ကံကြမ္မာသိမ်းကျင့်စဉ်
Vol. 28 Ch. 38၆
ချင်မူ ရေထဲမှ ထွက်လာသည့်အချိန်မှာပဲ ဧရာမနဂါးကြီးတစ်ကောင်က သူ့ဘေးမှ ပွတ်တိုက်ကာ ရေအောက်ငုပ်သွားသည်။ ထိုနဂါးကြီးကား ကောင်းကင်ရေနဂါးမင်းမှတစ်ပါး အခြားမဟုတ်ပေ။ ချင်မူ ရပ်လိုက်ပြီး နဂါးပြာကြီး၏ နဖူးထဲတွင် စိုက်ဝင်နေသော ဝါးတုတ်တစ်ချောင်းအား သတိထားမိလိုက်၏။
‘ဘိုးဘိုးမျက်ကန်းရဲ့ ဝါးတောင်ဝှေး’
ချင်မူ မြစ်ထဲမှ ထွက်ပြီး ကမ်းစပ်ဆီ လျှောက်သွားလိုက်သည်။ နဂါးချီလင်က လင်ယွိရှို့၊ ဟူလင်းအာနှင့် စစ်ယွင်ရှန်းတို့ကို ဂရုတစိုက် သယ်လျက် နဂါးအုပ်ကို ခေါ်လာ၏။ မျက်ကန်းနှင့် ကောင်းကင်ရေနဂါးမင်း၏ တိုက်ပွဲက ယခုလေးတင် အဆုံးသတ်သွားခြင်းဖြစ်လိမ့်မည်။ သူတို့သည် သိုင်းတိုက်ပွဲမှ လှိုင်းဂယက်များကို တိမ်းရှောင်နေခဲ့ရ၍ ခပ်လှမ်းလှမ်း ရောက်နေခဲ့ကြ၏။
ဟူလင်းအာ အမူးပြေသွားပြီး ဘေးပတ်ဝန်းကျင်ကို ကြောင်တောင်တောင် ကြည့်နေသည်။ မြို့ထဲရှိ စားသောက်ပွဲမှ ဤနေရာသို့ အဘယ်သို့ပြု၍ ရောက်နေမှန်း သူမ မသိသည့်အတွက် ဇဝေဇဝါ ဖြစ်နေသည်။
ချင်မူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ မျက်ကန်းကို မြင်လိုက်ရသည်။
မျက်ကန်းမှာ ရွှံ့အလိမ်းလိမ်းဖြင့် ပေပွနေသည်။ သူ့အဝတ်အစားများလည်း စုတ်ပြဲနေပြီး ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နေသည်။ ကောင်းကင်ရေနဂါးမင်းနှင့် တိုက်ပွဲက အတိုင်းထက်အလွန် ပြင်းထန်ခဲ့မှန်း သိသာသည်။
ထိုသတ္တဝါကြီးသည် အတိုင်းထက်အလွန် သန်မာအားကောင်း၏။ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သော ရေနဂါးတစ်ကောင်မဟုတ်ပါလော။ အံ့ဖွယ်အစွမ်းအစများကို ပိုင်ဆိုင်ထားသည်သာမက ရေဓာတ်ရေနဂါးတစ်ကောင် ဖြစ်သည်။ မျက်ကန်းမှာ ရှိသမျှအစွမ်းကုန် ထုတ်၍ ကောင်းကင်ရေနဂါးမင်းကို အခက်တွေ့အောင် လုပ်နိုင်ခဲ့သော်လည်း သူလည်း ဒဏ်ရာရခဲ့၏။
နဂါးချီလင်က ပျံသန်းလာပြီး မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ မြေခွေးလေးအသွင်သာ ရှိသေးသော ဟူလင်းအာက သူ့ကျောမှ ခုန်ဆင်း၍ ချင်မူ့ပခုံးပေါ် ခုန်တက်လိုက်၏။ ထိုအခါမှ တစ်ဖက်ပခုံးပေါ်ရှိ စိမ်းပုပ်ရောင်ရေနဂါးလေးကို သတိထားမိသွားသည်။ သူမအမွှေးများ ထောင်သွားပြီး အမြီးပင် ဖြောင့်တန်းသွားသည်။
ဟူလင်းအာသည် အရက်မူးတိုင်း မြေခွေးလေးအသွင် ပြန်ပြောင်းသွားတတ်၏။ နိုးနိုးချင်း လူအသွင် ပြန်ပြောင်းရန် သူမ မေ့သွားခဲ့သည်။
“လင်းအာ မကြောက်နဲ့။ ဒါက ငါ စောစောကလေးတင် မွေးလိုက်တဲ့ ရေနဂါးပဲ။ သူက ငါ့အတွက် အလုပ်ကြီးကြီးတစ်ခု လုပ်ပေးခဲ့တာ” ချင်မူ မြေခွေးလေးကို နှစ်သိမ့်ပြီး မျက်ကန်းအား ကြည့်လိုက်သည်။ သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြုံးပြလိုက်၏။ “မိန်းကလေးယွိရှို့၊ ကောင်းကင်နတ်မယ်ယွင်ရှန်း၊ ငါ နင်တို့ကို အကောင်အကြီးကြီးတစ်ကောင် ပြမယ်”
မိန်းကလေးနှစ်ယောက် အလွန်သိချင်သွားကြပြီး မေးလိုက်ကြသည်။ “ဘာအကောင်ကြီးလဲ”
ချင်မူ မြစ်ဘေးတွင် ရပ်ပြီး ကျယ်လောင်စွာ အော်လိုက်၏။ “မြစ်ရေထိန်းနဂါးမင်း ထွက်မလာဘူးလား”
ရေလှိုင်းများ လိမ့်တက်လာပြီး ကောင်းကင်အထိ မြောက်တက်သွားသည်။ နဂါးထိန်းဧကရာဇ်ဖြစ်သည့် နဂါးကြီးက တောင်တမျှ မြင့်မားသော ၎င်း၏ခေါင်းကြီးကို ရေထဲမှ ထွက်ပြလိုက်၏။ သူ၏နှုတ်ခမ်းမွှေးရှည်ရှည်များက လင်းလက်ကြည်လဲ့နေပြီး လေထဲတွင် လှုပ်နေသည်။
၎င်းတို့က ကိုက်သုံးရာရှည်လျားပြီး လှပလေသည်။
နဂါးထိန်းဧကရာဇ်က ခေါင်းငုံ့လိုက်သည်။ “သခင်လေး အမိန့်ရှိတော်မူပါ”
မိန်းကလေးနှစ်ယောက် မှင်သက်သွားပြီး မျက်ကန်းလည်း အံ့အားသင့်သွားသည်။
ချင်မူ သူ့ကိုယ်သူ ကျေနပ်စွာဖြင့် အားလုံးကို ကြည့်လိုက်သည်။ သူတို့၏အမူအရာများကို မြင်လျှင် လက်ပိုက်လိုက်၏။ သူက ပြုံး၍ ပြောလိုက်သည်။ “ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီတိုင်း အားလုံးနဲ့ မိတ်ဆက်ပေးချင်လို့ ခေါ်လိုက်တာ”
နဂါးထိန်းဧကရာဇ်မှာ မျက်နှာတင်းမာနေပြီး လူသေးသေးလေးကို လက်ဝါးတစ်ချက်ဖြင့် ပြားကပ်အောင် ရိုက်သတ်ပစ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေသည်။ သူ ရေထဲ ပြန်ငုပ်တော့မည့်အချိန်တွင် ချင်မူက ပြောလိုက်၏။ “နေပါဦး ဘာတွေလောနေတာလဲ။ ခင်ဗျား ကျုပ်ကို နဂါးသွေးကြောတွေ ဘယ်လိုစုရမယ်။ အစစ်အမှန်နဂါးမင်းရဲ့စွမ်းအားကို ဘယ်လိုလှုံ့ဆော်ရမယ် သင်ပေးမယ်ဆို”
နဂါးထိန်းဧကရာဇ် တမုဟုတ်ချင်း ရပ်လိုက်ပြီး ရေထဲပြန်မငုပ်တော့ပေ။
ချင်မူက ဂုဏ်ယူစွာ လှမ်းကြည့်လိုက်သည်။ “ဘိုးဘိုးမျက်ကန်း ဘယ်လိုလဲ”
“အံ့ဩစရာကောင်းတာထက် ပိုတယ်” မျက်ကန်း အပြုံးပန်းများ ဝေဆာနေသည်။
ချင်မူ့အကြည့်များ လှုပ်ခတ်သွားပြီး ရွှေပုလွေတစ်လက်ကို တိတ်တဆိတ် ထုတ်လိုက်သည်။ ထို့နောက် လျှို့ဝှက်နဂါးထိန်းနည်းကို တီးမှုတ်လိုက်သည့်အခါ ရေနဂါးများက မျက်ကန်းဆီ ပျံသန်းသွား၏။
နဂါးအားလုံးသည် အတိုင်းထက်အလွန် သန်မာအားကောင်း၍ မျက်ကန်းကိုသာ သူတို့ ဖမ်းချုပ်လိုက်လျှင် မျက်ကန်း လှုပ်နိုင်တော့မည်မဟုတ်ပေ။
သို့သော် ထိုအခိုက်အတန့်တွင် မျက်ကန်းက ရုတ်တရက် လက်ဖျောက်တီးလိုက်ရာ ချင်မူ အင့်ခနဲ ညည်းတွားလိုက်ရသည်။ သူ့ကိုယ်ထဲရှိ ကောင်းကင်ရတနာသုံးခု ပြန်ပိတ်ခံလိုက်ရ၏။ ပုလွေသံတိတ်သွား၍ ရေနဂါးများက ပတ်ဝန်းကျင်ကို အူကြောင်ကြောင် ကြည့်လိုက်သည်။ မျက်ကန်းကို မတိုက်ခိုက်ကြတော့ပေ။
“မူအာ မင်းက တော်လွန်းတယ်” မျက်ကန်းက လက်ဖျောက်တစ်ချက် ထပ်တီးလိုက်ပြီး ရွှေရောင်ကြိုးက ချင်မူ့ခြေလက်များကို တုပ်နှောင်လိုက်သည်။ “ခေတ်တစ်ခေတ်တိုင်းမှာ ဉာဏ်ကြီးရှင်တစ်ယောက် ပေါ်ထွန်းစမြဲပဲ။ ဒါပေမယ့် လူငယ်မျိုးဆက်တွေဟာ စိန်ခေါ်မှုတွေကို မကျော်လွှားနိုင်တာများတယ်။ အသက်ကြီးလာလေ ပိုဆိုးလာလေပေါ့။ မင်းက ငါ့ကို ရေနဂါးတွေနဲ့ ချုပ်ထားချင်တယ်ပေါ့လေ။ အဲဒီလောက် မရိုးရှင်းဘူး”
ချင်မူ မြေကြီးပေါ် ပြုတ်ကျသွားပြီး သူ့မျက်နှာမှာ မီးသွေးတုံးကဲ့သို့ မည်းမှောင်နေသည်။ နဂါးထိန်းဧကရာဇ်အား မျက်ကန်းကို ချုပ်ထားခိုင်းရန် ပါးစပ်ဟလိုက်စဉ်မှာပဲ အဝတ်စတစ်စဖြင့် အဆို့ခံလိုက်ရ၍ စကားမပြောနိုင်တော့ပေ။
“လက်ထပ်ပွဲ ဆက်လုပ်မယ်။ ကလေးတွေ မွေးကိုမွေးရမယ်” မျက်ကန်းက သူ့ကို ချီ၍ နဂါးထိန်းဧကရာဇ်အား ပြောလိုက်သည်။ “ငါတို့ကို မြစ်ကြောင်းအတိုင်း မဟာမြို့ပျက်ဆီ လိုက်ပို့ပေးစမ်းပါ။ ရွာပြန်ပြီး လက်ထပ်ပွဲဆက်လုပ်ရမယ်။ သတို့သမီး နှစ်ယောက်ကျန်သေးတာဆိုတော့ မင်းသာ ကောင်းကောင်းမွန်မွန် လိုက်ပို့ပေးရင် မင်းကိုလည်း စားသောက်ပွဲဆီ ဖိတ်မယ်”
နဂါးထိန်းဧကရာဇ်က တွန့်ဆုတ်နေပြီး ချင်မူ့ကို ကြည့်လိုက်သည်။ ကောင်လေး၏ပါးစပ်မှ ဗလုံးဗထွေးအော်သံများ ထွက်လာသည်။ သို့သော် တခဏကြာသော် သူ ခေါင်းညိတ်လိုက်ရ၏။
နဂါးထန်းဧကရာဇ် ကြိတ်၍ ပျော်သွားသည်။ ‘ဒီကြောင်သူတော်ကြွက်သူခိုးလေးက ဉာဏ်များပေမယ့် သူ မတတ်နိုင်တဲ့အချိန်လည်း ရှိသေးတာပဲ။ သိပ်ကောင်းတယ်’
သူ ခါးကိုင်းကာ သူ့ကျောပြင်ပေါ် တက်စေလိုက်သည်။ နဂါးထိန်းဧကရာဇ်၏ ကျောပြင်သည် မြစ်ထဲတွင် ကျွန်းအသေးလေးတစ်ကျွန်းသဖွယ် ရှိနေ၏။ “ငါ့ကျောပေါ် တက်လိုက်” သူက အော်လိုက်သည်။
မျက်ကန်းက ချင်မူ့ကို နဂါးကျောပေါ် ခေါ်သွား၍ နဂါးချီလင်လည်း နောက်မှ ခပ်သွက်သွက် လိုက်လာသည်။ ရေနဂါးအုပ်လည်း လိုက်လာ၏။
‘ဒီကောင်တွေက ငါ မွေးထားတဲ့ နဂါးတွေပါ။ အခုတော့ ငါ့ကို စီးနေကြပြီ....”
နဂါးထိန်းဧကရာဇ် ရင်နာသွားသည်။ အချိန်ကိုသာ နောက်ပြန်ရစ်၍ ရလျှင် ရိုးသားသော လူပျိုလေးဟု ဆိုသည့် ချင်မူ့ကို တွေ့တွေ့ချင်းမှာပင် ပြားကပ်သွားအောင် ရိုက်သတ်ပစ်မိလိမ့်မည်။
နဂါး၏ကျောပေါ်တွင် ချင်မူမှာ သူ့ကံသူ လက်ခံလိုက်ပြီး မရုန်းတော့ပေ။ နဂါးထိန်းဧကရာဇ်ကိုလည်း မခိုင်းစေတော့။ ထို့ကြောင့် မျက်ကန်းက သူ့ပါးစပ်မှ အဝတ်စကို ထုတ်ပေးပြီး ပြောလိုက်သည်။ “ငါးရှဉ့်ဧကရာဇ်ဆီက သင်စရာရှိတာ သင်လိုက်”
ချင်မူ လက်ဆန့်ပေး၍ မျက်ကန်း ရွှေရောင်ကြိုးကို ဖြေပေးလိုက်သည်။ သို့သော် ခြေထောက်ကိုတော့ မဖြေပေးပေ။
ချင်မူ့အကြည့်များ လှုပ်ခါသွားသည်။ “ဘိုးဘိုးမျက်ကန်းကလည်း ဘာလို့ဒီလောက် သတိထားနေတာလဲ။ ကျွန်တော်က နဂါးထိန်းဧကရာဇ်ဆီကနေ နဂါးသွေးကြောတွေ ဘယ်လိုစုရမလဲ သင်ရမှာလေ။ အဲဒီအတွက် မှော်စွမ်းအင် လိုအပ်တယ်။ ပြီးတော့ နဂါးတွေလည်း ဗိုက်ဆာနေကြပြီ။ သူတို့ကို ကျွေးဖို့ ဆေးလုံးတွေ ဖော်ရဦးမှာ။ ဘိုးဘိုး ကျွန်တော့်ကို ကြိုးဖြေပေးလိုက်ရင်တောင် ကျွန်တော်က ပြေးနိုင်မှာမလို့လား။ ပြေးချင်ရင်တောင် ဘိုးဘိုး လက်ထဲက လွတ်မှာမလို့လား။ ကျွန်တော့်ကို ချုပ်ဖို့က ဘိုးဘိုးအတွက် လက်ဖျောက်ကလေး တီးလိုက်သလို မလွယ်ဘူးလား”
မျက်ကန်းက မျက်ခုံးပင့်လိုက်ပြီး ချင်မူ၏ မျက်ခုံးနှစ်ဖက်အလယ်ကို ထိလိုက်သည်။ ဒုန်းခနဲ မြည်သံကြားလိုက်ရ၍ ချင်မူ ဝမ်းသာသွားသည်။ သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ ပွင့်လာသော်လည်း ဓာတ်ကြီးငါးပါးနှင့် အရပ်ခြောက်မျက်နှာကောင်းကင်ရတနာများ မပွင့်သေးပေ။
“ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲက ချီစွမ်းအင်နဲ့တင် လုံလောက်တယ်” မျက်ကန်းက အေးအေးလူလူ ပြောလိုက်သည်။
ချင်မူ သက်ပြင်းချပြီး မျက်ကန်းကို လက်မထောင်ပြလိုက်၏။ “ကျွန်တော့်ကို လူကြီးဖြစ်အောင် သင်ပေးထားတဲ့ အတွေ့အကြုံရှိ ဘိုးဘိုးဆိုတဲ့အတိုင်း သိပ်သတိကြီးတာပဲ”
မျက်ကန်း သဘောကျသွားပြီး တဟားဟား ရယ်လိုက်သည်။ “ငါ့ကို ဖားမနေနဲ့ သွားတော့ သွား”
လင်ယွိရှို့နှင့် စစ်ယွင်ရှန်းမှာ တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။ နွားကျောင်းသား၏ မိသားစုတွင် သင်ကြားဆုံးမပုံက တခြားမိသားစုများနှင့် မတူပုံရသည်။ သူတို့က သူတို့ကလေးကို မိစ္ဆာလမ်းစဉ်၌ လျှောက်ခိုင်းနေသည့်အလား ထင်ရ၏။
ချင်မူ စွမ်းအင်ဆေးလုံးများ ဖော်၍ နဂါးများကို ကျွေးလိုက်သည်။ နဂါးချီလင်လည်း တစ်လုပ်နှစ်လုပ် စားပြီး အရသာက တစ်ခုခုမှားနေသလို ခံစားလိုက်ရ၏။ သူ သွေးနီမီးလျှံစွမ်းအင်ဆေးလုံးတစ်လုံးအား တိတ်တိတ်ကလေး ခွာကြည့်လိုက်သည့်အခါ မျက်နှာမည်းမှောင်သွားသည်။ သွေးနီမီးလျှံစွမ်းအင်ဆေးလုံး၏ အလယ်တွင် မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံး ရှိနေသည်ကို သူ မြင်လိုက်ရ၏။ အရသာက စပ်နေသည်မှာ အံ့ဩစရာမရှိပေ။
“ဂိုဏ်းသခင် ဒီဆေးလုံးတွေက မှားနေတယ်” နဂါးချီလင်က အော်လိုက်သည်။ ထို့နောက် စွမ်းအင်ဆေးလုံးများကို ခွာ၍ မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးများကို မြစ်ထဲ ပစ်ချကာ အပေါ်ယံအခွံသာ စားနေသည်။
ချင်မူ ရွှေပုလွေကို မှုတ်၍ အစိမ်းရောင်နဂါးအား နဂါးချီလင်ကို ရိုက်နှက်ခိုင်းလိုက်သည်။ ဖက်တီးပုတ်မှာ ကူပါကယ်ပါ အော်ပြီး ချေးမများရဲတော့ပေ။
နဂါးထိန်းဧကရာဇ်က မဟာမြို့ပျက်ဆီ သွားနေစဉ် ချင်မူ့ကို ပို၍အဆင့်မြင့်သော လျှို့ဝှက်နဂါးထိန်းနည်းအား သင်ကြားပေးသည်။ သူ ချင်မူ့အား ပေးခဲ့သော နဂါးထိန်းကျမ်းစဉ်တွင် အဓိကအချက်အလက်တစ်ချို့ မပါပေ။ ချင်မူ အာရုံစိုက်၍ လေ့လာလိုက်သည်။
နေ့ဝက်ကြာသော် သူ နဂါးထိန်းနည်းလျှို့ဝှက်ချက်အားလုံးကို နားလည်သွား၍ အစစ်အမှန်နဂါးမင်း၏ စွမ်းအားကို လှုံ့ဆော်နည်းအား မေးလိုက်သည်။ နဂါးထိန်းဧကရာဇ်က ပြောလိုက်၏။ “အစစ်အမှန်နဂါးမင်းကို ဘယ်သူက နဂါးကျောက်စိမ်းလက်ကောက်အဖြစ် ပြောင်းခဲ့လဲ ငါ မသိပေမယ့် အခု အဲ့ဒါက ကံကြမ္မာရတနာတစ်မျိုး ဖြစ်နေခဲ့ပြီးပြီ။ အစစ်အမှန်နဂါးတစ်ကောင် ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ အသိုက်ထဲ ထည့်ထားရင်တော့ အဲဒီက နဂါးချီကို စုပ်ယူနိုင်သေးတယ်
“အစစ်အမှန်နဂါးမင်းရဲ့ ကံကြမ္မာကို သိမ်းပိုက်နိုင်တဲ့ ပြိုင်ဘက်ကင်းကျင့်စဉ်နဲ့ဆို အစစ်အမှန်နဂါးရတနာကို ဝတ်ထားတဲ့လူဟာ ခုန်ပျံကျော်လွှားတိုးတက်လာလိမ့်မယ်။ ငါ ဒီကျင့်စဉ်မျိုးကို တစ်ခါမှ မလေ့လာဖူးပေမယ့် ရတနာအဖြစ် သွန်းလုပ်ခဲ့တဲ့လူက အဲဒီကျင့်စဉ်ကို အစစ်အမှန်နဂါးမင်းထဲမှာ ခတ်နှိပ်ထားလောက်တယ်။ ကံကြမ္မာကို သိမ်းပိုက်ပြီးရင် မင်းက အစစ်အမှန်နဂါးမင်း ဖြစ်လာလိမ့်မယ်”
“ပြိုင်ဘက်ကင်းကျင့်စဉ်ဟုတ်လား”
ချင်မူ အတန်ငယ် မှင်သက်သွားမိသည်။ သူ ဧကရာဇ်ယန်ဖုန်းဆီမှ သင်ခဲ့ရသော နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်အကြောင်း ပြောပြလိုက်၏။ “ဒီကျင့်စဉ်မျိုးက ကံကြမ္မာကို သိမ်းပိုက်နိုင်တာလား”
နဂါးထိန်းဧကရာဇ်က အတန်ကြာ စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။ “ဒီကျင့်စဉ်မျိုးက ချီကိုပဲ သိမ်းပိုက်နိုင်တယ်။ နဂါးချီကို ငှားယူပြီး သိုင်းကျင့်တဲ့ ကျင့်စဉ်မလို့ ကံကြမ္မာသိမ်းကျင့်စဉ်မဟုတ်ဘူး။ ငါတို့ နဂါးမျိုးနွယ်တွေဟာ ကောင်းကင်နှင့်မြေကြီးကနေ မွေးဖွားလာတာဆိုတော့ လောကကြီးအကြောင်း အလိုလိုသိတယ်။ အဲဒီအသိအမြင်တွေနဲ့ နဂါးဘာသာစကားကို တီထွင်နိုင်ခဲ့တာပဲ
“နဂါးတိုင်းက နဂါးစကားတတ်တယ်။ သင်စရာမလိုဘူး။ အစစ်အမှန်နဂါးမင်းရဲ့အပေါ်က သင်္ကေတအမှတ်အသားတွေက ငါတို့နဂါးမျိုးနွယ်ရဲ့ ဘာသာစကားတွေကလွဲပြီး တခြားမဟုတ်ဘူး။ အသိုက်ပေါ်က အမှတ်အသားတွေအရ ကံကြမ္မာသိမ်းကျင့်စဉ်တစ်ခု နဂါးသိုက်မှာ ရှိနေတယ်။ ဒါပေမဲ့ မပြည့်စုံဘူး”
ချင်ူမ ရင်ထဲတွင် အတန်ငယ် လှုပ်ခါသွားသည်။ ဧကရာဇ်တံဆိပ်ပြားနှင့် အစစ်အမှန်နဂါးသိုက်ကို အတူတူ ပေါင်းစည်းလိုက်မှ ကံကြမ္မာသိမ်းပိုက်နိုင်မည့် ပြည့်စုံသော ကျင့်စဉ်ကို သူ လေ့လာသင်ယူနိုင်မည်။
နတ်ဘုရားတစ်ပါးက ဧကရာဇ်တံဆိပ်ပြားကို လင်မိသားစုဆီ ပေးခဲ့၍ ၎င်းက ဧကရာဇ်၏အာဏာကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်က ဧကရာဇ်တံဆိပ်ပြားမှ ထုတ်နုတ်ထားသော ကျင့်စဉ်တစ်ခုသာ ဖြစ်သည်။
ထို့အပြင် ဧကရာဇ်ယန်ဖုန်းကဲ့သို့ ဉာဏ်ကြီးရှင်တစ်ယောက်သာ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ပြုပြင်မွမ်းမံ၍ မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာနှင့် တထာဂတ၏ မဟာယနသုတ္တန်တို့ဖြင့် ယှဉ်နိုင်သည့်အဆင့်သို့ မြှင့်တင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဧကရာဇ်တံဆိပ်ပြားပေါ်ရှိ အမှတ်အသားများကို အသိုက်ပေါ်ရှိ အမှတ်အသားများနှင့် ပေါင်းစည်းလိုက်ပါက ကျင့်စဉ်က မည်မျှကြောက်မက်ဖွယ်ကောင်းသွားမည်ကို ကောင်းကောင်း စိတ်ကူးကြည့်နိုင်၏။
“နဂါးထိန်းဧကရာဇ် ၊ ကျွန်တော့်ကို နဂါးဘာသာစကား သင်ပေးပါ” ချင်မူ ရုတ်တရက် ထပြောလိုက်သည်။
နဂါးထိန်းဧကရာဇ်က သူ့ကို သူ သိထားသည့် နဂါးဘာသာစကား သင်ပေးပြီး ပြောလိုက်သည်။ “တကယ်တော့ နဂါးစကားက သွေးထဲမှာ ငုပ်လျှိုးနေတာ။ သွေးဆက်က မျိုးသန့်လေလေ၊ နဂါးစကားများများ သိလေလေပဲ။ ငါက နဂါးအစစ်မဟုတ်တော့ ငါ နားမလည်တာတွေ ရှိသေးတယ်”
ချင်မူ နဂါးဘာသာစကား၏ သင်္ကေတအမှတ်အသားများကို အလွတ်မှတ်ပြီးနောက် ခေါင်းနောက်လာသည်။ နဂါးဘာသာစကား၏ စုတ်ချက်များက အလွန်ထူးဆန်းပြီး နဂါးအသွင်ဖွဲ့တည်နေသည့်အလား ထင်ရသည်။ ရေးနည်းအတည်တကျ မရှိပေ။
ထို့ကြောင့် သူ မသိသော စကားလုံးများ၏ အဓိပ္ပါယ်ကို ခန့်မှန်းနိုင်တော့မည်မဟုတ်။
ထို့အပြင် အသံထွက်ကလည်း လူ့စကားနှင့် အတော်ကွဲသည်။ အသံအနိမ့်အမြင့်ကလည်း ထူးခြားပြီး တချို့ဌာန်ကရိုဏ်းများကို လူ့ပါးစပ်ဖြင့် ထွက်မရပေ၊။ ချင်မူ့အတွက် နဂါးစကားပြောရန်မှာ မဖြစ်နိုင်သည့်အလားပင်။
ချင်မူ နဂါးဘာသာစကားကို တတ်နိုင်သမျှ မှတ်ပြီး လည်တွင် ဆွဲထားသော ဧကရာဇ်တံဆိပ်ပြားအား ထုတ်လိုက်သည်။ ၎င်းကို ကြည့်လိုက်သည့်အခါ တချို့စာလုံးများနှင့် အမှတ်အသားများ၏ အဓိပ္ပါယ်တချို့ကို တမုဟုတ်ချင်း နားလည်သွား၏။ သို့သော် နဂါးထိန်းဧကရာဇ်က ဘာသာစကားတစ်ခုလုံးကို မတတ်သည့်အတွက် ချင်မူလည်း အကုန်လုံး နားမလည်ပေ။
ဧကရာဇ်တံဆိပ်ပြား၏ အပေါ်ရှိ အမှတ်အသားများက ဆက်တိုက် ပြောင်းလဲနေ၍ ချင်မူ ဖတ်ရင်း ခေါင်းမူးလာသည်။
ချင်မူ မျက်လုံးမှိတ်၍ ခေါင်းယမ်းလိုက်သည်။ သူ ခပ်တိုးတိုး ပြောလိုက်၏။ “အစစ်အမှန်နဂါးတွေပဲ နဂါးမျိုးနွယ်ရဲ့ ဘာသာစကားကို နားလည်တာ။ ငါက နဂါးစကားသင်ခိုင်းဖို့ အစစ်အမှန်နဂါးတစ်ကောင်ကို ဘယ်မှာ သွားရှာရမလဲ”
“မဟာမြို့ပျက်မှာ အစစ်အမှန်နဂါးတွေ ရှိတယ်” နဂါးထိန်းဧကရာဇ်က ပြောလိုက်သည်။
ချင်မူ စိတ်အား တရှိန်ရှိန် တက်လာသည်။ သူ ခေါင်းထောင်၍ ကြည့်လိုက်သည့်အခါ သူတို့အရှေ့တွင် လျှို့ဝှက်ရေတံခါးကို မြင်လိုက်ရ၏။
နဂါးထိန်းဧကရာဇ်၏အမြန်နှုန်းက အမှန်တကယ် အံ့အားသင့်ဖွယ်ကောင်းသည်။ နေ့ဝက်အတွင်း သူတို့ကို မဟာမြို့ပျက်ဆီ ခေါ်လာနိုင်ခဲ့သည်။
လျှို့ဝှက်ရေတံခါးကို ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်က ပိတ်ဆို့ထား၏။ နဂါးထိန်းဧကရာဇ် ဖြတ်သွားချင်လျှင် မြို့တစ်မြို့လုံးအား ဖျက်စီးရလိမ့်မည်။ ချင်မူ သူ့အား ကမန်းကတန်း ရပ်ခိုင်းလိုက်ပြီး အကုန်လုံး သူ့ကျောပေါ်မှ ခုန်ဆင်းကာ လျှို့ဝှက်ရေတံခါးထဲ ဝင်လိုက်ကြသည်။
တာဝန်ခံအရာရှိ ဖုန်းရှုယွင် ငယ်သားများကို ဦးဆောင်၍ ထွက်လာပြီး ချင်မူ့ကို နှုတ်ဆက်အရိုအသေးပေသည်။ “နတ်ဂိုဏ်းသခင်ကို ဂါဝရပြုပါတယ်”
ချင်မူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ထုံးစံတွေ မလိုပါဘူး။ နောက်ကျနေပြီဆိုတော့ ကျွန်တော်တို့ ဒီမှာ နားပြီး မနက်ဖြန်ကျမှ မဟာမြို့ပျက်ကို ဝင်တော့မယ်။ စံအိမ်သခင်ဖုန်း ဧည့်သည်တွေအတွက် အခန်းပြင်ပေးပါဦး”
မျက်ကန်းက တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။ “ဒီမိန်းကလေးက မဆိုးဘူးပဲ... စားသောက်ပွဲပြင်။ မင်းတို့နတ်ဂိုဏ်းသခင် ဒီည ဒုတိယအကြိမ် လက်ထပ်ရမယ်”