← Chapters

ငြိမ်းချမ်းရေးတွေ ရမယ်

Vol. 64 Ch. 889

ငြိမ်းချမ်းရေးတွေ ရမယ်

Vol. 64 Ch. 889

ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ဒေါသပြေသွားပြီ ဖြစ်သည့်တိုင်အောင် ရှဲ့ဟေးရန်တစ်ယောက် အဖွဲ့အစည်း သုံးခုနှင့် အပေးအယူလုပ်ခဲ့သည့် ကိစ္စကြောင့် စိတ်ကသိကအောက် ဖြစ်နေရဆဲပင်။ သူသည် စီးပွားရေးသမားများမှာ အကျိုးအမြတ် အများဆုံး ရရှိနိုင်ရန်သာ စိတ်ဝင်စားကြသည်ဖြစ်ကြောင်း သိထားပါသော်လည်း စိတ်ထိခိုက်သွားခဲ့ရ၏။

" ညီကိုဟေးရန်။ ငါက မင်းကို မိတ်ဆွေတစ်ယောက်လို သဘောထားခဲ့ပေမဲ့ မင်းက ငါ့ကို ထိုးကျွေးခဲ့တာနော်.... " ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ဝမ်းနည်းညှိုးငယ်နေသည်လေသံဖြင့် တိုးတိုးလေး ဆိုလိုက်၏။ ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ နှုတ်ဆိတ်သွားသည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် ရှုံ့မဲ့မဲ့ ပြုံးကာ တောင်းပန်လိုက်သည်။

" ညီကိုပေါင်လဲ့ ပြောတာ အမှန်ပါပဲ။ ငါ့ဘက်က မှားသွားခဲ့တာပါ။ ငါ မင်းကို ပြန်ကူညီပေးပါရစေ "

" ထားလိုက်ပါတော့။ မင်း စောစောတုန်းက ငါ့ကို ငါလိုချင်တဲ့ ပစ္စည်းတွေ ပေးမယ်လို့ ပြောခဲ့တာမလား။ ငါ အဲဒီ ပစ္စည်းတွေကို မယူတော့ဘူး။ ဒီလိုလုပ်... ငါ အခု နည်းနည်း ပြဿနာတက်နေလို့။ မင်း ကူညီပေးတော့ ဖြေရှင်းပေးပါ့လား " ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ ဆိုလိုက်၏။ သူသည် သဘောထားသေးသိမ်သည့်လူတစ်ယောက် မဟုတ်ကြောင်း သူ့ကိုယ်သူ မှတ်ယူထားသည်။ ရှဲ့ဟေးရန်မှာ စိတ်ရင်းအမှန်နှင့် တောင်းပန်နေသည်ဖြစ်ရာ သူသည်လည်း အတိတ်မှ ကိစ္စများအား အထအနကောက်နေ၍ မဖြစ်တော့ပေ။ ထို့ကြောင့် သူသည် သူ ကြုံတွေ့နေရသည့် ပြဿနာကြီးအကြောင်း ပြောပြရန် ဆုံးဖြတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား မည်သည့်အရာမှ ထိမ်ချန်ထားခြင်းမရှိဘဲ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့သည်။ တော်ဝင်သင်္ချိုင်းကုန်းထဲ၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်ကြီးကြောင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ သူ့အား ပစ်မှတ်ထားကာ ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် သူသည် အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပါသော်လည်း ယခုတွင် မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲ၌ ပိတ်မိနေရပြီဖြစ်ကြောင်း အစမှ အဆုံးအထိ သေသေချာချာ ရှင်းပြလိုက်၏။

ထို့အပြင် သူသည် သူ့အတွက် အချိန် သိပ်မကျန်တော့ကြောင်းကိုလည်း အဓိကထား၍ အသိပေးလိုက်သေးသည်။ ညာလက်ရုံးအကြီးအကဲကြီးမှာ သူ့အား အချိန်မရွေး လိုက်လံရှာဖွေကာ သတ်ဖြတ်ရန် ကြိုးစားနိုင်သည် မဟုတ်ပါလော။

သူသည် ရှဲ့ဟေးရန်ဆီမှ မည်သည့်အချက်အလက်ကိုမှ ထိမ်ချန်ထားခဲ့ခြင်း မရှိပါသော်လည်း အချို့သော အသေးစိတ်အချက်အလက်များအား လိုသလို ပြောင်းလဲကာ ဤဖြစ်ရပ်ကြီးတစ်ခုလုံးအား တော်ဝင်သင်္ချိုင်းကုန်းထဲ၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စကြီးနှင့် ဆက်နွယ်နေသည့်ပုံစံပေါက်အောင် လုပ်ကြံဖန်တီးပြောဆိုခဲ့၏။ ဝမ်ပေါင်လဲ့မှာ စိုးရိမ်တုန်လှုပ်ကာ အလောတကြီးဖြစ်နေသည့် ‌လေသံ မပေါက်ပါသော်လည်း ရှဲ့ဟေးရန်မှာ သူ၏ စကားများကို နားထောင်လိုက်ပြီးနောက် သူ ဆိုလိုချင်သည့် အဓိပ္ပါယ်အား ချက်ချင်းနားလည်သွား၏။ သူသည် တော်ဝင်သင်္ချိုင်းကုန်းထဲ၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စကြီးကြောင့် ယခုလို အန္တရာယ်များနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု အရိပ်အမြွက်ပြနေခြင်း ဖြစ်ပေသည်။ သို့ဖြစ်ရာ အကယ်၍ ရှဲ့ဟေးရန်မှာ စိတ်ရင်းအမှန်နှင့် တောင်းပန်လိုသည်ဆိုပါက ဝမ်ပေါင်လဲ့ ရင်ဆိုင်နေရသည့် အခက်အခဲကြီးအား ကူညီဖြစ်ရှင်းပေးရမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ လိမ္မာပါးနပ်မှုများကြောင့် ရှဲ့ဟေးရန်မှာ သူ၏ အကူအညီအတွက် ဈေးနှုန်းများ ညှိနှိုင်းနေ၍ မဖြစ်တော့ပေ။ ထို့ကြောင့် သူသည် ရှုံ့မဲ့မဲ့နှင့် နောက်ထပ်တစ်ကြိမ် ထပ်၍ ပြုံးလိုက်ရပြန်သည်။ ထို့ကြောင့်လည်း သူသည် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အစွမ်းထက်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်သည်ဟု ယုံကြည်နေရခြင်း ဖြစ်သည်။

အမှန်တွင် သူသည် ထိုကဲ့သို့ ယုံကြည်ထားသောကြောင့် ဝမ်ပေါင်လဲ့အား တောင်းပန်လိုက်ခြင်းဖြစ်၏။ သူသည် ဝမ်ပေါင်လဲ့မှာ အများနှင့်မတူ တမူထူးခြားသည့် လက္ခဏာများနှင့် အရည်အချင်းများကို ပိုင်ဆိုင်ထားသည် ဖြစ်ကြောင်း အလိုလိုသိနေသည်။ ဝမ်ပေါင်လဲ့မှာ သာမာန်မိသားစုတစ်ခုထဲ၌သာ မွေးဖွားလာခဲ့သည့်တိုင်အောင် ထို သာမန်မိသားစုဆိုသည့် အပေါ်ယံခြုံလွှာတစ်ခု၏ နောက်ကွယ်တွင် ရှဲ့ဟေးရန် ကိုယ်တိုင်ပင်လျှင် နားမလည်နိုင်သည့် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေသည့်ပုံပင်။

ဝမ်ပေါင်လဲ့၏ လျှို့ဝှက်ချက်အား ထည့်မတွက်လျှင်တောင် မီးတောက်ခေါင်းဆောင်ကြီး သူ့အား တပည့်အဖြစ် သတ်မှတ်ရန် ဆန္ဒပြင်းပြနေခဲ့သည်ကို ကြည့်လျှင် သူသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သိနိုင်ပေသည်။ ပို၍ တမူထူးခြားသည့် အချက်မှာ ဝမ်ပေါင်လဲ့သည် မီးတောက်ခေါင်းဆောင်ကြီး၏ ကမ်းလှမ်းချက်အား ငြင်းဆန်ခဲ့ခြင်းပင်။ ထို့အပြင် ယခုတွင် ဝမ်ပေါင်လဲ့မှာ အသက်ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည့်တိုင်အောင် မီးတောက်ခေါင်းဆောင်ကြီးအား ဆက်သွယ်ကာ သူ့အား သူ၏ ဆရာအဖြစ် သတ်မှတ်ရန် ဆန္ဒမရှိသေးသည့် ပုံပင်။

ထို့ကြောင့်လည်း သူသည် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အင်အားကြီးမားသည့် ကျောထောက်နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားပြီး သူ့ဆီ၌ ဝှက်ဖဲမြောက်မြားစွာ ရှိနေလိမ့်မည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

ရှဲ့ဟေးရန်မှာ ထိုကဲ့သို့ တွေးတောသုံးသပ်လိုက်ပြီးနောက် ငြိမ်ကျသွား၏။ တစ်အောင်ခန့် ကြာပြီးမှ သူသည် စကားပြန်ပြောလိုက်သည်။

" မင်းကို နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ ပြန်ပို့နိုင်ဖို့က ငါ့အတွက် ထမင်းစားရေသောက်အဆင့်မှာပဲ ရှိပါတယ်။ ဒီတစ်ခေါက် ငါမင်းကို အလကား တည်နေရာပြောင်းရွှေ့ပေးလို့တောင် ရတယ်။ မင်း ငါ စခန်းချနေတဲ့ ဈေးထဲကို တန်းရောက်သွားမှာ။ အဲတာဆိုရင် မင်း နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီကို ပြန်သွားနိုင်ဖို့ အချိန်အများကြီး လိုမှာ မဟုတ်တော့ဘူး "

" ဒါပေမဲ့... ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းရဲ့ လူလုပ် ထာဝရကြယ်ကြီးထဲက အချုပ်အနှောင်ကြီးကို ဖျက်ဆီးနိုင်ဖို့ကတော့ မလွယ်ဘူးကွ။ သူတို့ရဲ့ လူလုပ် ထာဝရကြယ်ကြီးက အရမ်းကြီး အဆင့်မမြင့်သေးပေမဲ့ ထာဝရကြယ်တစ်လုံးရဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတုန်းပဲ။ ပြီးတော့ ရှဲ့မိသားစု တစ်ခုလုံးက စီးပွားရေးသမားတွေလေ။ အဲတာမလို့ ငါတို့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိသေးတယ်။ အကြောင်းပြချက် အခိုင်အလုံ မရှိဘဲ ငါတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို အလွဲသုံးစားလုပ်လို့ မရဘူး "

ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ စကားများကို ကြားလိုက်ရသောအခါ မျက်ခုံးများပင့်မိသွား၏။ ထို့နောက် သူသည် စကားပြောရန်ပြင်လိုက်စဉ်မှာပင် ရှဲ့ဟေးရန်က ကြားဖြတ်ဝတ်ပြောလိုက်သည်။ ရှဲ့ဟေးရန်မှာ သူ၏ အတွေးများကို သိနေသည့်ပုံပင်။

" ညီကိုပေါင်လဲ့။ ငါက မင်းဆီက ငွေညှစ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူးကွာ။ ဒါပေမဲ့ အဲဒီ အချုပ်အနှောင်ကြီးကို ဖျက်ဆီးနိုင်ဖို့ တကယ် အချိန်လိုတယ်ကွ " ရှဲ့ဟေးရန်မှာ ဈေးထဲ၌ ရှိနေသည့် သူ၏ အဆောင်ထဲ၌ ထိုင်နေရင်း အတွေးများထဲ၌ နစ်မျောသွား၏။ သူသည် သူ၏ အစွမ်းအစများကို ထုတ်ပြကာ ဝမ်ပေါင်လဲ့၏ ယုံကြည်မှုအား ပြန်လည်ရယူနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေခြင်း ဖြစ်သည်။

ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားသည့်တိုင်အောင် သူသည် စီးပွားရေးသမားတစ်ယောက် ဖြစ်နေဆဲပင်။ သို့ဖြစ်ရာ သူတို့နှစ်ယောက် တစ်ဦးပေါ်တစ်ဦး ထားရှိသည့် ထင်မြင်ယူဆချက်များမှာ သူ့အတွက် အရေးကြီးပေသည်။ အကယ်၍ သူ၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ သူ့အတွက် တန်ဖိုးရှိနေမည်ဆိုပါက သူသည် ဝမ်ပေါင်လဲ့အား မိတ်ဆွေတစ်ယောက်အဖြစ် ဆက်လက်သတ်မှတ်ရန် ဆန္ဒပြင်းပြနေမည် ဖြစ်သည်။ အလားတူပင် သူသည် ဝမ်ပေါင်လဲ့အတွက် တန်ဖိုးရှိနေမည်ဆိုပါက ဝမ်ပေါင်လဲ့မှာလည်း သူ့အား မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ရန် စိတ်အားထက်သန်‌နေမည်သာ ဖြစ်သည်။

သူသည် ဝမ်ပေါင်လဲ့ လက်ရှိ ကြုံနေရသည့် အခက်အခဲကြီးအား အလွယ်တကူ ဖြေရှင်းနိုင်စွမ်းရှိပေသည်။ သို့ဖြစ်ရာ သူသည် ထိုကဲ့သို့ ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရန်သာ လိုအပ်တော့သည်။

ရှဲ့ဟေးရန်မှာ ထိုကဲ့သို့ စဉ်းစားခန်းဖွင့်နေရင်း မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူသည် ပြုံးကာ နောက်ထပ် အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။

" ညီကိုပေါင်လဲ့။ တည်နေရာပြောင်းရွှေ့ခွင့် အဖိုးအခအတွက် ဘာမှစိတ်ပူမနေနဲ့။ ငါ ဒီတစ်ခေါက် အလကားလုပ်ပေးမယ်။ အချုပ်အနှောင်ကြီးကို ဖျက်ဆီးရမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ ပူမနေနဲ့။ ငါတို့က ညီအစ်ကိုတွေလေ။ အလကားလုပ်ပေးရမှာပေါ့ကွ။ ငါ့ကို အချိန် နှစ်ပတ်ပေး။ အဲဒီ အချုပ်အနှောင်ကြီးကို ဖျက်ဆီးပေးဖို့ ငါ ကတိပေးတယ် "

ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ စကားများကို ကြားလိုက်ရသောအခါ မျက်လုံးများမှေးသွား၏။ သူ၏ စကားလုံးများ၏နောက်ကွယ်တွင် ကွယ်ဝှက်ထားသည့် အဓိပ္ပါယ်တစ်ခု ရှိနေသည်ဟု သူက ခံစားနေရခြင်း ဖြစ်သည်။ သို့သော် လက်ရှိတွင် သူသည် အတိအကျ ခန့်မှန်းနိုင်စွမ်းမရှိဘဲ ဖြစ်နေရသဖြင့် နှုတ်ဆိတ်ကာ ရှဲ့ဟေးရန် စကားဆက်ပြောသည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

" ဒါပေမဲ့ ညီကိုပေါင်လဲ့။ ငါ့အထင်တော့ အခုလောလောဆယ် မင်းလိုအပ်နေတဲ့အရာက အဲဒီ အချုပ်အနှောင်ကြီးကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းတစ်ခု မဟုတ်သလို တည်နေရာပြောင်းရွှေ့နိုင်မယ့် နည်းလမ်းတစ်ခုလည်း မဟုတ်ဘူးကွ။ မင်း တကယ်လိုအပ်နေတာ... ငြိမ်းချမ်းရေးပဲ "

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး တည်ကြည်စွာပြန်မေးလိုက်၏။

" ညီကိုဟေးရန်။ မင်းက... ဘာကိုပြောချင်တာလဲ "

" ညီကိုပေါင်လဲ့။ ငါ မင်းကို ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ ငါ့ဆီမှာ ဘယ်ပစ္စည်းကိုမဆို ဝယ်လို့ရတယ်ကွ။ အဲဒီထဲမှာ ငြိမ်းချမ်းရေးလည်း ပါတယ် " ရှဲ့ဟေးရန်မှာ ပြုံးကာ ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

" ငြိမ်းချမ်းရေး ဟုတ်လား။ အဲတာကို ဘယ်လိုနည်းနဲ့ ရောင်းတာလဲဟ " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ ထပ်မေးမိလိုက်၏။ သူသည် ဇဝေဇဝါဖြစ်သွားရပြီး ရှဲ့ဟေးရန်မှာ သက်တော်စောင့်တစ်ယောက် ရောင်းချရန် စကားစနေခြင်း ဖြစ်သည်လောဟု သံသယဝင်သွားရသည်။

" ငြိမ်းချမ်းရေး တံဆိပ်ပြားတွေ ရောင်းတာလေ။ တံဆိပ်ပြားတစ်ခုကို တစ်နှစ်တိတိ အသုံးပြုလို့ရတယ်။ မင်း ငြိမ်းချမ်းရေး တံဆိပ်ပြား တစ်ခုကို ဝယ်ထားပြီးရင် ဘယ်သူကမှ မင်းကို ပြဿနာရှာရဲမှာ မဟုတ်တော့ဘူး။ မင်း ရန်သူတွေနဲ့ လမ်းမှာတွေ့ရင် အဲဒီ ငြိမ်းချမ်းရေး တံဆိပ်ပြားကို ထုတ်ပြလိုက်ရုံပဲ။ သူတို့က အဲဒီ တံဆိပ်ပြားကို မြင်လိုက်ရတာနဲ့ အလင်းနှစ်တစ်ရာအကွာအထိ ထွက်ပြေးသွားကြမှာ။ တချို့တွေဆို ကြောက်ကြောက်လန့်လန့်နဲ့ မင်းရှေ့မှာ ဒူးထောက်ပြီး အသနားခံရင်တောင် ခံနေလောက်တယ် " ရှဲ့ဟေးရန်မှာ ငြိမ်းချမ်းရေး တံဆိပ်ပြား၏ အလုပ်လုပ်ပုံအား ရွှန်းရွှန်းဝေအောင် ရှင်းပြလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ ရှဲ့ဟေးရန်၏ စကားများကို ကြားလိုက်ရပြီးနောက် သံသယဝင်သွားရပြီး ထို တံဆိပ်ပြား၏ ဈေးနှုန်းအား မေးမြန်းလိုက်၏။ ထို့နောက် သူသည် ရှဲ့ဟေးရန်၏ အဖြေအား ပြန်ကြားလိုက်ရသောအခါ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားရပြီး ဦးခေါင်းတည့်တည့် မိုးကြိုးပစ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် စကားတစ်ခွန်းမှ ပြောမနေတော့ပဲ ထိုအသံလွှင့်ဆက်သွယ်မှုအား ဖြတ်တောက်လိုက်၏။

ခဏအကြာတွင် သူ၏ အသံလွှင့်ကျောက်စိမ်းပေလွှာမှာ ပြန်၍ တုန်ရီလာသည်။ ထို့နောက် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် ရှဲ့ဟေးရန်၏ ရယ်မောသံကြီးမှာ ထို ကျောက်စိမ်းပေလွှာထဲမှ ထွက်ပေါ်လာတော့သည်။

" ပေါင်လဲ့။ ငါ ပြောတာ နားထောင်ပါဦးကွ ... "

" ဘာမှ မပြောနဲ့တော့။ ငါ ‌ဝယ်နိုင်မှာ မဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာမူ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြန်ပြောလိုက်၏။

" ဘာလို့ စိတ်ဆိုးသွားရပြန်တာလဲကွ။ ငါ စကားမဆုံးသေးဘူးလေ။ ငါတို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား။ ပြီးတော့ မင်းက ငါ့ရဲ့ အရေးကြီး ဖောက်သည်တစ်ယောက်ပါ။ ဒီလိုလုပ်။ ငါ မင်းကို အချိန်တစ်လခံတဲ့ ငြိမ်းချမ်းရေး တံဆိပ်ပြားတစ်ခု အလကား ပေးသုံးမယ်ကွာ။ တစ်လကုန်သွားလို့ မင်း စိတ်ကျေနပ်မှုရှိတယ်ဆိုမှ ငါ့ဆီကနေ ဝယ်သုံးပေါ့။ ဘယ်လို သဘောရလဲ "

" ရှဲ့ဟေးရန်။ မင်း မဟုတ်တရုတ်တွေ မလုပ်နဲ့နော်။ မင်းရဲ့ ငြိမ်းချမ်းရေး တံဆိပ်ပြားက တကယ်ရော အသုံးဝင်လို့လား " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်၏။ သူသည် တစ်ခုခုလွဲနေသည်ဟု ခံစားနေရဆဲပင်။

" ငါက စီးပွားရေးသမား တစ်ယောက်ပါကွ။ ငါ ရောင်းသမျှ ပစ္စည်းတွေအကုန်လုံးကို တာဝန်အပြည့်ယူပါတယ်။ မင်း အဲဒီ တံဆိပ်ပြားကိုသာ ဆောင်ထားပြီးတော့ လမ်းမှာ ရန်သူတွေနဲ့တွေ့ရင် ထုတ်ပြလိုက်။ သူတို့တွေ အနည်းဆုံး အလင်းနှစ်တစ်ရာ အကွာအထိ ထွက်ပြေးသွားစေရမယ်လို့ ငါအာမခံတယ်။ သွေးမရှိတဲ့ ကောင်တွေဆိုရင် အဲဒီနေရာမှာတင် ချက်ချင်းသေသွားလောက်တယ် " ထိုစကားသံများနှင့်အတူ တဒုတ်ဒုတ် မြည်သံများမှာ ကျောက်စိမ်းပေလွှာထဲမှ ထွက်ပေါ်လာ၏။ သို့ဖြစ်ရာ ရှဲ့ဟေးရန်မှာ သူ၏ ပစ္စည်းအား ယုံကြည်မှုအပြည့်ရှိကြောင်း အသိပေးလိုသောကြောင့် ရင်ဘတ်အား လက်ဖြင့်ထုနေသည့်ပုံပင်....

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း ထို ကိစ္စနှင့်ပတ်သတ်၍ အတွေးလွန်နေရန် ဆန္ဒမရှိတော့ပေ။ သူသည် ငွေတစ်ပြားမှ အကုန်အကျခံစရာမလိုပဲ ထိုတံဆိပ်ပြားအား ရရှိမည် မဟုတ်ပါလော။ ထို့အပြင် သူသည် ထို တံဆိပ်ပြားအပေါ် အာရုံရောက်နေခြင်းမရှိပေ။ သူ၏ အတွေးထဲတွင် ရှဲ့ဟေးရန်ပေးထားသည့် ကတိသာ ရှိနေ၏။ သူသည် လူလုပ် ထာဝရကြယ်ကြီးထဲမှ အချုပ်အနှောင်ကြီးအား ချိုးဖျက်ကာ သူ့အား တည်နေရာပြောင်းရွှေ့ပေးမည်ဟု ကတိပေးခဲ့သည် မဟုတ်ပါလော။ ထိုသို့ဖြင့် ထို အသံလွှင့်အကြောင်းကြားစာ ပြီးဆုံးသွားချိန်တွင် သူ၏လက်ထဲရှိ ကျောက်စိမ်းပေလွှာထဲမှ စူးရှတောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ထိုကျောက်စိမ်းပေလွှာ၏ ပုံပန်းသွင်ပြင်မှာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အဖြူရောင်ပြောင်းသွားတော့သည်။ ၎င်းမှာ ကျောက်စိမ်းပေလွှာတစ်ခု ဖြစ်နေဆဲဖြစ်ပါသော်လည်း ၎င်း၏ မျက်နှာပြင်ပေါ်တွင် ကမ္ဗည်းစာလုံးတစ်လုံး ပေါ်ပေါက်လာပြီ ဖြစ်သည်။

ထို ကမ္ဗည်းစာလုံးမှာ မည်သည့်ဘာသာစကားထဲတွင်မှ မပါဝင်ပါသော်လည်း ၎င်းအား မြင်လိုက်ရသည့် လူတိုင်း၏ အတွေးထဲ၌ ' ငြိမ်းချမ်းရေး ' ဆိုသည့် စကားလုံး ပေါ်ပေါက်လာမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုတံဆိပ်ပြားအား တစ်ခဏမျှ အကဲခတ်လေ့လာကြည့်လိုက်ပြီးနောက် မျက်လုံးများ မှေးသွား၏။ သူသည် ရှဲ့ဟေးရန်တစ်ယောက် အသံလွှင့်ကျောက်စိမ်းပေလွှာတစ်ခုအား သူ ငြိမ်းချမ်းရေး တံဆိပ်ပြားဟု ခေါ်ခဲ့သည့် အရာတစ်ခုအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်ခဲ့သည့် အချက်ကြောင့် အံ့အားသင့်နေရခြင်း ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် အတွေးများထဲ၌ နစ်မျောသွားရ၏။

" သူ့ဆီမှာ ဒီလို အစွမ်းအစမျိုးတွေ ရှိနေရင် အဲဒီ အချုပ်အနှောင်ကြီးကို ဖျက်ဆီးနိုင်ဖို့ကလည်း သူ့အတွက် ခက်ခဲနေမှာ မဟုတ်ပါဘူး။ သူက အချိန် ဆယ့်ငါးရက်လောက် လိုတယ်လို့ ပြောခဲ့ပေမဲ့ ဆင်ခြေတွေပေးနေတာပဲ ဖြစ်မှာ... ရှဲ့ဟေးရန်က ငါ့ကို ဒီတံဆိပ်ပြားပေးဖို့ အစကတည်းက ကြံရွယ်ထားခဲ့တာများလား " ဝမ်ပေါင်လဲ့မှာ ထိုတံဆိပ်ပြားအား စိုက်ကြည့်ရင်း မျက်ဝန်းများအရောင်လက်သွားရ၏။ သူသည် တစ်ခဏမျှစဉ်းစားတွေးတောလိုက်ပြီးနောက် ထိုတံဆိပ်ပြားအား သိမ်းဆည်းကာ သူ၏ရှေ့တွင် ရှိနေသည့် အချုပ်အနှောင်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွား၏။

ရှဲ့ဟေးရန်မှာ အစကတည်းက သူ့အား ထိုတံဆိပ်ပြား ပေးရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ ရည်ရွယ်ချက် အစစ်အမှန်အား သိချင်နေ၏။

" သူက ငါ့ကို ထောင်ချောက်ဆင်ချင်နေတာများလား " ဝမ်ပေါင်လဲ့မှာ ပျောက်ကွယ်သွားပြီးနောက် မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲရှိ အခြားနေရာတစ်ခု၌ ပြန်လည် ပေါ်ပေါက်လာ၏။ ထိုအချိန်တွင် သူသည် အချက်တစ်ချက်အား တွေးမိသွားသဖြင့် ခြေလှမ်းများ ရပ်တန့်သွားတော့သည်။

All Chapters