အေးခဲနေတဲ့မိုးရေစက်တွေကြား လောင်ကျွမ်းခြင်း
Vol. 7 Ch. Chapter 16
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 16 - အေးခဲနေတဲ့ မိုးရေစက်တွေကြားမှာ လောင်ကျွမ်းသွားခဲ့
ရေဂင်က သူပြုတ်ကျသွားတဲ့ အုတ်ပုံထဲကနေပြီး ပြန်ထလိုက်တယ်။ အခုသူက အဆောက်အဦးတစ်ခုထဲမှာ ရှိနေတာဖြစ်ပြီးတော့ ရဲတွေက အဆောက်အဦးထဲကလူတွေကို ပြောင်းရွှေ့ပေးဖို့လုပ်နေတဲ့ လုပ်ငန်းစဥ်အတွင်းမှာပါ။ လူနဲ့တူပေမဲ့ အပြာရောင်ပိုးတောင်မာပုံပေါက်နေတဲ့ ရေဂင်ကြောင့် လူတွေအကုန်လုံး လန့်ဖြန့်ကုန်တယ်။ ရဲတွေကလည်း ရေဂင်ကို ကြောက်လန့်တကြားဖြစ်နေတဲ့အထဲကနေဘဲ သေနတ်နဲ့ချိန်ပြီး ရှေ့တိုးလာရင်ပစ်ဖို့ အသင့်ပြင်တယ်။
ရေဂင်က ရှေ့တိုးဖို့ကြိုးစားလိုက်ပေမဲ့ သူ့ခန္ဓာကိုယ်က အားအင်တွေ လျင်မြန်တဲ့နှုန်းနဲ့ ယုတ်လျော့နေတာကို ခံစားလိုက်ရတဲ့အတွက် သူ့စိတ်ကိုထိန်းအား အောက်ကိုပြန်ငုံကြည့်လိုက်တယ်။ သူ့ရင်ဘတ်မှာ ညှော်နံထွက်နေတဲ့ အပေါက်ကြီးတစ်ပေါက်ရှိနေပြီး အဝါရောင်သွေးရည်ကြည်တွေက ရေပိုက်ပေါက်သလို စီးကျနေပါတယ်။ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တာတောင်မှ အလင်းဒြပ်စင်တန်းက သူ့ကိုဒဏ်ရာကြီးကြီးမားမားရအောင် စွမ်းဆောင်လိုက်နိုင်ပုံပဲ။
"နောက်တစ်ခါမှပေါ့။" ဒေါသထွက်နေတဲ့ရေဂင်က သွားကြားထဲက ထွက်လာတဲ့လေသံနဲ့ပြောရင်း မြေကိုခြေဆောင့်ကာ ကောင်းကင်ပေါ်ခုန်တက်လိုက်ပြီး မြို့ထဲကနေ ပျောက်ကွယ်သွားတယ်။ ရဲတွေနဲ့ပြည်သူတွေကတော့ အကြောင်သားကျန်နေရစ်တယ်။
မက်ဒါနာတို့ တွင်းထဲကနေ တက်လာချိန်မှာတော့ ရေဂင်ကို အရိပ်အယောင်တောင် မတွေ့ရတော့ပါဘူး။ အေမီက မက်ဒါနာကို ကုန်းပိုးထားရပြီး ခွေးကြီးစေဘာစတိန်းကလည်း ရေဂင့်လက်သီးချက်ကြောင့် ထိခိုက်သွားတဲ့အတွက် ပိန်လိန်နေတဲ့ အနက်ရောင်သေတ္တာအဖြစ် ပြန်ပြောင်းထားရပြီး အေမီရဲ့လက်ထဲမှာ ရှိနေပါတယ်။
"တွက်ချက်ထားတဲ့အတိုင်းမဟုတ်ဘဲ နည်းနည်းလေးသာလွဲသွားရင် ငါသေမှာ။" မက်ဒါနာက ပါးစပ်ထဲကနေ သွေးနဲ့သွားရည်တွေကို ထွေးထုတ်လိုက်ရင်း ပြောလိုက်တယ်။ ဖလေရာကလည်း ဝတ်စုံက အပျက်အစီးတွေကို စစ်ဆေးကြည့်လိုက်ရင်း ခေါင်းညိတ်ပြလိုက်တယ်။
"ကြည့်ရတာ ရေဂင်တော့ မသေရင်တောင် ဒဏ်ရာဆိုးဆိုးဝါးဝါး ရသွားတဲ့ပုံပဲ။ ပြဿနာက ငါတို့မှာ နောက်ထပ်ရင်ဆိုင်ရမယ့် အကောင်တစ်ကောင်ရှိနေသေးတယ်။"
ဖလေရာက မြို့တစ်နေရာက ထွက်ပေါ်လာနေတဲ့ မီးခိုးတွေကို လက်ညိုးထိုးပြလိုက်တယ်။ ကြည့်ရတာ မြို့ထဲမှာ တိုက်ပွဲကြီးကြီးမားမားဖြစ်နေပြီး မီးပါလောင်နေတဲ့ပုံပဲ။ ခဏနေတော့ အော်သံကျယ်ကြီးတစ်ခုနဲ့အတူ လူတစ်ယောက်မိုးပေါ်ကို မြောက်တက်လာတာကို သူတို့မြင်လိုက်ရတယ်။
ဘုန်း....
အဲဒီလူက သူတို့နဲ့နှစ်လမ်းကျော်လောက်ကို ပြုတ်ကျသွားပြီး အသံကျယ်ကြီးမြင့်တက်လာတယ်။ သူတို့လည်း ပြုတ်ကျလာတဲ့သူ သေသလားရှင်သလားသိရအောင် တဖြည်းဖြည်းချင်းရွှေ့ရင်းသွားကြည့်တော့ ဓားနတ်ဆိုးဖြစ်နေတာကို တွေ့လိုက်ရတယ်။ သူ့လက်တစ်ဖက်က ကျိုးနေပြီး ခြေထောက်နှစ်ချောင်းကလည်း နေရာလွဲနေတယ်။ သေချာပေါက် တိုက်ပွဲဆက်ဝင်နိုင်တဲ့ အခြေအနေမှာ ရှိမနေတော့ပါဘူး။
"ရှင်တို့ခုနတုန်းကတောင် သစ်ဆွေးပိုးကောင်ကို လက်ရည်ညီညီယှဥ်တိုက်နေတာပါ။ အခုဘယ်လိုလုပ်ပြီး စုတ်ပြတ်နေအောင် ခံနေရတာလဲ။"
ဖလေရာက သိချင်စိတ်အပြည့်နဲ့ မေးလိုက်တော့ ဓားနတ်ဆိုးက ကောင်းနေသေးတဲ့ လက်တစ်ဖက်ကို အားပြုကာ ထိုင်လိုက်ရင်းပြောတယ်။ "ပိုးကောင်က ပိုအားကောင်းလာလို့လေ။ အခုအရွယ်ကလည်း ပိုကြီးလာပြီ။ ဖရက်က ခံတိုက်နေသေးပေမဲ့ သူလည်း ဘယ်လောက်ထိကြာကြာခံမလဲတော့မသိဘူး။"
ကောင်းကင်ပေါ်မှာ မိုးတိမ်တောင်တွေ ရှိနေဆဲပါ။ တစ်နည်းအားဖြင့် ဖရက်နဲ့ပိုးကောင်ရဲ့တိုက်ပွဲက ရှေ့ဆက်နေတုန်းပဲ။ ဒါပေမဲ့ ရေဂင်ပြောတဲ့အတိုင်းဆိုရင် သစ်ဆွေးပိုးကောင် အရွယ်ရောက်လာတာနဲ့ သူတို့မှာ နိုင်ဖို့အခွင့်အရေးမရှိတော့ဘူး။ မက်ဒါနာက ရေဂင်ကိုထိခိုက်အောင်လုပ်လိုက်နိုင်တယ်ဆိုပေမဲ့ အဲဒါက မယ်လီရဲ့စိတ်နေစိတ်ထားနဲ့ရေဂင်ရဲ့တုံ့ပြန်မှုအပေါ် မူတည်အလောင်းအစားပြုလုပ်ပြီး အားကုန်ထုတ်တိုက်ခဲ့လို့ပါ။ ဒါပေမဲ့ အခုတော့ သူ့ဝတ်စုံက အားကုန်ခါနီးနေပြီဖြစ်လို့ နောက်ထပ်အလင်းတန်းတစ်ခု ထုတ်ဖော်ဖို့ မဖြစ်နိုင်တော့ပါဘူး။
"အဲဒီပိုးကောင်မှာ အားနည်းချက်တစ်ခုခုရှိရင်ကောင်းမယ်။" မက်ဒါနာက ပြောလိုက်တယ်။ သူ့ဝတ်စုံက လူသားတွေရဲ့တိုက်ကွက်တွေကို မှတ်ထားပြီး ဖြစ်နိုင်ခြေရှိတဲ့ တန်ပြန်နည်းဗျူဟာတွေကို ချမှတ်ပေးနိုင်ပေမဲ့ ပိုးကောင်တွေအတွက် သီးသန့်ရည်ရွယ်ပြီး ဗားရှင်းမြှင့်တာမျိုးလုပ်မထားရသေးဘူး။ ပြီးတော့ အာကာသပိုးကောင်တွေက ကမ္ဘာက ပိုးကောင်အစစ်တွေနဲ့တူညီတဲ့ အားနည်းချက်အားသာချက်တွေ ရှိမရှိသူမသိဘူး။
အဲဒီအချိန်မှာပဲ မယ်လီရှေ့တက်လာပြီး ပြောလိုက်တယ်။ "တကယ်တော့ သူ့မှာအားနည်းချက်ရှိတယ်။"
လူတိုင်းမယ်လီကို ကြည့်လိုက်ကြတယ်။ လက်ရှိအခြေအနေက နည်းနည်းကသိကအောင့်ဖြစ်စရာကောင်းပေမဲ့ မယ်လီက ဒီပြဿနာတွေအားလုံးရဲ့အရင်းခံ အပြာရောင်ပိုးတောင်မာမျိုးနွယ်က မျိုးနွယ်ဝင်တစ်ယောက်ပါ။ ဒီတော့ သူသိထားတာရှိနိုင်တယ်လေ။
"သစ်ဆွေးပိုးမျိုးနွယ်က ခံစစ်မှာကျော်ကြားပေမဲ့ သူတို့ရဲ့ကျောဘက်ကပဲမာတာ။ ဝမ်းပိုင်းကတော့ နည်းနည်းပျော့တယ်။ ဒါပေါ့၊ တော်ရုံတိုက်ကွက်တွေနဲ့ ဖျက်ဆီးနိုင်တာမျိုးတော့မဟုတ်ဘူး။"
ဓားနတ်ဆိုးကလည်း နားထောင်နေရင်း သဘောပေါက်သွားတဲ့ပုံပါပဲ။ "ဒါကြောင့် အဲဒီပိုးကောင်က သူ့ကိုယ်ကိုကွေးပြီး တတ်နိုင်သမျှ ဘောလုံးလိုနေဖို့ကြိုးစားနေတာပဲ။"
မယ်လီကလည်း ဓားနတ်ဆိုးကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ သူ့ဆံစတချို့က နဖူးပေါ်ကနေ ဖယ်ခွာသွားတယ်။ "ဒီတော့ သူ့ကို ပက်လက်လှန် ကွေးလို့မရအောင်တားပြီး အားပြင်းတဲ့ တိုက်ကွက်တစ်ခုခုနဲ့ တိုက်နိုင်မယ်ဆိုရင် ဒဏ်ရာရပြီးသေအောင်လုပ်နိုင်လိမ့်မယ်။ ဖက်ဒရေးရှင်းက တပ်သားတွေက သစ်ဆွေးပိုးကောင်တွေကို အဲဒီနည်းနဲ့သတ်ကြတာ။"
မက်ဒါနာလည်း မေးကိုလက်ထောက်ပြီး စဥ်းစားကြည့်တယ်။ ဒီအစီအစဥ်က အတော်လေးကောင်းပေမဲ့ ပြဿနာက ဘယ်သူက ကြောင်ကိုချူဆွဲပေးမှာလဲ။ သူတို့က ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ ရေဂင်ကို ရှိသမျှအားကုန်ထုတ်ပြီး တိုက်ပြီးပါပြီ။ နောက်အဆင့်တူပိုးကောင်ကို လက်ရှိပုံစံနဲ့သွားတိုက်မယ်ဆိုရင် အောင်မြင်မှာမဟုတ်ဘူး။
"ငါတို့အခုတပ်ဆုတ်ပြီး ဝတ်စုံတွေပြင်ပြီးမှ ပြန်လာကြမလား။ မဟုတ်သေးဘူး၊ အဲဒီလိုဆိုရင် ဒီတစ်မြို့လုံး ပျက်စီးသွားလိမ့်မယ်။" မက်ဒါနာခေါင်းခဲလာတယ်။ သူဘာကိုရွေးချယ်ရမှန်းမသိတော့ဘူး။ ဒါပေမဲ့ မယ်လီက သူ့လက်ထဲက လေးကိုမြှောက်ပြီး မက်ဒါနာရဲ့ပခုံးကို ပုတ်လိုက်တယ်။
"နင်က တာဝန်ကျေပြီးပြီ၊ အခုက ငါ့အလှည့်ပဲ။"
ဒါပေမဲ့ ဖားလေးကတော့ သိပ်သဘောတူချင်တဲ့ပုံမပေါ်ဘူး။ "ဒါပေမဲ့ ပိုးကောင်ဗိုလ်ချုပ်တွေက အစ်မကြီးကို အကျပ်ကိုင်နိုင်တယ်မဟုတ်လား။" ဖားလေးဝင်ပြောမှ ကျန်တဲ့သူတွေအားလုံးလည်း ရေဂင်သုံးခဲ့တဲ့ နည်းလမ်းကို ပြန်သတိရလာတယ်။ အဲဒါကဘာမှန်း သူတို့သေချာမသိပေမဲ့ ပိုးကောင်တွေမှာလည်း မျိုးနွယ်အဆင့်အတန်းခွဲခြားမှုရှိပုံပဲ။ အဆင့်မြင့်တဲ့ပိုးကောင်က အဆင့်နိမ့်ပိုးကောင်တွေကို သူတို့စိတ်သက်သက်နဲ့ပဲ ဖိနှိပ်ခိုင်းစေနိုင်တာမျိုးပေါ့။
မယ်လီက ခေါင်းညိတ်ပြီးဝန်ခံတယ်။ "ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ငါက တစ်ခါဆန့်ကျင်ခဲ့ပြီးသား။ ဒီတော့ နောက်ထပ်တစ်ခါလည်း ဆန့်ကျင်နိုင်ဦးမှာပဲ။ ဘာလို့ဆိုရင် ငါ့မှာနင်တို့ရှိနေပြီလေ။"
နောက်တော့ မယ်လီက အားလုံးကိုကျောခိုင်းလိုက်ပြီး လေးကိုအသင့်ပြင်လိုက်တယ်။ အလင်းဒြပ်စင်နီတွေက လေးမှာ မြားတံအဖြစ်ဖွဲ့စည်းသွားပြီးနောက် သူက ထပ်ပြောလိုက်တယ်။
"ငါက နယူးယောက်ဟီးရိုးပဲလေ၊ နယူးယောက်မြို့ကို ကာကွယ်ရမှာပေါ့။" နောက်တော့ မယ်လီက သူ့အတောင်ကိုဖွင့်ပြီး ပျံတက်လိုက်တယ်။ အဲဒီနောက် မီးခိုးတွေ တလိပ်လိပ်တက်နေတဲ့ တိုက်ပွဲဖြစ်ပွားရာဆီကို သွားတယ်။
....
ဖရက် မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ပခုံးက ဒဏ်ရာကနေ သွေးတွေစီးကျနေတယ်။ မြေပြင်ထက် ပေနှစ်ဆယ်ကျော်အထိမြင့်တက်နေတဲ့ ဘေးပတ်ဝန်းကျင်က မီးအပူချိန်ကြောင့်လည်း သူ့နဖူးကနေ ချွေးတွေစီးကျနေတယ်။
ဒီမီးတောက်တွေက သူတို့တိုက်ပွဲဖြစ်ပွားနေတုန်း သက်ရောက်လှိုင်းတစ်ခုက ဂက်စ်ပိုက်လိုင်းကို ထိမိသွားတဲ့အတွက် ပေါက်ကွဲပြီးလောင်ကျွမ်းကုန်တာ။ စိတ်မကောင်းစရာကောင်းတာက မီးပြန့်တာမြန်လွန်းတဲ့အတွက် တိုက်ခန်းတွေထဲမှာ ပိတ်မိနေတဲ့လူတွေကို သူမကယ်နိုင်ခဲ့တာပဲ။ ရဲတွေနဲ့မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ သူတို့တိုက်ပွဲကြောင့် ဝင်မကယ်နိုင်သလို ဘေးပတ်ဝန်းကျင်က ဘလောက်တွေကို မီးမပြန့်သွားအောင် ထိန်းရုံပဲထိန်းနိုင်ကြပါတယ်။ ဒါတောင် သက်ရောက်အားလှိုင်းတွေကြောင့် သူတို့တွေထဲကတချို့ ဒဏ်ရာရကုန်ကြသေးတယ်။
"ဇာတ်လမ်းတွေထဲမှာတော့ ဟီးရိုးက လူတွေကယ်ဖို့လွယ်လိုက်တာ။ အခုကျတော့ ငါက လူတွေသေတာ ထိုင်ကြည့်နေရတယ်။ ဒီကောင်ကြီးကို မြို့ထဲကနေ ထုတ်သွားဖို့ကလည်း နယူးယောက်မြို့က သောက်ကျိုးနည်းအောင် ကျယ်လွန်းတယ်။"
ဖရက်က ညည်းတွားလိုက်တယ်။ သူက ဟီးရိုးမဟုတ်တဲ့အတွက် လူတွေဒုက္ခရောက်မှာ မကြည့်ချင်တာကြောင့် လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ သူစုစည်းထားတဲ့ တိမ်တိုက်တွေက စတင်ပြီးမိုးအဖြစ်ရွာချတယ်။ မီးက ချက်ချင်းငြိမ်းသွားမှာတော့မဟုတ်ပေမဲ့ အနည်းဆုံးတော့ ဘေးပတ်ဝန်းကျင်ကို အရူးအမူးလိုက်ကူးစက်မနေတော့ဘူးပေါ့။
ဝူး....
ဘက်စ်ကားတစ်စီးလောက် အရွယ်ရှိနေပြီဖြစ်တဲ့ ပိုးကောင်ကြီးက ဘီးအဖြစ်ပြောင်းပြီး သူ့ဆီကို ပြေးဝင်လာတယ်။ ဖရက်က အတောင်ကိုခတ်ပြီး ဘေးကိုရှောင်ထွက်လိုက်တယ်။ ပိုးကောင်က ကားတချို့ကို နင်းချသွားပြီး ပြန်လှည့်လာကာ ဖရက်ကိုလိုက်တိုက်တယ်။ အဲဒီအချိန်မှာပဲ လေးနဲ့မယ်လီပေါ်လာတဲ့အတွက် ဖရက်က ဓားနဲ့ခုတ်ဖို့ရွယ်လိုက်တယ်။
"ငါက အခုနင်တို့ဘက်က အဲဒီပိုးကောင်ကို ပက်လက်လန်အောင်လုပ်ဖို့လိုတယ်။"
ဖရက်က မယ်လီကိုလုံးဝမယုံပေမဲ့ မယ်လီက ပိုးကောင်ကို လေးနဲ့နှစ်ချက်ဆင့်ပစ်လိုက်တဲ့အတွက် ပိုးကောင်က ခနရပ်သွားပြီး မယ်လီကိုကြည့်ကာ အော်ဟစ်လိုက်တယ်။ ကြီးမားတဲ့ဖိအားတစ်ခုက မယ်လီကို ရစ်သိုင်းသွားပြီး မြေပေါ်ကိုပြုတ်ကျလာစေပေမဲ့ မယ်လီက နောက်ထပ်လေးချက်တွေနဲ့ ဆက်ပစ်တဲ့အတွက် ပိုးကောင်ကြီးက ဒေါသတကြီးဟိန်းဟောက်ပြီး ဖရက်အစား မယ်လီနောက်ကို ဆက်လိုက်တယ်။
"နောက်တစ်ခါထပ်ပြီး ဘက်ပြောင်းတာလား။ မင်းအကူအညီက အလုပ်ဖြစ်ဖို့ မျှော်လင့်ရတာပဲ။"
ဖရက်က ရှိသမျှမိုးကြိုးစွမ်းအားတွေကို နောက်တစ်ခါစုစည်းလိုက်ပြီး မိုးကြိုးဓားရဲ့အစွမ်းကို တိုးမြှင့်လိုက်တယ်။ သူက ပိုးကောင်ရဲ့ခေါင်းဆီကို တည့်တည့်ပြေးဝင်ပြီး ရှေ့တိုက်ပစ်လိုက်တယ်။ ပိုးကောင်က သူ့ခန္ဓာကိုယ်အကာအကွယ်ကိုသူ အထင်ကြီးနေတဲ့အတွက် မရှောင်ခဲ့တဲ့အတွက် ပုံမှန်ထက်ပိုပြင်းတဲ့ မိုးကြိုးတွေကြောင့် ပါးစပ်ထဲကနေ အမြုပ်တစီစီထွက်ပြီး ပြိုလဲသွားတယ်။ ဒါပေမဲ့ ဒီလိုအနေအထားမျိုးက စက္ကန့်ပိုင်းပဲခံတာဖြစ်ပြီး ဖရက်က ပိုးကောင်ပက်လက်လန်နေတုန်း တစ်ခုခုမလုပ်နိုင်သေးခင် ပိုးကောင်က ပြန်ထလာပါပြီ။
"ကြည့်ရတာ တစ်ယောက်တည်းလုပ်ဖို့ မဖြစ်နိုင်တဲ့ပုံပဲ။"
"နင်နောက်တစ်ခါထပ်လုပ်၊ သူငါ့ကို ပြန်လုံးလို့မရအောင် လေးနဲ့ကြားထောက်ပေးထားမယ်။ နင်ကတော့ မိုးကြိုးနဲ့ပစ်ချပေါ့။"
"ကောင်းပြီလေ။" ဖရက်နဲ့မယ်လီက ဗျူဟာအတွက်
ဆွေးနွေးပြီးတဲ့နောက်တော့ အကောင်အထည်ဖော်ဖို့စလုပ်တယ်။
....
"အေမီ၊ နင်ဘယ်သွားမလို့လဲ။" အေမီရဲ့ပခုံးပေါ်မှာရှိနေတဲ့ မက်ဒါနာက တိုက်ပွဲနဲ့ဆန့်ကျင်ဘက်ကို သွားဖို့ပြင်နေတဲ့ အေမီကိုမေးလိုက်တယ်။
"သခင်မလေး၊ ဒဏ်ရာတွေက ပြင်းထန်တဲ့အတွက် အမြန်ဆုံးပြန်ပြီး ကုသမှုခံယူရပါမယ်။" အေမီက ပြန်ဖြေပေမဲ့ မက်ဒါနာကတော့ ခေါင်းခါပြပါတယ်။
"ငါကတော့ အဲဒါအကြံကောင်းလို့မထင်ဘူး၊ တကယ့်ဟီးရိုးတစ်ယောက် တိုက်ခိုက်တာကို ငါတို့သွားကြည့်သင့်တယ်လို့ထင်တယ်။" မက်ဒါနာက အေမီကို တိုက်ပွဲဖြစ်နေတဲ့နေရာဆီ လိုက်ပို့ဖို့တောင်းဆိုတယ်။ဒါပေမဲ့ အေမီကတော့ လက်မခံနိုင်ဖြစ်နေဆဲပါ။
"ဒါပေမဲ့ သခင်မလေးရဲ့ဒဏ်ရာတွေက တစ်မိနစ်လောက်နောက်ကျတာနဲ့ တစ်ခုခုဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးမှာပါ။ သခင်မလေးရဲ့အမိန့်ကို ကျွန်မနားမလည်နိုင်ပါဘူး။"
အေမီရဲ့စကားကို မက်ဒါနာက တိုးတိုးလေးပဲကြားရတယ်။ သူ့မျက်လုံးကိုတောင် မနည်းဖွင့်ထားရတာ။ ဒါပေမဲ့ သူ့လိုပဲဒဏ်ရာရထားတဲ့ ဖားလေးနဲ့ဟယ်ရီတို့
တိုက်ပွဲဖြစ်နေတဲ့နေရာကို သွားဖို့လုပ်နေတာတွေ့တော့ သူက အေမီကိုထပ်ပြီးတိုက်တွန်းလိုက်တယ်။
"ဒီတိုက်ပွဲကို ငါမျက်မြင်ကိုယ်တွေ့မကြည့်ရရင် တစ်ဘဝလုံးနောင်တရနေရလိမ့်မယ်လို့ ခံစားရလို့ပါ။"
အေမီက မက်ဒါနာရဲ့စကားကြောင့် ရှေ့ကိုခြေလှမ်းနေရာကနေ ရပ်လိုက်တယ်။ နောက်တော့ သူ့ရှေ့မှာရှိနေတဲ့ လမ်းချိုင့်လေးတစ်ခုကို ကြည့်တယ်။ မိုးပေါ်က တိမ်တိုက်တွေက မိုးရေပေါက်တွေအဖြစ် စတင်ပျော်ဆင်းလာပြီမလို့ ချိုင့်ခွက်လေးထဲမှာ ရေတွေအိုင်နေတယ်။ ရေအိုင်ထဲက အလင်းပြန်နေတဲ့ ပုံရိပ်တွေကနေတစ်ဆင့် အေမီက သူ့မျက်နှာနဲ့သခင်မလေးရဲ့မျက်နှာကို ပြန်မြင်နေရတယ်။ သူက ရေအိုင်ကို အကြာကြီးစိုက်ကြည့်နေပြီးမှ ပြုံးလိုက်ပါတယ်။ အခုလိုအပြုံးမျိုးကြောင့် မက်ဒါနာလည်း အံ့ဩဝမ်းသာဖြစ်သွားတယ်။
"ကျွန်မဘယ်လောက်ပဲကြိုးစားကြိုးစား သခင်မလေးရဲ့စိတ်ကို နားလည်မယ်မထင်တော့ပါဘူး။"
မက်ဒါနာလည်းပြုံးလိုက်တယ်။ သူ့ဒဏ်ရာတွေကြောင့် တစ်ကိုယ်လုံးထုံကျင်နေပေမဲ့ နွေးထွေးမှုတစ်ခုက ရင်ထဲမှာရှိနေတယ်။ သူက သူ့လက်တွေကိုသုံးပြီး အေမီရဲ့ခန္ဓာကိုယ်ကို ပိုပြီးတင်းတင်းဖက်ထားလိုက်တယ်။
"ဆက်သွားကြရအောင်၊ အေမီ။" အေမီကလည်း ခေါင်းညိတ်လိုက်ပြီး တိုက်ပွဲဖြစ်တဲ့နေရာကို ဦးတည်သွားတယ်။ မိုးရေစက်တွေကတော့ သူတို့အပေါ်ကို ဆက်တိုက်ကျဆင်းနေပြီး ကိုယ်ပေါ်မှာပေကျံနေတဲ့ သွေးတွေနဲ့ အညစ်အကြေးတွေကို သန့်စင်သွားစေပါတယ်။
...
ဖရက်က နောက်တစ်ကြိမ်ပိုးကောင်ကို ရှော့တိုက်ဖို့လုပ်ပေမဲ့ ပိုးကောင်က အန္တရာယ်ကိုသိသွားပြီဖြစ်လို့ တတ်နိုင်သမျှ ရောင်ပြေးဖို့လုပ်တယ်။ မယ်လီကလည်း သူ့လေးနဲ့တတ်နိုင်သမျှ အင်အားအပြင်းထန်ဆုံး တိုက်ကွက်တွေကို ဖော်ထုတ်နေပြီး ပိုးကောင်အနေနဲ့ မိုးကြိုးတိုက်ကွက်တွေကို ရှောင်ရှားရခက်အောင်လုပ်နေပါတယ်။ အကြိမ်အကြိမ်အခါခါ ရှေ့တိုးနောက်ဆုတ်အခြေအနေမျိုးနဲ့ ကြုံပြီးတဲ့နောက်မှာတော့ ဖရက်ရဲ့မိုးကြိုးက ပိုးကောင်ရဲ့ခေါင်းကို နောက်တစ်ကြိမ်ရိုက်မိသွားတယ်။
ဝူး.... ဂီး.... ဂီး....
ပိုးကောင်က နာကျင်စွာအော်ဟစ်လိုက်ရင်း သူ့ခန္ဓာကိုယ်က ပက်လက်လန်သွားတယ်။ မယ်လီစောင့်မျှော်နေတဲ့ အချိန်ကျရောက်လာပါပြီ။ မယ်လီက လေပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ပိုးကောင်ရဲ့ဝမ်းဗိုက်ပေါ်ကို ခုန်ချလိုက်တယ်။ ပိုးကောင်က သူ့ကိုယ်သူကာကွယ်ဖို့ ခန္ဓာကိုယ်ကိုဘောလုံးလိုလိပ်ဖို့လုပ်ပေမဲ့ မယ်လီက သူ့လေးကို ကန့်လန့်ဖြတ်ကိုင်ထားလိုက်ပြီး တိုင်သဖွယ်ထောက်ထားလိုက်တဲ့အတွက် ပိုးကောင်က သူ့ကိုယ်ကိုလိပ်ပြီး ကာကွယ်လို့မရဘူးဖြစ်သွားတယ်။ ဒါပေမဲ့ လေးက အချိန်မရွေးကျိုးတော့မယ့်ပုံစံနဲ့ သံစုံမြည်နေပါတယ်။
ဖရက်ကတော့ သူ့ရဲ့အားအပြင်ဆုံးတိုက်ကွက်ကို ထုတ်ဖော်ဖို့အတွက် ကောင်းကင်ပေါ်ကိုထိုးတက်သွားပြီး မိုးတိမ်တောင်တွေထဲက လျှပ်စီးမိုးကြိုးတွေအားလုံးကို တစ်ပြိုင်နက်တည်း စုပ်ယူလိုက်ပါတယ်။
သူ့လက်ထဲမှာတော့ လူတစ်ယောက်ရဲ့လက်မောင်းလုံးလောက်ရှိတဲ့ မိုးကြိုးသွားတစ်ခုရှိနေပါပြီ။
"ဘေးဖယ်၊ ဒီမိုးကြိုးသွားက မင်းကိုပါသတ်မိလိမ့်မယ်။" ဖရက်က အောက်ကိုနိမ့်ဆင်းပျံသန်းရင်း သတိပေးလိုက်ပေမဲ့ မယ်လီလက်ထဲက လေးက အက်ကြောင်းတွေပေါ်နေပြီဖြစ်တာကြောင့် သူ့လက်ကိုလွှတ်လို့မရတော့ပါဘူး။ မယ်လီက သူ့ခြေထောက်တွေကိုပါသုံးပြီး ပိုးကောင်ရဲ့ဝမ်းဗိုက်ကို ထောက်ကန်ထားလိုက်တယ်။ ဒါမှသာ ပစ်မှတ်က ပိုရှင်းသွားမှာပါ။
"အခုလုပ်မှဖြစ်မယ်၊ နောက်ထပ်အခွင့်အရေးဆိုတာမရှိတော့ဘူး။" မယ်လီက ဖရက်ကို လှမ်းအော်လိုက်တယ်။ အဖွဲ့ထဲမှာ သူ့အပြင် တခြားတိုက်ခိုက်နိုင်တဲ့သူမရှိတော့ဘူး။ မက်ဒါနာနဲ့ဓားနတ်ဆိုးတို့က သူ့ကိုလက်နက်ငှားပေးရင်ဖြစ်နိုင်ပေမဲ့ အနားမှာသူတို့မရှိနေဘူး။ သူ့လက်နက်အကျိုးခံပြီး ပြန်ထွက်လာလို့ရပေမဲ့ နောက်တစ်ခါဆိုတာ ဘယ်တော့မှမသေချာဘူး။ ပြီးတော့ ပိုးကောင်က သိသိသာသာပိုအားကောင်းလာနေပါပြီ။
ဖရက်က သက်ပြင်းချလိုက်တယ်။ "ကောင်းပြီလေ။" သူက သူ့အတောင်ကို အားကုန်ဖြန့်ပြီး အမြင့်ဆုံးအရှိန်အဟုန်နဲ့ အောက်ကိုထိုးဆင်းလာတယ်။ ဖားလေးတို့ ရောက်လာချိန်မှာတော့ သူတို့တွေက မိုးပေါ်ကနေ ကျဆင်းလာတဲ့မိုးကြိုးက နေတစ်ဆင်းလိုမျိုး စတင်တောက်ပလာပြီး ခရမ်းရောင်အလင်းက ပတ်ဝန်းကျင်တစ်ခုလုံးကို ဝါးမျိုသွားတာကိုသာ သတိထားမိပါတော့တယ်။
ခွက်.... ခရက်....
မယ်လီက သူ့ခန္ဓာကိုယ်ကိုဖြတ်ပြီး လျှပ်စီးတွေ စတင်စီးဝင်နေတာကို သတိထားမိတယ်။ သူဝတ်ထားတဲ့ ချပ်ဝတ်က အစပိုင်းတောင့်ခံထားသေးပေမဲ့ အချိန်ကြာလာနဲ့အမျှ အက်ရာတွေပေါ်လာပြီး နောက်ဆုံးတော့ တစ်စစီပျက်စီးကာ ကိုယ်ပေါ်ကနေ ကွာကျလာတယ်။ နောက်တော့ သူ့ခန္ဓာကိုယ်ပေါ်က လူသားတစ်ယောက်ရဲ့ကြွက်သားတွေ လောင်ကျွမ်းသွားပြီး ပိုးကောင်တစ်ကောင်ရဲ့ခန္ဓာကိုယ်ပါစတင်လောင်ကျွမ်းတယ်။ နောက်ဆုံးတော့ သူက ပိုးကောင်ရဲ့ခန္ဓာကိုယ်ကို ငုံကြည့်လိုက်တယ်။ သူ့လိုပဲ ပိုးကောင်ရဲ့ဝမ်းဗိုက်သားက ဖရက်ရဲ့မိုးကြိုးကြောင့် စတင်လောင်ကျွမ်းနေပြီဖြစ်ပြီး ပြာမှုန်တွေအဖြစ်ကို စတင်ပြောင်းလဲနေပါပြီ။
မယ်လီက ခက်ခက်ခဲခဲပြုံးယူလိုက်တယ်။ နောက်တော့ သူ့ခန္ဓာကိုယ်ကလည်း ပြာမှုန်တွေအဖြစ်ကို စတင်ပြောင်းလဲသွားပြီး လေနဲ့အတူလွင့်ပါသွားတော့တယ်။
"ဒါက...." ဖားလေးက သူ့ရှေ့ကမြင်ကွင်းကို မယုံနိုင်ဘူးဖြစ်နေတယ်။ သူ့မျက်လုံးတွေက ပေါက်ထွက်လုနီးနီးကို ပြူးကျယ်နေပြီး မျက်ရည်ကျဖို့တောင် သူသတိမရတော့ဘူး။ အော်ငိုဖို့လည်း မတတ်နိုင်တော့ဘဲ သူ့စကားသံတွေက လည်မျိုမှာတင် တစ်ဆို့နေတယ်။
သူ့မျက်လုံးရှေ့မှာတင် အလေးစားရဆုံးစီနီယာတစ်ယောက်က ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး တစစီလွင့်ပြယ် ပျောက်ဆုံးသွားတယ်။ ဖားလေးရဲ့ခန္ဓာကိုယ်က ခွန်အားတွေအားလုံး ရုတ်တရက်ပျောက်ဆုံးသွားပြီး မြေပေါ်ကိုဒူးထောက်ကျသွားတယ်။ ကောင်းကင်ပေါ်က တိမ်တိုက်တွေက သူ့ကိုပျက်ရယ်ပြုနေတဲ့အလား မိုးစက်မိုးပေါက်တွေကို ရွာချပေးနေတယ်။
သူ့ခံစားချက်တွေကို ဘယ်လိုနည်းနဲ့ဖော်ရမှန်းမသိတော့တာကြောင့် ဖားလေးက မြေပြင်ကိုလက်သီးနဲ့ထိုးလိုက်တယ်။ နောက်တော့ တစ်ချက်ပြီးတစ်ချက် နာရကောင်းမှန်းလည်းမသိတော့ဘဲ သူ့လက်ဆစ်တွေရောင်ကိုင်းလာပြီး သွေးတွေစိမ့်ထွက်လာတဲ့အထိ လမ်းမျက်နှာပြင်ကိုပဲ ထိုးနေခဲ့တာ။ နောက်ဆုံးတော့ ဟယ်ရီရောက်လာပြီး သူ့လက်တွေကို ချုပ်ထားမှဖားလေးရပ်လိုက်တယ်။ နောက်တော့ သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည်ရင်း တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။
မက်ဒါနာကတော့ အဲဒီမြင်ကွင်းကိုကြည့်နေရင်း မျက်ဖြူလန်သွားပြီး လုံးဝသတိလစ်သွားတော့တယ်။ အေမီလည်း ထိတ်လန့်သွားတော့တာပေါ့။ ဖရက်ကတော့ ပိုးကောင်ကြီးလုံးဝတစ်စစီဖြစ်သွားမှ ရပ်လိုက်တယ်။ ဒါပေမဲ့ပိုးကောင်ရဲ့တစ်ကိုယ်လုံးမှာ လုံးဝပျက်စီးမသွားတဲ့ အရာတစ်ခုတော့ရှိနေဆဲပါ။ အဲဒီအရာက ပိုးကောင်ရဲ့ဦးနောက်နေရာကျနေ ကျဆင်းလာတာဖြစ်ပြီး အနက်ရောင်ကျောက်တုံးနဲ့တူတဲ့ အရာတစ်ခုပါ။ ဖရက်က အဲဒီကျောက်တုံးကို ကောက်ယူပြီး သိမ်းထားလိုက်တယ်။ ခနနေတော့ မြို့ထဲက မီးလည်းငြိမ်းသွားပြီး သူတို့ရှေ့မှာ ဇွန်ဘီမလေးနဲ့ပိုးဟပ်သုံးကောင်ပေါ်လာတယ်။ သူတို့ပြန်ဖို့ အချိန်ကျပါပြီ။