နေရေတွင်း
Vol. 28 Ch. 391
“ဒီကမ္ဘာက ဖန်တီးခံထားရတာပဲ”
ဤမျှသေးငယ်သော ကမ္ဘာလေးတစ်ခုက အလိုအလျောက် မွေးဖွားလာခြင်းမဟုတ်ကြောင်း ချင်မူတို့ သဘောပေါက်လိုက်ကြသည်။ ချင်မူ နဂါးများကို သူတို့အား ကာကွယ်၍ နဂါးငွေ့တန်း၏အပေါ်ဆီသို့ ပျံတက်စေလိုက်သော်လည်း ပျံတက်နေစဉ် မမြင်ရသော အတားအဆီးတစ်ခုကို ဝင်တိုက်သွား၏။
သူတို့ မျက်စိဖြင့် မမြင်ရသော်လည်း အတားအဆီးက အမှန်တကယ် ရှိနေသည်။ ၎င်းက နံရံတစ်ခုသဖွယ် ကမ္ဘာနှစ်ခုကို ခြားပေးထားသည်။
ဤကမ္ဘာ၏ ဖန်ဆင်းထားသည်ဟု သူတို့ ပိုမိုသေချာသွားခြင်းမှာ ကိုယ်ပျောက်အတားအဆီးနှင့် ဝင်တိုက်မိသောအချိန်တွင် ပျားအိမ်ဖွဲ့အစီအရင်များ တဒုတ်ဒုတ်မြည်လျက် ပေါ်လာခြင်းကြောင့်ဖြစ်သည်။ ပျားအိမ်ဖွဲ့အစီအရင်များက ကောင်းကင်တစ်လျှောက် လျင်မြန်စွာ ဖြာထွက်သွားပြီး သူတို့ဝင်ရောက်လာခဲ့သည်မှာ ပျားအိမ်ကြီးတစ်ခုဖြစ်နေသည့်အလား ထင်ရသည်။
ချင်မူ့အတွက် ဤမြင်ကွင်းက ရင်းနှီးသည်။ တစ္ဆေတောင်ကြားမှာတုန်းက မြင်ခဲ့ဖူး၏။
ရှေးနတ်ဘုရားများက ယိုတုနှင့် သက်ရှိကမ္ဘာကြားက စည်းကို ပိတ်ထားရန် ပျားအိမ်ဖွဲ့အစီအရင်များအား အသုံးပြုခဲ့သည်။ ယခု ဤအစီအရင်များကလည်း နတ်ဘုရားများ ဖန်တီးထားသည့် ကမ္ဘာအတွက် စည်းတံတိုင်းဖြစ်သယောင်ပင်။
“ငါတို့အတွက် ပတ်သွားစရာ လမ်းမရှိတော့ဘူး။ နဂါးငွေ့တန်းထဲကပဲ ဖြတ်သွားရတော့မယ်”
ချင်မူ ပတ်ဝန်းကျင်ရှိ အမှောင်ထုအား လေ့လာလိုက်သည်။ စည်းတံတိုင်းက လမ်းတွင် ပိတ်နေ၍ သူတို့ ကောင်းကင်မှ ဖြတ်မသွားနိုင်ရာ နဂါးငွေ့တန်းမှတစ်ဆင့် နေရေတွင်းထဲ တိုးဝင်ရန်သာ ရှိတော့သည်။
“ဒီနေရာဟင်းလင်းပြင်က ထူးဆန်းတယ်။ သိပ်မကြီးသလို နေရေတွင်းနဲ့ လရေတွင်းအကြားက အကွာအဝေးကလည်း တိုလွန်းတယ်။ အလွန်ဆုံး ငါးမိုင်ပဲ ကွာတာ” ချင်မူ ပြောလိုက်သည်။ “ဒါပေမဲ့ မဟာမြို့ပျက်ရဲ့ မြေပုံအရဆို နေရေတွင်းနဲ့ လရေတွင်းက မိုင်ပေါင်းထောင်ချီ ကွာဝေးတယ်။ ဒီနေရာမှာ ဘာဖြစ်နေတာပါလိမ့်”
စစ်ယွင်ရှန်း တခဏ စဉ်းစားကြည့်ကာ ပြောလိုက်သည်။ “နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း... မဟုတ်သေးဘူး။ နေရာဟင်းလင်းပြင်နဲ့ ထပ်နေသင့်တာဆိုပေမယ့် ... အဲဒီလိုလည်း မဟုတ်ပြန်ဘူး။ ဒါက ထပ်နေတာမျိုးမရှိတဲ့ နေရာဟင်းလင်းပြင်။ တကယ်ပဲ ဘာကောင်းကင်နတ်သိုင်းပါလိမ့်”
မဟာမြို့ပျက်ထဲတွင် ရေတွင်းနှစ်တွင်းက မိုင်ထောင်ချီ ဝေးကွာသော်လည်း ကြယ်ပင်လယ်အတွင်း၌ သုံး၊ လေး၊ ငါးမိုင်မျှသာ ကွာဝေးသည်။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကြယ်တာရာကောင်းကင်ကို ကြည့်လျှင် ကြယ်များသည် အလွန်နီးကပ်နေသယောင် ထင်ရသော်လည်း အမှန်တွင် တစ်ခုနှင့်တစ်ခု အလွန်အလှမ်းဝေးကွာ၏။ ဤနေရာက အရှိတရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေရာ သူတို့အား သိချင်စိတ်များ ဖြစ်ပေါ်လာစေတော့သည်။
စစ်ယွင်ရှန်းလည်း တွေဝေနေသည်။ မည်သည့်ကောင်းကင်နတ်သိုင်းမျိုးက ဤမျှထူးဆန်းသောအရာကို ဖန်တီးနိုင်ခဲ့မှန်း သူမ မသိပေ။
ချင်မူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ရှေးမဟာမြို့ပျက်ရဲ့ နတ်ဘုရားတွေမှာ သာမန်မဟုတ်တဲ့ စွမ်းရည်တွေနဲ့ ငါတို့ကို မပေးခဲ့တဲ့ ကောင်းကင်နတ်သိုင်းတွေ ရှိတယ်။ သူတို့က မဟာမြို့ပျက်ထဲ မြန်မြန်ဆန်ဆန် သွားလာနိုင်အောင် ဒီနေရာမှာ လမ်းဖွင့်ခဲ့တာပဲ ဖြစ်မယ်။ အရင်ဆုံး နေရေတွင်းဆီ သွားကြရအောင်”
ရေနဂါးကိုးကောင်က သူတို့ကို လွှမ်းခြုံ၍ နဂါးငွေ့တန်းဆီ ပျံသန်းနေသော်လည်း မကြာမီ တောင်အရွယ် ကျောက်ခဲတုံးကြီးများက သူတို့ပတ်ပတ်လည်တွင် ပြည့်နှက်လာ၍ သူတို့အားလုံး ရင်တုန်လာကြသည်။ ကျောက်တုံးကြီးများက ဟိုနေရာ၊ သည်နေရာတွင် ထိတိုက်၍ ပေါက်ကွဲနေကြ၏။ တောင်အရွယ်ကြယ်ကြီးများ သူတို့ဆီ တရှိန်ထိုး ပြေးဝင်လာတိုင်း ရေနဂါးများက ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ကာ တွန်းထုတ်ပေးကြသည်။
ထိုကြယ်များကလည်း လူလုပ်ကြယ်များ ဖြစ်ကြ၍ အရွယ်အစားသိပ်မကြီးပေ။ သို့သော် ကျောက်စိမ်းကဲ့သို့ တောက်ပြောင်ကြည်လဲ့နေသော ကြယ်တချို့ရှိကြသည်။ သူတို့က တဖျတ်ဖျတ် လင်းလက်လျက် သူတို့ဘေးမှ ဖြတ်သွားကြ၏။
“လှလိုက်တာ ... မကောင်းတော့ဘူး” ချင်မူ့မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ပုလွေသံ ထွက်လာသည်။ ရေနဂါးများက ခန္ဓာကိုယ်များ လျင်မြန်စွာ ချုံ့ကာ သူ့ကိုယ်ပေါ် တွယ်တက်လိုက်ကြသည်။ ထို့နောက် ချင်မူ ဟူလင်းအာကို ပခုံးပေါ် တင်၍ စစ်ယွင်ရှန်းကို ဆွဲကာ လှမ်းအော်လိုက်သည်။ “ဖက်တီးနဂါး၊ အသိုက်ထဲ ဝင် အခု”
သူ ဟူလင်းအာနှင့် စစ်ယွင်ရှန်းကို ခေါ်သွားသည့်အချိန် နဂါးချီလင်လည်း ကမန်းကတန်း ခုန်ဝင်လာသည်။ ထိုအခိုက်အတန့်တွင် ကျောက်စိမ်းကဲ့သို့ လင်းလက်နေသော ကြယ်ရောင်က ကြောက်မက်ဖွယ်ရာ တောက်ပလာ၏။ နောက်တခဏတွင် ဓားရောင်များ ကောင်းကင်တခွင် ဖုံးလွှမ်းသွားပြီး ကြယ်အရွယ်အစားမျိုးစုံကို ထိုးခွင်းသွားကြသည်။
ကြယ်များ၌ အပေါက်ပေါင်းများစွာ ဖြစ်ပေါ်လာ၏။
ချင်မူက နဂါးအုပ်၊ ဟူလင်းအာ၊ စစ်ယွင်ရှန်းနှင့် နဂါးချီလင်တို့ကို နဂါးသိုက်ထဲ ခေါ်လာခဲ့၍ တော်သေးသည်။ ဓားရောင်များက သူတို့အပေါ်မှ ပွတ်သီကာ ဖြတ်သွား၍ ဟူလင်းအာ ကမန်းကတန်း ဇက်ပုလိုက်သည်။ သူမခေါင်းမွှေးလေးများ အတန်ငယ် ပြတ်တောက်သွား၏။ နဂါးချီလင်က သူ့အမြီးကို ကပျာကယာ လှမ်းဆွဲလိုက်သည်။ ဓားရောင်တစ်ရောင်က သူ့အမြီးဘေးမှ ဖြတ်သွားပြီး အကြေးခွံနှစ်ခု ကွာကျသွားသည်။
အကုန်လုံး ရင်တမမ ဖြစ်နေကြသည့်အချိန် ကျောက်စိမ်းကြယ်က ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည်။
ရုတ်တရက် ရောင်စုံဓားပျံများက နဂါးသိုက်၏အပေါ်ရှိ ကောင်းကင်တွင် ကြယ်ကြွေကျလာသကဲ့သို့ ဖြတ်ပြေးသွားကြသည်။ ၎င်းတို့က အချင်းချင်း တိုက်ပြီး ကျောက်စိမ်းကြယ်တစ်စင်းအသွင် ဖွဲ့တည်ကာ အဝေးသို့ လွင့်မျောသွား၏။
“ကြီးလိုက်တဲ့ ဓားစက်လုံးကြီး” ဟူလင်းအာ မှင်သက်နေသည်။
နဂါးချီလင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဂိုဏ်းသခင်ရဲ့ ဓားစက်လုံးထက်တောင် ကြီးသေးတယ်...”
ချင်မူလည်း အံ့အားသင့်နေသည်။ ထိုမျှကြီးမားသော ဓားစက်လုံးတစ်လုံး ဤကမ္ဘာပေါ်တွင် ရှိနေ၏။ သူ့ဓားစက်လုံးက ကြီးလှပြီထင်သော်လည်း ယခုလေးတင် သူတို့မြင်တွေ့လိုက်ရသော ဓားစက်လုံးနှင့်ယှဉ်လျှင် မပြောပလောက်တော့ပေ။
“နတ်ဘုရားတစ်ပါးရဲ့ ရတနာများလား”
သူတို့ နဂါးသိုက်အပြင် ပြန်ထွက်လိုက်ကြသည်။ ချင်မူ ရေနဂါးများကို ကောင်းကင်နဂါးဒိုင်းအဖြစ် ဖွဲ့တည်စေ၍ ကျန်နဂါးများအား နဂါးသိုက်ကို သယ်ခိုင်းလိုက်သည်။ သူ သတိကြီးကြီး ထားနေ၏။
ကောင်းကင်နဂါးဒိုင်းက လင်မိသားစု၏ နဂါးကိုးကောင်ကောင်းကင်မီးဒိုင်းမှ ကောင်းကင်နတ်သိုင်းတစ်ခုဖြစ်သည်။ တိုက်စစ်ကောင်းကင်နတ်သိုင်း ဖြစ်သော်လည်း ချင်မူက ၎င်းကို ဝင်္ကပါသိုင်းကွက်သဖွယ် သုံး၍ နဂါးကိုးကောင်ကို ထိန်းချုပ်လိုက်သည်။
ဖရိုဖရဲ နဂါးငွေ့တန်းထဲတွင် ကြယ်များက တစ်ခုကိုတစ်ခု တစ်ချက်တစ်ချက် ဝင်တိုက်နေကြသည်။ သန်မာအားကောင်းသော ရေနဂါးများ ဖွဲ့တည်ထားသည့် ကောင်းကင်နဂါးဒိုင်းပင် ထိခိုက်သွား၏။ နဂါးများ အရိုးတချို့ ကျိုးပြီး အရွတ်တချို့ စုတ်ပြဲကုန်သည်။ ချင်မူ စွမ်းအင်ဆေးလုံးများ၊ အံ့ဖွယ်ဆေးရည်များကို အဆက်မပြတ် ဖော်ကာ ဒဏ်ရာရထားသော နဂါးများကို ကုသပေးပြီး ကောင်းကင်နဂါးဒိုင်းပုံစံမပျက်အောင် ကျန်နဂါးများနှင့် နေရာချင်းလဲစေသည်။ ဤသို့ဖြင့် ဒုက္ခခံပြီးနောက်ဆုံး နဂါးငွေ့တန်း၏အလယ်သို့ ရောက်လာခဲ့ကာ ကောင်းကင်ရေတွင်းနှစ်ခုနှင့် နီးကပ်လာ၏။
ထိုနေရာက အတော်လေး အန္တရာယ်ကင်းသည်။ ကြယ်များက နေရေတွင်းနှင့် လရေတွင်းအား လှည့်ပတ်နေပြီး ပျံဝဲနေသောကြယ် အနည်းအကျဉ်းသာ ရှိသည်။
စစ်ယွင်ရှန်း သက်ပြင်းချလိုက်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ “ဂိုဏ်းသခင်၊ ဒီနေရာက အန္တရာယ်သိပ်များတယ်။ နဂါးတွေ ကျွန်မတို့ကို ကာကွယ်ပေးထားရတဲ့အပြင် နဂါးသိုက်ထဲလည်း ခဏခဏ ဝင်ပုန်းရသေးတယ်။ နေစောင့်ရှောက်သူက ဘယ်လိုလုပ် ဒီရောက်လာခဲ့ပါလိမ့်”
ချင်မူ ခေါင်းမော့ကြည့်လိုက်ရာ နေရေတွင်းနှင့် လရေတွင်းအပြင် အလွန်ကြီးမားတုတ်ခိုင်သော အလင်းတန်းကြီးတစ်တန်း အပေါ်ဆီသို့ ထိုးတက်နေသည်ကို မြင်လိုက်ရသည်။ အပေါ်၌ စက်ဝိုင်းပုံသဏ္ဍာန်အပေါက်ကြီးနှစ်ပေါက်က ရေတွင်းဝများပမာ ရှိနေ၏။
“သူတို့က နေထိန်းကျောင်းသူတွေဆိုတော့ နေသင်္ဘောနဲ့ ဒီနေရာကို ဖြတ်သွားတာပေါ့။ ဒါ့အပြင် နေစောင့်ရှောက်သူရဲ့ စွမ်းရည်က အင်မတန် မြင့်မားတယ်။ သူက ကောင်းကင်နတ်ဘုရားလို လူမျိုးပဲ”
စစ်ယွင်ရှန်း တအံ့တဩ ထခုန်လိုက်မိသည်။ ကောင်းကင်နတ်ဘုရားလိုလူတဲ့လော။
ချင်မူ ဆက်မရှင်းပြတော့ပေ။ ရေနဂါးများက အလင်းတန်းဆီ ပျံတက်သွားကြသည်။ ချင်မူ အောက်ငုံ့ကြည့်လိုက်သည့်အခါ မှင်သက်သွားမိ၏။ ဧရာမနေရေတွင်းထဲတွင် နေကြီးနှစ်စင်းပမာ တောက်ပလင်းထိန်နေသော အလင်းလုံးကြီးနှစ်လုံးအား သူ မြင်လိုက်ရသည်။
‘နေသင်္ဘောပေါ်က နေ မလင်းတော့ရင် ဘာလို့ ဒီက နေကို မမျှားကြတာပါလိမ့်’
သူ တွေးနေသည့်အချိန်မှာပဲ အပေါ်မှ သံကြိုးရိုက်သံများ ကြားလိုက်ရပြီး ရေတွင်းအပေါက်ဝမှ အလွန်ကြီးမားသည့် အနက်ရောင်သံကြိုးကြီးတစ်ချောင်း ကျလာသည်။ ၎င်းက တဖြည်းဖြည်း နိမ့်ဆင်းလာပြီး ရေတွင်းထဲရှိ နေများအနား ချဉ်းကပ်သွားနေသည်။
“သခင်လေး နေထိန်းကျောင်းသူတွေက နေကို မျှားဖို့ လုပ်နေကြတာလား” ဟူလင်းအာ တအံ့တဩ မေးလိုက်မိသည်။
ချင်မူလည်း အံ့အားသင့်နေ၏။ သံကြိုးကြီးတွင် ငါးမျှားချိတ်များသဖွယ် ချိတ်ကောက်များ ချိတ်ထားသည့်အတွက် အပေါ်မှလူများက နေရေတွင်းထဲမှ နေတစ်စင်းအား ဆွဲထုတ်ရန် ကြိုးစားနေခြင်းဖြစ်လိမ့်မည်။
သို့သော် မကြာမီ အနက်ရောင်သံကြိုးမှာ အပူကြောင့် နီရဲလာသည်ကို သူ မြင်လိုက်ရသည်။ ရေတွင်း၏တစ်ဝက်ကိုပင် မရောက်သေးခင် အရည်ပျော်ကျတော့မည်ထင်ရ၏။ သံရည်ပူများ သံကြိုးမှ လျှောဆင်းလာပြီး ရေထဲ တစ်စက်စက် ကျနေသည်။
ထိုမျှသာမက အပူဒဏ်ကြောင့် ချိတ်ကောက်များလည်း ပျော့လာသည့်အတွက် အနက်ရောင်သံကြိုး နေများအနားမရောက်ခင်မှာပင် ချိတ်ကောက်များ မရှိတော့ပေ။ သံကြိုးလည်း ဖျောက်ခနဲ ကျိုးသွားသည်။
အပေါ်မှ ဆူဆူညံညံ အသံများ ထွက်လာပြီး ရေတွင်းဘေးမှ သက်ပြင်းချသံ ကြားလိုက်ရသည်။ “ငါတို့ အခုထိ နေကို ဆွဲမထုတ်နိုင်သေးဘူး...”
ရေနဂါးများက ရေတွင်းဝဆီ ပျံတက်သွားနေသည်။ အနားရောက်လေလေ၊ အပေါက်ဝက ကျယ်လာလေလေ ဖြစ်သည်။ ရေနဂါးများ ချင်မူတို့ကို သယ်၍ အပြင်ထွက်လိုက်သောအခါ နေရေတွင်းမှာ မိုင်ငါးရာကျယ်ဝန်းသော တွင်းကြီးတစ်တွင်း ဖြစ်လာခဲ့ချေပြီ။
အောက်ငုံ့ကြည့်လိုက်သည့်အချိန်တွင် ရေတွင်းထဲမှ နေများ၏ တောက်ပသောအလင်းတန်းများမှအပ မည်သည်ကိုမျှ ချင်မူ မမြင်ရပေ။
နေအလင်းတန်းများက ပြန့်ကားသွားပြီး ဤနေရာကို လွှမ်းခြုံထားသည့် ဧရာမပေါင်းမိုးကြီးတစ်ခုအား ဖွဲ့တည်ထားသည်။
နေရေတွင်းက အလင်းတန်းများ ရောင်ပြန်ဟပ်နိုင်သည့် မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားသော မှန်ကြီးတစ်ချပ်နှင့် ပိုတူလာသည်။
“ဟ နေကို မဖမ်းမိဘဲ ရေနဂါးတစ်ကောင် မိသွားတာလား” ရေတွင်းဘေးမှ အံ့အားသင့်နေသော အသံတစ်သံ ထွက်လာ၏။
ချင်မူတို့ အသံလာရာဆီ လှမ်းကြည့်လိုက်သည့်အခါ အနီးအနားတွင် နေထိန်းကျောင်းသူမျိုးနွယ် လူ့ဘီလူးကြီးများအား မြင်လိုက်ရသည်။ သူတို့က သံကြိုးတစ်ကြိုးကို ဆွဲကာ သူတို့အား တအံ့တဩ ကြည့်နေကြသည်။
“ရွှင်ပျော်ပျော်ကျေးရွာက ဧည့်သည်” နေထိန်းကျောင်းသူများ အံ့အားသင့်သွားပြီး သံကြိုးများကို ကပျာကယာ ချကာ ကျယ်လောင်စွာ နှုတ်ဆက်ကြသည်။ “ရွှင်ပျော်ပျော်ကျေးရွာက ဧည့်သည်၊ ခဏလောက် စောင့်ပါဦး၊ သူ့ကို သွားအကြောင်းကြားလိုက်ဦးမယ်” သူတို့က စကားပြောပြီး ခပ်သုတ်သုတ် လှည့်ထွက်သွားကြ၏။
ချင်မူ ခေါင်းကုတ်လိုက်ပြီး ရေနဂါးများအား ရေတွင်းဘေး၌ ဆင်းသက်စေလိုက်သည်။ နေထိန်းကျောင်းသူများ ရိုရိုသေသေ ဆက်ဆံနေသည်ကို ကြည့်ခြင်းအားဖြင့် သူ့ကို တခမ်းတနား ကြိုဆိုရန် အကြီးအကဲများအား သွားခေါ်ခြင်းဖြစ်လိမ့်မည်။
စစ်ယွင်ရှန်းက နဂါးသိုက်ကို ခေါက်၍ အထဲသို့ အော်လိုက်သည်။ “မင်းသမီးရှို့၊ နေရေတွင်းကို ရောက်ပြီ မြန်မြန်ထွက်လာတော့”
လင်ယွိရှို့ တရားထိုင်နေရာမှ နိုးလာပြီး ခုန်လိုက်သည့်အခါ နဂါးချီတန်းတစ်တန်းအသွင် ပြောင်းသွားသည်။ မြေပြင်ပေါ် ဆင်းသည့်အချိန်တွင် လူအသွင်ပြန်ပြောင်းသွား၏။ စစ်ယွင်ရှန်း အလွန်မနာလိုဖြစ်နေတော့သည်။ ‘ရင်သားကြီးကြီးမင်းသမီး’က ဒီလောက်အချိန်တိုတိုနဲ့ ကြောက်ခမန်းလိလိ တိုးတက်သွားပြီ။ ငါ့ထက်တောင် ပိုသန်မာနေလောက်ပြီ’
လင်ယွိရှို့ ဘေးဘီဝဲယာကို ကြည့်ကာ စိတ်ထဲတွင် အပြင်းအထန် တုန်လှုပ်သွားသည်။ ဧရာမသင်္ဘောကြီးတစ်စင်းက နေရေတွင်းဆီမှ မလှမ်းမကမ်းတွင် ရပ်ထားသည်။ နေသင်္ဘောကို ပထမဆုံးမြင်ဖူးခြင်းမဟုတ်သော်လည်း သူမရင်ထဲရှိ အံ့ဩမှုကို ဖုံးကွယ်ရခက်နေသေး၏။
နေသင်္ဘောက အလွန်ကြီးလွန်းသည်။ သံကြိုးများက အနက်ရောင်နေတစ်စင်းကို တရွတ်တိုက် ဆွဲထားသည်။
သင်္ဘော၏ ကုန်းပတ်ပေါ်တွင် လူပေါင်းထောင်ချီ နေထိုင်နိုင်သော မြို့ကြီးတစ်မြို့ ရှိသည်။
သူမ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သောအခါ ထပ်မံ၍ တုန်လှုပ်ရပြန်သည်။ နေရေတွင်းကို ပေါင်းမိုးတစ်ခုက ပန်းကန်လုံးမှောက်ထားသကဲ့သို့ အုပ်မိုးထားပြီး ထူးခြားသော နေရာဟင်းလင်းပြင်ကို ဖွဲ့တည်ထား၏။ အတွင်းရှိ စွမ်းအင်က လူများအား ရိုးရိုးရွရွ ဖြစ်လာစေသည်။
သန့်ရှင်းသော ယန်ချီ
ချင်မူက ရေတွင်းဘေးရှိ ကျောက်ပြားကြီးတစ်ပြားအား လေ့လာနေ၏။ ထိုအချိန်တွင် ဟူလင်းအာက ရှေ့တက်လာပြီး စာသေးသေးလေးတစ်အုပ်၊ စုတ်တံနှင့် မှင်ကို ထုတ်ကာ ကျောက်ပြားပေါ်ရှိ စာလုံးများအား ကူးရေးရန် ပြင်လိုက်သည်။ နားကန်းဆီမှ စာရေးစာဖတ် စသင်ခဲ့ကတည်းက ဟူလင်းအာသည် တွေ့သမျှ စာလုံးတိုင်းကို အလေးအနက်ထား ကူးရေးတတ်သည့် အကျင့်ရှိလာခဲ့၏။
သို့သော် ကျောက်ပြားပေါ်ရှိ စာလုံးများကို သူမ မသိ၍ မေးလိုက်ရသည်။ “သခင်လေး ဒီမှာ ဘာရေးထားတာလဲ”
“ဒါက နတ်ဘုရားဘာသာစကားက စာလုံးတွေပဲ။ နေရေတွင်းသမိုင်းကြောင်းကို မှတ်တမ်းတင်ထားတာ”
သူက သူမအတွက် ဖတ်ပြလိုက်သည်။ “ဧကရာဇ်မင်းမြတ်က ကျစ်ချင်းအား နေရေတွင်းနှင့် လရေတွင်းအား တည်ဆောက်စေတော်မူသည်။ သို့ရာတွင် ကျစ်ချင်းသည် လှည့်စားဉာဏ်များတတ်သူဖြစ်၏။ နှစ်တစ်ရာကြာသည့်တိုင်အောင် အရာမထင်ခဲ့ပေ။ ဧကရာဇ်မင်းမြတ် အမျက်ရှတော်မူ၍ သူမအား သေဒဏ်ချသည့်အခါ ကျစ်ချင်း ကြောက်လန့်တုန်ရီလာခဲ့သည်။ ရေတွင်းများအား နှစ်ငါးဆယ်အတွင်း တည်ဆောက်ခဲ့သော်လည်း အထဲ၌ နေနှင့်လများမှ အလင်းရောင်မထွန်းလင်းခဲ့ပေ။ ထိုအချိန်တွင် ကျစ်ချင်းက သူမမျက်လုံးများကို ထုတ်၍ ရေတွင်းနှစ်တွင်းထဲ ချခဲ့သည်။ ထိုအချိန်မှ၍ နေနှင့်လအလင်းရောင်များ ပေါ်ထွန်းလာခဲ့၏။ ထိုအခါ ဧကရာဇ်က မှတ်တမ်းတင်ကျောက်စာတိုင် စိုက်ထူရန် မိန့်တော်မူခဲ့သည်”
သူက နေသင်္ဘောအပေါ်၌ ပျံဝဲနေသော အနက်ရောင်နေကို မော့ကြည့်လိုက်ကာ ပြောလိုက်သည်။ “အဲဒီနေမှာ နတ်ဘုရားမကျစ်ချင်းရဲ့ သွေးပါရှိတယ်။ ဒါကြောင့် တောက်ပနိုင်ခဲ့တာပဲ။ ဒါပေမဲ့ ဘာကြောင့် ငြိမ်းသွားတာလဲမသိဘူး”
“အစွမ်းကြီးမားတဲ့ရန်သူတွေကြောင့် နေက ငြိမ်းသေသွားတာပါ”
ချင်မူ အသံလာရာဆီသို့ လှမ်းကြည့်သည့်အခါ သူတို့ဆီ လျှောက်လာနေသော နေထိန်းကျောင်းသူတစ်ရာကျော်အား မြင်လိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များသည် အလွန်ကြီးမား၏။ ရှေ့မှ ဦးဆောင်လာသူက နေထိန်းကျောင်းသူမျိုးနွယ်စု၏ ခေါင်းဆောင်အဘိုးအိုဖြစ်သည်။ သူက ချင်မူ့ကို မြင်လျှင် အတန်ငယ် မှင်သက်သွားပြီး စိတ်ပျက်ဟန်ဖြစ်သွား၏။ “ဪ နယ်စပ်နဂါးမြို့တော်က ကောင်လေးကိုး။ ရွှင်ပျော်ပျော်ကျေးရွာက လူထင်နေတာ။ မိတ်ဆွေလေး ၊ ဘာအတွက် ရောက်လာတာပါလဲ”
ချင်မူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “နေစောင့်ရှောက်သူနဲ့ တွေ့ဖို့ပါ"
ခေါင်းဆောင်အဘိုးအိုက ခေါင်းယမ်းကာ ပြောလိုက်၏။ “နေစောင့်ရှောက်သူက သိပ်ကြာကြာမနေရတော့ဘူး။ ဒါကြောင့် ငါတို့ လောလောဆယ် နေစောင့်ရှောက်သူအသစ် ရွေးချယ်နေကြတာ။ မိတ်ဆွေလေးက ရွှင်ပျော်ပျော်ကျေးရွာနဲ့ ပတ်သက်နေတာဆိုတော့ အခမ်းအနားတက်လို့ ရပါတယ်”
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားပြီး သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လွင်လာ၏။ “ယန်ကျင့်ကျင့်က ဆက်နေဖို့ နှစ်တွေကျန်သေးတယ်မဟုတ်ဘူးလား။ ဘာလို့လဲ..”
“မကောင်းဆိုးဝါးနတ်ဘုရားတွေက နေရေတွင်းကို တိုက်ခိုက်ခဲ့ပါတယ်။ နေစောင့်ရှောက်သူက အကုန်လုံးကို ဦးဆောင်ပြီး ခုခံခဲ့ရလို့ သက်တမ်း ပိုတိုသွားတာပါ” ခေါင်းဆောင်အဘိုးအိုက သက်ပြင်းချလိုက်သည်။ “နောက်က လိုက်ခဲ့ပါ။ နေစောင့်ရှောက်သူအနေနဲ့ လောကကြီးကနေ ထွက်မသွားခင် မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ပြန်ဆုံလိုက်ရလို့ ဝမ်းသာသွားပါလိမ့်မယ်”
နေထိန်းကျောင်းသူများ မျက်နှာမကောင်းပေ။ သူတို့၏အဖြူရောင်ဝတ်ရုံများ လေထဲတွင် တဖတ်ဖတ် လှုပ်ခတ်နေသည်။ အခြေအနေက ဝမ်းနည်းဖွယ်ကောင်းနေ၏။ ခေါင်းဆောင်အဘိုးအိုက ရပ်လိုက်ပြီး သူတို့ကို ကြည့်ကာ အော်လိုက်သည်။ “ဘာလို့ ဝမ်းနည်းနေကြတာလဲ။ သူ နေစောင့်ရှောက်သူဖြစ်လာကတည်းက နေနဲ့ ပေါင်းစည်းပြီး ငါတို့ဘိုးဘေးတွေနဲ့ ဘေးချင်းယှဉ် ရပ်ရမယ့် ကံကြမ္မာပါလာပြီးသား။ ဒါက ဂုဏ်ယူစရာကွ။ ဘာလို့ မင်းတို့အားလုံး ဝမ်းနည်းနေကြတာလဲ။ မှောင်တော့မယ်။ နယ်မြေခြား မကောင်းဆိုးဝါးနတ်ဘုရားတွေ ကျူးကျော်ဖို့ ထပ်ကြိုးစားကြလိမ့်မယ်။ စိတ်အားတင်းထားကြစမ်း”
ချင်မူ သူ့ကို ခေါင်းမော့ကြည့်လိုက်ပြီး အဘိုးအို၏ဆံပင်များ လှုပ်ယမ်းနေသည်ကို မြင်လိုက်ရသည်။ ယန်ကျင့်ကျင့်က သူ့မြေးဖြစ်သည်။ သို့သော် သူ၏ခံစားချက်အား ဖော်ပြမရပေ။