← Chapters

အရွယ်ရောက်လာပြီ

Vol. 28 Ch. 387

အရွယ်ရောက်လာပြီ

Vol. 28 Ch. 387

လျှို့ဝှက်ရေတံခါးမြို့တစ်မြို့လုံးတွင် အနီရောင်မီးအိမ်များ၊ အနီရောင်တံခွန်များဖြင့် တန်ဆာဆင်ထားသည်။ ဖုန်းရှုယွင်က သွက်သွက်လက်လက် ကြီးမှူးဆောင်ရွက်နေပြီး မကြာခင် စစ်ယွင်ရှန်းမှာ အမျိုးသမီးစစ်သည်များ၏လက်ထဲတွင် လှပစွာ ပြင်ဆင်ခြယ်သခံလိုက်ရသည်။ သူမသည် ဖုန့်ဟွမ်ခေါင်းဆောင်းကို ‌ဆောင်းထားပြီး အနီရောင်ပဝါလေးဖြင့် မျက်နှာကို ဖုံးထား၏။ ချင်မူကတော့ သတို့သားဝတ်စုံကို ဝတ်ထားပြီး အနီရောင်ပိုးချည်လုံးကြီးကို ကိုင်ထားရပြန်သည်။ သူ့မှာ ဂါဝရပြုပြီး စစ်ယွင်ရှန်းကို လက်ထပ်ရန် အတင်းအကြပ် ဖိအားပေးခံလိုက်ရသည်။

“မိန်းကလေးဖုန်းကလည်း မဆိုးဘူး။ သွက်သွက်လက်လက် စေ့စေ့စပ်စပ် ဆောင်ရွက်တတ်တယ်” မျက်ကန်းမှာ ပါးစပ်ပင်မစေ့နိုင်အောင် ပြုံးနေတော့သည်။ သူက သူ့ဘာသာ တွေးလိုက်၏။ ‘သူ လက်ထပ်ပြီးပြီလား မသိဘူး..’

မင်္ဂလာစားသောက်ပွဲတွင် ကလေးမလေးဟူလင်းအာမှာ မျက်ရည်ဘူးသီးတမျှ ကျနေသည်။ သူက ဝိုင်အိုးကို ပိုက်ထားပြီး မတ်တပ်ပင် မရပ်နိုင်တော့ဘဲ ဘိုးဘိုးမျက်ကန်း လိမ်သည်၊ လူလိမ်အဘိုးကြီးဟု အော်ဟစ်ငိုယိုနေသည်။

လျှို့ဝှက်ရေတံခါး၏ စစ်သည်များက သတို့သားနှင့် သတို့သမီးကို ဂုဏ်ပြုရန် ရောက်လာကြသော်လည်း ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးမလေးက အဘယ်သို့ပြု၍ ဝမ်းနည်းပက်လက် အော်ငိုနေမှန်း မသိ၍ တစ်ယောက်ကိုတစ်ယောက် အူတူတူ ကြည့်မိလိုက်ကြသည်။

ပျော်ပျော်ရွှင်ရွှင် စားသောက်ပြီးနောက် သတို့သားနှင့်သတို့သမီးမှာ မင်္ဂလာအိပ်ခန်းထဲ တွန်းထည့်ခံလိုက်ရသည်။ စစ်ယွင်ရှန်းက ဓားမြှောင်သေးသေးလေးတစ်လက်ကို ဖွက်ထားပြီး ချင်မူ သူမမျက်နှာလွှားပဝါအား ဖယ်မည့်အချိန်ကို စောင့်နေ၏။ သူမက ကောင်းကင်နတ်မယ်အဖြစ် ဂိုဏ်းသခင်ကို သတ်ဖြတ်လိုသည့် ဆန္ဒပြည့်ဝရန် အချိန်ကောင်းစောင့်နေသည်။

အတန်ကြာ စောင့်နေသော်လည်း ချင်မူက သူမဆီ ရောက်မလာ၍ သူမရင်ထဲတွင် မနာလိုမှုတို့ ပြည့်ကြပ်လာသည်။ ‘ဟိုဝတုတ်မ လင်ယွိရှို့လောက် ငါက မလှလို့လား။ ဘိုးဘိုးမျက်ကန်းက ကန်းနေပေမယ့် သူ့နှလုံးသားကတော့ မကန်းသေးဘူး။ ဒါပေမဲ့ တစ်ယောက်သောသူကတော့ မျက်လုံးရော၊ နှလုံးသားရော ကန်းနေတယ်။ ရင်သားကြီးကြီးမိန်းကလေးတွေကိုပဲ ကြိုက်တာလား မသိဘူး’

သူမ ထပ်စောင့်နေသော်လည်း ချင်မူက သူမဘေးတွင် မထိုင်သလို၊ ပဝါကိုလည်း မဖယ်ပေးပေ။

စစ်ယွင်ရှန်း ပဝါကို တိတ်တိတ်လေး မြှောက်ကြည့်လိုက်သည့်အခါ ချင်မူ စားပွဲဘေး၌ ထိုင်ပြီး စာအုပ်တစ်အုပ်အား သဲသဲမဲမဲ ဖတ်နေသည်ကို မြင်လိုက်ရသည်။ စစ်ယွင်ရှန်း ခါးသီးပြီး စိတ်တိုသွားသည်။ မင်္ဂလာဦးညတွင် ပန်းပွင့်‌လေးသဖွယ် လှနေသော သတို့သမီးလေးနှင့် အတူရှိနေရသော်လည်း အရူးက စာဖတ်နေ၏။ မလွန်လွန်းဘူးလော။

စစ်ယွင်ရှန်း ပဝါကို ဖယ်၍ လွှင့်ပစ်လိုက်သည်။ သူမက ရှေ့သို့လျှောက်သွားပြီး  ပြုံးလိုက်သည်။ “ဂိုဏ်းသခင် ဘာတွေ စိတ်ဝင်တစား ဖတ်နေတာလဲ”

“ရွှမ်းနီသင်္ချာကျမ်း” ချင်မူ ခေါင်းမော့ပြီး သူမကို ထိုင်ခိုင်းလိုက်သည်။ သူက ရိုးရိုးသားသား ပြောလိုက်၏။ “ဘိုးဘိုးမျက်ကန်းက အမြဲစနောက်တတ်တယ်။ နင် ငါ့ကို လက်ထပ်ဖို့ ဖိအားပေးခံရတာ စိတ်မကောင်းပါဘူး။ သူက ငါ့အတွက် စိတ်ပူလို့ မိန်းမကောင်းတစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးမွေးစေချင်နေတာ။ အဲ့ဒါမှ ငါ ခြေချုပ်မိပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ မပြန်နိုင်အောင်လို့လေ။ သူက ငါ့ကို နောင်တစ်ချိန် အန္တရာယ်တွေနဲ့ တွေ့မှာစိုးနေတာပါ။ ညီမလေးရှန်း၊ ငါ့ဒုက္ခထဲ နင့်ကို ဆွဲသွင်းမိလို့ တောင်းပန်ပါတယ်” သူက စကားပြောပြီးသည်နှင့် ထရပ်ပြီး အရိုအသေပေးလိုက်သည်။

စစ်ယွင်ရှန်းလည်း ကပျာကယာ အရိုအသေပြန်ပေးပြီး အလေးအနက် ပြောလိုက်သည်။ “ဂိုဏ်းသခင်က ကျွန်မတို့ကို အမြဲ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး ကျွန်မကိုရော၊ မင်းသမီးကိုရော အခွင့်ရေးမယူခဲ့ပါဘူး။ ကျွန်မ အဲ့ဒါတွေကို မြင်နေရတဲ့အတွက် ဂိုဏ်းသခင်ရဲ့ စိတ်နေစိတ်ထားကို သိပါတယ်။ ရှင်က ဂိုဏ်းသခင်ဖြစ်သလို၊ ကျွန်မထက်လည်း ဝါစဉ်မြင့်ပါတယ်။ ထုံးစံတွေ မလိုပါဘူး”

သူမသည် ချင်မူထက်ပင် ငယ်သေး၏။ တောက်ပရွှန်းလဲ့သောမျက်ဝန်းများ၊ ဖြူဖွေးသော သွားစွယ်တန်းများဖြင့် အသက်ဆယ့်လေးနှစ်သာ ရှိသေးသည်။ စစ်ယွင်ရှန်း၏ အပြုအမူ၊ အနေအထိုင်က အမြဲ ရွှဲ့တဲ့တဲ့ဖြင့် မလေးမစားလုပ်တတ်သော်လည်း သူမ အလေးအနက်ထားလျှင် စိတ်ထားမြင့်မြတ်ပြီး က္ကန္ဒြေကြီးသောသွင်ပြင် ရှိသည်။

စစ်မိသားစု၏ ကောင်းကင်နတ်မယ်သည် ဂိုဏ်းသခင်နေရာအတွက် ရွေးချယ်စရာတစ်ခုဖြစ်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ကံမကောင်းအကြောင်းမလှ၍ ဆုံးပါးသွားလျှင် ကောင်းကင်နတ်မယ်က သူ့နေရာကို ယူရလိမ့်မည်။ ထို့ကြောင့် သူမတွင်လည်း အရှိန်အဝါရှိသည်။

“ဂိုဏ်းသခင် ဘာကြောင့် ရွှမ်းနီသင်္ချာကျမ်းကို ဖတ်နေတာလဲ မပြောရသေးဘူးနော်” စစ်ယွင်ရှန်းက ပြုံးရယ်လျက် ပြောလိုက်သည်။

ချင်မူ ဖတ်နေရင်းမှ ဖြေလိုက်၏။ “ဘိုးဘိုးမျက်ကန်းရဲ့လက်ထဲကနေ ထွက်ပြေးချင်လို့ပါ။ ငါ သူ့ထက်သာအောင် မပြေးနိုင်သေးဘူး။ သူ့ကို အဆိပ်ခပ်လို့ကလည်း မကောင်းဘူးလေ။ ငါ့အဘိုးကိုး။ ဒါကြောင့် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း သုံးမလားတွေးနေတာ”

စစ်ယွင်ရှန်း တအံ့တဩ အော်လိုက်သည်။ “ဂိုဏ်းသခင်ရဲ့ သင်္ချာစွမ်းရည်က အဲဒီအဆင့်ကို ရောက်နေပြီလား”

နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းက အလွန်ကျင့်ကြံရခက်သည့်အပြင် ကောင်းကင်နတ်ဆိုးဂိုဏ်းတွင်ပင် တတ်မြောက်သူများများစားစား မရှိပေ။ စံအိမ်သခင်အားလုံး နေရာရွှေ့ပြောင်းအလံများ သို့မဟုတ် နေရာရွှေ့ပြောင်းဝတ်ရုံများကို သုံးကြခြင်းဖြစ်သည်။ သူတို့ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို ကျွမ်းကျင်တတ်မြောက်လိုပါက သင်္ချာစွမ်းရည်အလွန်မြင့်မားရန် လိုအပ်သည်။

ထိုကောင်းကင်နတ်သိုင်း၏ ခက်ခဲမှုအဆင့်က တာအိုဓားအောက် မနိမ့်ကျပေ။ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို အသုံးပြုရန် ဟင်းလင်းပြင်သင်္ချာကိုလည်း နှံ့နှံ့စပ်စပ် နားလည်ရမည်။ မဟုတ်လျှင် တွက်ချက်မှုမှားသွားသည်နှင့် နေရာမှားရောက်သွားနိုင်သည်။ ပို၍ပင် ကြောက်စရာကောင်းသည်က ကျောက်တုံးတစ်တုံးထဲ ရောက်သွားနိုင်ခြင်းပင်။

သို့တိုင်တောင် ကြောက်စရာအကောင်းဆုံးက နေရာရွှေ့ပြောင်းနေရင်း ခန္ဓာကိုယ်တစစီ ဖြစ်သွားပြီး မတူညီသော ဟင်းလင်းပြင်များထဲတွင် အပိုင်းအစများ ကျန်ခဲ့နိုင်ခြင်းဖြစ်သည်။

နေရာရွှေ့ပြောင်းခြင်း‌ကောင်းကင်နတ်သိုင်း၏ အခက်ဆုံးအချက်က တစ်စက္ကန့်အတွင်းရှိ နေရာရွှေ့ပြောင်းအမှတ်များကို အမှားမပါအောင် တွက်ချက်ရခြင်းဖြစ်သည်။ ထို့အပြင် လူတစ်ယောက်သည် နေရာရွှေ့ပြောင်းနေရင်းတန်းလန်း ဆက်တိုက်တွက်ချက်နေရန် လိုအပ်သည်။ တွက်ချက်စရာ အလွန်များလှသည့်အတွက် အကုန်လုံးတိကျရန်မှာ မဖြစ်နိုင်ပေ။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ သမိုင်းကြောင်းတွင် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကြောင့် အသုံးမကျသောလူများ ဖြစ်သွားသည့် အဆင့်မြင့်သိုင်းပညာရှင်များစွာ ရှိသည်။ တချို့ဆိုလျှင် သေသွားကြပြီး ပျောက်သွားကြသူများလည်း ရှိ၏။ မတူညီသော ဟင်းလင်းပြင်များတွင် တစစီဖြစ်သွားသူများလည်း ဒုနှင့်ဒေးပင်။

ပို၍ပင်ကြောက်စရာကောင်းသည်မှာ ထိုအဆင့်မြင့်သိုင်းပညာရှင်အားလုံး သင်္ချာစွမ်းရည်မြင့်မားကြခြင်းဖြစ်သည်။

ချင်မူ ရွှမ်းနီသင်္ချာကျမ်းကို လေ့လာပြီး တစ်ပြိုင်တည်း တွက်ချက်နေသည်။ သူက ဟင်းလင်းပြင်နေရာရွှေ့ပြောင်းအမှတ်အားလုံးကို တွက်ချက်ရန် ကြိုးစားနေ၏။

“လွန်ခဲ့တဲ့လပိုင်းလောက်က တာအိုသခင်လင်းရွှမ် ငါ့ကို ရွှမ်းနီသင်္ချာကျမ်း ပေးခဲ့တယ်။ အဲဒီကတည်းက လေ့လာနေတာ။ ထိုက်ရွှမ်သင်္ချာကျမ်းကိုတော့ ငါ နားလည်သွားပြီ။ တာအိုဂိုဏ်းရဲ့ သင်္ချာစွမ်းရည်က နံပါတ်တစ်လို့ ဆိုရမယ်။ ဒီသင်္ချာကျမ်းနှစ်ကျမ်းနဲ့ဆို ငါ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းရဲ့ ဆန်းကြယ်တဲ့ သဘောတရားတွေကို ဖြေရှင်းနိုင်လိမ့်မယ်

“မပူပါနဲ့ ငါ ဒီနေ့ည ရွှမ်းနီသင်္ချာကျမ်းကို နားလည်လောက်တယ်။ မနက်ဖြန်မနက် အမှောင်ထု မဟာမြို့ပျက်ကနေ ဆုတ်ခွာသွားတာနဲ့ ငါ ဒီကောင်းကင်နတ်သိုင်းနဲ့ ထွက်သွားလိုက်မယ်။ ငါ ထွက်သွားတာကို ဘိုးဘိုးမျက်ကန်း သိတာနဲ့ နင်တို့ကိုလည်း ဒုက္ခပေးမှာမဟုတ်တော့ဘူး”

စစ်ယွင်ရှန်း၏အမူအရာက တွေဝေနေဟန်ရှိပြီး သူမက နူးညံ့ပျော့ပျောင်းသောအသံဖြင့် ပြောလိုက်သည်။ “ဂိုဏ်းသခင်က ဘာလို့ခါးခါးသီးသီး ဖြစ်နေတာလဲ။ ဘိုးဘိုးမျက်ကန်းက ကျွန်မတို့ကို ပြန်ပေးဆွဲပြီး ရှင်နဲ့ အတင်းလက်ထပ်ခိုင်းပေမယ့် ရှင်က ရှင့်အတွက်ပဲရှင် တွေးနေတယ်။ ကျွန်မတို့ ရှင့်ကို လက်ထပ်ချင်လား တစ်ခါလေးတောင် မေးဖူးလား”

ချင်မူ တွက်ချက်နေသည်ကို ရပ်ပြီး တအံ့တဩ ခေါင်းမော့ကြည့်လိုက်သည်။ မီးအိမ်၏အလင်းရောင်အောက်တွင် စစ်ယွင်ရှန်းသည် ရှက်သွေးဖြာနေပြီး ညှို့ငင်အားကောင်းနေသည်။

“ညီမလေးရှန်း ၊ ငါ့ကို လက်ထပ်ချင်လို့လား” ချင်မူ မျက်လုံးအပြူးသားဖြင့် မေးလိုက်မိသည်။

စစ်ယွင်ရှန်းက မျက်လွှာချပြီး ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။ ဖုန့်ဟွမ်ခေါင်းဆောင်း၏ ပုလဲစေ့များက အသာအယာ လှုပ်ခတ်သွားပြီး ဖယောင်းတိုင်မီးရောင်က သူတို့နှစ်ယောက်၏အရိပ်အား နံရံပေါ်တွင် ထင်ဟပ်နေစေသည်။

“ငါ မယုံဘူး” ချင်မူ ခေါင်းပြန်ငုံ့ပြီး စာအုပ်ကိုသာ သဲသဲမဲမဲ ဆက်ဖတ်နေသည်။ “နင့်အင်္ကျီလက်အိုးထဲမှာ ဓားမြှောက်တစ်လက် ဖွက်ထားတယ်။ ငါ နင့်ဘေးနား လာလိုက်ရင် နင် ငါ့ကို ဓားနဲ့ထိုးမှာ။ ငါ နင့်ကို မယုံဘူး”

စစ်ယွင်ရှန်း ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်လာသည့်တိုင်အောင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူမသွားများလည်း တဂျိဂျိ မြည်လာသည်။ ရုတ်တရက် သူမက ဓားမြှောင်ကို ထုတ်ကာ ခုန်လိုက်သည်။

ချင်မူ တဟားဟား ရယ်ပြီး ထလိုက်သည်။ သူ ဓားမြှောင်ကို ရှောင်၍ ဓားသွားကို တောက်လိုက်သည်။ စစ်ယွင်ရှန်းက ကိုယ်ကို လှည့်လိုက်ရာ သတို့သမီးဝတ်စုံသည် အနီရောင်ကြာပွင့်လေးသဖွယ် ဝဲသွား၏။ သူမလက်ထဲမှ အေးစက်စက် အလင်းရောင် လက်သွားပြီး ချင်မူ့အား အလွှတ်မပေးဘဲ တိုက်ခိုက်သည်။

ပစ္စည်းအတော်များများ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး ကျိုးပဲ့သံများ မင်္ဂလာဦးအခန်းထဲမှ ထွက်လာသည်။

“ကြမ်းလှချည်လား” မျက်ကန်းက ဝိုင်ခွက်ကို ချပြီး နားစွင့်ထားသည်။ သူ ငြိမ်ငြိမ်ထိုင်နေစဉ် သူနှင့်အတူ အရက်သောက်နေသော ဖုန်းရှုယွင်ကို တောက်ပစွာ ပြုံးပြလိုက်၏။ “အရာရှိဖုန်း ၊ အိမ်ထောင်ရှိလား”

ချင်မူ စစ်ယွင်ရှန်းနှင့် အတန်ကြာ တိုက်ခိုက်ပြီးနောက် အသာစီးရသွားသည်။ သူက သူမဓားမြှောင်အား ဆတ်ခနဲ ဖမ်းဆုပ်ပြီး သူမကို ခုတင်ပေါ် ပစ်တင်လိုက်သည်။ ထို့နောက် သူ၏ရတနာများကို ဓားပြတိုက်ခဲ့သည့်အတွက် ကလဲ့စားချေသည့်အနေဖြင့် သူမတင်ပါးလေးအား တဖြန်းဖြန်း ချကာ စာပြန်ဖတ်နေသည်။

စစ်ယွင်ရှန်းက စိတ်ဆိုးမာန်ဆိုးဖြင့် စောင်အောက် ဝင်သွားပြီး သူ့အား ကျောခိုင်းထားသည်။

ကောင်းကင်အလင်းတန်းများ တဖြည်းဖြည်း တောက်ပလာပြီး မဟာမြို့ပျက်မှာ အမှောင်ထုကြီး၏ လွှမ်းခြုံအုပ်စိုးခြင်း ခံလိုက်ရသည်။ ချင်မူ ညလုံးပေါက် စာဖတ်နေသော်လည်း သူ၏ချီစွမ်းအင်က ပြည့်ဝနေသေးချေသည်။

စစ်ယွင်ရှန်း နိုးလာသည်။ သူမက ချင်မူ့ဘက် လှည့်လာပြီး နှာခေါင်းရှုံ့လိုက်၏။

ချင်မူ သူမအား ခေါင်းလှည့်ကြည့်၍ ပြုံးပြလိုက်သည်။ “နင် အိပ်နေတုန်းက ဟောက်နေတယ်။ အသံတော့ သိပ်မကျယ်ပါဘူး။ ကြောင်လေး ညည်းနေတဲ့အတိုင်းပဲ။ ချီဖောက်ပြန်မှုကြောင့် ကျန်ခဲ့တဲ့ အကြွင်းအကျန်တွေ လည်ချောင်းဝမှာ တစ်နေတာဖြစ်မယ်။ ငါ စွမ်းအင်ဆေးလုံး ဖော်ပေးထားတယ်။ မြန်မြန်စားလိုက် ပျောက်သွားအောင်”

စစ်ယွင်ရှန်း ခုတင်ပေါ်မှ ထလာပြီး အညောင်းပြေအညာပြေ အကြောဆန့်လိုက်သည်။ သူမက စွမ်းအင်ဆေးလုံးကို ယူလိုက်၏။

ချင်မူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချပြီး သူ့အကြည့်များ လှုပ်ခတ်သွားသည်။ “ဒီတစ်ခေါက်တော့ သေချာပေါက် ထွက်ပြေးနိုင်ရမယ်။ ဒါပေမဲ့ ဘိုးဘိုးမျက်ကန်းက ငါ့ရဲ့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကိုပဲ ဖွင့်ပေးထားတာဆိုတော့ ငါ့ရဲ့မှော်စွမ်းအင်က ဝေးဝေးနေရာရွှေ့ပြောင်းဖို့ မလုံလောက်ဘူး။ ဒါ့ကြောင့် နဂါးထိန်းကျမ်းစဉ်ထဲက လျှို့ဝှက်နဂါးထိန်းနည်းနဲ့ ရေနဂါးတွေကို ထိန်းချုပ်ပြီး ငါ့ခန္ဓာကိုယ်ကို ရစ်ပတ်ခိုင်းရမယ်။ ဒါဆို သူတို့ရဲ့မှော်စွမ်းအင်ကို ငှားယူလို့ရပြီ”

စစ်ယွင်ရှန်း တအံ့တဩ ထခုန်လိုက်မိသည်။ “ထွက်သွားချင်သေးတယ်လား”

ချင်မူက ပြုံး၍ ပြောလိုက်သည်။ “ဘိုးဘိုးမျက်ကန်းက ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ သေသွားမှာစိုးနေတာဆိုတော့ သူ့လက်ထဲနေ လွတ်အောင်ပြေးနိုင်သလို၊ လာတော့မယ့် ကပ်ဘေးကိုလည်း ရှောင်နိုင်တယ်ဆိုတာ သက်သေပြချင်တယ်။ ဒီကမ္ဘာမှာ ငါ့ကို သတ်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး”

သူက ယုံကြည်ချက်အပြည့်ဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ စစ်ယွင်ရှန်းလည်း သူနှင့်အတူ ထွက်လိုက်သည့်အခါ ဥယျာဉ်ဘေးရှိ တံခါးတွင် ရပ်လျက် သူတို့ကို ပြုံးပြနေသော မျက်ကန်းကို မြင်လိုက်ရ၏။

စစ်ယွင်ရှန်း ချင်မူ့ကို လှမ်းကြည့်လိုက်သည့်အခါ သူ့မျက်နှာတွင်လည်း အပြုံးပန်းများ ဝေနေသည်။

မျက်ကန်းက မျက်ခုံးပင့်လိုက်ပြီး ဝါးတောင်ဝှေးအသစ်တစ်လက်က မည်သည့်နေရာကမသိ ထွက်လာသည်။ သူက မြေပြင်ပေါ် ခပ်သာသာ ထိပြီးနောက် ပြောလိုက်သည်။ “မူအာ၊ မြေးချွေးမလေး လာ မနက်စာလာစားကြ”

ချင်မူ ပြုံး၍ ပြောလိုက်သည်။ “မနက်စာစားမယ့် အချိန်နဲ့ ကွက်တိဖြစ်သွားတာပဲ”

မျက်ကန်းနှင့် ချင်မူ၏အကြားတွင် မီးပွားများ ပွင့်နေသည့်အလား စစ်ယွင်ရှန်း ခံစားနေရသည်။ မျက်ကန်းတွင် မျက်လုံးမရှိသော်လည်း သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်၍ တိတ်တဆိတ် ပြိုင်နေကြသည်ဟု သူ ခံစားရ၏။

မနက်စာစားပွဲသို့ လင်ယွိရှို့ကလည်း ‘ပထမဇနီး’ အဖြစ် ရောက်လာသည်။ ကလေးမလေး ဟူလင်းအာက ဆူပုပ်နေပြီး ခေါင်းငုံ့ကာ မနက်စာစားနေ၏။ အလိုမကျဖြစ်နေမှုက သူမမျက်နှာပေါ်တွင် အတိုင်းသား ပေါ်လွင်နေပြီး သူမပါးလေးနှစ်ဖက်က ဖောင်းနေသည်။ သူမ အဘယ်ကြောင့် စိတ်ကောက်နေမှန်း မည်သူမှမသိကြပေ။

“ဖက်တီးနဂါး နင် ချေးများရင် သေအောင် ရိုက်သတ်ပစ်မယ်”

ကလေးမလေးက နဂါးချီလင်ကို ဆိုင်းမဆင့်ဗုံမဆင့် ထဆူလိုက်၍ နဂါးချီလင်မှာ လန့်ဖျပ်သွားပြီး ထမင်းပန်းကန်ပင် လွတ်ကျမတတ် ဖြစ်သွားသည်။ နဂါးသေးသေးလေးများလည်း လန့်သွား၍ မာဟာမာဟာ ဟု အော်နေကြသည်။

နဂါးချီလင်က ပြုံး၍ ပြောလိုက်သည်။ “မမကြီးလင်းအာ၊ ကျွန်တော် ချေးမပါဘူးဗျာ ဒီမှာကြည့်လေ။ ဝိတ်တောင် တစ်သျှံဝက် ကျနေပြီ”

မနက်စာစားပြီးနောက် မျက်ကန်းက ပြုံးလိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ “မူအာ မဟာမြို့ပျက်က ရှေ့မှာပဲ မင်း ဘာလုပ်ချင်လဲ”

ချင်မူ့အကြည့်များ လှုပ်ခတ်သွားပြီး သူက ပြောလိုက်သည်။ “ဘိုးဘိုးမျက်ကန်းက ကျွန်တော့်ရဲ့ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာနဲ့ အရပ်ခြောက်မျက်နှာကောင်းကင်ရတနာကို ပိတ်ထားတာဆိုတော့ ကျွန်တော် ဘာမှမလုပ်ရဲပါဘူး”

မျက်ကန်းက သမ်းဝေပြီး သူ့မျက်ခုံးနှစ်ဖက်ကြားကို တောက်လိုက်သည်။ “ငါ မင်းကို အခွင့်အရေးမပေးဘူး မပြောနဲ့”

ချင်မူ့ကိုယ်မှ ဒုန်းခနဲ ဒုန်းခနဲ မြည်သံနှစ်ချက် ထွက်ပေါ်လာပြီး သူ၏ဓာတ်ကြီးငါးပါးနှင့် အရပ်ခြောက်မျက်နှာကောင်းကင်ရတနာများ ရုတ်တရက် ပွင့်သွားသည်။ သူ၏မှော်စွမ်းအင်က ပြန်လည်စီးဆင်းသွားပြီး သူ၏အင်အားများ ပြန်ရောက်လာသည်ကို ချင်မူ ခံစားလိုက်ရ၏။

“ဘိုးဘိုးမျက်ကန်းက ယုံကြည်ချက်သိပ်ရှိတယ်ပေါ့လေ” ချင်မူ မျက်လုံးများကို‌ မှေးကျဉ်းလိုက်ပြီး သူ၏တိုက်ခိုက်လိုစိတ်တို့ တရှိန်းရှိန်း ထိုးတက်လာသည်။

မျက်ကန်းက တောင်ဝှေးကို အားပြု၍ ရပ်နေရင်း သူ့ကို တောက်ပစွာ ပြုံးပြသည်။ “ပမွှားလေးပါ”

ရုတ်တရက် ချင်မူက ခြေပြင်းပြင်း ဆောင့်နင်းလိုက်၍ ခမ်းနားသော နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပေါ်လာ၏။ ဝင်္ကပါများက တောက်ပလာပြီး သူ၏ခန္ဓာကိုယ် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း

သူ ပျောက်ကွယ်သွားသည့်အချိန်မှာပဲ မျက်ကန်းက မြေပြင်ကို တောင်ဝှေးဖြင့် ထိလိုက်သည်။ ချင်မူ လေလယ်မှ ပြုတ်ကျလာသည်။ ထိုသို့ပြုတ်ကျလာသည့်အချိန်မှာပဲ ခမ်းနားသော ဝင်္ကပါအမှတ်အသားများက သူ့ကို လှည့်ပတ်သွားပြီး သူ ပျောက်ကွယ်သွားပြန်၏။

မျက်ကန်းက တောင်ဝှေးကို မြှောက်လိုက်သည်။ တောင်ဝှေးက အစိမ်းရောင်နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ရှိ အမှတ်များကို ထိလိုက်သည်။ ချင်မူ၏ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းမှာ ထပ်တလဲလဲ နှောင့်ယှက်ခံလိုက်ရ၍ သူ့ခန္ဓာကိုယ်မှာ ဖျတ်ခနဲ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေသည်။

နောက်ဆုံးတော့ သူ ခြံဝင်းထဲ ဖြည်းဖြည်းချင်း ပြန်ကျလာ၏။ မျက်ကန်း၏တောင်ဝှေးကြောင့် နေရာရွှေ့ပြောင်းခြင်းလမ်းကြောင်းထဲမှ တွန်းထုတ်ခံလိုက်ရပြီး ခြံဝင်းပေါ် ပြန်ကျလာခြင်းဖြစ်သည်။

သူ့ခြေထောက် မြေကြီးနှင့် မထိခင် ပုလွေသံတစ်ချက် ထွက်လာပြီး နဂါးများက မျက်ကန်းကို ခုန်အုပ်လိုက်သည်။ တခဏအတွင်း သူ့ခန္ဓာကိုယ်မှာ တင်းတင်းကြပ်ကြပ် ရစ်ပတ်ခံလိုက်ရသည်။။

မျက်ကန်းက နဂါးများကို ဂရုမစိုက်ပေ။ သူ၏ဝါးတောင်ဝှေးက နဂါးနှစ်ကောင်၏ လည်ဂုတ်အပေါ် ညင်ညင်သာသာ ထိလိုက်သည်။ နဂါးနှစ်ကောင်မှာ အသက်မရှိတော့သည့်အလား ‌တောင့်တင်းသွား၏။

ချင်မူ့ခြေထောက်နားအထိ ရောက်အောင် တွန်းထုတ်ခံလိုက်ရသော နဂါးနှစ်ကောင်လည်း ရှိသည်။ ရုတ်တရက် မှော်စွမ်းအင် ဖြာဆင်းလာသည်ကို ချင်မူ ခံစားလိုက်ရသည်။ သူ၏လက်ဝါးနှစ်ဖက်က အားလှိုင်းများအား တစ်လှိုင်းပြီးတစ်လှိုင်း ပိုင်းဖြတ်လိုက်၏။

ဝှစ် ဝှစ် ဝှစ်

နေရာရွှေ့ပြောင်းဝင်္ကပါအမှတ်အသားများက သူနှင့် မျက်ကန်းအကြားတွင် ကြောက်မက်ဖွယ်ကောင်းစွာ စီးမျောနေသည်။ သူတို့နှစ်ယောက်အကြားရှိ ဟင်းလင်းပြင်မှာ လျင်မြန်စွာ ကျယ်ပြန့်လာပြီး ဝင်္ကပါအမှတ်အသားများက ရောင်စုံတောက်ပနေတော့သည်။

မျက်ကန်း၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ဝါးတောင်ဝှေးဖြင့် လိုက်လာသည်။ တောင်ဝှေးက ဝင်္ကပါအမှတ်အသားများကို ထိ၍ တစ်ခုပြီးတစ်ခု ဖျက်စီးပစ်နေသည်။ သို့သော် ပတ်ဝန်းကျင်ရှိ ဝင်္ကပါအမှတ်အသားများက မျက်ကန်းကို အလယ်တွင် ထား၍ လှည့်ပတ်လိုက်ကြသည်။

သူက ရပ်လိုက်ပြီး ဝင်္ကပါအမှတ်အသားများအား သူ့ကို လွှမ်းခြုံခွင့်ပြုလိုက်၏။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ခိုတွဲနေသည်။ “မူအာ မင်းနိုင်သွားပြီ”

ဝှစ်

အလင်းတန်းတစ်တန်း တောက်ပသွားပြီး နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းက သူ့ကို နေရာရွှေ့ပြောင်းလိုက်၏။

လျှို့ဝှက်ရေတံခါး၏အပြင်တွင် မျက်ကန်းက အလင်းတန်းတစ်တန်းထဲမှ လမ်းလျှောက်ထွက်လာပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ပြုံးလိုက်၏။ “မင်း အရွယ်‌ရောက်လာပြီပဲ”

All Chapters