← Chapters

ငြိမ်းချမ်းရေးတံဆိပ်ပြား

Vol. 64 Ch. 890

ငြိမ်းချမ်းရေးတံဆိပ်ပြား

Vol. 64 Ch. 890

ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် သူ ရှဲ့ဟေးရန်နှင့် ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားကြည့်လိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် မျက်ဝန်းများ အရောင်လက်သွားရတော့သည်။ သူသည် ရှဲ့ဟေးရန် ပြောခဲ့သည့် စကားတစ်ခွန်းအား ပြန်၍ မှတ်မိသွားခြင်းဖြစ်၏။

" ရှဲ့မိသားစုက ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ သူတို့ရဲ့လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်လို့မရဘူးလို့ ရှဲ့ဟေးရန်က ပြောခဲ့တာ... " ဝမ်ပေါင်လဲ့မှာ ထိုစဉ်တုန်းက ရှဲ့ဟေးရန်သည် ဆင်ခြေများပေးနေခဲ့ခြင်း ဖြစ်သည်ဟု ထင်ခဲ့ပါသော်လည်း ယခုတွင်မူ အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်ကြည့်လိုက်ပြီးနောက် သူ၏ ခန့်မှန်းချက်များမှာ မှန်ကန်နိုင်ကြောင်း ရိပ်မိသွားတော့သည်။

" သူက ညာလက်ရုံး အကြီးအကဲကြီးကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလား။ ဒါမှမဟုတ် ငါ့ကိုများ ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး အတွေးများထဲ၌ နစ်မျော‌နေ၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ရယ်မောလိုက်ပြီး အောက်သို့ထိုင်ချကာ မျက်လုံးများမှိတ်၍ တရားထိုင်နေလိုက်တော့သည်။ ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ သို့သော် သူသည် အချုပ်အနှောင်ကြီး အကြောင်းနှင့် ပတ်သတ်၍ မေးမြန်ရန် ရှဲ့ဟေးရန်အား လှမ်း၍ဆက်သွယ်ခဲ့ခြင်း မရှိပေ။

ရှဲ့ဟေးရန်မှာလည်း သူ့အား ထပ်၍ မဆက်သွယ်ခဲ့ပေ။ သူတို့နှစ်ယောက်စလုံးမှာ အသံတိတ် သဘောတူညီမှုတစ်ခု ရယူခဲ့ကြပြီးနောက် ထိုကိစ္စကြီးအကြောင်း မေ့ထားလိုက်ကြသည့်ပုံပင်။ ထိုသို့ဖြင့် ဆက်ရက်တိတိကုန်ဆုံးသွား၏။ ဆယ့်တစ်ရက်မြောက်နေ့တွင် ကောင်းကင်ယံထဲ၌ ရှိနေသည့် လူလုပ်နေမင်းကြီးမှာ ယခင်တုန်းကနှင့် လုံးဝမတူလောက်အောင် တစ်ခဏမျှ ဝင်းလက်တောက်ပလာ၏။ သို့သော် ထိုအခိုက်အတန့်မှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားပြီး အရာအားလုံးမှာ ချက်ချင်းဆိုသလိုပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာပြီး ခေါင်းမော့ကာ နေမင်းကြီးအား စိုက်ကြည့်နေလိုက်ဆဲပင်။

ထိုအချိန်တွင် လူလုပ်ထာဝရကြယ်ကြီးထဲရှိ ဝိညာဉ်ရေကန်ထဲ၌ အားအင်ပြန်လည်ဖြည့်တင်းနေသည့် ညာလက်ရုံး အကြီးအကဲကြီးမှာလည်း မျက်လုံးများပွင့်လာပြီး ပြုံးလိုက်၏။ ထို့နောက် သူသည် ဖြည်းဖြည်းချင်း မတ်တတ်ထလာသဖြင့် သူ၏ ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသည့် ဂြိုဟ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများအားလုံးမှာမူ ပျောက်ကင်းသွားပြီဖြစ်သည်။ ထို့အပြင် သူသည် ယခင်တုန်းကထက်ပင် အနည်းငယ်ခန့်ပို၍ အစွမ်းထက်နေသည့်ပုံ ပေါက်နေသေးသည်။

ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ စိတ်ဓာတ်များတက်ကြွနေ၏။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့အား သတ်ဖြတ်နိုင်လိမ့်မည်ဟုလည်း အပြည့်အဝယုံကြည်နေသည်။ ဝမ်ပေါင်လဲ့အား ရှာတွေ့ပြီဖြစ်ကြောင်း မည်သူကမှ သူ့ဆီသို့ အကြောင်းကြာလာခဲ့ခြင်း မရှိပါသော်လည်း သူသည် မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲမှ ကျင့်ကြံသူများ၏ အဆင့်အတန်းအား သိရှိထားပြီးဖြစ်ရာ အထူးတလည် အံ့ဩနေခြင်းတော့မရှိပေ။ အကယ်၍ သူတို့မှာ ဝမ်ပေါင်လဲ့အား ရှာတွေ့သွားခဲ့မှသာ သူသည် အင်အားသင့်နေရမည် ဖြစ်သည်။

" လုံနန်ကျစ်။ မင်း သေနေ့စေ့ပြီ " ညာလက်ရုံး အကြီးအကဲကြီးမှာ မောက်မာဝင့်ကြွားမှုအပြည့်ဖြင့် ကြိမ်းဝါးလိုက်၏။ ထို့နောက် သူသည် ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ သူ၏ ဘေးတွင်ရှိနေသည့် နေရာလွတ်တစ်ခုအား လက်ညှိုးထိုးလိုက်သည်။ ထိုအခါ လူလုပ်ထာဝရကြယ်ကြီးမှာ ဆတ်ခနဲ တုန်ရီသွားပြီး သူ၏ရှေ့တွင် ကြယ်မြေပုံတစ်ခု ပေါ်ပေါက်လာတော့သည်။

ထို ကြယ်မြေပုံပေါ်တွင် မြေဝိညာဉ်လူမှုအဖွဲ့အစည်း တစ်ခုလုံးနှင့် ၎င်းထဲရှိ ဂြိုဟ်များအားလုံးကို ဖော်ပြထားသည်။ ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုကြယ်မြေပုံ သူ၏ရှေ့၌ ပေါ်ပေါက်လာသည်နှင့် သူ၏ နတ်ဘုရားစိတ်ဆန္ဒကို ထုတ်လွှတ်ကာ ထို ကြယ်မြေပုံထဲသို့ ဝင်သွားစေလိုက်သည်။ ထိုအခါ သူ၏ နတ်ဘုရားစိတ်ဆန္ဒမှာ ကြယ်မြေပုံ၏ အားဖြည့်ခြင်းကို ခံလိုက်ရပြီးနောက် လူလုပ်ထာဝရကြယ်ကြီး၏ အပြင်ဘက်သို့ ထိုးထွက်သွားကာ မြေဝိညာဉ်လူမှုအဖွဲ့အစည်း ဆီသို့ ဦးတည်သွားတော့သည်။ ခဏအကြာတွင် ၎င်းမှာ လူမှုအဖွဲ့အစည်းတစ်ခုလုံးထဲ၌ ပျံ့နှံ့သွားပြီး ၎င်းအား လွှမ်းခြုံထားလိုက်တော့သည်။

ညာလက်ရုံး အကြီးအကဲကြီး၏ နတ်ဘုရားစိတ်ဆန္ဒမှာ မျက်စိတစ်မှိတ်အတွင်းတွင် လူမှုအဖွဲ့အစည်းတစ်ခုလုံးအား လွှမ်းခြုံသွား၏။ သို့ဖြစ်ရာ ၎င်းမှာ ထို လူမှုအဖွဲ့အစည်းထဲရှိ ဂြိုဟ်တစ်လုံးချင်းစီတိုင်းပေါ်ရှိ သက်ရှိများအား လိုက်လံ ရှာဖွေနေပြီဖြစ်သည်။ သူ၏ နတ်ဘုရားစိတ်ဆန္ဒမှာ မည်သည့် ဥက္ကာပျံကိုမဆို ဖောက်ထွင်းနိုင်စွမ်းရှိပြီး စကြဝဠာကြီးထဲရှိ အသေးငယ်ဆုံးသော ဖုန်မှုန့်လေးများကိုပင် မြင်နိုင်စွမ်းရှိနေသည့်ပုံပင်။ သို့သော် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ ညာလက်ရုံး အကြီးအကဲကြီး၏ မျက်နှာ အမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။ သူသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေခဲ့သည့်ပုံ ပေါက်နေခဲ့ရာမှ ယခုတွင် ဒေါသထွက်နေသည့်ပုံ ပေါက်နေပြီ ဖြစ်သည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်သွား၏။

သူ၏ နတ်ဘုရားစိတ်ဆန္ဒမှာ မြေဝိညာဉ်လူမှုအဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းခြုံထားပြီး ထိုလူမှုအဖွဲ့အစည်းတစ်ခုလုံးအား ငါးကြိမ်တိတိ စစ်ဆေးပြီးသွားပြီဖြစ်သည့်တိုင်အောင် သူသည် ဝမ်ပေါင်လဲ့အား ရှာမတွေ့နိုင်သေးပေ။

သူသည် အချုပ်အနှောင်ကြီးမှာ ပျက်စီးသွားလိမ့်မည် မဟုတ်ကြောင်း အပြည့်အဝယုံကြည်ထား၏။ သို့ဖြစ်ရာ လုံနန်ကျစ်မှာ ထိုလူမှုအဖွဲ့အစည်းထဲမှ ထွက်ခွာသွားနိုင်စရာအကြောင်း လုံးဝမရှိပေ။ သူသည် မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲရှိ နေရာတစ်ခုခု၌ ပိတ်မိနေဆဲဖြစ်ရပေမည်။ သို့သော် သူသည် ယခုအချိန်အထိ သူ့အား ရှာမတွေ့သေးပေ။ သို့ဖြစ်ရာ လုံနန်ကျစ်မှာ သူ၏ ရန်သူများ သူ့အား လုံးဝရှာမတွေ့နိုင်အောင် ပုန်းကွယ်နိုင်စွမ်း ရှိရပေမည်။

သူ၏ ခန့်မှန်းချက်မှာ မှန်ပေသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်၏ အငွေ့အသက်များကို ပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထာဝရကြယ်အဆင့်တွင် ရှိမနေပါက ပုန်းကွယ်နေသည့် ဝမ်ပေါင်လဲ့အား ရှာတွေ့နိုင်ရန်မှာ အလွန်အင်မတန်မှခဲယဥ်းပေလိမ့်မည်။

အမှန်အတိုင်းဆိုရလျှင် ညာလက်ရုံး အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့ ရှိနေခဲ့သည့် တောင်ထိပ်ကြီးအား စစ်ဆေးပြီးသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ပုန်းကွယ်နေခြင်းမရှိခဲ့ဘဲ ထိုတောင်ထိပ်ပေါ်တွင် ထိုင်ကာ နေမင်းကြီးအား အသက်မပါသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့၏။

သို့သော် သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ မည်မျှပင်အစွမ်းထက်နေစေကာမူ သူသည် အရေးနိမ့်နေရဆဲဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထား၏။ သူသည် မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲမှ လူတစ်ယောက် မဟုတ်သောကြောင့် သူ၏ အသက်လက္ခဏာများမှာ ဤလူမှုအဖွဲ့အစည်းနှင့် ဆက်နွှယ်မှုလုံးဝမရှိပေ။ အကယ်၍ မြေဝိညာဉ်လူမှုအဖွဲ့အစည်းမှာ သာမန် လူမှုအဖွဲ့အစည်းတစ်ခုသာ ဖြစ်နေမည်ဆိုပါက သူသည် ယခုလောက်အထိ အခြေအနေဆိုးနေမည် မဟုတ်ဘဲ မည်သူမှ ရှာမတွေ့နိုင်အောင် ပုန်းကွယ်နိုင်စွမ်း ရှိနေလိမ့်မည်ဟု ယုံကြည်နေ၏။

သို့သော် သူသည် လူလုပ် ထာဝရကြယ်တစ်လုံး ရှိနေသည့် လူမှုအဖွဲ့အစည်းတစ်ခုထဲသို့ ရောက်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထို လူမှုအဖွဲ့အစည်းထဲရှိ လူတိုင်း၏ အသက်များနှင့် ကျင့်ကြံခြင်းအဆင့်များမှာ ထို ထာဝရကြယ်ကြီး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။ ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ သူ့အား အနှေးနှင့်အမြန် ရှာတွေ့သွားမည်သာဖြစ်သည်။

" ရှဲ့ဟေးရန်ရဲ့ ထောင်ချောက်... ငါ ဒီတစ်ခေါက် သူ့ကို ယုံစားလိုက်ရမလား " ဝမ်ပေါင်လဲ့မှာ သူ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်ပြီး ညာလက်ရုံး အကြီးအကဲကြီး၏ နတ်ဘုရားစိတ်ဆန္ဒအား လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် သူ ရှဲ့ဟေးရန်နှင့် လုပ်ခဲ့သည့် အပေးအယူအကြောင်း ပြန်တွေးမိသွားသည်။

ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဥ် ညာလက်ရုံး အကြီးအကဲကြီးမှာ စိတ်ကသိကအောက် ဖြစ်လာရပြီဖြစ်သည်။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် နှာမှုတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်စလုံးကို မြှောက်၍ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ပါးစပ်ထဲမှ သူ၏ ဝိညာဉ်စွမ်းအင်များကို ထွေးထုတ်ကာ ကြယ်မြေပုံနှင့် ပေါင်းစည်းသွားစေလိုက်ပြီး လူလုပ် ထာဝရကြယ်ကြီး၏ စွမ်းအားများကို အပြည့်အဝအသုံးချ၍ ပိုမို စေ့စပ်တိကျသည့် ရှာဖွေမှု လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်လိုက်တော့သည်။

သူသည် လုံနန်ကျစ်မှာ တမူထူးခြားသည့် နည်းလမ်းတစ်ခုခုကို ပိုင်ဆိုင်ထားသောကြောင့် သူ့အား ရှာမတွေ့နိုင်ဘဲ ဖြစ်နေရသည်ဖြစ်ကြောင်း သိထား၏။ သို့သော် ရေးကြီးခွင်ကျယ် မဟုတ်ပေ။ သူသည် လုံနန်ကျစ်အား ရှာဖွေနိုင်စွမ်း မရှိပါသော်လည်း မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲရှိ အခြား အရာများအားလုံး၏ တည်နေရာများကို အတိအကျရှာဖွေနိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။ သူ ရှာဖွေနိုင်သည့် အရာများထဲတွင် သက်ရှိများသာမက ကျောက်တုံးများနှင့် မြစ်များကဲ့သို့သော သက်မဲ့အရာများပါ ပါဝင်ပေသည်။

ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ဖန်တီးထားသည့် ထာဝရကြယ်ကြီးမှာ ကိုယ်ပိုင်အသိဉာဏ်နှင့် အသက်နှစ်မျိုးစလုံး ပိုင်ဆိုင်ထားသည့် အဆောင်ပစ္စည်းတစ်ခုနှင့် အတိုင်းတာတစ်ခုအထိ ဆင်တူပေသည်။ ၎င်းမှာ ပြည်ထောင်စုကြီးထဲရှိ အထူးကွန်ပျူတာတစ်လုံးကဲ့သို့ပင်။ မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲရှိ အရာအားလုံးအား ထို ထာဝရကြယ်ကြီး၏ မှတ်ဉာဏ်ထဲ၌ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ထို ထာဝရကြယ်ကြီးနှင့် အခြားအရာများ၏ ကြားတွင် အချိတ်အဆက်တစ်ခု ရှိနေသကဲ့သကဲ့သို့ပင်။

ထို့ကြောင့်လည်း... ညာလက်ရုံး အကြီးအကဲကြီး၏ အမြင်တွင် မြေဝိညာဉ်လူမှုအဖွဲ့အစည်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ သူသည် လက်ဖျောက်တစ်ချက် တီးလိုက်ရုံဖြင့် ထို ပန်းချီကားထဲရှိ အရာအားလုံးကို ရပ်တန့်သွားအောင် လုပ်ကာ ၎င်းတို့အား အသေးစိတ် လေ့လာဆန်းစစ်နိုင်စွမ်း ရှိပေသည်။ ထိုအခါ ထို ပန်းချီကားထဲ၌ ရှိမနေသင့်သည့် အရာမှာ ပို၍ပင် သိသာထင်ရှားလာမည် ဖြစ်သည်။

အနက်ရောင် စာရွက်တစ်ရွက်ပေါ်၌ မှင်စက်တစ်စက်အား ရှာဖွေရခြင်းမှာ မဖြစ်နိုင်ပါသော်လည်း ထိုစာရွက်မှာ အဖြူရောင်ပြောင်းသွားမည်ဆိုပါက ထို မှင်စက်မှာလည်း မျက်လုံးထဲ၌ ထင်းခနဲပေါ်လာမည် မဟုတ်ပါလော။

ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ပုန်းကွယ်ရာ၌ မည်မျှပင် ကျွမ်းကျင်နေစေကာမူ ကိစ္စမရှိပေ။ သူသည် သူနှင့် ဤ လူမှုအဖွဲ့အစည် လုံးဝ ဆက်နွှယ်မှုမရှိသည့် အချက်အား ကွယ်ဝှက်ထားနိုင်မည် မဟုတ်ပေ။

ထိုသို့ဖြင့် ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုရှာဖွေမှု လုပ်ငန်းစဉ်အား ဆောင်ရွက်နိုင်ရန် သူ၏ ဝိညာဉ်စွမ်းအားများကို အတိုင်းအတာတစ်ခုအထိ အသုံးပြုခဲ့ရသည့်တိုင်အောင် အကျိုးရှိပေသည်။ တစ်အောင့်ခန့်အကြာတွင် သူသည် ထိုကြယ်မြေပုံပေါ်မှ အလင်းရောင်အစက်အပြောက်များ အားလုံးနီးပါး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။ နောက်ဆုံးတွင် အလင်းရောင် အစက်အပြောက်တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

" လုံနန်ကျစ် " ထိုအခါ ညာလက်ရုံး အကြီးအကဲကြီးမှာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွား၏။

ထိုအချိန်တွင် တောင်ထိပ်ပေါ်၌ ထိုင်နေခဲ့သည့် ဝမ်ပေါင်လဲ့မှာလည်း ရုတ်တရက်ဆိုသလို နောက်သို့ ပျံသန်းဆုတ်ခွာသွားလိုက်ပြီး ပေတစ်သောင်း အကွာတွင် ပြန်လည်ပေါ်ပေါက်လာ၏။ သူ ထိုနေရာ၌ ပေါ်ပေါက်လာသည်နှင့် ကောင်းကင်ယံထဲမှ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားတစ်မျိုး ဆင်းသက်လာပြီးနောက် ပေတစ်သောင်းကျော် ကျယ်ဝန်းသည့် အလင်းတန်းကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ မကြာသေးမီတုန်းက ရှိနေခဲ့သည့် နေရာကြီးအား ရိုက်ခတ်သွား၏။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ထိုတောင်ထိပ်ကြီးနှင့် ၎င်း၏ ပေတစ်သောင်း ပတ်ပတ်လည်ရှိ အရာအားလုံးမှာ ချက်ချင်းဆိုသလိုပင် ကြေမွပျက်စီးသွားရပြီး အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားတော့သည်...

ထို့နောက် ညာလက်ရုံး အကြီးအကဲကြီးမှာ လေထဲ၌ ပေါ်ပေါက်လာ၏။ သူသည် ဝမ်ပေါင်လဲ့အား အထင်အမြင်သေးသည့် မျက်ဝန်းများဖြင့် ငုံ့ကြည့်ကာ တည်ကြည်စွာ မေးလိုက်တော့သည်။

" လုံနန်ကျစ်။ မသေခင် ဘာပြောခဲ့ချင်သေးလဲ "

သူ၏ နောက်တွင်မူ လူလုပ် နေမင်းကြီး ရစ်ဝဲနေ၏။ ထိုအချိန်တွင် ၎င်း၏ အလင်းရောင်များမှာ စူးရှတောက်ပလာကာ ဖိနှိပ်ချုပ်တည်းအားတစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် ထိုနေရာကြီးတစ်ခုလုံးအား လွှမ်းခြုံသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားရတော့သည်။ သို့သော် သူ၏ မျက်နှာပေါ်တွင်မူ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာများ ပေါ်ပေါက်လာခြင်းမရှိဘဲ အထူးတဆန်းဖြစ်နေသည့် အမူအရာတစ်ခုသာ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ခေါင်းမော့ကာ သူ့ကိုယ်သူ ကျေနပ်မှုအပြည့်ရှိနေသည့် အမူအရာဖြင့် လေထဲ၌ ရစ်ဝဲနေသော ညာလက်ရုံး အကြီးအကဲကြီးအား လှမ်းကြည့်လိုက်သည်။ သူသည် ညာလက်ရုံး အကြီးအကဲကြီး၏ မေးခွန်းကို ပြန်ဖြေခဲ့ခြင်း မရှိဘဲ ချောင်းတစ်ချက်ဟန့်ကာ သူ၏ သိုလှောင်အိတ်ထဲမှ အဖြူ‌ရောင် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုအား ထုတ်ယူလိုက်ပြီးနောက် လေပေါ်သို့ မြှောက်ပြလိုက်တော့သည်။

" ညာလက်ရုံး အကြီးအကဲကြီး။ ကျုပ်ရဲ့ တံဆိပ်ပြားကို မြင်လား။ အခုချက်ချင်း ဒူးထောက်ပြီးတော့ ဖေဖေကြီးကို ရှိခိုးဦးချ အရိုအသေပေးလိုက်စမ်း။ ပြီးရင် ဒီနေရာကနေ အလင်းနှစ်တစ်ရာ အကွာအထိ ထွက်သွားလိုက်စမ်း "

ထိုအခါ ညာလက်ရုံး အကြီးအကဲကြီးမှာ ဆွံ့အသွားရ၏။ မောက်မာဝင့်ကြွားမှုအပြည့် ကိန်းအောင်းနေသည့် ဝမ်ပေါင်လဲ့၏ စကားသံကြီးကြောင့် သူသည် သွေးများဆူပွက်လာပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာရတော့သည်။ ထို့နောက် သူသည် ထိုတံဆိပ်ပြားအား လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် ထိုတံဆိပ်ပြားပေါ်ရှိ ကမ္ဗည်းစာလုံးအား မြင်လိုက်ရသဖြင့် " ငြိမ်းချမ်းရေး " ဆိုသည့် စကားလုံးမှာ သူ၏ အသိစိတ်ထဲ၌ ချက်ချင်းဆိုသလိုပင်ပေါ်ပေါက်လာတော့သည်။

" ဒါက... " ထို့ကြောင့် သူသည် ရှေ့သို့ပြေးလာနေရင်း ရုတ်ချည်းဆိုသလို ရပ်တန့်သွားရ၏။ သူ၏ မျက်နှာအမူအရာမှာလည်း ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားသည်။ သူသည် ထိုတံဆိပ်ပြားကို မမြင်ဖူးပါသော်လည်း ထိုအကြောင်း ကြားဖူးထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ၏ အသက်ရှူသံများပင်လျှင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားရတော့သည်။ ခဏအကြာတွင် သူသည် အချက်တစ်ချက်အား ပြန်၍သတိရသွား၏။ အဆုံးမဲ့တာအိုနယ်မြေထဲတွင် သက်တမ်းအလွန်အင်မတန်မှ ရှည်ကြာပြီး တန်ခိုးအာဏာကြီးမားသည့် ရှဲ့မိသားစုမှ ထုတ်ဝေထားသော တံဆိပ်ပြားတစ်မျိုး ရှိသည်ဆိုသည့် အချက်ပင် ဖြစ်သည်။

ထို တံဆိပ်ပြားအား ကိုင်ဆောင်ထားသည့် လူတိုင်းကို မည်သူကမှ အန္တရာယ်ပြုခွင့် မရှိပေ။ အကယ်၍ ထိုကဲ့သို့သာ အန္တရာယ်ပြုမိပါက ရှဲ့မိသားစုတစ်ခုလုံး၏ ရန်သူအဖြစ်သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။

သို့သော်.... ရှဲ့မိသားစုမှာ အလွန်အင်မတန်မှ အင်အားကြီးမားသည့် မိသားစု မျိုးနွယ်စုကြီးတစ်ခု ဖြစ်ပေသည်။ အကယ်၍ ထိုမိသားစုအား နေမင်းကြီးနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ဂြိုဟ်ငယ်လေးတစ်လုံး အဆင့်တွင်သာ ရှိနေမည်ဖြစ်သည်။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ညာလက်ရုံး အကြီးအကဲကြီးမှာဆိုလျှင် ဖုန်မှုန့်လေးတစ်မှုန်အဆင့်တွင်ပင် ရှိနေမည်မဟုတ်ပေ။

ထိုကဲ့သို့သော အဆင်းအတန်း ကွာခြားမှုမျိုးကြောင့် လူတိုင်းမှာ ရှဲ့မိသားစုအား ရိုသေလေးစားကြောက်ရွံ့ကြရပေသည်။ သို့သော် တစ်ချိန်ထဲမှာပင် သူတို့မှာ ရှဲ့မိသားစုသူတို့ကဲ့သို့သော လူများနှင့် ပတ်သတ်စရာ အကြောင်းမရှိကြောင်း မှတ်ယူထားကြ၏။ ထို့ကြောင့်လည်း လူအများစုမှာ အယုံအကြည် မရှိကြသလို မိုက်ရူးရဲဆန်သည့် လုပ်ရပ်များကို လုပ်တတ်ကြပေသည်။

အထူးသဖြင့် မြေဝိညာဉ်လူမှုအဖွဲ့အစည်းကဲ့သို့သော ဝေးလံချောင်ကျသည့် နေရာမျိုးတွင်ဆိုလျှင် ပို၍ပင် ဆိုးပေသည်။ သို့ဖြစ်ရာ ညာလက်ရုံး အကြီးအကဲကြီးမှာ တံဆိပ်ပြား‌လေး တစ်ခုကြောင့် အလင်းနှစ်တစ်ရာ အကွာအထိ ထွက်ပြေးဆုတ်ခွာသွားရမည့် လုပ်ရပ်မျိုးကို မလုပ်နိုင်ပေ။

ထို့ကြောင့် သူသည် တစ်ခဏမျှ ဒွိဟဖြစ်သွားရပြီးနောက် သတ်ဖြတ်လိုစိတ်များ ငယ်ထိပ်အထိ ရောက်သွားရသဖြင့် အသံကုန် အော်ဟစ်လိုက်တော့သည်။

" အပေါစား လှည့်ကွက်တွေ။ မင်းရဲ့လက်ထဲက တံဆိပ်ပြားကို ငါ အသိအမှတ် မပြုဘူးကွာ " သူသည် ထိုသို့အော်ဟစ်ကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်လွှတ်လိုက်၏။ ထို့နောက် သူသည် ကြောက်မက်ဖွယ်ရာ မုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ ကောင်းကင်ပေါ်အထိ ထိုးတက်သွားပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

All Chapters