← Chapters

လူမှုအဖွဲ့အစည်း တစ်ခု၏ နိဂုံး

Vol. 64 Ch. 887

လူမှုအဖွဲ့အစည်း တစ်ခု၏ နိဂုံး

Vol. 64 Ch. 887

ကွန်ရက်တစ်ခုကဲ့သို့ ဖြစ်နေသည့် ထို မန္တန်အစီအရင်ကြီးမှာ ပျားအိမ်ကြီးတစ်ခုနှင့် တူ၏။ ၎င်းမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး မြေဝိညာဉ်လူမှုအဖွဲ့အစည်းအား လွှမ်းခြုံသွားခြင်းဖြစ်သည်။ သို့ဖြစ်ရာ မည်သူကမှ အဝင်အထွက်လုပ်နိုင်တော့မည် မဟုတ်ပေ။

ထို မန္တန်အစီအရင်ကြီးမှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာသည်ဖြစ်ရာ မြေဝိညာဉ်လူမှုအဖွဲ့အစည်း၏ နယ်စပ်ဒေသများ၌ ရစ်ဝဲနေခဲ့သည့် လွန်းပျံယာဉ်အချို့မှာ အချိန်မီ ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ဘဲ ချက်ချင်း ပျက်စီးသွားကြ၏။ အခြား ယာဉ်များမှာမူ အပြင်ဘက်တွင် ပိတ်မိသွားကြပြီး အတွင်းထဲသို့ မဝင်နိုင်တော့ပေ။

ထို့ကြောင့် မြေဝိညာဉ်လူမှုအဖွဲ့အစည်း၏ အစိုးရအဖွဲ့အစည်း တစ်ခုလုံးမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြ၏။ သူတို့မှာ ယခုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် လုံးဝ မကြုံဖူးကြပေ။ သို့သော် လူလုပ် ထာဝရကြယ်ကြီးအား အသုံးပြုကာ မြေဝိညာဉ်လူမှုအဖွဲ့အစည်း ပတ်ပတ်လည်၌ အချုပ်အနှောင်တစ်ခု ဖန်တီးနိုင်စွမ်းရှိသည့် အဖွဲ့အစည်းဟူ၍... ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း တစ်ခုသာ ရှိကြောင်း သူတို့က သိထားကြသည်။

ထို့ကြောင့်လည်း သူတို့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်နေကြသည့်တိုင်အောင် စိတ်ကို တည်ငြိမ်အောင်ထား၍ လူလုပ် ထာဝရကြယ်ကြီး၏ အတွင်းပိုင်းထဲ၌ ရှိနေသော လူများအား သတင်းလှမ်းမေးလိုက်ကြ၏။ ခဏအကြာတွင် လူလုပ် ထာဝရကြယ်ကြီးနှင့် မန္တန်အစီအရင်ကြီးတို့နှစ်ခု အားဖြည့်ပေးထားသည့် စကားသံကြီးတစ်သံမှာ ထို လူမှုအဖွဲ့အစည်း တစ်ခုလုံးထဲ၌ ပေါ်ပေါက်လာပြီး လူတိုင်း၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

" ဒီကောင့်ကို တွေ့အောင်ရှာ။ ရှာတွေ့တာနဲ့ မရရအောင် သတ်ပစ် "

ထို အမိန့်ပေးသံနှင့်အတူ သူတို့၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည့် ဝမ်ပေါင်လဲ့၏ ရုပ်ပုံကြီးကြောင့် မြေဝိညာဉ်လူမှုအဖွဲ့အစည်း တစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားရ၏။ ခဏအကြာတွင် သူတို့မှာ အသည်းအသန် လိုက်ရှာဖွေနေကြရတော့သည်။ မည်သူကမှ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ညွှန်ကြားချက်များကို မလွန်ဆန်ရဲကြပေ။

မြေဝိညာဉ်လူမှုအဖွဲ့အစည်း ဝမ်ပေါင်လဲ့အား လိုက်လံရှာဖွေနေစဉ် ညာလက်ရုံး အကြီးအကဲကြီးမှာ လူလုပ် ထာဝရကြယ်ကြီးထဲရှိ ရေကန်တစ်ကန်ထဲတွင် ထိုင်နေသည်။ ထို ရေကန်ထဲရှိ ရေများထဲတွင် ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေ၏။ ထို ဝိညာဉ်ရေကန်ထဲမှ ထွက်ပေါ်လာသည့် မြူခိုးအမျှင်အတန်းများမှာ သူ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားရွက်များထဲမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားနေကြ၏။

သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ပြန်လည် ပြည့်ဝလာပြီဖြစ်သလို သူသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာကြီးကိုလည်း ဖယ်ရှားနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် သူသည် ထာဝရကြယ်ပေါ်၌ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့်အပြင် ဝမ်ပေါင်လဲ့အား ကြောက်ရွံ့နေရပြီဖြစ်ရာ လူလုပ် ထာဝရကြယ်ကြီးပေါ်၌ အရင်ဆုံး အားပြန်ဖြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူသည် အားပြန်ပြည့်လာသောအခါမှ ဝမ်ပေါင်လဲ့အား လိုက်လံရှာဖွေမည်ဖြစ်သည်။

၎င်းမှာ ထာဝရကြယ်တစ်လုံး မဟုတ်ပါသော်လည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ လက်အောက်ခံနယ်မြေများထဲမှ တစ်ခုဖြစ်နေဆဲပင်။ သို့ဖြစ်ရာ သူသည် အားအင်ပြန်လည်ပြည့်ဖြိုးလာပါက လုံနန်ကျစ်အား သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်နေ၏။ သူသည် လုံနန်ကျစ် ထွက်ပြေးလွတ်မြောက်သွားမည်ကို စိုးရိမ်နေခြင်းမရှိပေ။ ဤ လူလုပ် ထာဝရကြယ်ကြီးနှင့် အချုပ်အနှောင်ကြီးတို့အား ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲမှ ထာဝရကြယ်အဆင့် ခေါင်းဆောင်ကြီးသုံးယောက်က ဖန်းတီးထားခဲ့ခြင်း ဖြစ်ပေသည်။ သို့ဖြစ်ရာ သာမန် ထာဝရကြယ်အဆင့် ကျင့်ကြံသူများပင်လျှင် ထို အချုပ်အနှောင်ကြီးအား အလွယ်တကူ ဖောက်ထွက်နိုင်မည်မဟုတ်ပေ။

ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုသို့တွေးတောလိုက်ပြီးနောက် အေးစက်စက် ပြုံးလိုက်၏။ သူသည် အခြားနည်းလမ်းများကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ပိုင်နက်ထဲတွင် ရှိမနေသေးသောကြောင့် မကြာသေးမီတုန်းက သူသည် သူ၏ ဂိုဏ်းချုပ်ကြီးအား လှမ်း၍ မဆက်သွယ်နိုင်ခဲ့ပေ။ သို့သော် ယခုတွင်မူ သူသည် လူလုပ် ထာဝရကြယ်ကြီး၏ အကူအညီဖြင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအား လှမ်း၍ဆက်သွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် အခြားဂိုဏ်းများထဲမှ ဂြိုဟ်အဆင့်ကျင့်ကြံသူများအား အကူအညီတောင်းကာ လုံနန်ကျစ်အား အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။

သို့သော် သူ ထိုသို့ အကူအညီတောင်းလိုက်မည်ဆိုပါက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ကျရှုံးမှုအား မီးမောင်းထိုးပြလိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလော။ ထို့အပြင် သူ၏ ဂုဏ်သိက္ခာနှင့် မာနတို့မှာလည်း ထိခိုက်သွားရမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုအတွေးအား ချက်ချင်း မေ့ပျောက်ထားလိုက်၏။

" အချိန်အလုံအလောက်ရှိပါတယ်။ အကြာကြီး မလိုပါဘူး။ နှစ်ပတ်အတွင်းမှာ လုံနန်ကျစ် သေချာပေါက် အသက်ပျောက်သွားစေရမယ် "

ညာလက်ရုံး အကြီးအကဲကြီး ထိုကဲ့သို့ အားအင်ပြန်လည်ဖြည့်တင်းနေစဉ် မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲရှိ လူလုပ် ထာဝရကြယ်ကြီး၏ အလွန်တွင် ဂြိုဟ်တစ်လုံးရှိနေ၏။ ထို ဂြိုဟ်ပေါ်ရှိ မြို့တစ်မြို့၏ တည်းခိုခန်းတစ်ခုထဲတွင် လူငယ်လေးတစ်ယောက် ထိုင်နေသည်။ သူသည် ကောင်းကင်ယံထဲရှိ နေမင်းကြီးအား မော့ကြည့်ရင်း အေးစက်စက် ပြုံးလိုက်၏။

ထိုလူငယ်လေးမှာ ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။ သူ၏ ပုံပန်းသွင်ပြင်မှာ လူသား ကျင့်ကြံသူတစ်ယောက်နှင့် လုံးဝမတူတော့ပေ။ သူသည် မျက်လုံးသုံးလုံး ရှိနေသလို သူ၏ နားရွက်များမှာလည်း အလွန်အင်မတန်မှ ကြီးမားနေ၏။ ထို့အပြင် သူ၏ လက်မောင်းများမှာ သူ၏ ပေါင်တံများထက်ပင် ပို၍ တုတ်ခိုင်နေသောကြောင့် သူသည် အလွန်အင်မတန်မှ သန်စွမ်းသည့်ပုံ ပေါက်နေတော့သည်။

အကယ်၍ သူသည် ပြည်ထောင်စုကြီး သို့မဟုတ် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌သာ ရောက်နေမည်ဆိုပါက သူ၏ ပုံပန်းသွင်ပြင်မှာ အခြားသူများနှင့် မတူဘဲ ကွဲထွက်နေမည် ဖြစ်သည်။ သို့သော် မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲတွင်မူ ထူးဆန်းနေခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ ပုံပန်းသွင်ပြင်မှာ ထိုကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

ဤ လူမှုအဖွဲ့အစည်း၏ အနုသုခုမလက်ရာများမှာလည်း ပြည်ထောင်စုကြီးနှင့် လုံးဝမတူပေ။ သူတို့မှာ အချိုးအစား ကျနမှုမရှိသော အရာများကိုမှ အလှတရားအဖြစ် သတ်မှတ်ကြသည့်ပုံပင်။ ထို လူမှုအဖွဲ့အစည်းထဲရှိ အဆောက်အဦများကိုလည်း အရောင်အမျိုးမျိုးရှိသော ကျောက်တုံးများဖြင့် ဆောက်လုပ်ထားကြ၏။ ထို ကျောက်တုံးများမှာ အရွယ်အစားနှင့် ပုံပန်းသွင်ပြင် အမျိုးမျိုးရှိကြသည်ဖြစ်ရာ အရာအားလုံးမှာ အဆီအငေါ်မတည့် ဖြစ်နေတော့သည်။ ထိုကဲ့သို့သော အဆောက်အဦများဖြင့် ထိုမြို့ကြီးအား တည်ဆောက်ထား၏။

ထိုမြို့ကြီးမှာ ယခုကဲ့သို့ အချိုးအစား ကျနမှုမရှိသည့်တိုင်အောင် လူများဖြင့် ပြည့်နှက်နေဆဲပင်။ လမ်းမများပေါ်တွင်လည်း လမ်းသွားလမ်းလာများဖြင့် စည်ကားသိုက်မြိုက်နေကြ၏။ ထို့အပြင် ထိုမြို့ထဲရှိ ကျင့်ကြံသူ အရေအတွက်နှင့် သာမန်လူ အရေအတွက်မှာလည်း သိသိသာသာ ကွာဟနေသေးသည်။ လူဆယ်‌ယောက်တွင် ကိုးယောက်မှာ ကျင့်ကြံသူများဖြစ်ကြ၏။ သို့သော် သူတို့ထဲမှ အများစုမှာ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးကြပေသည်။ ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် လိုက်လံရှာဖွေခဲ့သည့်တိုင်အောင် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်တလေကိုပင် ရှာမတွေ့ခဲ့ပေ။

" ဒါက မြေဝိညာဉ်လူမှုအဖွဲ့အစည်းကိုး... " ဝမ်ပေါင်လဲ့မှာ ထိုတည်းခိုခန်းထဲတွင် ထိုင်ရင်း ထိုမြို့၏ ဒေသထွက် ဖျော်ရည်တစ်မျိုးကို သောက်နေ၏။ ထို့နောက် သူသည် ခေါင်းမော့ကာ နေမင်းကြီးအား မော့ကြည့်လိုက်ပြီးနောက် မျက်လုံးများ မှေးသွားတော့သည်။

သူသည် ကောင်းကင်းယံထဲတွင် နေမင်းကြီးတစ်စင်းကို ရှာမတွေ့ခဲ့ဘဲ သတ္တုဖြင့် ပြုလုပ်ထားသည့် ခရမ်းရောင် ဧရာမ စက်လုံးကြီးတစ်လုံးကိုသာ မြင်ခဲ့ရ၏။ အကယ်၍ ထိုစက်လုံးကြီးအား အနီးကပ်ကြည့်ရှုလိုက်မည်ဆိုပါက ၎င်း၏ မျက်နှာပြင်ပေါ်တွင် ကမ္ဗည်းစာလုံးများဖြင့် ပြည့်နှက်နေသည်ကို မြင်နိုင်ပေမည်။ ၎င်းတို့မှာ တစ်လုံးပေါ်တစ်လုံး ထပ်ကာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြပြီး မြေဝိညာဉ်လူမှုအဖွဲ့အစည်း တစ်ခုလုံးအတွက် အပူဓာတ်နှင့် အလင်းရောင်များ ထုတ်လွှတ်ပေးနေကြ၏။

ဝမ်ပေါင်လဲ့မှာ ထို ကမ္ဗည်းစာလုံးများထဲမှ အချို့မှာ ပျောက်ကွယ်သွားကြပြီး ၎င်းတို့၏ နေရာ၌ ကမ္ဗည်းစာလုံးအသစ်များ အစားထိုးဝင်ရောက်လာသည်ကို သတိထားမိလိုက်၏။ ယခင်တုန်းကသာဆိုပါက သူသည် ထိုကဲ့သို့ ဖြစ်နေရသည့် အကြောင်းအရင်းကို သိနိုင်မည်မဟုတ်ပေ။ သို့သော် ယခုတွင် သူသည် ကျင့်ကြံခြင်းအဆင့် မြင့်မားနေပြီဖြစ်ရာ သေသေချာချာ လေ့လာစောင့်ကြည့်လိုက်ပြီးနောက် နားလည်သွားတော့သည်။

" အံ့ဩဖို့ကောင်းလိုက်တဲ့ လူလုပ် ထာဝရကြယ်ကြီးပဲ... ဒီ ထာဝရကြယ်ကြီးက ဒီ လူမှုအဖွဲ့အစည်းထဲက သက်ရှိတွေအားလုံးကို ထိန်းချုပ်ထားတာပဲ။ ကမ္ဗည်းစာလုံးတစ်လုံး ပျောက်သွားတိုင်း ဒီ လူမှုအဖွဲ့အစည်းထဲက သက်ရှိတစ်‌ယောက် သေသွားတာကို ကိုယ်စားပြုတာ။ ကမ္ဗည်းစာလုံး အသစ်တစ်လုံး ပေါ်လာရင်က သက်ရှိအသစ်တစ်ယောက် မွေးဖွားလာတာကို ကိုယ်စားပြုတာပဲ " ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူမိသွားပြီး ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ စွမ်းပကားများကြောင့် ထိတ်လန့်တုန်လှုပ်သွားရ၏။

သူသည် ထွက်ပြေးလာခဲ့စဉ်တုန်းက ထို အချုပ်အနှောင်ကြီး ပေါ်ပေါက်လာသည်ကို ချက်ချင်းသတိထားမိခဲ့၏။ ထို့နောက် သူသည် သူ၏ ဝိညာဉ်ခန္ဓာကိုယ်၏ ထူးခြားသောဂုဏ်သတ္တိများကိုအသုံးပြုကာ မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲရှိ ဒေသခံ ကျင့်ကြံသူတစ်ယောက်ပုံစံ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် သူ၏ သိုလှောင်အိတ်ထဲရှိ ဓမ္မစစ်သင်္ဘောတစ်စင်းထဲ၌ ပုန်းကွယ်နေသော ကျောက်ယမုန့်ကိုလည်း လှမ်း၍ အကြောင်းကြားခဲ့သေးသည်။ သူမသည် ထို မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲ၌ ဖြစ်ပျက်နေသည့် အရာများကို ရှင်းပြခဲ့၏။ သို့သော် သူမသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲ၌ ရှိနေခဲ့စဉ်တုန်းက ဤ လူမှုအဖွဲ့အစည်းအား အထူးတလည် ဂရုစိုက်ခဲ့ခြင်းမရှိပေ။ ထို့အပြင် လူလုပ် ထာဝရကြယ်ကြီး၏ အလုပ်လုပ်ပုံများမှာလည်း ထိပ်တန်းအဆင့် လျှို့ဝှက်ချက်များ ဖြစ်ကြ၏။ သို့ဖြစ်ရာ သူမသည် ထိုအကြောင်းများနှင့် ပတ်သတ်၍ များများစားစား သိရှိထားခြင်းမရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင် လေ့လာသုံးသပ်ရန် လိုအပ်ပေသည်။

ယခုတွင် သူသည် သူ၏ လက်ရှိအခြေအနေအား နားလည်သွားပြီဖြစ်ရာ ညာလက်ရုံး အကြီးအကဲကြီး၏ အကြံအစည်အား ရိပ်မိသွားတော့သည်။ ထို့ကြောင့် သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲမှ အခြား အစွမ်းထက်ကျင့်ကြံသူများ သူ့အား လိုက်လံဖမ်းဆီးနေမည်ကို စိုးရိမ်နေခြင်းမရှိပေ။ ထို့အပြင် သူသည် ထိုနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်မည့် အစီအစဉ်တစ်ခုကို ရေးဆွဲရန် အချိန်အလုံအလောက် ရှိနေသေးသည်ဖြစ်ကြောင်း သိလိုက်၏။

ထို့ကြောင့်လည်း သူသည် ဤမြို့ထဲသို့ ရောက်လာခြင်းဖြစ်သည်။ သူသည် ဤ လူမှုအဖွဲ့အစည်းအကြောင်း ပိုမိုသိရှိလာအောင် စုံစမ်းလိုပြီး လူလုပ် ထာဝရကြယ်ကြီးကိုလည်း သေသေချာချာ လေ့လာအကဲခတ်လို၏။ သူသည် ၎င်း၏ အားနည်းချက်အား ရှာတွေ့နိုင်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။ ဤမြို့ကြီးမှာ ၎င်းနှင့် အနီးဆုံး ဖြစ်နေသည် မဟုတ်ပါလော။

သို့သော် သူသည် လူအုပ်ကြီးအား သေသေချာချာ အကဲခတ်စောင့်ကြည့်လိုက်ပြီးနောက် ထို လူလုပ် ထာဝရကြယ်ကြီး၏ အလုပ်လုပ်ပုံအကြောင်း ကောက်ချက်ချနိုင်လိုက်သဖြင့် သက်ပြင်းချမိသွားတော့သည်။

" ရက်စက်လိုက်တာ... ဒီလို လူလုပ် နေမင်းကြီးတွေကို ငါ့ရဲ့ အရည်အချင်းနဲ့ သန့်စင်နိုင်ဦးမှာ မဟုတ်ဘူး။ ဒီလို နေမင်းတစ်စင်းချင်းစီတိုင်းရဲ့ အတွင်းပိုင်းထဲမှာ ကိန်းအောင်းနေတဲ့ ဥပဒေသစွမ်းအားတွေက တော်တော်လေးကို အံ့ဩဖို့ကောင်းနေမှာ သေချာတယ်။ မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲက လူတိုင်းကို တစ်သက်လုံး ကျွန်ပြုထားနိုင်စွမ်း ရှိနေတာပဲ "

ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ထိုသို့ရေရွတ်ကာ သက်ပြင်းချမိသွား၏။ ထို့နောက် သူ မျက်မှောင်ကြုတ်နေစဉ်မှာပင် တည်းခိုးခန်း အပြင်ဘက်၌ ရယ်မောသံများကို ကြားလိုက်ရသည်။

" ဂိုဏ်းဆီ မပြန်ခင် အရင်ဆုံး တစ်ခုခု စားကြတာပေါ့ " ဤ လူမှုအဖွဲ့အစည်း၏ အလှအပစံနှုန်းများအရဆိုလျှင် တည်းခိုခန်းထဲသို့ ဝင်လာကြသည့် ထို လူငါးယောက်မှာ အလွန်အင်မတန်မှ ရုပ်ရည်ချောမောကြသည့် လူများထဲတွင် ပါပေသည်။ သူတို့မှာ တည်းခိုခန်းထဲသို့ ရောက်လာကြပြီးနောက် ဝမ်ပေါင်လဲ့၏ အနီးတွင် ရှိနေသော ဝိုင်းတစ်ဝိုင်း၌ ဝင်ထိုင်လိုက်ကြပြီး ပျော်ရွှင်မြူးထူးစွာ စကားပြောနေကြတော့သည်။

သူတို့၏ အဝတ်အစားများမှာ အတူတူပင် ဖြစ်ကြပေသည်။ သူတို့၏ အင်္ကျီလက်များ၏ အစွန်းတွင် ခရမ်းရောင် လခြမ်းပုံတစ်ခုအား မြင်နိုင်၏။ သူတို့ ငါးယောက်ထဲမှ လေးယောက်မှာ အလယ်အလတ် ချီသန့်စင်ခြင်းအဆင့်တွင် ရှိနေကြသည်။ နောက်ဆုံးတစ်ယောက်ဖြစ်သည့် လူငယ်လေးမှာမူ အနည်းငယ်ခန့် မောက်မာဝင့်ကြွားသည့်ပုံ ပေါ်ပြီး ချီသန့်စင်ခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသည်။

တည်းခိုခန်းထဲရှိ အခြားသူများမှာ သူတို့ ရောက်လာကြသည်ကို မြင်လိုက်ရသောအခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ အချို့မှာဆိုလျှင် ခေါင်းများငုံ့သွားကြပြီး အချို့မှာဆိုလျှင် ငွေရှင်းကာ ချက်ချင်းထပြန်သွားကြသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဝင်စားသွားရပြီး သူတို့၏ ပြောစကားများကို ခိုးနားထောင်ရန် ဆုံးဖြတ်လိုက်တော့သည်။

" ဂိုဏ်းတူအစ်ကို ထိုက်ကျုံး။ အစ်ကိုကတော့ ဂိုဏ်းအတွက် ကြီးမားတဲ့ အောင်မြင်မှုကြီးတစ်ခု ဆွတ်ခူးပေးခဲ့ပြန်ပါပြီ။ အစ်ကို ဂိုဏ်းဆီ ပြန်ရောက်ရင် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်သွားမှာ သေချာတယ်။ အဲတာဆို အစ်ကိုက သစ်ခွလစန္ဒာဂိုဏ်းရဲ့ ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သွားတော့မှာ "

" ဟုတ်တယ်။ အစ်ကို ပြင်ဆင်ထားတဲ့ အထူးလက်ဆောင်ပဏ္ဏာမျိုးနဲ့သာဆိုရင် ဂိုဏ်း‌ဆီပြန်ရောက်လို့ ခရမ်းရောင်နေမင်းကြီးဆီမှာ ယဇ်ပူဇော်ပြီးသွားတာနဲ့ အဆင့်နှစ် လုပ်ပိုင်ခွင့်အာဏာကို ရသွားမှာ။ အဲတာဆိုရင် အစ်ကို ‌အခြေတည်အဆင့်အထိ ရောက်သွားတော့မှာဗျ "

" ဟားဟား။ အဲဒီအချိန် ဟို လော့ကျောက်ဆိုတဲ့ကောင် အရင်လိုမျိုး ဆရာကြီးလုပ်ရဲနေဦးမလားဆိုတာ ကြည့်ရသေးတာပေါ့ "

ထိုက်ကျုံးဆိုသည့် လူငယ်လေးမှာ သူ၏ ဂိုဏ်းတူညီလေးများ၏ ပြောစကားများကို ကြားလိုက်ရသောအခါ ချောင်းဟန့်လိုက်၏။

" ဟုတ်ပါပြီကွ။ ဂိုဏ်းအတွက် ပေးဆပ်ရတယ်ဆိုတာ ငါတို့လို ဂိုဏ်းသားတွေရဲ့ တာဝန်ပဲလေ။ ဒါပေမဲ့ အဲဒီ လော့ကျောက်ဆိုတဲ့ကောင်ကတော့.... ဟွန်း။ သူက ဂိုဏ်းတူညီမလေး ရှို့ယန်ကို နှောင့်ယှက်ခဲ့တာမလို့ ငါ ဂိုဏ်းဆီ ပြန်ရောက်ရင် အဲဒီကောင်ကို သင်ခန်းစာပေးမှရမယ် " ထိုက်ကျုံးဟု အမည်ရသည့် ထိုလူငယ်လေးမှာ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် တဏှာရဂမီးများ တောက်လောင်နေသည့် မျက်ဝန်းတစ်စုံဖြင့် သူ၏ဘေးတွင် ထိုင်နေသော မိန်းမငယ်လေးအား လှမ်းကြည့် လိုက်သည်။ ထိုအခါ သူမသည် ပြတင်းပေါက်နားတွင် ထိုင်နေသည့် လူငယ်လေးတစ်ယောက်အား စိုက်ကြည့်နေသည်ဖြစ်ကြောင်း သူက သတိထားမိလိုက်၏။

" ညီမလေးရှို့ယန်။ သူ့ကို သိလို့လား " ထိုက်ကျုံးမှာ သူမ စိုက်ကြည့်နေသည့် ပုဂ္ဂိုလ်အား လှမ်းကြည့်လိုက်ပြီးနောက် မေးလိုက်၏။ ထို့နောက် သူသည် ထိုပုဂ္ဂိုလ်မှာ ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိနေသေးကြောင်း သိလိုက်ရသဖြင့် မျက်ဝန်းများထဲ၌ အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။

" မသိပါဘူး ဂိုဏ်းတူအစ်ကိုကြီး ထိုက်ကျုံးရဲ့။ ဒါပေမဲ့ သူက နည်းနည်းလေး ထူးဆန်းနေတယ်လို့ မခံစားရဘူးလား။ ညီမလေးလည်း သေသေချာချာ ရှင်းမပြနိုင်ပေမဲ့ ရင်ထဲမှာ ခိုးလိုးခုလုဖြစ်နေတာ "

သူတို့၏ အာရုံအား ဖမ်းစားခဲ့သည့် လူငယ်လေးမှာ ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။ သူသည် သူတို့၏ ပြောစကားများကို နားထောင်ခဲ့ပြီးနောက် သံသယများဝင်လာခဲ့၏။ သူတို့၏ ပြောစကားများအရဆိုလျှင် ချီသန့်စင်ခြင်းအဆင့်မှ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန် မည်သည့် လေ့ကျင့်မှုမှ မလိုသည့်ပုံပင်။ ထို့အပြင် မိမိ၏ အမြုတေအဖြစ် အသုံးပြုမည့် အဆောင်ပစ္စည်းများကိုလည်း ရှာဖွေနေစရာမလိုပေ။ ထိုမျှသာမက ဆေးလုံးများပင် သောက်သုံးစရာမလိုပေ။ သူတို့မှာ ခရမ်းရောင် နေမင်းကြီးဆီ၌ ယဇ်ပူဇော်ပြီးသွားသည်နှင့် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်သွားမည် ဖြစ်သည်။

" ခရမ်းရောင်နေမင်းကြီးက လူလုပ် နေမင်းကြီးလေ။ အဲတာမလို့ အဆင့်မြင့်တဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ကျင့်ကြံခြင်းအဆင့်တွေကို လိုချင်ရင် အဲဒီ နေမင်းကြီးဆီမှာ ယဇ်ပူဇော်ရတာလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရ၏။ ထို့နောက် သူသည် အဖြေတစ်ခုအား ခန့်မှန်းမိလိုက်သဖြင့် သက်ပြင်းချမိသွားရပြန်သည်။

" ငါက ဒီ လူလုပ်‌ နေမင်းကြီးအကြောင်းကို အပြည့်အဝ နားလည်သေးတာမဟုတ်ဘူး။ ဒီနေမင်းကြီးက မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲက လူတွေရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို အဆုံးအဖြတ်ပေးနိုင်ရုံတင် မဟုတ်ဘဲ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကိုပါ ထိန်းချုပ်ထားတာပဲ။ မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲမှာ ရှိနေတဲ့လူတိုင်းရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အစစ်အမှန်တွေမဟုတ်ဘူး။ လူလုပ်နေမင်းကြီးက ပေးထားတဲ့ ကျင့်ကြံခြင်းအဆင့် အတုအယောင်တွေပဲ။ အဲဒီ နေမင်းကြီးက လူတစ်ယောက်ချင်းစီတိုင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်းရှိတယ်။ တကယ်လို့ အဲဒီနေမင်းကြီးသာ ပျောက်ကွယ်သွားမယ်ဆိုရင် သူတို့တွေအကုန်လုံးက သာမန်လူတွေအဖြစ်ကို ရောက်သွားကြမှာ "

" သူတို့က ကျွန်ပြုခံထားရတဲ့ လူမှုအဖွဲ့အစည်းတစ်ခုပဲ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ထိုသို့ ရေရွတ်ကာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူသည် ပြည်ထောင်စုကြီးအား ယခုကဲ့သို့သော အခြေအနေမျိုးသို့ လုံးဝအရောက်ခံမည် မဟုတ်ပေ။

All Chapters