စိတ်အားထက်သန်မှုများ လွန်ကဲနေသည့် ရှဲ့ဟေးရန်
Vol. 64 Ch. 888
" သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အတုအယောင်တွေ ဆိုပေမဲ့ သူတို့က တကယ့်သက်ရှိအစစ်တွေ ဖြစ်နေကြတာ " ဝမ်ပေါင်လဲ့မှာ လေသံတိုးတို့ဖြင့် သက်ပြင်းချလိုက်၏။ သူသည် သူ၏နှလုံးသားထဲ၌ ခံစားနေရသည့် ခံစားချက်များကို အတိအကျ ဖော်ပြနိုင်စွမ်း မရှိပါသော်လည်း သူ၏ ဇာတိမြေဖြစ်သော ပြည်ထောင်စုကြီးအား ဤအခြေအနေသို့ လုံးဝအရောက်ခံမည် မဟုတ်ဟု သန္နိဋ္ဌာန်ချလိုက်သည်။
" ဒီနေရာမှာ ဘာမှထပ််ပြီးတော့ စုံစမ်းစရာ မကျန်တော့ပါဘူး။ ငါ အချုပ်အနှောင်ကြီးကို သေသေချာချာ ကြည့်ရှုစစ်ဆေးပြီးတော့ ဒီနေရာကနေ ထွက်သွားနိုင်မယ့် နည်းလမ်းတွေ ရှိမရှိ ရှာဖွေရမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် သူ၏ဘေးတွင် ရှိနေသည့် မိန်းမငယ်လေးမှာလည်း မတ်တတ်ထလာသည်။ သူမသည် ဇဝေဇဝါဖြစ်နေသည့် မျက်နှာမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း ချီတုံချတုံ ဖြစ်နေ၏။ တစ်အောင့်ခန့် ကြာပြီးမှ သူမသည် စကားပြောလိုက်တော့သည်။
" တာအိုရောင်းရင်း။ ခဏလောက် စောင့်ပါဦး "
ဝမ်ပေါင်လဲ့မှာ သူမ၏ စကားသံကို ကြားလိုက်ရသောအခါ နောက်သို့လှည့်၍ သူမအား စိုက်ကြည့်လိုက်၏။ မကြာသေးမီတုန်းက သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒမှတစ်ဆင့် သူမ၏ အကြည့်အား သတိထားမိခဲ့ပြီးသား ဖြစ်သည်။ ထိုစဉ်တုန်းက သူသည် ထိုမိန်းမငယ်လေးမှာ တမူထူးခြားနေသည်ဖြစ်ကြောင်း အာရုံခံမိခဲ့၏။
သူမ၏ ခန္ဓာကိုယ်ထဲ၌ ထူးဆန်းသော မီးတောက်တစ်မျိုး တောက်လောင်နေခြင်းဖြစ်သည်။ ၎င်းမှာ အလွန်အင်မတန်မှ လျှို့ဝှက်နေ၏။ ဝမ်ပေါင်လဲ့မှာ အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေပြီး ဂြိုဟ်အဆင့်အထိ ရောက်လုနီးပါးဖြစ်နေသော ကျင့်ကြံခြင်းအဆင့်ကိုသာ ပိုင်ဆိုင်ထားသောကြောင့်သာ ထိုမီးတောက်အား အာရုံခံမိခဲ့ခြင်း ဖြစ်ပေသည်။
ထိုမီးတောက်မှာ သစ်စေ့တစ်မျိုးနှင့် တူ၏။ အနိမ့်ဆုံး ဂြိုဟ်အဆင့်တွင် ရှိနေခဲ့သည့် ကျင့်ကြံသူကြီး တစ်ယောက်မှာ သေဆုံးသွားခါနီးဆဲဆဲတွင် ထိုသစ်စေ့အား ထုတ်လွှတ်ခဲ့ခြင်း ဖြစ်ရပေမည်။ ထို့အပြင် ထိုသစ်စေ့မှာ ထို ဂြိုဟ်အဆင့်ကျင့်ကြံသူကြီး ထုတ်လွှတ်ခဲ့သည့် တစ်ခုတည်းသောသစ်စေ့ မဖြစ်နိုင်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်နေသည်။
" မိခင်ဂြိုဟ်ကြီးရဲ့ စိတ်ဆန္ဒအကြွင်းအကျန်တွေများ ဖြစ်နေမလား " ဝမ်ပေါင်လဲ့မှာ သူမအား ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် စိတ်ဝင်စားသွားရ၏။ မြေဝိညာဉ်လူမှုအဖွဲ့အစည်း၏ လက်ရှိ အနေအထားမျိုးနှင့်ဆိုလျှင် စိတ်ဆန္ဒ အကြွင်းအကျန်တစ်ခုဖြင့် မိမိကိုယ်ကို အသက်ပြန်သွင်းနိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။ အများဆုံးအနေနှင့် ထို စိတ်ဆန္ဒအကြွင်းအကျန်အား လက်ခံထားသည့် လက်ခံကောင်ကိုသာ ကျင့်ကြံခြင်းစွမ်းအားအချို့ ပေးစွမ်းနိုင်မည်သာ ဖြစ်သည်။
သို့သော် ထိုကဲ့သို့ လက်ခံရရှိနိုင်မည့် ကျင့်ကြံခြင်းစွမ်းအား ပမာဏမှာလည်း ပတ်ဝန်းကျင်အခြေအနေ ပေါ်မူတည်နေသေးသည်။ ယခုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင်ဆိုလျှင် အမြုတေအဆင့်အထိသာ ရောက်ရှိနိုင်လောက်ပေသည်။
အကယ်၍ ဝမ်ပေါင်လဲ့မှာ ထိုနေရာတွင် ပိတ်မိနေခြင်းမရှိပါက ထို မိန်းမငယ်လေးနှင့် စကားပြောရန် စိတ်ဝင်စားနေမည် ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် စိတ်မပါသောကြောင့် သူမအား တစ်ချက်သာ ကြည့်လိုက်ပြီးနောက် တည်ကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်၏။
" ငါတို့နှစ်ယောက်က ဖူးစာ မပါပါဘူး " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ ထိုမိန်းမငယ်လေး၏ ဘေးတွင်ထိုင်နေသော ထိုက်ကျုံးဟုခေါ်သည့် လူငယ်လေးမှာ ဝမ်ပေါင်လဲ့၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ စိတ်အေးသွားရပြီး သက်ပြင်းချလိုက်၏။ သို့သော် သူသည် သူ သဘောကျနှစ်သက်နေသည့် မိန်းမငယ်လေး၏ မာနကို အထိပါးမခံလိုသောကြောင့် တင်းမာသည့် မျက်နှာထားဖြင့် နှာမှုတ်ကာ ဆိုလိုက်တော့သည်။
" ရပ်လိုက်စမ်း။ မင်း သွားလို့ရပြီလို့ ဘယ်သူပြောလို့လဲ " ထိုလူငယ်လေးမှာ အနိုင်ကျင့်ဗိုလ်ကျတတ်သူတစ််ယောက် ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ သူသည် ရှေ့သို့လှမ်းလာပြီး ဝမ်ပေါင်လဲ့အား လက်ဖြင့်လှမ်းဆွဲရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထို့နောက် သူသည် ရီဝေဝေဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့၏ နောက်တွင် ရပ်နေတော့သည်။ တစ်အောင်ခန့်အကြာတွင် အရာအားလုံးမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။ ထိုအခါ သူသည် ဝမ်ပေါင်လဲ့အား လုံးဝမမြင်ရတော့သည့်အလား သူ၏ အပေါင်းအဖော်များ ရှိရာဘက်သို့ ပြန်လှည့်သွားပြီး အော်ဟစ်ရယ်မောလိုက်တော့သည်။
" ဂိုဏ်းဆီမပြန်ခင် အရင်ဆုံး တစ်ခုခု စားကြတာပေါ့ " ထိုစကားလုံးများမှာ သူတို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့စဉ်တုန်းက သူ ပြောခဲ့သည့် စကားများ ဖြစ်ပေသည်။ သူသည် ထိုစကားများအား နောက်ထပ်တစ်ကြိမ်ထပ်ပြောလိုက်သည်ဖြစ်ရာ လူတိုင်းမှာ အထူးတဆန်း ဖြစ်သွားရမည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ တည်းခိုခန်းထဲရှိ အခြား ဧည့်သည်များ အပါအဝင် တည်းခိုခန်းပိုင်ရှင်နှင့် ထိုလူငယ်လေး၏ အပေါင်းအဖော်များသာမက ခန္ဓာကိုယ်ထဲ၌ တမူထူးခြားသည့် မီးတောက်တစ်ခု ပိုင်ဆိုင်ထားသော မိန်းမငယ်လေးတို့ပင်လျှင် အမူအရာ ပြောင်းလဲသွားကြခြင်း မရှိပေ။ သို့ဖြစ်ရာ အရာအားလုံးမှာ ပုံမှန်အတိုင်း ဖြစ်နေသကဲ့သို့ပင်။
ခဏအကြာတွင် ထို လူငယ်လေးမှာ အောက်သို့ထိုင်ချသွားပြီး သူ၏ မိတ်ဆွေအပေါင်းအဖော်များမှာလည်း ပျော်ရွှင်မြူးထူးစွာ စကားပြောလိုက်ကြပြန်သည်။
" ဂိုဏ်းတူအစ်ကို ထိုက်ကျုံး။ အစ်ကိုကတော့ ဂိုဏ်းအတွက် ကြီးမားတဲ့ အောင်မြင်မှုကြီးတစ်ခု ဆွတ်ခူးပေးခဲ့ပြန်ပါပြီ.... "
အချိန်မှာ နောက်ပြန်ရစ်ကာ သူတို့ငါးယောက် တည်းခိုခန်းထဲသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့သည့် အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ပင်။ ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ တည်းခိုခန်းထဲမှ ထွက်ခွာသွားပြီဖြစ်သည်။
သူသည် ထို သာမန်လူများ၏ ပြောစကားများကို အထအန ကောက်နေမည်မဟုတ်ပေ။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် ရိုးစင်းသော အမှောင်အိပ်မက်တစ်ခုအား အသုံးပြုလိုက်ရုံနှင့် သူသည် ထိုတည်းခိုခန်ထဲရှိ လူတိုင်း၏ မှတ်ဉာဏ်များကို သူတို့ မသိအောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။
သူ၏လူရိပ် ပျောက်ကွယ်သွားသောအခါ ထိုက်ကျုံး၏ ဘေးတွင် ထိုင်နေသည့် ရှို့ယန်ဟုခေါ်သော မိန်မငယ်လေးမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ မော့ကြည့်လိုက်ပြန်သည်။ သူမသည် ဝမ်ပေါင်လဲ့ ပျောက်ကွယ်သွားခဲ့သည့်နေရာအား အနည်းငယ်ခန့် ရီဝေဝေဖြစ်နေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်နေ၏။
" ဂိုဏ်းတူညီမလေး ရှို့ယန်။ ဘာကြည့်နေတာလဲ "
" ဘာမှ မဟုတ်ပါဘူး " ထို မိန်းမငယ်လေးမှာ ထိုက်ကျုံး၏ မေးခွန်းကို ကြားလိုက်ရသောအခါ ခေါင်းယမ်းကာ ပြန်ဖြေလိုက်ပြီး သူတို့၏ စကားဝိုင်းအား အာရုံပြန်စိုက်လိုက်၏။ ထို့နောက် သူမသည် သူမကိုယ်သူမပင် သတိမထားမိလိုက်ဘဲ တစ်ကိုယ်လုံး တုန်ရီသွားရသည်။
ထို့အပြင် သူမသည် ထိုအခိုက်အတန့်တွင် မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲရှိ နေရာအနှံ့အပြား၌ ရှိနေသော လူအယောက်တစ်သန်းနီးပါးမှာလည်း ထိုကဲ့သို့ အနည်းငယ်ခန့် တုန်ရီသွားရသည်ကိုလည်း သတိမထားမိလိုက်ပေ။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာမူ မြို့ထဲတွင် လမ်းလျှောက်ကာ ထွက်ခွာသွားရန် ပြင်နေရင်း တစ်စုံတစ်ခုအား အာရုံခံမိသွား၏။ ထိုအခါ သူသည် အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွားရပါသော်လည်း တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ ထို့နောက် သူသည် ထိုခံစားချက်ကြီးအား လျစ်လျှူရှုကာ ရှေ့သို့ တစ်လှမ်းလှမ်း၍ ချောက်နက်ကြီးထဲသို့ ဝင်ရောက်သွားလိုက်ပြီးနောက် မြို့ထဲမှ ပျောက်ကွယ်သွားတော့သည်။ သူ ပြန်လည်ပေါ်ပေါက်လာချိန်တွင် သူသည် ကြယ်ဝာာရာများထဲ၌ ရောက်နေပြီဖြစ်သည်။ သူ၏ ပုံပန်းသွင်ပြင်မှာမူ ယခင်တုန်းကလို မဟုတ်တော့ဘဲ မြူခိုးလုံးကြီးတစ်လုံးကဲ့သို့ မှုန်ဝါးဝါးဖြစ်နေ၏။ ၎င်းမှာ စကြဝဠာကြီးထဲသို့ စိမ့်ဝင်သွားသည့်အလားပင်။ မည်သူကမှ သတိမထားမိသည့် ထို မြူခိုးလုံးကြီးမှာ အဝေးတစ်နေရာရှိ စကြဝဠာကြီးထဲသို့ တိတ်တဆိတ် မျောလွင့်သွားတော့သည်။
မြေဝိညာဉ်လူမှုအဖွဲ့အစည်းမှာ အရွယ်အစားသိပ်မကြီးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နေ့ဝက်အတွင်းတွင် ထို လူမှုအဖွဲ့အစည်း၏ အစွန်အဖျားပိုင်းသို့ ရောက်ရှိသွား၏။ ထိုအခါ သူသည် လူမှုအဖွဲ့အစည်း၏ အစွန်းနှစ်ဖက်အား တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးထားသကဲ့သို့ ဖြစ်နေသည့် အချုပ်အနှောင်ကြီးအား မြင်လိုက်ရသည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ လုံနန်ကျစ်၏ ပုံပန်းသွင်ပြင်အဖြစ် ပြန်လည်ပြောင်းလဲသွားလိုက်ပြီး ပျားအိမ်ပုံစံ အချုပ်အနှောင်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။ သူသည် ထိုကဲ့သို့ စိုက်ကြည့်နေရင်း တဖြည်းဖြည်းနှင့် မျက်မှောင်ကြုတ်လာရ၏။ ထို့အပြင် သူသည် ရင်ထဲ၌ တထင့်ထင့် ဖြစ်နေသောကြောင့် ထို အချုပ်အနှောင်ကြီးအား အလောတကြီး ချိုးဖျက်ရန် မဝံ့ရဲဘဲ ဖြစ်နေရတော့သည်။
သူ၏ ဂြိုဟ်အဆင့် လက်ဖဝါးကြီးမှာလည်း အသုံးမဝင်တော့သည့်အပြင် သူ၏ ဓမ္မစစ်သင်္ဘောကြီးများထဲမှ အများစုမှာလည်း ပေါက်ကွဲပျက်စီးသွားကြပြီ မဟုတ်ပါလော။ သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း ၎င်း၏ ဝိညာဉ်စွမ်းအင် အများစုအား ထုတ်သုံးခဲ့ရသည့်ဖြစ်ရာ ယခုတွင် အသုံးမဝင်တော့ပေ။ ထို့ကြောင့် လက်ရှိတွင် သူသည် မည်သည့် ဝှက်ဖဲကိုမှ ပိုင်ဆိုင်ထားခြင်းမရှိဘဲ ဖြစ်နေရ၏။
ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်သွားလိုက်ပြီးနောက် သူ၏ နတ်ဘုရားစိတ်ဆန္ဒအား သိုလှောင်အိတ်ထဲသို့ စေလွှတ်လိုက်တော့သည်။ ကျောက်ယမုန့်မှာ သူ၏ သိုလှောင်အိတ်ထဲရှိ ဓမ္မစစ်သင်္ဘော တစ်စင်းပေါ်၌ တိတ်ဆိတ်ငြိမ်သက်စွာ တရားထိုင်နေ၏။
သူမ၏ ဘေးတွင်မူ မြည်းလေးမှာ ခြေပစ်လက်ပစ် လဲလျောင်းကာ အသံအကျယ်ကြီးဖြင့် ဟောက်နေသည်။ ဝူလေးမှာမူ သူမ၏ဘေး၌ ရှိနေပြီး မကြာခဏဆိုသလို သူမအား လှမ်းကြည့်နေ၏။
ဝမ်ပေါင်လဲ့၏ နတ်ဘုရားစိတ်ဆန္ဒ သိုလှောင်အိတ်ထဲသို့ ဝင်ရောက်လာသည်နှင့် ကျောက်ယမုန့်မှာ မျက်လုံးများပွင့်လာ၏။ ထို့နောက် သူမသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒ၏ အကူအညီနှင့်အတူ လူမှုအဖွဲ့အစည်း ပတ်ပတ်လည်ရှိ အချုပ်အနှောင်ကြီးအား အကဲခတ်ကြည့်ရှုလိုက်တော့သည်။ ဝူလေးမှာလည်း သူမကဲ့သို့ပင် ၎င်းအား ကြည့်ရှုလိုက်၏။
" ယမုန့်။ ငါ့ကို ကူရှာပေး။ ဒီ မန္တန်အစီအရင်ကြီးကို ဖောက်ထွက်နိုင်မယ့် နည်းလမ်းတစ်ခုခုများ ရှိမလား "
ဝမ်ပေါင်လဲ့မှာ သူ ထိုနေရာသို့ တည်နေရာပြောင်းရွှေ့လာစဉ်ကတည်းက ကျောက်ယမုန့်အား ဖြစ်ကြောင်းကုန်စင် ပြောပြထားခဲ့ပြီးသား ဖြစ်သည်။ သူတို့မှာ အန္တရာယ်တောထဲသို့ ရောက်နေသည် မဟုတ်ပါလော။ သူသည် သူ၏ ဝိညာဉ်ခန္ဓာကိုယ်ထဲ၌ ရှိနေသောကြောင့် သူ၏ အငွေ့အသက်များကို ဖုံးကွယ်နိုင်စွမ်း ရှိနေသည့်တိုင်အောင် ကျောက်ယမုန့်မှာ ထိုသို့ ဖုံးကွယ်နိုင်စွမ်းမရှိပေ။ သို့ဖြစ်ရာ သူမသည် သူ၏ သိုလှောင်အိတ်ထဲမှ ထွက်ခွာလာသည်နှင့် လူလုပ် ထာဝရကြယ်ကြီးမှာ သူမ၏ အငွေ့အသက်များအား သတိထားမိသွားနိုင်ပေသည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်နှင့် ဆွေးနွေးတိုင်ပင်လိုက်ပြီးနောက် သူမအား အပြင်သို့မထုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားစိတ်ဆန္ဒမှတစ်ဆင့် ထို မန္တန်အစီအရင်ကြီးအား အသေးစိတ် အကဲခတ်လေ့လာနေ၏။ ခဏအကြာတွင် သူမသည် မျက်မှောင်ကြုတ်သွားပြီးနောက် သက်ပြင်းချလိုက်တော့သည်။
" ဒီ လူလုပ် ထာဝရကြယ်ကြီးက ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲက ထိပ်တန်းအဆင့် လျှို့ဝှက်ပစ္စည်းတစ်ခုပဲ။ ဒီ နေမင်းကြီးထဲက မန္တန်အစီအရင်ကြီးကို ထာဝရကြယ်အဆင့် ခေါင်းဆောင်ကြီးသုံးယောက်က ဖန်တီးတည်ဆောက်ပေးထားတာ။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းထဲက ငါ့ရဲ့ဆရာတောင်မှ အဲဒီ မန္တန်အစီအရင်ကြီးကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ပေါင်လဲ့ရေ။ ငါတို့ရဲ့ အစွမ်းအစတွေနဲ့ ဒီ အချုပ်အနှောင်ကြီးကို ဖျက်ဆီးလို့ရမှာ မဟုတ်လောက်ဘူးဟ " ကျောက်ယမုန့်မှာ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ ယခုတွင် သူမသည် ဝမ်ပေါင်လဲ့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲကြီးအား သိရှိနားလည်သွားပြီဖြစ်ရာ စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။
ဝမ်ပေါင်လဲ့မှာ သူမ၏ အဖြေအား ကြားလိုက်ရသောအခါ နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် မျက်ဝန်းများ အရောက်လက်သွားပြီး ဝူလေးဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။
" ဝူလေး။ မင်းဆီမှာရော ဘာအကြံတွေ ရှိလဲ "
ဝူလေးမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းအား ကြားလိုက်ရချိန်တွင် မျက်ဝန်းများ ရီဝေဝေဖြစ်နေ၏။ သို့သော်လည်း သူသည် အစွမ်းကုန်ကြိုးစားကာ သူ၏ မေးခွန်းအား အလေးအနက် စဉ်းစားတွေးတောနေသည့်ပုံစံ ပေါက်အောင် ဟန်ဆောင်လိုက်ဆဲပင်။ နောက်ဆုံးတွင်မူ သူသည် စိတ်ပျက်လက်ပျက်နှင့် ခေါင်းယမ်းလိုက်တော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ဝူလေးအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီးနောက် သူ့အား လုံးဝ လျစ်လျှူရှုထားလိုက်၏။ ထို့နောက် သူသည် သူ၏ရှေ့တွင် ရှိနေသည့် မန္တန်အစီအရင်ကြီးအား စိုက်ကြည့်နေလိုက်ပြီး တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေလိုက်တော့သည်။ ခဏအကြာတွင် သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပေလွှာတစ်ခုအား ရုတ်တရက် ထုတ်ယူလိုက်၏။
၎င်းမှာ ရှဲ့ဟေးရန် သူ့အား ပေးထားခဲ့သည့် ကျောက်စိမ်းပေလွှာ ဖြစ်ပေသည်။ သူသည် ဝမ်ပေါင်လဲ့အား သူ တော်ဝင်သင်္ချိုင်းကုန်းထဲ၌ ရှိနေစဉ် ၎င်းအား အသုံးပြု၍ သူ့အား ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ဖြစ်နိုင်မည်ဆိုပါက ရှဲ့ဟေးရန်အား လုံးဝ မဆက်သွယ်ချင်ပေ။ ရှဲ့ဟေးရန်တစ်ယောက် အဖွဲ့အစည်းသုံးခုနှင့် အပေးအယူလုပ်ခဲ့သည့် အချက်ကြောင့် ဝမ်ပေါင်လဲ့မှာ မကျေမချမ်း ဖြစ်နေရဆဲပင်။ ထို့ကြောင့်လည်း သူသည် ထာဝရကြယ်ပေါ်၌ ရှိနေခဲ့စဉ်တုန်းက ရှဲ့ဟေးရန်အား ဆက်သွယ်ရန် တစ်ကြိမ်ပင် မတွေးမိခဲ့ခြင်း ဖြစ်သည်။ ယခုတွင်မူ သူသည် ထိုကျောက်စိမ်းပေလွှာအား သူ၏လက်ထဲ၌ ဆုပ်ကိုင်ရင်း ချီတုံချတုံဖြစ်နေသည့် မျက်ဝန်းများဖြင့် ၎င်းအား စိုက်ကြည့်နေတော့သည်။
" ဒီ မန္တန်အစီအရင်ကြီးက အစွမ်းထက်ပေမဲ့ ရှဲ့ဟေးရန်ရဲ့ အစွမ်းအစမျိုးနဲ့ဆိုရင် တစ်ခုခုလုပ်နိုင်မှာ သေချာတယ်။ ငါ သူ့ကို လှမ်းပြီးတော့ ဆက်သွယ်လို့မရရင် တခြားနည်းလမ်းတစ်ခုခု စဉ်းစားလိုက်မယ်။ သူ့ကို ဆက်သွယ်လို့ရရင်တောင် သူ့ဘက်က ကမ်းလှမ်းတဲ့ ဈေးနှုန်းက မတန်တဆ များနေမယ်ဆိုရင် သူနဲ့ လုံးဝ အဆက်အသွယ် ဖြတ်လိုက်ရုံပဲ... တကယ်လို့ ဘာမှ လုပ်စရာမကျန်တော့ရင် လူလုပ်ထာဝရကြယ်ကြီးဆီကို သွားလိုက်မယ်ကွာ။ ညာလက်ရုံး အကြီးအကဲကြီးက အဲဒီ ထာဝရကြယ်ကြီးထဲမှာ အနားယူနေမှာ သေချာတယ်။ ငါ သူ့ကို သတ်ဖြတ်နိုင်ဖို့ သူနဲ့ အသေအကျေ တိုက်ခိုက်ရတာပေါ့။ နောက်ဆုံး ဘာမှ မတတ်နိုင်တော့ရင်တောင် ငါ့ရဲ့ ထာဝရကြယ်မီးတောက်ကို ဖောက်ခွဲပစ်လိုက်ရုံပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒအား ကျောက်စိမ်းပေလွှာထဲသို့ ထည့်သွင်းကာ ရှဲ့ဟေးရန်အား လှမ်း၍ဆက်သွယ်နိုင်ရန် ကြိုးစားလိုက်တော့သည်။
သူ၏ နတ်ဘုရားစိတ်ဆန္ဒ ကျောက်စိမ်းပေလွှာထဲသို့ ဝင်သွားသည်နှင့် ၎င်းထဲမှ မျက်စိကျိန်းစရာကောင်းသည့် အလင်းရောင်များထွက်ပေါ်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့ စကားမပြောနိုင်ခင်မှာပင် ရှဲ့ဟေးရန်၏ စကားသံမှာ ထို ကျောက်စိမ်းပေလွှာထဲမှ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။
" ညီကိုပေါင်လဲ့ပါလား။ ဟဲဟဲ။ မင်း ငါ့ဆီ အဆက်အသွယ် မလုပ်တာတောင် တော်တော် ကြာနေပြီနော်။ ငါ့မှာ မင်းကို လွမ်းနေရတာကွ။ ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပါကွာ။ ငါ အမှားလုပ်မိခဲ့တာ ဝန်ခံပါတယ်။ ငါ မင်းဆီကို မင်း အသုံးလိုမယ့် ပစ္စည်းလေးတွေ ပို့ပေးရမလား စဉ်းစားနေတာ။ ငါတို့က မိတ်ဆွေကောင်းတွေ မဟုတ်လားကွ။ ပြီးရင် မင်းက ငါ့ရဲ့ အရေးကြီး ဖောက်သည်တစ်ယောက်ဆိုရင်လည်း မမှားဘူးလေ " ကျောက်စိမ်းပေလွှာထဲမှ ထွက်ပေါ်လာသည့် ရှဲ့ဟေးရန်၏ စကားသံမှာ နွေးထွေးကာ စိတ်အားထက်သန်မှုအပြည့် ရှိနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ လုပ်ရပ်များအား မနှစ်မြို့သည့်တိုင်အောင် အနည်းငယ်ခန့် စိတ်ကျေနပ်သွားရဆဲပင်။