အစစ်အမှန်နဂါး အသိုက်ထဲ ဝင်၍ ကောင်းကင်ကျင့်စဉ် ပေါ်ထွန်းလာသည်
Vol. 28 Ch. 389
နဂါးချီလင်မှာ မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးများကို ထွေးထုတ်ချင်သော်လည်း ချင်မူ့အပြုံးကို မြင်လျှင် ကြောက်အားလန့်အားဖြင့် ဆေးလုံးများအား မြိုချလိုက်သည်။
“နှမြောစရာကောင်းလိုက်တာ။ နှစ်သစ်ကူးအတွက် နဂါးကင်လုပ်ရမှာကို” ချင်မူ ခပ်တိုးတိုး ညည်းလိုက်သည်။
နဂါးချီလင် တုန်ရီသွားပြီး နောက်မှ လိမ်လိမ်မာမာ ပြေးလိုက်လာသည်။ ဟူလင်းအာက သူ့ခေါင်းပေါ်တွင် ထိုင်နေပြီး သူ့အား ဆက်တိုက် အားပေးနေ၏။ “ဖက်တီးနဂါး နင် ပြေးတာ နှေးရင် နဂါးကင်ဖြစ်မှာနော်”
ချင်မူ စိတ်အေးလက်အေး ရှိသွားသည်။ လျှို့ဝှက်ရေတံခါးက နယ်စပ်နဂါးမြို့နှင့် သိပ်မဝေးပေ။ မဟာမြို့ပျက်၏ ပထဝီမြေပြင်အနေအထားအရ ကြယ်ပင်လယ်က နယ်စပ်နဂါးမြို့၏ မြောက်ဘက်ရှိ ကောင်းကင်နဂါးကြယ်တာရာနန်းတော်တွင် တည်ရှိသည်။ မိုင်နှစ်ရာ ကွာဝေးပြီး မြေပုံပေါ်တွင် ကြယ်ပင်လယ်ဟု ခေါ်၏။ သို့သော် နယ်စပ်နဂါးမြို့အနားပတ်ဝန်းကျင်ရှိ လူများက ၎င်းအား ကြယ်တာရာပင်လယ်ဟု ခေါ်ကြသည်။
ခိုင်ဧကရာဇ်ခေတ်၏ ပျက်သုဉ်းမှုနှင့် တိမ်ကောသွားသော နေရာများမှာ ယခုအချိန်တွင် အတိတ်တုန်းက နာမည်နှင့်မတူတော့ပေ။
ချင်မူ သိထားသောအချက်အလက်အရ ခိုင်ဧကရာဇ်ခေတ် အဆုံးသတ်ပြီးနောက်ပိုင်း သမိုင်းကြောင်းက ဗလာဖြစ်ခဲ့သည်။ နှစ်တစ်ထောင်ကျော်အတွင်း မှတ်တမ်းတင်ထားသော အကြောင်းအရာများများစားစား မရှိခဲ့ပေ။ အထွတ်အမြတ်မြေကြီးသုံးမြေနှင့် ကျောက်စိမ်းမြို့တော်ငယ်တွင် ရှိသော တကွဲတပြားမှတ်တမ်းများမှအပ တခြားဂိုဏ်းများနှင့် တိုင်းပြည်များတွင် ထိုကြားကာလနှင့်ပတ်သက်၍ မှတ်တမ်းတစ်စုံတစ်ရာ မရှိပေ။
ချင်မူ စိမ်းပုပ်ရောင်နဂါးကို ဆင့်ခေါ်ပြီး ၎င်းပါးစပ်အား ဟခိုင်းလိုက်သည်။ နဂါးထိန်းဧကရာဇ် ချုံ့ထားသော အစစ်အမှန်နဂါးသိုက် ပေါ်လာသည်။
ငါးပေအမြင့် အစစ်အမှန်နဂါးသိုက်က အတော်လေး ကြီးမားသော်လည်း နဂါးထိန်းဧကရာဇ်ကဲ့သို့ နတ်ဘုရားတစ်ပါးပင် စားပွဲအရွယ်အစားအထိသာ ချုံ့နိုင်သည်။ ထို့ထက် ပိုချုံ့ချင်လျှင် ခွန်အားများစွာ လိုအပ်၏။
နဂါးထိန်းဧကရာဇ်၏ လက်ရှိကျင့်စဉ်စွမ်းအင်ဖြင့် မဖြစ်နိုင်ပေ။
‘ဒါပေမဲ့ အစစ်အမှန်နဂါးမင်းက ကျောက်စိမ်းလက်ကောက်အသွင် ဖွဲ့တည်ခံထားရတယ်။ ဆိုတော့ ဧကရာဇ်တံဆိပ်ပြားကို သွန်းလုပ်ခဲ့တဲ့လူရဲ့ ကျင့်စဉ်စွမ်းအင်က နဂါးထိန်းဧကရာဇ်ရဲ့ ကျင့်စဉ်စွမ်းအင်ထက်တောင် သန်မာအားကောင်းတယ်ဆိုလိုတာလား’
ချင်မူ မှင်သက်သွားသည်။ မည်သူက အစစ်အမှန်နဂါးမင်းကို ယူ၍ ကျောက်စိမ်းလက်ကောက်အဖြစ် သွန်းလုပ်ခဲ့သနည်း။ ထိုနတ်ဘုရားက လင်မိသားစုအား အဘယ့်ကြောင့်ပေးခဲ့သနည်း။ ရည်ရွယ်ချက်က ဘာနည်း။
စိမ်းပုပ်ရောင်နဂါးက အစစ်အမှန်နဂါးသိုက်ကို ထွေးထုတ်လိုက်သော်လည်း ချင်မူ ဖမ်းတော့မည့်အချိန်မှာပင် အလွန်လေးလံသော ဖိအားကို တမုဟုတ်ချင်း ခံစားလိုက်ရသည်။ “မြန်မြန် ပြန်ယူ”
ဒုန်း
မိန်းကလေးနှစ်ယောက် ထိတ်လန့်သွားသည်။ နဂါးသိုက် ဂိုဏ်းသခင်ချင်အပေါ် ပိသွားပြီး သူ့ပခုံးနှစ်ဖက်လုံး အဆစ်လွဲသွားသည်ကို သူတို့ မြင်လိုက်ရ၏။
“ဒီဟာကြီးက နတ်ဂိုဏ်းသခင်ရဲ့ ဓားစက်လုံးထက်တောင် လေးတဲ့ပုံပဲ” စစ်ယွင်ရှန်းက ခပ်တိုးတိုး ပြောပြီး လျှာထုတ်ပြသည်။ ချင်မူ့ဓားအတွက် မဟူရာရွှေအမြုတေများ ပို့လိုက်၍ ချင်မူ တွင်းထဲ ကျသွားသည့်အဖြစ်ကို သူမ မှတ်မိလိုက်၏။
ချင်မူ ညည်းလိုက်မိသည်။ နဂါးချီလင်က ကပျာကယာ ပြေးလာပြီး မျက်နှာချိုသွေးသည်။ “ဂိုဏ်းသခင် ကျွန်တော် လျက်ပေးရမလား”
“မလိုဘူး”
ချင်မူ့လက်မောင်းနှစ်ဖက်မှာ အဆစ်ပြုတ်၍ တိုးလို့တန်းလန်း ဖြစ်နေပြီး သူက ချီစွမ်းအင်အား လှည့်ပတ်လိုက်သည်။ နာကျင်မှုကို တောင့်ခံရင်း အဆစ်များအား ပြန်တည့်ပြီးနောက် နဂါးသွားရည်တစ်ပုလင်း ထုတ်ကာ သူ့လက်ချောင်းများအပေါ် သုတ်လိမ်းလိုက်၏။ ထို့နောက် သူ သက်ပြင်းချလိုက်မိသည်။
အစစ်အမှန်နဂါးသိုက် ထွက်ပေါ်လာသည့်အတွက် သူ့လည်ပင်းပေါ်ရှိ ဧကရာဇ်တံဆိပ်ပြားက နောက်တစ်ကြိမ် လှုပ်ရွပြီး ပူခြစ်လာသည်။ နဂါးသေးသေးလေးကဲ့သို့ ကိုယ်ထည်က လူးလွန့်လာကာ နဂါးသိုက်ဆီ ပျံသန်းသွားချင်နေ၏။
ယခုလိုအခြေအနေမျိုး တစ်ခါဖြစ်ခဲ့ဖူးသည်။ ထိုအချိန်တုန်းက ရေနဂါးများက သူ့ကို သတ်ရန် ပြင်နေသော်လည်း ဧကရာဇ်တံဆိပ်ပြားက ခေါင်းသေးသေးလေး ပြူထွက်၍ ရေနဂါးအုပ်အား အညံ့ခံစေခဲ့သည်။
သို့သော် အစစ်အမှန်နဂါးမင်းမှာ ဧကရာဇ်တံဆိပ်ပြားအဖြစ် သွန်းလုပ်ခံထားရချေပြီ။ ဧကရာဇ်တံဆိပ်ပြားမှ အစစ်အမှန်နဂါးအသွင် ပြောင်းလဲရန် မဖြစ်နိုင်တော့ကြောင်း နဂါးထိန်းဧကရာဇ်က ပြောခဲ့ဖူးသည်။
အစစ်အမှန်နဂါးများသည် ချီစွမ်းအင်နှင့် ကံကြမ္မာကြောင့် ရုပ်ခန္ဓာဖွဲ့တည်ကာ မွေးဖွားလာခြင်းဖြစ်၏။ အစစ်အမှန်နဂါးမင်းက ပင်မနဂါးသွေးကြော ဖြစ်လာခဲ့သော်လည်း ရတနာအဖြစ် သွန်းလုပ်ခံခဲ့ရရာ အစစ်အမှန်နဂါးမင်းဖြစ်လာနိုင်ခြေ မရှိတော့ပေ။
ချင်မူ သူ့လည်ပင်းမှ ဧကရာဇ်တံဆိပ်ပြားကို ချွတ်လိုက်သည်။ သူ ဆုပ်ကိုင်ထားသည်ကို လွှတ်ပေးလိုက်သည်နှင့် ဧကရာဇ်တံဆိပ်ပြားက ပျံသန်းသွားပြီး ကိုယ်ကို ဆန့်လိုက်သည်။ နဂါးလေးက တဖြည်းဖြည်း ကြီးထွားလာသော်လည်း ၎င်း၏အလျားက တစ်ပေကျော်သာ ရှိသေး၏။ ထို့နောက် နဂါးသိုက်ထဲ ဝင်သွားသည်။
ချင်မူ နဂါးသိုက်အား ကြည့်လိုက်သည့်အခါ ဧကရာဇ်တံဆိပ်ပြားနဂါးလေးက ကိုးထပ်မြောက်အလွှာ၏ အလယ်ရှိ အဟလေးထဲတွင် ကွက်တိရစ်ခွေသွားသည်ကို မြင်လိုက်ရသည်။
အစစ်အမှန်နဂါးမင်း အသိုက်ထဲ ဝင်လိုက်သည့်အချိန်တွင် ကမ္ဘာမြေတုန်ဟည်းသွားစေသော အရှိန်အဝါ တရှိန်ထိုး ပေါ်ထွက်လာသည်။ ချင်မူ့ဘေးရှိ ရေနဂါးများမှာ နုံးခွေသွားပြီး ဝပ်စင်းလိုက်ကြ၏။ သူတို့ကို သယ်ထားသော နဂါးပင် မြေပေါ် ဆင်းပြီး ဝပ်စင်းနေသည်။ မလှုပ်တော့ပေ။
နဂါးချီလင်လည်း တမုဟုတ်ချင်း ရပ်သွားသည်။ သူ့ကိုယ်ပေါ်ရှိ အမွှေးများ၊ အကြေးခွံများက ထောင်လာသော်လည်း နဂါးသိုက်မှ ကြောက်မက်ဖွယ်ရာအရှိန်အဝါကို မတွန်းလှန်နိုင်ပေ။ သူ့မှာ ဖိအားကြောင့် မြေကြီးပေါ် ဆင်းလိုက်ရပြီး ခေါင်းပင်မထောင်ရဲတော့ပေ။
ချင်မူက သူတို့ကို ဂရုမစိုက်ဘဲ နဂါးသိုက်အား ဆက်ကြည့်နေသည်။ နဂါးသိုက်ပေါ်တွင် သင်္ကေတအမှတ်အသားများ တဖျတ်ဖျတ် လင်းလက်နေသည်ကို သူ မြင်လိုက်ရ၏။ သင်္ကေတအမှတ်အသားများက နဂါးမျိုးနွယ်၏ ဘာသာစကားဖြစ်နေသည်။ ၎င်းတို့က အဆက်မပြတ် ပြောင်းလဲနေပြီး တစ်ခုမှ မထပ်ပေ။
မတူညီသောစာလုံးများတွင် မတူညီသောအဓိပ္ပါယ် ရှိနေသည်။ အစစ်အမှန်နဂါးသိုက်အပေါ်ရှိ စာသားများတွင် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ရှုပ်ထွေးသော ကျင့်စဉ်တစ်ခု ကိန်းဝပ်နေ၏။
အစစ်အမှန်နဂါးများသည် ကံကြမ္မာမှ မွေးဖွားခြင်း၊ ကောင်းကင်နှင့်မြေကြီး၏တာအိုမှ မွေးဖွားခြင်းဖြစ်သည့်အတွက် အစစ်အမှန်နဂါးများက တာအိုနှင့်အလွန် ရင်းနှီးပြီး နဂါးတိုင်း နဂါးမျိုးနွယ်၏ ဘာသာစကားကို အလိုအလျောက် တတ်မြောက်ကြသည်။ သူတို့အတွက် သင်ယူလေ့လာစရာ မလိုပေ။
နဂါးများက စာလုံးတစ်လုံးတည်းဖြင့် စာစုတစ်စု၊ စာကြောင်းတစ်ကြောင်းနှင့် စာလုံးပေါင်းထောင်ချီ ရှိသော စာပိုဒ်တစ်ပိုဒ်ကိုပင် ကိုယ်စားပြုနိုင်သည်။
ထို့ကြောင့်လည်း ကျန်မျိုးနွယ်များ နဂါးဘာသာစကားကို လေ့လာရန် ကြိုးစားလျှင် စိတ်ကူးမကြည့်နိုင်လောက်အောင် မြင့်မားသော တံတိုင်းကြီးတစ်ခု ဟန့်တားပိတ်ဆို့ထားသည့်ပမာ ခံစားရသည်။
နဂါးထိန်းဧကရာဇ်၏သွေးဆက်က အတိုင်းထက်အလွန် မျိုးသန့်သော်လည်း နဂါးထိန်းဧကရာဇ်သည် အစစ်အမှန်နဂါးမဟုတ်ဘဲ ရေနဂါးတစ်ကောင်သာ ဖြစ်၏။ ထို့ကြောင့် သူ ချင်မူ့ကို နဂါးဘာသာစကား သင်ပေးခဲ့သော်လည်း နဂါးသိုက်အပေါ်တွင် သူပင် မသိသော စာလုံးများစွာ ရှိသေးသည်။
နဂါးထိန်းဧကရာဇ် သင်ပေးခဲ့သည့် စာလုံးတချို့၏ အဓိပ္ပါယ်က အလွန်ရှုပ်ထွေးသည်။ တစ်ယောက်ယောက်သာ လူ့စကားဖြင့် ဖော်ပြချင်လျှင် စာလုံးပေါင်း ထောင်သောင်းချီ လိုအပ်လိမ့်မည်။ ပို၍ပင် ဆိုးဝါးသည်က တချို့စာလုံးများကို လူ့ဘာသာစကားဖြင့်ပင် မဖော်ပြနိုင်ပေ။
ချင်မူ အစစ်အမှန်နဂါးသိုက်၏ အပေါ်ရှိ နဂါးဘာသာစကားများကို မမေ့အောင် ကပျာကယာ မှတ်သားလိုက်သည်။
မိန်းကလေးနှစ်ယောက် လျှောက်လာပြီး စစ်ယွင်ရှန်းက တအံ့တဩ မေးလိုက်၏။ “ဒီစာသားတွေက ဘာတွေလဲ”
“နဂါးမျိုးနွယ်ရဲ့ ဘာသာစကား” လင်ယွိရှို့ အံ့အားသင့်နေသည်။ “ဒါတွေက နဂါးမျိုးနွယ်ရဲ့ စာသားတွေပဲ။ ငါ နည်းနည်းပါးပါး လေ့လာဖူးတယ်။ ခမည်းတော် ငါ့ကို သင်ပေးခဲ့ပေမယ့် ဟိုစာလုံး၊ ဒီစာလုံးလောက်ပဲ မှတ်မိခဲ့တာ”
ချင်မူ အတန်ငယ် တွေးပြီး ရုတ်တရက် မေးလိုက်သည်။ “မိန်းကလေးယွိရှို့ လင်မိသားစုရဲ့ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မူရင်းကို မြင်ခဲ့ဖူးလား”
နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မူရင်းသည် စစချင်း အထင်ကြီးဖွယ်မကောင်းခဲ့သော်လည်း သိုင်းပညာရှင်များစွာ၏ ပြုပြင်မွမ်းမံမှုများကြောင့် တဖြည်းဖြည်း ထိပ်တန်းကျင့်စဉ်တစ်ခု ဖြစ်လာခဲ့၏။ သို့သော် မူရင်း ရှိနေသေးသည်ဟု ချင်မူ ယူဆမိသည်။ မဟုတ်လျှင် ဧကရာဇ်ယန်ဖုန်းက လင်ယွိရှို့အား နဂါးဘာသာစကား သင်ပေးခဲ့မည်မဟုတ်ပေ။
နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မူရင်းအား နဂါးဘာသာစကားဖြင့် ရေးသားထား၍ ဧကရာဇ်ယန်ဖုန်းက သမီးတော်ကို ရှေးအကျဆုံး နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်အား ဖတ်ခိုင်းခဲ့ခြင်းဖြစ်လိမ့်မည်။
“ငါ မြင်ခဲ့ဖူးမှန်း ဘယ်လိုလုပ်သိတာလဲ”
လင်ယွိရှို့ အမှန်တကယ် အံ့အားသင့်မိသည်။ “ငါတို့လင်မိသားစုရဲ့ ရှေးအကျဆုံး နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို နဂါးဘာသာစကားနဲ့ ရေးထားတာ။ ငါ မြင်ခဲ့ဖူးတယ်။ ခမည်းတော်က သူမွမ်းမံထားတဲ့ ကျင့်စဉ်ကို မသင်ပေးခင် အဲဒီမူရင်းကို ဖတ်ခိုင်းဖူးတယ်”
ချင်မူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ရှေးအကျဆုံး နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို နဂါးဘာသာစကားနဲ့ တစ်ကြိမ် ရွတ်ပြပေးရင် ငါ နင့်ကို ကျေးဇူးအကြီးကြီး ပြန်ဆပ်ပါ့မယ်”
လင်ယွိရှို့ ခေါင်းယမ်းလိုက်သည်။ “မရွတ်တတ်ဘူး၊ ချတော့ ရေးတတ်တယ်”
ချင်မူ စာရွက်နှင့် စုတ်တံ ထုတ်ပေးလိုက်၍ လင်ယွိရှို့က ထူးဆန်းသောစာလုံးများကို ရေးဆွဲလိုက်သည်။ “ဒါပဲ၊ ငါတို့လင်မိသားစုရဲ့ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ဧကရာဇ်တံဆိပ်ပြားပေါ်မှာ မှတ်တမ်းတင်ထားတာ။ ပျောက်သွားတာ ဆိုးလွန်းတာပဲ။ ဘယ်သူခိုး ခိုးသွားလဲမသိဘူး”
ချင်မူ့မျက်နှာ နီရဲသွားသော်လည်း သူမကို မည်သို့မျှပြန်မပြောပေ။ ထိုအစား သူ ရေးထားသောစာလုံးများကို ကြည့်လိုက်သည်။
‘သိပြီ။ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်က တကယ် အစစ်အမှန်နဂါးမင်းနဲ့ အစစ်အမှန်နဂါးသိုက်ပေါ်မှာ ရေးထားတဲ့ ကျင့်စဉ်ရဲ့ မိတ်ဆက်အခန်းပဲ’
သူ စာရွက်ကို ကြည့်ပြီးနောက် နဂါးသိုက်ပေါ်တွင် တဖျတ်ဖျတ် ပြောင်းလဲနေသော သင်္ကေတအမှတ်အသားအများအား ကြည့်လိုက်ပြီး အစစ်အမှန်နဂါးမင်းကျင့်စဉ်အတွက် အခြေခံကို ရှာတွေ့သွားသည်။
ထို့နောက် ချင်မူ ဆက်လက်လေ့လာလိုက်သည့်အခါ သူ့စိတ်ထဲတွင် ပိုမိုကျယ်ပြန့်ပြီး ပြည့်စုံသော ကျင့်စဉ်တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။
လင်မိသားစု၏ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မှာ မိတ်ဆက်အခန်းသာ ဖြစ်ပြီး ကောင်းကင်ကျင့်စဉ်သော်လည်းကောင်း၊ အံ့ဖွယ်ကျင့်စဉ်သော်လည်းကောင်း မဟုတ်ပေ။ သို့သော် လင်မိသားစုက ၎င်းကို အထွတ်အမြတ်မြေသုံးမြေ၏ ကျင့်စဉ်များဖြင့် ယှဉ်နိုင်အောင် ပြုပြင်မွမ်းမံခဲ့သည်ကို ကြည့်ခြင်းအားဖြင့် နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်က မည်မျှထူးကဲကြောင်း မြင်တွေ့နိုင်သည်။
သူ ပဟေဠိကို တဖြည်းဖြည်း ဖြေနေရင်း ပိုမို အံ့အားသင့်လာသည်။ ၎င်းက နဂါးထိန်းဧကရာဇ်ပြောခဲ့သော ကံကြမ္မာသိမ်းကျင့်စဉ်ဖြစ်သော်လည်း ထိုချည်းသက်သက်သာ မဟုတ်ပေ။ ဤကျင့်စဉ်ကို ကျင့်ကြံ၍ အစစ်အမှန်နဂါးမင်း၏ နဂါးချီကို စုပ်ယူလျှင် သူကိုယ်တိုင် အစစ်အမှန်နဂါးမင်း ဖြစ်လာလိမ့်မည်။
ကျင့်စဉ်၏ အားသာချက်များက ကျင့်ကြံသူ၏ မှော်စွမ်းအင်ကို ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းလာစေပြီး သူ၏ခွန်အားကို အစစ်အမှန်နဂါးတစ်ကောင်ပမာ သန်မာလာစေခြင်းဖြစ်သည်။ ချင်မူ မြင်ခဲ့ဖူးသည့် ကျင့်စဉ်များအနက် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်သာ ဤကျင့်စဉ်နှင့် ယှဉ်နိုင်လောက်၏။
ချင်မူ၏ ရုပ်ခန္ဓာကိုယ်တွင် တိုးတက်မှုနည်းပါးသည့်အကြောင်းရင်းမှာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နှင့် ယှဉ်တွဲအသုံးပြုရန် အဆင့်မြင့်သောရုပ်ခန္ဓာကျင့်စဉ်တစ်ခု မရှိခြင်းကြောင့်ဖြစ်သည်။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲရှိ ရုပ်ခန္ဓာကျင့်စဉ်က ထိပ်တန်းမဟုတ်ပေ။
သို့သော် အစစ်အမှန်နဂါးသိုက်အပေါ်ရှိ ကျင့်စဉ်သည် ရုပ်ခန္ဓာကိုယ်ကို အစစ်အမှန်နဂါးမင်း၏ခန္ဓာကိုယ် ဖြစ်လာစေနိုင်၏။
“ထူးကဲလိုက်တဲ့ ကျင့်စဉ်၊ သိပ်ထူးကဲလိုက်တဲ့ကျင့်စဉ်ပဲ....ဧကရာဇ်ယန်ဖုန်းကလည်း သိပ်ထူးချွန်တယ်”
ကျင့်စဉ်၏တစ်ဝက်ကျော်ကို ဖြေထုတ်ပြီးနောက် ချင်မူ ချီးကျူးနေမိသည်။ သူ မသိတော့သော သင်္ကေတစာလုံးများ ပေါ်လာတော့မှ ခေါင်းပြန်ထောင်လိုက်မိသည်။ သူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ ချီးကျူးလိုက်၏။ “အရှင်မင်းကြီးက သိပ်ထူးချွန်တာပဲ။ မိတ်ဆက်အခန်းကို ပြိုင်ဘက်ကင်းသိုင်းကွက် ဖြစ်လာအောင် ပြုပြင်မွမ်းမံနိုင်ခဲ့တယ်။ ဒီလိုပါရမီမျိုးက ဧကရာဇ်အတိုင်ပင်ခံအောက် သိပ်မနိမ့်ကျဘူး။ မိန်းကလေးယွိရှို့၊ လင်မိသားစု ဒီကျင့်စဉ်ကို ဘယ်တုန်းက ရခဲ့တာလဲ”
“လွန်ခဲ့တဲ့ နှစ်ခုနစ်ရာကျော်လောက်က ထင်တယ်” လင်ယွိရှို့ ဧကရာဇ်ယန်ဖုန်းပြောခဲ့သည်ကို ပြန်စဉ်းစားကြည့်လိုက်သည်။ “ခမည်းတော် တစ်ခါပြောခဲ့ဖူးတာတော့ လင်မိသားစုရဲ့အဘေးတော်တစ်ယောက်က နတ်ဘုရားတစ်ပါးနဲ့ တွေ့ခဲ့တယ်တဲ့။ အဲဒီနတ်ဘုရားက သူ့ကို ဧကရာဇ်တံဆိပ်ပြား ပေးခဲ့ပြီး နဂါးဘာသာစကားတောင် သင်ပေးခဲ့တယ်ပြောတယ်။ ဒါပေမဲ့ ငါတို့အဘေးတော်က ပေါ့ပေါ့ပျက်ပျက် သဘောာထားပြီး နဂါးဘာသာစကားကို သေချာမမှတ်ခဲ့ဘူး”
“အဲဒီအချိန်တုန်းက သူ မိန်းမတစ်ယောက်ကို ပိုးပန်းနေတာလေ။ အဲဒီအမျိုးသမီးက ငါတို့ရဲ့ ပထမဆုံးအဘွားတော်ပေါ့။ နောက်တော့ ငါတို့အဘေးတော် နဂါးစကားသင်ချင်လာတဲ့အချိန်မှာ နတ်ဘုရားက ထွက်သွားပြီ။ နတ်ဘုရားသင်ပေးခဲ့တဲ့ နဂါးဘာသာစကား ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းကိုလည်း သူ သတိမရတော့ဘူး။ နောက်ဆုံးတော့ ဧကရာဇ်တံဆိပ်ပြားကနေ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကိုပဲ ထုတ်နုတ်နိုင်ခဲ့တာပဲ”
‘ဘိုးဘိုးနားကန်းရဲ့စကား မှန်နေတာပဲ’ ချင်မူ သူ့ဘာသာ တွေးလိုက်မိသည်။ ‘မိန်းမတွေက ဒုက္ခပေးတယ်လို့ ဘိုးဘိုးမျက်ကန်း ပြောခဲ့တာလည်း မမှားဘူး။ ဒီလိုဖြစ်နေတာကိုး။ ဘိုးဘိုးသားသတ်သမားကလည်း မိန်းမတွေက တော်တော်ဇယားရှုပ်ရှုပ်လို့ ပြောခဲ့ဖူးတယ်။ ဘိုးဘိုးမာလည်း မိန်းမတွေအနား နေရတာ မကြိုက်သလိုပဲ။ အကြောင်းရင်းက ဒီလိုဖြစ်နေတာကိုး။ ငါ လင်မိသားစုရဲ့ အဘေးတော်လို လုပ်လို့မဖြစ်ဘူး။ ဒါပေမဲ့ မိန်းကလေးယွိရှို့က တော်တော်လေး လှတယ်။ ကောင်းကင်နတ်မယ်ကလည်း ပိန်ပေမယ့်လို့ ကြည့်ကောင်းတာပဲ...’
ချင်မူ ထိတ်လန့်သွားပြီး မဖွယ်မရာအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။ သူ အစစ်အမှန်နဂါးသိုက်မှ အစစ်အမှန်နဂါးအား ပြန်ထုတ်လိုက်သည့်အခါ နဂါးလေးသည် ကျောက်စိမ်းလက်ကောက် အသွင်ပြန်ပြောင်းသွား၏။
လင်ယွိရှို့ ဤအရာကို မြင်လျှင် သံသယဝင်လာသည်။ “ဒီကျောက်စိမ်းလက်ကောက်က ငါတို့လင်မိသားစုရဲ့ ဧကရာဇ်တံဆိပ်ပြားနဲ့ နည်းနည်း တူနေသလိုပဲ။ ဒါပေမဲ့ နည်းနည်းလည်း ကွဲတယ်။ ဧကရာဇ်တံဆိပ်ပြားက အမြီးနဲ့ခေါင်း ထိနေတဲ့ ကျောက်စိမ်းလက်ကောက်ဆိုပေမယ့် ဒီလက်ကောက်က မထိဘူး ဟနေတယ်”
ချင်မူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ငါ စောစောက နင့်ကို ကျေးဇူးအကြီးကြီးပြန်ဆပ်မယ် ပြောခဲ့တယ်မလား။ အခု ငါ ပြုပြင်မွမ်းမံထားတဲ့ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ် သင်ပေးမယ်”
လင်ယွိရှို့ အော်ရယ်လိုက်မိသည်။ “ခမည်းတော် ငါ့ကို နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ် သင်ပေးဖူးပါတယ်။ နင်က သူ့ထက်ပိုပြီး တွေးခေါ်နိုင်မယ်ထင်လို့လား”
ချင်မူ သူ ထုတ်နုတ်ထားသော ‘နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်’ ကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည့်အခါ လင်ယွိရှို့၏အမူအရာက တစတစ လေးနက်လာသည်။ ချင်မူ၏နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်က လင်မိသားစု၏ ကျင့်စဉ်သာဖြစ်သော်လည်း ပို၍နက်ရှိုင်း၏။ ဧကရာဇ်ယန်ဖုန်း ပြုပြင်ပေးခဲ့သော နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ထက်ပင် ပို၍နက်နဲသိမ်မွေ့ပြီး သန်မာအားကောင်းနေသည်။