိတယ်။ ခင်ဗျား ပြာကျသွားအောင် မလုပ်နိုင်ဘူး ထင်လား”

နဂါးထိန်းဧကရာဇ်က အ‌ရေခွံဆက်လဲနေသည်။ ရုတ်တရက် သူ့ခေါင်းက ခွပ်ခနဲ ကွဲသွားပြီး နဂါးခေါင်းနောက်တစ်ခေါင်း ထွက်လာသည်။ ချင်မူ၏အဖျက်သုံးသွယ်အဆိပ်ကြောင့် အရေခွံတစ်ကြိမ်လဲရုံမျှဖြင့် အဆိပ်ဖြေရန် မလုံလောက်ပေ။ နောက်တစ်ကြိမ် ထပ်လဲလိုက်ရသည်။

“မာ ဟာ မာ ဟာ”

ချင်မူ့အနောက်ရှိ စိမ်းပုပ်ရောင်နဂါးက အရွယ်ချုံ့ပြီး ချင်မူ့ပခုံးပေါ် တက်လာသည်။ သူက ချင်မူ့ပခုံးကို ခြေသည်းများဖြင့် ကုပ်ထားပြီး ပါးစပ်ဟလိုက်၏။ ချင်မူ အံ့အားသင့်သွားသည်။ နဂါးပါးစပ်ထဲ၌ အစစ်အမှန်နဂါး၏ နဂါးသိုက် ရှိနေသည်။

“ဉာဏ်များတယ်။ ခင်ဗျားက တကယ် ဉာဏ်များတာပဲ” ချင်မူ ဝမ်းသာရွှင်မြူးသွားပြီး နဂါးထိန်းဧကရာဇ်အား လက်မထောင်ပြလိုက်သည်။

All Chapters