လှံနတ်ဘုရား နိုးထလာမှု
Vol. 28 Ch. 388
ချင်မူ မျက်ကန်းကို နေရာရွှေ့ပြောင်းလိုက်သော အကွာအဝေးက သိပ်မများပေ။ လျှို့ဝှက်ရေတံခါးထံမှ တစ်မိုင်ပင်မကွာ။
မျက်ကန်းအတွက် ချင်မူ၏ နေရာရွှေ့ပြောင်းဝင်္ကပါအမှတ်အသားများကို ဖျက်စီးရန် မခက်ခဲသဖြင့် ကောင်လေးမှာ သူ့အား တစ်မိုင်သာအလွန်ဆုံး ပို့ပေးနိုင်သည်။
မျက်ကန်း လျှို့ဝှက်ရေတံခါးဆီ ပြန်ပြီး ချင်မူ့ကို ရှာသည်။ သူက စကားတစ်ခွန်းမပြောဘဲ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့၏ ကောင်းကင်ရတနာများအား ဖွင့်ပေးလိုက်သည်။ ထို့နောက် တောင်ဝှေးကို တထောက်ထောက် အားပြုလျက် တစ်ယောက်တည်း ထွက်သွား၏။
ချင်မူ မှင်သက်သွားသည်။ “ဘိုးဘိုးမျက်ကန်း...”
“အရွယ်ရောက်လာကြပြီ.. အကုန်လုံး အရွယ်ရောက်လာကြပြီ....”
အဘိုးကြီးမျက်ကန်း၏ မျက်တွင်းများမှ မျက်ရည်မည်းမည်းများ ကျလာသည်။ သူ မြန်မြန်လျှောက်လေလေ၊ မျက်ရည်များကျလာလေလေ ဖြစ်သည်။ သူ ထိန်းခဲ့သော ကလေး အရွယ်ရောက်၍ တောင်ပံစုံလာသောအခါ သူ့နှလုံးသားမှာ ဟာတာတာ ဖြစ်သွား၏။
ချင်မူ ဒုက္ခိတဘိုးဘွားကျေးရွာဆီသို့ ပြန်လာတော့မည်မဟုတ်ပေ။ သူ တစ်ချိန်က ပွေ့ချီပေးခဲ့ရသော ကလေးလေး မဟုတ်တော့။
သူ ကောက်ရခဲ့သော ကလေးတွင် ကိုယ်ပိုင်အသိအမြင်များနှင့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည့် အစွမ်းအစများ ရှိနေပြီဖြစ်သည်။ ရည်မှန်းချက်တို့က ကောင်လေး၏ရင်ထဲတွင် အရှိန်အဟုန် ပြင်းထန်နေပြီး အပြင်လောကကို မြင်တွေ့ပြီးနောက် အဘိုးကြီးတစ်သိုက်နှင့် အဘွားကြီးတစ်ယောက်သာ ရှိသော ဒုက္ခိတဘိုးဘွားကျေးရွာတွင် နေချင်တော့မည်မဟုတ်ပေ။
မျက်ကန်း မြန်မြန်လျှောက်နေ၍ ချင်မူ လျှို့ဝှက်ရေတံခါးမြို့တံတိုင်းပေါ် ပြေးတက်ကြည့်လိုက်သောအခါ တဖြည်းဖြည်း ဝေးကွာသွားသည့် သူ့ဘိုးဘိုး၏နောက်ကျောကိုသာ မြင်လိုက်ရသည်။ ဘိုးဘိုးမှာ အတန်ငယ် အထီးကျန်နေသယောင် ရှိ၏။
ကောင်လေး စိတ်မကောင်းဖြစ်သွားသည်။ သူ လက်ဝှေ့ယမ်းပြလိုက်သော်လည်း မည်သည်ကိုမှမပြောပေ။ မျက်ကန်းက သူ့အား ကျောခိုင်းထားသော်လည်း သူ လက်ဝှေ့ယမ်းပြသည်ကို မြင်သည့်အလား သူလည်း လက်ပြန်ပြသည်။ လှည့်တော့ မကြည့်။
မျက်ကန်း လက်ပြန်ချပြီးနောက် မျက်တွင်းအိမ်မှ မျက်ရည်များအား သုတ်လိုက်သည်ကို ချင်မူ မြင်လိုက်ရသည်။
မျက်ကန်း မြစ်အတိုင်း ခပ်သွက်သွက် လျှောက်လာပြီး အတန်ကြာသော် ဒုက္ခိတဘိုးဘွားကျေးရွာဆီသို့ ပြန်ရောက်လာ၏။
ရွာတွင် မည်သူမှမရှိ။ ကြက်နဂါးအုပ်က ရွာကို အပိုင်စီးထားသည်မှာ ကြာချေပြီ။ သူတို့က အသိုက်များကို ရွာလူကြီး၊ မျက်ကန်းနှင့် ကျန်ရှိသူများ၏ အိမ်ထဲ ရွှေ့ပြောင်းထားသည်။ မျက်ကန်းပြန်လာသည်ကို မြင်လျှင် မာန်တက်နေသော ခပ်ငယ်ငယ် ကြက်နဂါးတစ်ကောင်က မျက်ကန်းအဘိုးကြီးကို သူတို့၏ပိုက်နက်ထဲမှ မောင်းထုတ်ရန် ပြေးထွက်လာသည်။
တခဏကြာသော် ဝါးတောင်ဝှေးက ကြက်နဂါးကို ထိုးဖောက်ပြီး အမွှေးချွတ်ပစ်လိုက်၏။ ထို့နောက် ကြက်နဂါးမှာ တံဆို့ထိုး၍ မီးပုံပေါ်တွင် အကင်ခံလိုက်ရသည်။ ကျန်ကြက်နဂါးများမှာ ထောင့်တစ်ထောင့်တွင် ပုန်းနေကြပြီး တုန်ရီနေကြသည်။
ထို့နောက် မျက်ကန်းက သားသတ်သမား၏အခန်းထဲ ဝင်ပြီး အရက်ပုလင်းများ ထုတ်လာသည်။ ကြက်နဂါးကို ကင်ပြီးနောက် အရက်ဖြင့် မြည်းလိုက်၏။
ဗိုက်ပြည့်သည့်အခါ ကြက်ရိုးများအား လွှင့်ပစ်လိုက်သည်။ ထို့နောက် သူ ထရပ်ပြီး ဝါးတောင်ဝှေးအား ရှာလိုက်သော်လည်း မီးတောက်များကြောင့် ပြာကျသွားခဲ့ပြီဖြစ်သည်။
မျက်ကန်း မှင်သက်သွားပြီး ပြာများအား လက်ဖြင့် သပ်ချလိုက်သည်။ သူ ရွာအပြင်ရှိ မာန်ဟုန်မြစ်ဆီ ခြေလှမ်းကြဲကြဲများဖြင့် လျှောက်သွား၏။.
“နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ....” သူ တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေသည်။ “နောင်တော်၊ ငါ့ကို အဖော်ပြုပေးခဲ့တာ ဘယ်နှနှစ်တောင် ကြာပြီလဲ။ ငါ ရှုံးနိမ့်သွားပြီး မင်းကို ဒီခေါ်လာတုန်းက ရွာလူကြီးက ငါ့နှလုံးသားပြိုလဲနေပြီမလို့ မင်းနဲ့ မထိုက်တန်တော့ဘူးပြောခဲ့တယ်။ သူက မင်းကို မာန်ဟုန်မြစ်ထဲမှာ မြှုပ်ထားစေခဲ့တယ်။ ဒုက္ခိတဘိုးဘိုးကျေးရွာမှာ ငါ့အတွက် မင်းရှိနေပေးစရာမလိုတော့ဘူးလို့ ပြောခဲ့တယ်”
မာန်ဟုန်မြစ်ရေပြင်ထက်တွင် လှိုင်းလုံးများ ထကြွလာပြီး မြစ်ကြမ်းပြင်မှ ခပ်အုပ်အုပ် ထစ်ချုန်းသံတစ်သံ ထွက်လာသည်။ လှိုင်းဂယက်များက ပတ်ဝန်းကျင်သို့ ဖြာထွက်သွား၏။
မျက်ကန်းက ရေပြင်ပေါ် လျှောက်သွား၏။ လေ၏ တွန်းထိုးတိုက်ခတ်မှုကြောင့် သူ့အဝတ်အစားများ လူးလွန့်လှုပ်ခတ်နေသည်။
“ငါ မင်းကို စွန့်ပစ်ခဲ့တုန်းက ငါ့နှလုံးသား သေသွားတယ်။ ဒီကမ္ဘာထဲမှာ အသက်ဆက်ရှင်စရာ အကြောင်းရင်းကိုလည်း မတွေ့တော့ဘူး။ အတိတ်တုန်းက မင်းက ငါ့ရဲ့ခွန်အား၊ ငါ့ရဲ့အနိုင်မခံအရှုံးမပေးတဲ့စိတ်၊ ငါရဲ့မာနကြောင့် ငါ့နောက် လိုက်ခဲ့တယ်”
မျက်ကန်း မြစ်ရေပြင်ထက်၌ ရပ်နေစဉ် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသည့် စိတ်အာရုံတစ်ခုက သူ၏သေးသွယ်ပိန်ချုံးသော ခန္ဓာကိုယ်ထဲမှ တရှိန်ထိုး ထွက်လာသည်။ စိတ်အာရုံက ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ် ထိုးတက်သွားပြီး တိမ်တိုက်များက တွန့်လိမ်ဖယ်ကာ မြွေတစ်ကောင် ရစ်ပတ်ထားသည့် လိပ်တစ်ကောင်အသွင် ဖွဲ့တည်သွား၏။ လိပ်က အနက်ရောင်ဖြစ်ပြီး နဂါးခေါင်းရှိသည်။ မြွေက တောင်ပံတစ်တစ်ထောင်ဖြင့် ပျံဝဲနေသော မြွေပျံတစ်ကောင်ဖြစ်သည်။
ရုတ်တရက် မြစ်အောက်မှ တီးတိုးသံများ ထွက်လာသည်။ အသံက နဂါးတစ်ကောင်တွန်နေသယောင် ရှိသော်လည်း တီးတိုးပြောနေသော ထူးထူးဆန်းဆန်းအသံ ဖြစ်၏။ ၎င်းသည် နဂါးဘာသာစကားဖြစ်ပြီး တခြားကမ္ဘာမှ အသံများလည်း ပါဝင်နေသည်။
တစ်စုံတစ်ယောက်သာ ကြားလျှင် ရှည်ရှည်မျောမျော ပျော့ပျော့ပျောင်းပျောင်း ခန္ဓာကိုယ်တစ်ခုက မြစ်ထဲမှ တဖြည်းဖြည်း မြောက်တက်လာပြီး မျက်ကန်း၏ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်အား ရစ်ပတ်လိုက်သကဲ့သို့ ခံစားရလိမ့်မည်။
“စာ ထော်၊ မို ပ စာ၊ ရှီ ချွီ မီ ထော် (မင်း ရှုံးခဲ့တယ်။ မျက်လုံးတွေလည်း ကန်းနေပြီ။ ငါနဲ့ မထိုက်တန်တော့ဘူး)..”
“ငါ ရှုံးခဲ့တယ်”
မျက်ကန်း ခါးမတ်လိုက်သည်။ ရွာလူကြီးနှင့် သားသတ်သမားမှလွဲ၍ မျက်ကန်းသည် ရွာရှိ လူတိုင်းထက် အရပ်ပု၏။ လူကောင်သေးသော်လည်း မြင့်မြင့်မားမားရှိသည်ဟု ခံစားရသည်။
ဝမ်းနည်းမှုက မျက်ကန်း၏မျက်နှာထက်တွင် ပေါ်လွင်နေသည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။ “ငါ့ကောင်းကင်မျက်လုံးတွေ ဖောက်ထုတ်ခံလိုက်ရပြီး ငါ့တာအိုနှလုံးသားလည်း ပြိုလဲသွားတယ်။ ငါ မင်းနဲ့ မထိုက်တန်တော့မယ့် ငါက မင်းကို စွန့်ပစ်ခဲ့တာလို့ ပြောမယ့်အစား မင်းက ငါ့ကို စွန့်ပစ်ခဲ့တာပဲ။ အဲဒီအချိန်တုန်းက ငါ အပြတ်အသတ် ရှုံးနိမ့်သွားလို့ မင်းနဲ့ မထိုက်တန်တော့တာ”
ရေပြင်ထက်ရှိ လှိုင်းလုံးများက ကြီးမားသထက် ကြီးမားလာပြီး လှိုင်းဂယက်များ လည်လာသည်။ မြစ်လယ်တွင် ဧရာမရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထူးဆန်းသောအသံတစ်သံက ဝဲအတွင်းမှ ထွက်လာပြီး ကြောက်မက်ဖွယ်အငွေ့အသက်အား သယ်ဆောင်လာသည်။ “ရှီ ချွီ မိ ထော်၊ ရီ ဟယ့် စု ပို စွေ့ (ငါနဲ့ မထိုက်တန်ရင် ဘာကြောင့်လာတာလဲ)”
“ငါ ငါ့တာအိုနှလုံးသားကို ပြန်ရှာတွေ့ပြီ”
မျက်ကန်း၏မျက်ခုံးမွှေးများနှင့် ဆံပင်များက လေထဲတွင် လှုပ်ခတ်နေပြီး သူ၏အဝတ်အစားများလည်း လွင့်ပျံ့နေသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော သူ၏အသံက တိမ်တိုက်များကို ခွင်း၍ ပဲ့တင်ထပ်နေ၏။ သူ၏တိုက်ခိုက်လိုစိတ်က မနှိုင်းယှဉ်လောက်အောင် စူးရှထက်မြက်လာပြီး နတ်ဘုရားတစ်ပါး လူ့ပြည်ပြန်ဆင်းလာသည့်ပမာ ထင်ရသည်။
“အတိတ်တုန်းက ငါဟာ ကောင်းကင်မျက်လုံးကို အမြင့်ဆုံးကျင့်ကြံဖို့ပဲ အမြဲလုပ်နေခဲ့မိတယ်။ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်ခဲ့ပေမယ့် လူ့နှလုံးသားကိုတော့ မမြင်နိုင်ခဲ့ဘူး။ အခု ငါ့မှာတော့ ငါ ကာကွယ်ပေးရမယ့် လူတစ်ယောက် ရှိလာပြီ။ ဒီကလေးအတွက် ငါရဲ့ တိုက်ခိုက်လိုစိတ်တွေ တရှိန်းရှိန်း ထိုးတက်လာပြီး ငါ့ယုံကြည်ချက်နဲ့ တာအိုနှလုံးသားကို ပြန်ရှာတွေ့ခဲ့ပြီ”
သူ မြစ်ရေပြင်ဆီ လက်ဆန့်တန်းလိုက်ပြီး သူ့အသံက ဟိန်းထွက်လာသည်။ “ငါရဲ့ လုံထော်။ ငါ မင်းကို အတိတ်တုန်းက စွန့်ပစ်ခဲ့ပေမယ့် မင်း ငါ့နောက်လိုက်ချင်တဲ့ စိတ်ရှိသေးလား။ အတိတ်တုန်းက ငါတို့နှစ်ယောက် သွေးတွေရွှဲရွှဲစိုခဲ့ရတဲ့ နေ့ရက်တွေကို သတိရသေးရဲ့လား။ မင်း ငါ့နောက်လိုက်ချင်သေးရင် မင်း စိတ်တိုင်းကျ ငါ လုပ်မယ်။ မင်းတစ်ခါမှ မကြုံတွေ့ခဲ့ဖူးတဲ့ တိုက်ပွဲတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြမယ်။ လူတစ်ယောက်နဲ့ လှံတစ်လက် ငါတို့ လမ်းကို ပိတ်နေတဲ့ နတ်ဘုရားတွေ၊ နတ်ဆိုးတွေကို သတ်ပစ်မယ်”
ဗွမ်း
မြစ်ရေပြင် ပေါက်ကွဲသွားပြီး နဂါးတစ်ကောင်၏ တွန်သံများ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။ မြစ်ကြမ်းပြင်မှ အရိုးနက်များဖြင့် ဖွဲ့စည်းထားသည့် မဟူရာနဂါးတစ်ကောင် ကူးခတ်လာ၏။ မဟူရာနဂါးက ရေထဲမှ ဖြည်းဖြည်းချင်း ထွက်လာပြီး ၎င်း၏အရိုးများက ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်၍ မျက်ကန်း၏ သေးသေးပိန်ပိန် ခန္ဓာကိုယ်အား ရစ်ပတ်လိုက်သည်။
မျက်ကန်းက အရိုးတစ်ခုကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည့်အခါ မဟူရာနဂါးက ရုတ်တရက် ခွာသွား၏။ အရိုးတစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး မီးပွားများ ဖြာထွက်လာကာ နဂါးနက်လှံတစ်လက်အသွင် ဖွဲ့တည်သွားသည်။
“လုံထော် နောက်ဆုံးတော့ မင်း နိုးလာပြီ။ ငါလည်း နိုးလာပြီ” နဂါးနက်လှံကို ကိုင်လျက် မျက်ကန်းမှာ ဝမ်းသာနေသည်။ သူက ဒုက္ခိတဘိုးဘွားကျေးရွာအား လှည့်ပင်မကြည့်ဘဲ ထွက်သွားသည်။ “ငါ ဒီရွာကို ဘယ်တော့မှ ပြန်မလာဘူး။ ငါနဲ့လိုက်ခဲ့ သွေးသံရဲရဲနေ့ရက်တွေကို အသက်ပြန်သွင်းကြရအောင်”
လျှို့ဝှက်ရေတံခါးတွင် မဟာမြို့ပျက်အတွင်းမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု တရှိန်ထိုး ထွက်ပေါ်လာသည်ကို ချင်မူ ခံစားလိုက်ရ၍ ထိုအရပ်မျက်နှာဘက်အား ခေါင်းမော့ကြည့်လိုက်သည်။ အတန်ကြာသော် သူ အကြည့်လွှဲလိုက်၏။ မဟာမြို့ပျက်တွင် မကြာခဏ ပေါက်ကွဲထွက်ပေါ်လာတတ်သည့် ထူးဆန်းသောအရာများ ရှိ၍ ဤဖြစ်ရပ်က မထူးဆန်းပေ။
“ငါ နေရေတွင်းဆီ သွားမလို့၊ နင်တို့လည်း လိုက်ခဲ့မှာလား” ချင်မူ ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် သူ့အကြည့်က လင်ယွိရှို့၊ စစ်ယွင်ရှန်းနှင့် ဟူလင်းအာတို့အပေါ် ကျရောက်သွားသည်။ “ငါက ကတိပေးထားလို့ သွားရမှာဆိုပေမယ့် နေရေတွင်းက နင်တို့ကို ကြိုဆိုလား၊ မကြိုဆိုလားတော့ မပြောတတ်ဘူး”
သူက အားတုံ့အားနာသောအမူအရာဖြင့် ထပ်ပြောလိုက်သည်။ “နင်တို့က ငါတို့လိုမဟုတ်ဘူးလေ။ ငါတို့က မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံလူတွေ၊ နင်တို့က အပြင်လူတွေ”
ဟူလင်းအာက မြေခွေးလေးအသွင် ပြန်ပြောင်းပြီး ချင်မူ့ပခုံးပေါ် ခုန်တက်လိုက်သည်။ သူမက စိမ်းပုပ်ရောင်ရေနဂါးလေးကို မောင်းထုတ်၍ သူ့လည်ပင်းအား လည်စည်းပဝါသဖွယ် ရစ်ပတ်လိုက်သည်။ “ကျွန်မလည်း မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံပဲ။ သခင်လေးနဲ့ လိုက်ခဲ့မယ်”
“သျှောင်နောက် ဆံထုံးပါတဲ့။ ကျွန်မက ဂိုဏ်းသခင်မဖြစ်နေပြီဆိုတော့ ဂိုဏ်းသခင် ဘယ်သွားသွား လိုက်ရမှာပေါ့” စစ်ယွင်ရှန်းက ရှက်ဝဲဝဲ ပြောသည်။
လင်ယွိရှို့က သရော်တော်တော် ပြုံး၍ ပြောလိုက်သည်။ “ဂိုဏ်းသခင်မဆိုတာက ပထမနဲ့ ဒုတိယရှိသင့်တယ်မလား”
စစ်ယွင်ရှန်း တခစ်ခစ် ရယ်လိုက်ပြီး ပြောလိုက်၏။ “ဂိုဏ်းသခင်မဟောင်းက ဘာပြောချင်လို့လဲ”
လင်ယွိရှို့ ဒေါသထွက်သွားသော်လည်း ရယ်လိုက်သည်။ “ငါ နင်နဲ့ မငြင်းတော့ပါဘူး။ ငါ နေခဲ့မယ်။ ဘိုးဘိုးမျက်ကန်းက ငါ့ကို ပြန်ပေးဆွဲခဲ့တာဆိုတော့ ခမည်းတော် စိတ်ပူနေလိမ့်မယ်။ ငါ အန္တရာယ်မရှိတဲ့အကြောင်း ပြန်လျှောက်တင်ဖို့ လိုတယ်။ လက်ထပ်ပွဲက ဘိုးဘိုးမျက်ကန်းရဲ့ ကစားပွဲပဲလေ၊ တကယ့်လက်ထပ်ပွဲမှ မဟုတ်တာ။ ကောင်းကင်နတ်မယ်ရှန်းက တကယ့်လက်ထပ်ပွဲလို့ သတ်မှတ်ချင်ရင်လည်း ဂိုဏ်းသခင်မ လုပ်နိုင်ပါတယ်။ ဟုတ်သား နွားကျောင်းသား၊ နင် ဘာကတိပေးထားလို့လဲ”
“နေသင်္ဘောပေါ်က နေကို ပြန်ထွန်းပေးမယ်လို့ နေစောင့်ရှောက်သူကို ကတိပေးထားတာ” ချင်မူက သူ့လည်ပင်းပေါ်ရှိ မြေခွေးလေး၏ ခေါင်းအား ပွတ်သပ်ပေးလိုက်သည်။ “နေကျောက်စိမ်းမျက်လုံးတွေ ရှာတွေ့ခဲ့ပေမယ့် အဲဒီကတည်းက အလုပ်များနေတာနဲ့ သွားမလည်ရသေးဘူး။ ငါ ဒါကို အချိန်ဆွဲလေလေ၊ နေစောင့်ရှောက်သူ အသက်တိုလေလေဖြစ်လိမ့်မယ်။ လျှို့ဝှက်ရေတံခါးဆီ ရောက်လာမှတော့ ငါလည်း နေရေတွင်းကို သွားပြီး ကူညီနိုင်မလား ကြည့်ပေးမလို့”
လျှို့ဝှက်ရေတံခါးသည် ကြယ်ပင်လယ်နှင့် အလွန်နီး၍ နေရေတွင်းဆီ သွားနိုင်၏။ ချင်မူ နေစောင့်ရှောက်သူကို အမှန်တကယ် တွေ့ချင်မိသည်။ သင်္ဘောက သူမ၏ခြေထောက်များအား ဝါးမြိုပြီးဖြစ်မည်ကိုလည်း စိုးရိမ်မိသည်။
လင်ယွိရှို့နှင့် စစ်ယွင်ရှန်းမှာ ကြယ်ပင်လယ်ကိုသော်လည်းကောင်း၊ နေရေတွင်းကိုသော်လည်းကောင်း မကြားဖူးသည့်တိုင် လင်ယွိရှို့ကတော့ နေသင်္ဘောအား မြင်ခဲ့ဖူးသည်။ သူမက ဂရုမစိုက်ယောင်ဆောင်၍ မေးလိုက်သည်။ “နေသင်္ဘော နယ်စပ်နဂါးမြို့ကို လာတုန်းက နေစောင့်ရှောက်သူနဲ့ မတွေ့လိုက်ရဘူး။ အဲဒီတစ်ယောက်က ယောက်ျား၊ မိန်းမလား”
“မိန်းကလေး၊ ယန်ကျင့်ကျင့်တဲ့” ချင်မူက ရိုးရိုးသားသား ဖြေလိုက်သည်။ “သူ့အသက်က နင်နဲ့ တူတူလောက်ပဲ”
လင်ယွိရှို့က နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။ “သက်တူရွယ်တူဆိုတော့ ပေါင်းသင်းလို့ ရလောက်ပါတယ်။ မိန်းကလေးယန်နှင့် မိတ်ဆွေဖွဲ့ရအောင် လိုက်ခဲ့တာပေါ့”
စစ်ယွင်ရှန်းက စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်ပြီး ပြုံးလိုက်သည်။ “ဘိုးဘိုးမျက်ကန်းက ကျွန်မကို ပြန်ပေးဆွဲပြီး အတင်းလက်ထပ်ပေးခဲ့ပေမယ့် ဂိုဏ်းသခင်က မိန်းမလုပ်သူအပေါ် ကာကွယ်ပေးချင်တဲ့ ခံစားချက်တွေ မရှိတဲ့ပုံပဲ။ ဒီရောက်နေမှတော့ နေစောင့်ရှောက်သူကို တွေ့ပြီး မိတ်ဆွေဖွဲ့တာ ကောင်းပါတယ်”
ချင်မူ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “နေစောင့်ရှောက်သူရဲ့ အဆင့်အတန်းက သိပ်မြင့်မားတယ်။ သူက နတ်ဘုရားမျိုးနွယ်လေ၊ မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံလူသားဖြစ်တဲ့ ငါ့ထက် သူ့အဆင့်အတန်းက အနည်းငယ် မြင့်မားတယ်”
“နတ်ဘုရားမျိုးနွယ်ဟုတ်လား” မိန်းကလေးနှစ်ယောက် ဆွံ့အသွားသည်။
ချင်မူ ရေနဂါးတစ်ကောင်ကို ဆင့်ခေါ်၍ ပုံစံအစစ်အမှန် ပြောင်းခိုင်းလိုက်သည်။ အကုန်လုံး ၎င်းကျောပေါ် တက်လိုက်သော်လည်း နဂါးချီလင်လည်း လိုက်တက်ရန် ပြင်သည့်အခါ ချင်မူက ကန်ချလိုက်၏။ သူက နှစ်လိုဖွယ်ရာမျက်နှာထားဖြင့် နွေးထွေးစွာ ပြောလိုက်သည်။ “ဖက်တီးနဂါး၊ မင်း ဝိတ်လျှော့သင့်တယ်။ လင်းအာ သူ့ကို ကြည့်ထား”
ဟူလင်းအာက တမုဟုတ်ချင်း စကားနားထောင်သည်။
နဂါးချီလင်မှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ချင်မူ၏ တောက်ပသောအပြုံးအား မြင်လျှင် တုန်လှုပ်သွား၏။ သူက အော်လိုက်သည်။ “ဂိုဏ်းသခင်၊ ကျွန်တော် အစားချေးမများရဲတော့ပါဘူး”
“ချေးမများတော့ဘူးဟုတ်လား” ချင်မူက နှစ်လိုဖွယ်ရာမျက်နှာဖြင့် ပြောလိုက်သည်။ “ဒါဆို ဘာလို့ မင့်ပါးစောင်ထဲမှာ မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးတွေ ရှိနေသေးတာလဲ မစားဘူးလား”
နဂါးချီလင် တအံ့တဩ ထခုန်၍ အော်လိုက်သည်။ “ကျွန်တော့်ပါးစောင်ထဲမှာ မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးတွေ ဖွက်ထားတာ ဘယ်လိုလုပ်သိတာလဲ”
ချင်မူ မှန်တစ်ချပ် ထုတ်၍ ရင်နာစွာ ပြောလိုက်သည်။ “မင်းကိုယ်မင်း ကြည့်ပါဦး။ ဖွက်စရာနေရာရှားလို့ကွာ။ ဒီလောက်အများကြီးကို ပါးစောင်ထဲ ဖွက်ထားရတယ်လို့”
နဂါးချီလင်က မှန်ကို ကပျာကယာ ကြည့်လိုက်သည့်အခါ ဘောလုံးကြီးနှစ်လုံး ပါးစပ်ထဲ ထည့်ထားသကဲ့သို့ သူ့ပါးနှစ်ဖက်ဖောင်းကားနေသည်ကို မြင်လိုက်ရ၏။