← Chapters

သည်းထိတ်ဖွယ်ရာ ကြယ်တာရာပင်လယ်

Vol. 28 Ch. 390

သည်းထိတ်ဖွယ်ရာ ကြယ်တာရာပင်လယ်

Vol. 28 Ch. 390

‘ငါ သင်ခဲ့ရတာက နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်အတု ဖြစ်ပြီး နွားကျောင်းသား သင်ထားရတာက အစစ်များလား’

လင်ယွိရှို့ အတန်ငယ် ငေးကြောင်သွားသည်။ ချင်မူ သူ့ကို သင်ပေးနေသည့် ‘နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်’ ၏ မိတ်ဆက်အခန်းကသာ လင်မိသားစု၏ ကျင့်စဉ်ဖြစ်သည်။ ထို့နောက်ပိုင်း အကြောင်းအရာများက သူမ သိထားသောကျင့်စဉ်ထက် သာလွန်သည်။ သာလွန်သည်သာမက အဆင့်ပိုမြင့်၏။

ကြောက်မက်ဖွယ်ရာအကောင်းဆုံးမှာ လင်မိသားစု၏ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မှာ မိတ်ဆက်အခန်းမှ အဆင့်မြှင့်လိုက်သော ကိုင်းပွားတစ်ခုသာ ဖြစ်သော်လည်း ချင်မူ သူမကို သင်ပေးနေသည့် နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်က ပင်စည်ဖြစ်နေခြင်းပင်။ သူမ၏အကိုင်းက ထိုပင်စည်မှာ ကိုင်းပွားလေးတစ်ခုသာ ဖြစ်နေသည်။

ရှေးအကျဆုံး နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မှာ ဖုန်တောထဲမှ ထွက်လာသော အပင်ပေါက်သေးသေးလေးနှင့် တူသည်။ လင်မိသားစု၏ ပြီးပြည့်စုံသည့် နဂါးကိုးကောင်ဧကရာဇ်က ပင်စည်မှ ပေါက်လာသော အကိုင်းလေးတစ်ကိုင်း ဖြစ်သည့်အချိန် ချင်မူ၏ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်က သစ်ပင်ကြီးအဖြစ် ကြီးထွားလာသည်။

နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မှာ သိုင်းပညာရှင်မျိုးဆက်များ ပြုပြင်မွမ်းမံခဲ့ပြီးနောက် ဧကရာဇ်ယန်ဖုန်း၏မျိုးဆက်တွင် ပြီးပြည့်စုံသွားခဲ့သည်။ ကျင့်စဉ်က အမြင့်ဆုံးအထိ တိုးတက်နေခဲ့ပြီဖြစ်၍ မည်သည့်ပြုပြင်မွမ်းမံမှုကိုမှ ဆက်မလုပ်နိုင်တော့ပေ။

သို့သော် ချင်မူ၏ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်တွင် အဆုံးမဲ့သော အလားအလာများ ပိုင်ဆိုင်ထားသည်။

သို့တိုင်အောင် လင်မိသားစု မျိုးရိုးစဉ်ဆက် ကြိုးစားအားထုတ်ခဲ့မှုက တခဏသာ တွေးတောဆင်ခြင်လိုက်သော ချင်မူ၏အသိအမြင်ကို အဘယ့်ကြောင့် မယှဉ်နိုင်သနည်း။

သူကလည်း နှစ်ငါးရာမှ တစ်ကြိမ်ပေါ်သော ပါရမီရှင်တစ်ဦးဖြစ်နေသည်လော။

ချင်မူက သိပ်မတွေးမနေပေ။ အစစ်အမှန်နဂါးသိုက်မှ သူ လေ့လာခဲ့သော ‘နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်’ကလည်း မပြည့်စုံသေးပေ။ သူ သိမှတ်လိုက်သည့်အရာကို လျော်ကြေးအနေဖြင့် လင်ယွိရှို့အား သင်ပေးလိုက်ခြင်းသာ ဖြစ်သည်။

ဧကရာဇ်တံဆိပ်ပြားအား လင်မိသားစုဆီ သူ ပြန်မပေးနိုင်ပေ။ ဧကရာဇ်တံဆိပ်ပြားက ထော့ကျိုး သူ့ကို ပေးခဲ့သော ရတနာဖြစ်ပြီး မဟာမြို့ပျက်၏ စဉ်းကမ်းအရ ပေးပြီးပစ္စည်း ပြန်ပေးရိုးထုံးစံမရှိပေ။

ထို့အပြင် အစစ်အမှန်နဂါးသိုက်နှင့် ဧကရာဇ်တံဆိပ်ပြားက အစုံလိုက်ဖြစ်သည့်အတွက် တစ်ခုမရှိ၍မရပေ။ နဂါးသိုက်မရှိလျှင် လင်မိသားစုအတွက် ဧကရာဇ်တံဆိပ်ပြားက အသုံးတည့်မည်မဟုတ်။ ပြီးပြည့်စုံသော နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို နှစ်ခုပေါင်းလိုက်မှသာ မြင်နိုင်သည်။

ချင်မူ နဂါးသိုက်ထဲမှ ဧကရာဇ်တံဆိပ်ပြားကို ယူလိုက်သည့်အခါ ရေနဂါးများနှင့် နဂါးချီလင်အပေါ် သက်ရောက်နေသော ဖိအားလည်း တမုဟုတ်ချင်း ပျောက်ကွယ်သွား၏။ သူတို့အားလုံး ထလာကြပြီး လေးစားမှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် ချင်မူ့အား လှမ်းကြည့်ကြသည်။

သူ သူတို့ကို ကောင်းကင်နဂါးကြယ်တာရာနန်းတော်ဆီ ဆက်သွားခိုင်းလိုက်သည်။ နဂါးသိုက်ကို သူ ကြည့်လိုက်သည့်အခါ သူ့ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ သူက ပြုံး၍ ပြောလိုက်၏။ “နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ကျင့်ဖို့ အင်မတန် သင့်တော်တဲ့ နေရာတစ်နေရာ တွေ့ထားတယ်။ မိန်းကလေးယွိရှို့၊ ငါနဲ့ လိုက်ခဲ့ ဒီနဂါးသိုက်ထဲ ခုန်ဝင်ကြရအောင်” သူက ပြောပြီးနောက် လင်ယွိရှို့လက်ကို ဆွဲကာ နဂါးသိုက်ထဲ ခုန်ဝင်လိုက်သည်။

လင်ယွိရှို့ အံ့အားသင့်သွားပြီး ဤမျှသေးငယ်သော တောင်ချိုင့်ဝှမ်းပုံစံအတုထဲ မည်သို့ခုန်ဝင်ရမလဲ တွေးနေမိသည်။ သို့သော် သူတို့ အနားရောက်လာသည်နှင့်အမျှ ၎င်းက သေးသထက် သေးလာသည်။ သူတို့မှာ ကောင်းကင်ထက်မှ ဆင်းသက်လာသကဲ့သို့ အလွန်လျင်မြန်စွာ ကျဆင်းသွား၏။

ထိုစဉ် ချိုင့်ဝှမ်းထဲရှိ တောတောင်မြေပြင်က အလျားနှင့်အနံ မိုင်နှစ်ဆယ်ကျော် ကျယ်ဝန်းသော နေရာကျယ်ကြီးတစ်ခု ဖြစ်လာဟန်တူသည်။

နဂါးသိုက်၏ ကိုးထပ်မြောက်အလွှာတစ်ခုတည်းပင် ဆယ်မိုင်ကျော်နေပြီဖြစ်သည်။

သူတို့နှစ်ယောက် ဆင်းသက်လိုက်သည့်အချိန်မှာပဲ ကောင်းကင်ထက်မှ အလန့်တကြား အော်သံများ ထွက်လာသည်။ စစ်ယွင်ရှန်းလည်း သူတို့နှင့်အတူ ခုန်ဆင်းလာပြီး အစစ်အမှန်နဂါးသိုက်၏ ဟင်းလင်းပြင်ထဲ ဆင်းလိုက်သည့်အခါ မတူညီသောကမ္ဘာတစ်ခုဖြစ်နေကြောင်း သူမ သဘောပေါက်သွား၏။ သူမ အံ့အားသင့်သွားသည်။

ဟူလင်းအာက သူတို့သုံးယောက် ပျောက်ကွယ်သွားသည်ကို မြင်လျှင် နဂါးချီလင်၏အ‌ပေါ်မှ နဂါးအသိုက်ဆီ ခုန်လိုက်သည်။ ချိုင့်ဝှမ်းထဲ သူမ ကြည့်လိုက်သည့်အခါ ချင်မူ၊ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့အား ပုရွက်ဆိတ်လေးများသဖွယ် မြင်လိုက်ရသည်။ သူတို့က ချိုင့်ဝှမ်းထဲရှိ တောတောင်ရေပြင်နှင့် တစ်သားတည်း ဖြစ်သွားသယောင်ပင်။

သို့သော်က သူတို့ ရွေ့လျားနေကြပြီး စကားပြောနေကြသေးသည်။ သူတို့၏အသံများက မိုင်ပေါင်းများစွာအကွာမှ လာနေဟန်တူသည်။ အသံက မသဲကွဲပေ။

ချင်မူတို့သုံးယောက်မှာ ဘေးဘီဝဲယာကို စပ်စပ်စုစု ကြည့်နေကြသည်။ နဂါးထိန်းဧကရာဇ်နှင့်အတူ နဂါးသိုက်ထဲ ချင်မူ လိုက်ဝင်ခဲ့ဖူးသော်လည်း ထိုစဉ်က နဂါးသိုက်မှာ ချော်ရည်ထဲ နစ်မြုပ်နေခဲ့၍ ကောင်းကောင်းမွန်မွန် မမြင်ခဲ့ရပေ။

ယခုမှ အသိုက်တစ်ခုလုံးကို မြင်ရခြင်းဖြစ်သည်။

အတွင်းထဲတွင် အလွှာကိုးထပ်ရှိပြီး တစ်ထပ်စီတွင် တောက်ပနေသော တိုင်လုံးများ ရှိသည်။ တချို့က ကျောက်စက်ပန်းဆွဲဖြစ်ပြီး၊ တချို့က နဂါးသွားများ၊ တချို့က တိုင်များ ဖြစ်ကြ၏။ မြေပြင်နှင့် အဆောက်အဦများအပေါ်ရှိ စာလုံးများ၊ ရုပ်ပုံများက အဆက်မပြတ် ပြောင်းလဲနေပြီး လျှို့ဝှက်ဆန်းကြယ်သော သဘောတရားများ ကိန်းဝပ်နေသည်။

လင်ယွိရှို့ သက်ပြင်းရှိုက်လိုက်သည့်အခါ ပြိုင်ဘက်ကင်း သိပ်သည်းသော နဂါးချီစွမ်းအင်များ သူမဆီ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်ကို တမုဟုတ်ချင်း ခံစားလိုက်ရ၏။ သူမ တအံ့တဩ မအော်မိဘဲ မနေပေ။

အစစ်အမှန်နဂါးသိုက်၏အတွင်းရှိ နဂါးချီစွမ်းအင်သည် မြို့တော်ထက်ပင်ပို၍ သိပ်သည်း၏။ ထို့အပြင် ဤနေရာ၏ နဂါးချီစွမ်းအင်ကို နဂါးကိုးကောင်၏ ချီစွမ်းအင်နှင့် နှိုင်းယှဉ်နေခြင်းက ‌ကောင်းကင်ဘုံကို ကမ္ဘာမြေကြီးနှင့် နှိုင်းယှဉ်နေသကဲ့သို့ ဖြစ်လိမ့်မည်။ အရည်အသွေးက အကွာကြီးကွာသည်။

အသိုက်ထဲရှိ နဂါးချီစွမ်းအင်သည် နဂါးကိုးကောင်၏ချီစွမ်းအင်ထက် များစွာ အရည်အသွေးမြင့်မား၏။ နဂါးကိုးကောင်၏ နဂါးချီစွမ်းအင်က နဂါးကိုးကောင်၏သွေးကြောများကို စုဝေးထားရာမှ ဖွဲ့တည်လာသော်လည်း အသိုက်ထဲရှိ နဂါးချီစွမ်းအင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မဟာမြို့ပျက်ထဲရှိ နဂါးသွေးကြောအားလုံးကို စုဝေးထားခြင်းဖြစ်သည်။

“ဒီမှာ သိုင်းကျင့်ရင် မြို့တော်မှာ ကျင့်တာထက် အများကြီးမြန်တာပဲ”

လင်ယွိရှို့က ချင်မူ သူမအား သင်ပေးခဲ့သော နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ထုတ်လွှတ်လိုက်ပြီး သူမ၏သိုင်းအခြေခံ တရှိန်ထိုး တိုးတက်သွားသည်ကို ခံစားလိုက်ရသည်။ သူမ၏ ချီစွမ်းအင်လည်း များစွာသန့်ရှင်းလာ၏။

မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင် ကောင်းကင်နဂါးများကို လေ့လာရသည့် ကျင့်စဉ်များ ရှိသည့်အတွက် စစ်ယွင်ရှန်းလည်း စမ်းကြည့်လိုက်သည်။ နဂါးချီစွမ်းအင်များ သူမဆီ တရဟော ပြေးဝင်လာသည်ကို သူမ ခံစားလိုက်ရ၍ တခဏကြာသော် ဆယ်ရက်ကျော် ကျင့်ကြံပြီးသည်နှင့် ညီမျှသွားသည့်အလား ခံစားလိုက်ရသည်။ သူမ အံ့ဩမဆုံး‌တော့ပေ။

ဤနေရာတွင် ဆယ်ရက်ကျော် ကျင့်ကြံနိုင်လျှင် အပြင်လောက၌ ဆယ်နှစ်ကျော် ကြိုးစားပမ်းစား ကျင့်ကြံသည်နှင့် ညီမျှလိမ့်မည်။ သိုင်းအဆင့်တွင် ကန့်သတ်ချက်များ ရှိနေ၍သာ မဟုတ်လျှင် သူမ၏ကောင်းကင်နတ်သိုင်းများနှင့် သိုင်းကွက်များ စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် တိုးတက်သွားလိမ့်မည်။။

မှန်သည်၊ သိုင်းအဆင့်ကြောင့် ကန့်သတ်ချက်တစ်ခု ရှိနေလျှင်တောင်မှ ထူးကဲနေသေးသည်။ အသိုက်က နဂါးဓာတ်သတ္တိကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများ ကျင့်ကြံရန်အတွက် အထွတ်အမြတ်မြေတစ်ခု ဖြစ်သည်။

“ငါ့အတွက် အကျိုးအမြတ် သိပ်မရှိတာ နှမြောစရာပဲ” စစ်ယွင်ရှန်း ခေါင်းခါလိုက်သည်။

လူငယ်ဂိုဏ်းချုပ်က သူမအား မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ ဖန်ဆင်းပညာများကို အလေးထားကျင့်ကြံစေခဲ့သည်။ လူငယ်ဂိုဏ်းချုပ်သည် ဖန်ဆင်းပညာခုနစ်ခန်းကို နှံ့နှံ့စပ်စပ် လေ့လာခဲ့ပြီး သူ၏အသိအမြင်အားလုံးကို သူမအား ပေးအပ်ခဲ့သည်။ ချင်မူ ရရှိခဲ့သော ပေါင်းစည်းကျင့်စဉ်ကို မရခဲ့သော်လည်း စစ်ယွင်ရှန်းက လူငယ်မျိုးဆက်တွင် ရှားပါးသော သိုင်းပညာရှင်တစ်ဦး ဖြစ်နေသေး၏။

ချင်မူလည်း အစစ်အမှန်နဂါးချီအား စုပ်ယူနေသည်။ လင်ယွိရှို့က နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ကျင့်နေခြင်းဖြစ်သော်လည်း သူကမူ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်၏ ခန္ဓာအသားပေးသိုင်းကို သူ၏လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ဖြင့် ပေါင်းစည်းနေခြင်းဖြစ်သည်။

နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်၏ အားသာချက်က သန်မာအားကောင်းသည့် မှော်စွမ်းအင်းပေါ် မူတည်သည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အောက် မနိမ့်ကျသော်လည်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၌ ရုပ်ခန္ဓာအသားပေးသိုင်းကွက်မ  ရှိပေ။ ထို့ကြောင် ထိုအားနည်းချက်ကို နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ဖြင့် ဖာထေးချင်သည်။

ဧကရာဇ်ယန်ဖုန်း သင်ပေးခဲ့သော နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ဖြင့် ပေါင်းစည်းခဲ့သော်လည်း သူကိုယ်တိုင် ထုတ်နုတ်ထားသည့်ကျင့်စဉ်က ပိုမိုရှုပ်ထွေးသည်။ နဂါးဘာသာစကားကလည်း လူ့ဘာသာစကားနှင့် မတူသောကြောင့် ကျင့်စဉ်နှစ်ခုအား ပေါင်းစည်းရန် များစွာ ခက်ခဲနေ၏။ ရုပ်ခန္ဓာအသားပေးသိုင်းတစ်ခုတည်းကိုပင် မှတ်သားရန် ခက်ခဲနေသည်။ အချိန်တိုအတွင်း ပြီးမြောက်မည့်အရာမဟုတ်။

များမကြာခင် ဟူလင်းအာ၏အသံက အပြင်မှထွက်လာသည်။ “သခင်လေး၊ ကျွန်မတို့ ကောင်းကင်နဂါးကြယ်တာရာနန်းတော်ကို ရောက်ပြီ”

ချင်မူ စျာန်ဝင်နေသော လင်ယွိရှို့ကို နဂါးသိုက်ထဲ၌ ထားခဲ့ပြီး စစ်ယွင်ရှန်းကို ဆွဲကာ ထွက်လာသည်။ သူတို့နှစ်ယောက် အပြင်ရောက်သောအခါ ခန္ဓာကိုယ်များ တဖြည်းဖြည်း ကြီးထွားလာ၏။ သူတို့ မြေပြင်ပေါ် ရောက်သည့်အချိန်တွင် ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားကြချေပြီ။ တစ်ချိန်လုံး မအီမအာဖြစ်ခြင်းမျိုး မရှိခဲ့ပေ။

‘နဂါးထိန်းဧကရာဇ်က တကယ်ထူးချွန်တာပဲ။ သူက နဂါးသိုက်ကို ချုံ့ထားတာမဟုတ်ဘဲ အဲဒီအထဲမှ ရှိတဲ့ ဟင်းလင်းပြင်ကိုပဲ ချုံ့ထားတာ’ ချင်မူ တလေးတစား စုပ်သပ်လိုက်မိသည်။ ဤစွမ်းရည်မျိုးက ထောင်ကျယ်အိတ်နှင့်တူသော်လည်း ထောင်ကျယ်အိတ်က အတွင်းတွင် နေရာဟင်းလင်းပြင် ပါရှိခြင်းဖြစ်သည်။ နဂါးထိန်းဧကရာဇ်ကမူ မှော်စွမ်းအင်ဖြင့် မိုင်ပေါင်းဒါဇင်ကျော် ကျယ်ဝန်းသော ဧရိယာအား ခုနစ်ပေ၊ ရှစ်ပေခန့်အရွယ်အထိ ချုံ့ခဲ့သည်။

“ကောင်းကင်နဂါးကြယ်တာရာနန်းတော်က အရှေ့တည့်တည့်မှာပဲ” ဟူလင်းအာ ပြောလိုက်သည်။

ချင်မူ အရှေ့လှမ်းကြည့်လိုက်သည့်အခါ နန်းတော်ပျက်များကို မြင်လိုက်ရသည်။ ကောင်းကင်နဂါးကြယ်တာရာနန်းတော်သည် အိုမင်းပျက်စီးနေသော အဆောက်အအုံများ စုဝေးနေသည့်နေရာတစ်ရာ ဖြစ်၏။ ရွာလေးများက အပျက်အစီးများ၏ ပတ်ပတ်လည်တွင် တည်ထားပြီး ကျောက်တုံးများက လေတွင် ပျံဝဲနေသည်။ ကျောက်တုံးများသည် အမည်းရောင်၊ အနီရောင်၊ အပြာရောင်အစရှိသဖြင့် အရောင်အသီးသီး ရှိကြ၏။

ထိုကျောက်တုံးများတွင် အပေါက်များပြည့်နေပြီး တစ်တုံးကိုတစ်တုံး ဝင်တိုက်နေရာ ကျောက်အမှုန်အမွှားများ ရွာကျနေသည်။ ခပ်ကြီးကြီးအပိုင်းအစများလည်း ကျလာသည့်တိုင် ရွာများအပေါ် တစ်ခါမှ မကျပေ။ အပြင်တစ်နေရာရာကိုသာ ကျသွားတတ်သည်။

အလွန်မြင့်မားပြီး ခမ်းနားကြီးကျယ်သော ကောင်းကင်နန်းဆောင်များနှင့် မော်ကွန်းများမှာ ပျက်စီးယိုယွင်းနေသည့်တိုင် ရွာသူရွာသားများကို ကာကွယ်နေသေးသည်။

ချင်မူ ကြမ်းကြမ်းတမ်းတမ်း အသွင်ပြင်များ ရှိသည့် ရွာသားများအား မြင်လိုက်ရသည်။ သူတို့က ချင်မူနှင့်မစိမ်းသော သားရဲအရေခွံများကို အဝတ်ချုပ်၍ ဝတ်ထားကြ၏။ စစ်ယွင်ရှန်း၏မျက်နှာလေး အတန်ငယ် ရဲသွားသည်။ ဆောင်းတွင်းတွင်ပင် ရွာသားများက ဘောင်းဘီတိုများနှင့် သားရဲဖြင့် ချုပ်ထားသော ကိုယ်ကျပ်အင်္ကျီများ ဝတ်ထားကြသည်။ ဖင်တုံးလုံးလေးများဖြင့် ဆောင့်ကြောင့်ထိုင်နေကြသော ကလေးတချို့လည်း ရှိ၏။

“ငါလည်း ငယ်ငယ်တုန်းက အဲဒီလိုပဲ” မဟာနတ်ဂိုဏ်းသခင်ချင် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

စစ်ယွင်ရှန်းမှာ မဟာနတ်ဂိုဏ်းသခင် ဖင်တုံးလုံးဖြင့် သွားနေသည်မြင်ကွင်းကို မြင်ယောင်မိပြီး သူမဦးနှောက်ကိုပင် ထုတ်ဆေးပစ်လိုက်ချင်လာသည်။

ချင်မူက ရှေ့လျှောက်သွားကာ ရွာရှိ အကြီးအကဲများကို နှုတ်ဆက်လိုက်သည်။ သူက သူတို့ကို ကြယ်ပင်လယ်ဆီ မည်သို့သွားရမည်လဲ မေးကြည့်လိုက်ပြီး အတန်ကြာသော် ပြန်ရောက်လာကာ စိတ်လှုပ်ရှားစွာ ပြော၏။ “အကြီးအကဲက ပြောလိုက်တယ်။ ကြယ် ပင်လယ်က သိပ်အန္တရာယ်များတယ်တဲ့။ ညဆို သိပ်လှတယ်လည်း ပြောတယ်။ မြန်မြန်သွားကြည့်ရအောင်”

စစ်ယွင်ရှန်း သူ့အား ကြိတ်၍ ဆဲလိုက်မိသည်။

သူတို့ နဂါးအုပ်ကို ခေါ်၍ ချိုင့်ဝှမ်းထဲ ဆင်းလာကြသည်။ ချိုင့်ဝှမ်းမှာ အလွန်နက်သော ချောက်ကြီးတစ်ခု ဖြစ်၏။ သို့သော် အမှောင်ထုထဲတွင် အဖြူရောင်အလင်းစက်များ တောက်ပနေသည်။ အပေါ်မှ ကြည့်ပါက ကြယ်တာရာကောင်းကင်တစ်ခုကို ငုံ့ကြည့်နေရသည်နှင့် တူ၏။

“လှလိုက်တာ” ဟူလင်းအာ စိတ်လှုပ်တရှား ပြောလိုက်သည်။ “တကယ် ညကောင်းကင်အတိုင်းပဲ။ ဟိုမှာ နဂါးငွေ့တန်းတောင် ရှိနေတယ်”

စစ်ယွင်ရှန်း ခေါင်းနပန်းကြီးလာသည်။ ကြယ်ပင်လယ်၏ ချောက်နက်အတွင်းရှိ နဂါးငွေ့တန်းက ကောင်းကင်ထဲရှိ နဂါးငွေ့တန်းနှင့် ဆင်သော်လည်း ‘ကြယ်များ’က တစ်ခုနှင့်တစ်ခု အဆက်မပြတ် တိုက်နေကြသည်။ ပွက်ပွက်ဆူနေသော ဆန်ပြုတ်အိုးကဲ့သို့ အလွန်အန္တရာယ်များမည့်ပုံပေါ်၏။

ဝှီး

မည်းနက်နေသော ထူးထန်းဆန်းဆန်းလေက ချောက်နက်ထဲမှ တိုက်ခတ်လိုက်ပြီး ‘ကြယ်’တစ်စင်း ပျံထွက်လာသည်။ ကြယ်သည် တောင်တစ်လုံးသဖွယ် ကြီးမားသော်လည်း မြေပြင်ပေါ် မကျဘဲ ကောင်းကင်ထဲတွင် ပျံဝဲနေသည်။။

ရုတ်တရက် ချောက်ထဲမှ နောက်ထပ် ‘ကြယ်’ တစ်စင်း ပျံထွက်လာပြီး ကြယ်နှစ်စင်း တိုက်သွားသောအခါ ဒုန်းခနဲ ခပ်လေးလေး ခပ်အုပ်အုပ် မြည်သွားသည်။ စွမ်းအား တရှိန်ထိုး ဖြာထွက်လာသည့်အခါ စစ်ယွင်ရှန်း ရင်တဒိန်းဒိန်း ခုန်လာသည်။ “ဂိုဏ်းသခင်၊ ဒီကြယ်ပင်လယ်က ကျွန်မတို့သိုင်းအဆင့်နဲ့ ဝင်နိုင်တဲ့နေရာမဟုတ်ဘူး။ ဂိုဏ်းသခင်အဆင့်ပညာရှင်တွေတောင်မှ ပြန်လာနိုင်လောက်မှာမဟုတ်ဘူးနော်”

“မပူပါနဲ့ ရေနဂါးအုပ်က ငါတို့ကို ကူပေးပါလိမ့်မယ်” ချင်မူလည်း ဤသို့ပြောလိုက်သည့်တိုင် ဝင်ရမည်ကို တွန့်ဆုတ်နေမိသည်။ “နေရေတွင်းက ဒီကနေ တော်တော်လှမ်းတယ်။ မဟာမြို့ပျက်ရဲ့ အလယ်မှာ တည်ရှိတာ။ ဒါပေမဲ့ ယန်ကျင့်ကျင့်က ကြယ်ပင်လယ်ကနေ လာပြီး အဲဒီကနေမှ နေရေတွင်းဆီ ပြန်ကြတာလို့ ပြောခဲ့တာ။ ကြယ်ပင်လယ်ထဲမှာ နေရေတွင်းဆီ မြန်မြန်သွားနိုင်မယ့် လမ်းကြောင်း ရှိနေမလားပဲ”

သူ အတန်ကြာ စဉ်းစားပြီးနောက် ရွှေပုလွေကို မှုတ်ကာ ရေနဂါးအား ကြယ်ပင်လယ်ဆီ ပျံသန်းစေလိုက်သည်။ စစ်ယွင်ရှန်းမှာ အန္တရာယ်များသော ရန်သူတစ်ယောက်အား ရင်ဆိုင်နေရသကဲ့သို့ သတိကပ်ထားသော်လည်း စိတ်လျှော့လိုက်၏။ သူမက ခေါင်းယမ်းလိုက်သည်။ ‘ကြယ်တွေ ဝင်လာရင် ငါတို့ ခုခံနေလည်း အသုံးမဝင်ဘူး။ ဂိုဏ်းသခင် ဒီအကြောင်း ဘာလို့မစဉ်းစားတာပါလိမ့်’

ချင်မူ လျှို့ဝှက်နဂါးထိန်းနည်းကို တီးမှုတ်ရင်း ကြယ်များကို ဂရုတစိုက် တိမ်းရှောင်ကာ ကြယ်ပင်လယ်အတွင်း ချဉ်းကပ်သွားနေသည်။ သူတို့မြေအောက်ထဲ သွားနေသည်မှာ သိသာသော်လည်း ကမ္ဘာခြားတစ်ခုထဲတွင် သွားနေသကဲ့သို့ ခံစားနေရ၏။

အဆုံးမဲ့ကျယ်ဝန်းသော ဟင်းလင်းပြင်တစ်ခုထဲ သူတို့ ဝင်ရောက်လာခဲ့သယောင်ပင်။ သူတို့၏ပတ်ပတ်လည်တွင် တောင်သဖွယ် ကြီးမားသည့် ကြယ်များရှိနေသည်။ ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ သူတို့ဝင်လာခဲ့သော အက်ကြောင်းကြီးတစ်ကြောင်းကိုသာ မြင်လိုက်ရသည်။ မျက်နှာပြင်အား မမြင်ရ‌တော့ပေ။

ကြယ်များက ရောင်ဝါအလင်းတန်းများ ဖြန့်ကျက်လျက် လည်နေကြသည်။ သန်းပေါင်းများစွာသော ကြယ်များသည် ရွေ့လျားပြီး တစ်ခုကိုတစ်ခု ထိတိုက်ကြနေသဖြင့် ဖြာထွက်လာသည့် လှိုင်းများက သူတို့အုပ်စုကို ဓားများသဖွယ် ဝင်တိုက်ကြ၏။

“ကောင်းကင်နဂါးဒိုင်း” ချင်မူ အော်လိုက်လိုက်သည့်အခါ ရေနဂါးများက နေရာပြောင်း၍ အမြီးများကို အတူတူ ချိတ်ဆက်လိုက်ကြသည်။ သူတို့၏လက်သည်းများလညး ချိတ်သွားပြီး ခေါင်းများအား ငုံ့ကာ စက်လုံးကြီးသဖွယ် စုဝေး၍ သူတို့ကို ကာကွယ်လိုက်ကြသည်။

ချင်မူ နဂါးငွေ့တန်း၏အလယ်သို့ လှမ်းကြည့်လိုက်သောအခါ ထိုက်ကျိအစီအရင်နှင့်တူသော ယင်ယန်ငါးနှစ်ကောင်အား မြင်လိုက်ရသည်။ ယင်ယန်ငါးနှစ်ကောင်က ဧရာမရေတွင်းကြီးများနှင့် တူပြီး ကြယ်များက သူတို့၏ပတ်ပတ်လည်တွင် လှည့်ပတ်နေကြ၏။ ရေတွင်းနှစ်တွင်း၏အပေါ်၌ အက်ကွဲကြောင်းနှစ်ကြောင်း ရှိနေသယောင်ပင်။

နေ‌ရေတွင်းနှင့် လရေတွင်း တည်ရှိသော မဟာမြို့ပျက် ဖြစ်လိမ့်မည်။

ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ ကြယ်ပင်လယ်က ပင်လယ်နှင့်မတူဘဲ အဆပေါင်းများစွာ သေးငယ်သော ကမ္ဘာခြားတစ်ခုနှင့် တူနေသည်။

All Chapters